Breaking News

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၀)



နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၀)

လှကျော်ဇော

 မိုးမခ ၊ ဇူလိုင် ၁၃ ၊ ၂၀၂၆

အာဏာရကွန်မြူနစ်ပါတီများရဲ့ ညီညွတ်မှု တည်ဆောက်ခြင်း 

ကုလသမဂ္ဂဝင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိရာမှာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံပေါင်း ၄၀ ကျော်ရှိပြီး အမေရိကတိုက်၊ ဥရောပတိုက်က နိုင်ငံများ အများအပြားပါဝင်ကာ ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများ (Global North) လို့ ခေါ်ပါတယ်။ အရင်းရှင်နိုင်ငံကြီးများသာ ဖြစ်ကြပါတယ်။ တစ်ကြိမ် တစ်ခါက နယ်ချဲ့နိုင်ငံများအဖြစ် ကိုလိုနီအများအပြား ပိုင်ဆိုင်ခဲ့ပြီး အဲဒီတုန်းကရထားတဲ့ အကျိုးအမြတ် အသီးအပွင့်တွေကို အခုအချိန်အထိ သုံးမကုန်ဖြုန်းမကုန် ဖြစ်နေတဲ့ နိုင်ငံများပါ။

ကျန် ၁၅၀ နီးပါးဟာ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ဖြစ်ပါတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကမှ နိုင်ငံအများအပြားပါဝင်ပြီး ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ (Global South) လို့ စုပေါင်းခေါ်ဆိုလေ့ရှိပါတယ်။ အားလုံးနီးပါးဟာ ကိုလိုနီ (သို့မဟုတ်) ကိုလိုနီတစ်ပိုင်း နိုင်ငံများဖြစ်ခဲ့ပြီး ၁၉၄၅ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာမှ လွတ်လပ်တဲ့နိုင်ငံများ ဖြစ်လာခဲ့ကြတာပါ။ အုပ်ချုပ်မှုစနစ်များကလည်း အမျိုးစုံပါ။ ပဒေသရာဇ်၊ ပဒေသရာဇ်တစ်ပိုင်း၊ အရင်းရှင်စနစ် ပုံသဏ္ဌာန်အမျိုးမျိုး၊ စစ်အာဏာရှင်စနစ်၊ ဆိုရှယ်လစ်စနစ် စသဖြင့် အမျိုးမျိုးရှိရာ စီးပွားရေးစနစ်များအရလည်း အရင်ကိုလိုနီဟောင်းများရဲ့ ကွန်ရက်က မလွတ်နိုင်တဲ့အတွက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ဖြစ်နေတဲ့ နိုင်ငံများပါဝင်ပါတယ်။ ဒီအထဲမှာ ကွန်မြူနစ်ပါတီများ အာဏာရထားတဲ့ နိုင်ငံ ၅ နိုင်ငံ ပါဝင်ပါတယ်။ တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊ လာအိုနဲ့ ကျူးဘားတို့ ဖြစ်ကြပါတယ်။ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြား အနည်းတကာ့အနည်းစုပါ။ ဒီတော့ သူတို့ ၅ နိုင်ငံအနေနဲ့ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (တစ်နည်း) ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးကို တကြောင်းတည်း သွားလို့မဖြစ်ချေဘူးဆိုတာ မြင်နိုင်ပါတယ်။

၁၉၄၅ ခုနှစ်က တည်ထောင်ခဲ့တဲ့ နိုင်ငံတကာအခင်းအကျင်း အစီအစဉ်များဟာ (ဦးစီးထူထောင်သူ အမေရိကန်အပါအဝင်) ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများကိုသာ ဦးစားပေးထားတာကြောင့် ဒါတွေကို ပိုမိုတရားမျှတမှုရှိတဲ့ နိုင်ငံတကာအခင်းအကျင်းသစ်ကို ရေးဆွဲဖို့ နောက်ပိုင်း နိုင်ငံရေးသြဇာရော၊ စီးပွားရေးအင်အားအရပါ တိုးတက်လာတဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများက ကြိုးပမ်းလာကြပါတော့တယ်။ (နိုင်ငံတကာအခင်းအကျင်းအသစ်များ - ၁ ကိုကြည့်ပါ။)

ဒီလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ တရုတ်ပြည်ဟာ သူတို့နိုင်ငံရဲ့ အခြေခံလမ်းစဉ်နဲ့လည်း မကွဲလွဲ၊ ကျန်စနစ်အမျိုးမျိုး ကျင့်သုံးနေတဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကလည်း တစ်စုံတစ်ရာ လက်ခံနိုင်ပြီး လက်ရှိ ကမ္ဘာ့စီးပွားရေး လည်ပတ်မှုစနစ် (ဂလိုဘယ်လိုက်ဇေးရှင်း) နဲ့လည်း ဆက်စပ်အသုံးပြုနိုင်တဲ့ "အနာဂတ်တွေကို မျှဝေထားတဲ့ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး" ဆိုတဲ့ ဆောင်ပုဒ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုရုံမက၊ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ကုလသမဂ္ဂရဲ့ "၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (၁၇) ချက်" ဆိုတာနဲ့လည်း ဆက်စပ်လိုက်ပါတယ်။ (အဲဒီ ကုလရဲ့ ရည်မှန်းချက်များကို လေ့လာကြည့်ပါ။ ဆိုရှယ်လစ်စနစ် ရည်မှန်းချက်များနဲ့ သိပ်မကွာလှပါဘူး။)

ဒါဟာ တရုတ်ရဲ့ တပ်ပေါင်းစုပေါ်လစီဖြစ်ပြီး ဒီကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အခြေခံပေါ်မှာ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဖြစ်တဲ့ ဗဟုစုံဝါဒ (Multipolarization) ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းချက်များသာ ဖြစ်ပါတယ်။

တဖက်က ဒီလိုတပ်ပေါင်းစုကြီးကို ဖွဲ့နေပေမဲ့ တရုတ်အနေနဲ့ မိမိတို့နဲ့ နိုင်ငံရေးရာ အယူဝါဒတွေမှာပါ တူညီတဲ့ ရဲဘော်ရဲဘက်အချင်းချင်းကြား (ကွန်မြူနစ်ပါတီများ အာဏာရထားတဲ့ နိုင်ငံများအကြား) မှာတော့ ဆိုရှယ်လစ်အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အတူတကွ ချီတက်ကြရာမှာ အလိုအပ်ဆုံးဖြစ်တဲ့ အလွန်ခိုင်မာအားကောင်းတဲ့ တပ်မကြီးတစ်ရပ် ပေါ်ပေါက်လာရေးအတွက်လည်း အစွမ်းကုန် ကြိုးစားနေမှုများကိုလည်း တွေ့လာနေရပါတယ်။

အခုတလော တရုတ်ပြည်ကို လာရောက်လည်ပတ်နေကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်များအကြားမှာ အဲဒီကွန်မြူနစ်နိုင်ငံများက ခေါင်းဆောင်များလည်း ပါဝင်နေပါတယ်။ သူတို့တစ်တွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်များကို လေ့လာကြည့်ရင် တခြားနိုင်ငံများနဲ့ ချုပ်ဆိုတဲ့ စာချုပ်များထက် အများကြီး အဆင့်မြင့်နေတာ တွေ့ရပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၄-၁၇) ရက်နေ့က လာရောက်လည်ပတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံက သမ္မတကြီးလည်းဖြစ်၊ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ (တိုလမ်) ရဲ့ ခရီးစဉ်မှာ ချုပ်ဆိုတဲ့ စာချုပ်များမှာ တခြားနိုင်ငံများနဲ့ ချုပ်ဆိုနေကျ စီးပွားရေး၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနဲ့ အပြန်အလှန်ဖလှယ်ရေး စတဲ့ နယ်ပယ်စုံ အစီအစဉ်များအပြင် အဓိကနဲ့ အရေးအကြီးဆုံးစာချုပ်ကတော့ ကွန်မြူနစ်ပါတီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ဖြစ်ပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ရာမှာလည်း "ခေတ်သစ်တွင် ဗျူဟာမြောက် အရေးပါသော တရုတ်-ဗီယက်နမ် ကံကြမ္မာအသိုက်အဝန်းကို အဆင့်မြှင့်တင်ရန်" ဆိုတဲ့အချက် ပါဝင်ပါတယ်။

ထို့အတူ ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လာရောက်ခဲ့တဲ့ လာအိုနိုင်ငံတော်သမ္မတနဲ့ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ထွန်လုံဆီဆူလစ် (Thongloun Sisoulith) ရဲ့ ခရီးစဉ်အတွင်း (ထုံးစံအတိုင်း စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ စာချုပ်များအပြင်) "ခေတ်သစ် ဥတုရာသီမရွေး တရုတ်-လာအို ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေး ပူးတွဲကြေညာစာတမ်း" နဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ လာအိုပြည်သူ့တော်လှန်ရေးပါတီ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (၂၀၂၆-၂၀၃၀) စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

လာအိုသမ္မတ ထွန်လုံဟာ (သူကိုယ်တိုင်လည်း တက်ရောက်ခဲ့ဖူးတဲ့) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုသင်တန်းကျောင်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီကျောင်းက သင်တန်းဆရာများကို သူတို့လာအိုက နိုင်ငံရေးသင်တန်းကျောင်းများမှာ လာရောက်သင်တန်းများ ပို့ချပေးဖို့ ဖိတ်ကြားသွားပါသေးတယ်။

ထို့အတူ ဇွန်လ (၈ ရက် - ၉ ရက်) နေ့များမှာ မြောက်ကိုရီးယားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) အလည်အပတ် သွားရောက်ခဲ့ပြီး နိုင်ငံအကြား၊ နှစ်ပါတီအကြား ဆက်ဆံရေးများကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ (နိုင်ငံတကာအခင်းအကျင်းသစ်များ - ၆ ကိုကြည့်ပါ။) အဲဒီဆောင်းပါးရေးစဉ်က ကျန်နေခဲ့တဲ့ အကြောင်းအရာတရပ်ကို အခု ဖြည့်စွက်ချင်ပါတယ်။

အဲဒီခရီးစဉ်အတွင်း ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့ပြင်မှာရှိတဲ့ ဗဟိုကေဒါကျောင်းကို သွားရောက်လည်ပတ်တဲ့အခါ အဲဒီကျောင်းက ကျောင်းသား (တစ်ထောင်ကျော်) အားလုံး လမ်းတဖက်တချက်မှာ စီတန်းကြိုဆိုတာ တွေ့ရပြီး အဲဒီကျောင်း သင်တန်းများရဲ့ သင်ရိုးညွှန်းတမ်း အတော်များများဟာလည်း တရုတ်ဗဟိုနိုင်ငံရေးကျောင်းက သင်တန်းများကို မှီငြမ်းထားတယ်လို့ ဆိုပါတယ်။

အခု ဇူလိုင်လ ၁ ရက်နေ့က ထွက်ပေါ်လာတဲ့ သတင်းကတော့ ကမ္ဘာ့ကွန်မြူနစ်များအတွက် အလွန်မင်္ဂလာရှိတဲ့ သတင်းတစ်ရပ်ပါပဲ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ ကျူးဘားကွန်မြူနစ်ပါတီနဲ့ အစိုးရက မြို့တော်ဟာဗားနားမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ် (၁၀၅) မြောက် အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံနဲ့ အစိုးရခေါင်းဆောင်များ စုံစုံညီညီ တက်ရောက်ကြပြီး ဆိုရှယ်လစ်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ စံပြပြယုဂ်တစ်ခုအဖြစ် ပြသလိုက်တဲ့ သတင်းပါ။

တကယ်တော့ တရုတ်နဲ့ ကျူးဘား နှစ်နိုင်ငံဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဟာ ပါတီအဆင့် ဆက်ဆံရေးဖြစ်ပြီး နှစ်ပါတီဟာ အမြဲမပြတ် သဘောတရားဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိပါတယ်။ တခြား နယ်ပယ်ပေါင်းစုံမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိပြီး ကျူးဘားနိုင်ငံရဲ့ ဘက်ပေါင်းစုံ အခက်အခဲများကိုလည်း တရုတ်ဘက်က အမြဲကူညီဖြေရှင်းပေးနေပါတယ်။

ဒါတွေကတော့ တရုတ်အနေနဲ့ ကျန်အာဏာရ ကွန်မြူနစ်ပါတီများနဲ့ ပူးပေါင်းပြီး ဆိုရှယ်လစ်အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလုပ်ဆောင်နေတဲ့ ဖြစ်စဉ်များပါ။ ဒီလိုနဲ့ ဒီနိုင်ငံများရဲ့ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးများ အောင်မြင်ထမြောက်သွားရင်တော့ သူတို့တစ်တွေ တစုတစည်းတည်း စည်းရုံးညီညွတ်သွားပြီး နောင်အနာဂတ်ရဲ့ နိုင်ငံတကာအခင်းအကျင်းအသစ် ဖြစ်လာနိုင်တဲ့ ဗဟုစုံဝါဒရဲ့ အင်အားရှိတဲ့ ဝင်ရိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီလိုဆိုရင်ဖြင့် ကမ္ဘာကြီးဟာ ပိုမိုတရားမျှတတဲ့ အခြေအနေကို ရောက်လာနိုင်ပါလိမ့်မယ်။ ဒါမှသာ ကံကြမ္မာတူ လူ့အဖွဲ့အစည်း အသိုက်အဝန်းတရပ်ကို တည်ဆောက်နိုင်မှာပါ။


လှကျော်ဇော

၇-၇-၂၀၂၆


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar