Breaking News

တာပလု - ကရင်စုက ပယောမူ

 

တာပလု - ကရင်စုက ပယောမူ

မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၆ 

 

သူ့ကို ပယောမူလို့ ကရင်စုမှာ ခေါ်ကြတယ်။ ကရင်စုက ပယောမူကို မသိတဲ့သူရယ်လို့ မရှိသလောက်ပါပဲ။ ကရင်စု တစ်ရွာလုံးဟာ ပယောမူရဲ့ စားအိမ်သောက်အိမ်လို့တောင် တင်စားပြောဆိုလို့ ရနိုင်ပါတယ်။

"ကရင်စု တရွာလုံးက ကျွန်မကို ပယောမူ၊ ပယောမူလို့ပဲ ခေါ်ကြတာ။ စားစရာတစ်ခုခု ရှိရင်လည်း ခေါ်ကျွေးကြတယ်"

ပယောမူက သူ့အကြောင်းတွေ ပြောပြတိုင်း သူ့ကို အခုလို မြတ်မြတ်နိုးနိုး ခေါ်ဝေါ်ကြတဲ့ အကြောင်းအရာကိုပါ ထည့်သွင်းပြောပြတတ်ပါတယ်။

ကရင်စုထဲမှာ ခရစ္စမတ်ပွဲ လုပ်တာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုစုက ချီးမွမ်းခြင်းအမှုပြုပွဲ လုပ်ကြတဲ့အခါမှာပဲဖြစ်ဖြစ် ပယောမူကို လာရောက် ဖိတ်ကြားကြပါတယ်။ လာဖိတ်တာတင် မကပါဘူး၊ ကြိုပို့ကားနဲ့ပါ တကူးတက လာခေါ်ပြီး ပွဲပြီးရင် ပြန်ပို့ပေးကြပါသေးတယ်။

မြန်မာတွေက အဲဒီနေရာကို ကရင်စုလို့ သတ်မှတ်ခေါ်ဆိုကြပေမဲ့ ထိုင်းလူမျိုးတွေ အခေါ်အဝေါ်မှာတော့ တခြား နာမည်တစ်ခုခု ရှိနေမှာပါ။ ကရင်စုထဲမှာ ပွဲလမ်းသဘင် တစ်ခုခု ရှိတာ၊ အိမ်တစ်အိမ်က အလှူအတန်း လုပ်တာမျိုးကစလို့ သာရေး၊ နာရေး ကိစ္စအဆုံး ပယောမူကို အသိပေး လှမ်းပြောကြစမြဲပါ။

အဲဒီလို လှမ်းပြောလိုက်တာနဲ့ ပယောမူက ချက်ချင်းဆိုသလို ရောက်သွားတာပါပဲ။ သူ့ကို ပယောမူလို့ ခေါ်ဆိုကြတာကိုလည်း သူကိုယ်တိုင် သဘောကျတယ်။ သူ့ကို အခုလို အရေးတယူ ပြုကြတာ၊ ထမင်းခေါ်ကျွေးကြတာနဲ့ အစားအသောက် တစ်ခုခု ခေါ်ပေးကြတာတွေကို သူ့စိတ်ထဲ အတော်လေး ကျေနပ်နေတတ်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာလာတဲ့ ပယောမူတစ်ယောက် အခုလို မြန်မာအစုအဝေး ဝန်းကျင်လေးထဲမှာ တရင်းတနှီး မှီတင်းနေထိုင်ရတာကို ကျေနပ်နေတာပါ။ ပယောမူနဲ့အတူ မြန်မာနိုင်ငံက လိုက်ပါလာကြသူတွေဟာ တခြားဒေသတွေကို ပြောင်းရွှေ့သွားကြပေမဲ့ ပယောမူကတော့ ဒီနေရာကနေ စွန့်ခွာမသွားပါဘူး။ သူနဲ့ ဒီကရင်စုဆိုတဲ့ နယ်မြေလေးဟာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ငြိတွယ်နှောင်ဖွဲ့ထားသလိုမျိုးတောင် ဖြစ်တည်နေလောက်ပါပြီ။

ပယောမူက ကရင်စု အနီးအနားက အိမ်တန်းလေးမှာ နေတာပါ။ သူဌေးက သီးသန့် ချပေးထားတဲ့ နေရာမှာ နေကြတာ ဖြစ်ပါတယ်။ ဒီနေရာကနေ တခြားနေရာတစ်ခုကို ပြောင်းရွှေ့ဖို့အတွက်လည်း သူ စိတ်ကူးမရှိပါဘူး။ သူ နွားကျောင်းလို့ ရရှိတဲ့ လခနဲ့ သူ့ယောက်ျား အလုပ်လုပ်လို့ ရလာတဲ့ ဝင်ငွေအပေါ် မူတည်ပြီး ဘဝကို ရပ်တည်ရတာ အဆင်ပြေကြောင်း စကားစပ်မိလို့ ပြောပြတဲ့အခါ ပယောမူက အေးအေးဆေးဆေးပဲ ရှင်းပြပါတယ်။

ပယောမူရဲ့ ဇာတိက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ကပါ။ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတော့ သူကြီးကတ်နဲ့ စတင်နေထိုင်ခဲ့တယ်။ ပထမ ရောက်ရှိတဲ့ တစ်နှစ်မှာတော့ သူကြီးကတ်နဲ့ နေထိုင်လို့ ရပေမဲ့ နောက်နှစ်မှာတော့ ဘတ်ရိုက် (အလုပ်လုပ်ခွင့်ကတ်) ပြုလုပ်ပြီးမှ နေရမယ်လို့ သူ သိရှိထားပါတယ်။ ပယောမူက လောလောဆယ်မှာတော့ ဘတ်ရိုက်ဖို့ ကိစ္စထက် လရင့်နေပြီဖြစ်တဲ့ သူ့ဝမ်းဗိုက်ထဲက ကိုယ်ဝန်ကို ဘယ်လိုမျိုး ဘေးကင်းကင်း မွေးဖွားရမလဲဆိုတာကိုပဲ အဓိက အကျပ်ရိုက် စဉ်းစားနေရတာပါ။

ရင်သွေးငယ်ကို လွယ်ထားရတဲ့ အချိန်မှာ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း) မှာ ငွေကြေး မကုန်ကျဘဲ ဆေးခန်းပြသခွင့် ရရှိနေတာကတော့ သူ့အတွက် တကယ့်ကို အဆင်ပြေစေတာပေါ့။ ဆေးခန်းပြသခွင့် ရတာ ငွေမကုန်ဘူးဆိုပေမဲ့လည်း ဟိုသွားဒီလာ လမ်းစရိတ်ကိုတော့ ကြိုးစား ရှာဖွေရသေးတာပါပဲ။

ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းကျတဲ့ အရပ်ဒေသတစ်ခုမှာ တောင်စဉ်တောင်တန်းကြီးတွေဟာ သွယ်တန်းလို့ နေပါတယ်။ ဘယ်ကနေပဲ ကြည့်ကြည့် တောင်တန်းကြီးတွေကိုတော့ ပီပီပြင်ပြင် မြင်တွေ့နေရပါတယ်။ ပယောမူတို့ မှီတင်းနေထိုင်ကြတဲ့ နေရာက တောင်ခြေ မရောက်မီ နေရာလေးမှာပါ။ တောစွန်တောဖျား နည်းနည်းကျတဲ့ နေရာမျိုးပေါ့။

မြို့ပြထဲက လူတွေက ရေတံခွန်မှာ လာရောက် အပန်းဖြေကြတဲ့အခါ ပယောမူတို့ နေထိုင်တဲ့ နေရာဆီ အရောက် လာကြရတာပါ။ ပယောမူကတော့ အပန်းဖြေဖို့ မဟုတ်ဘဲ နွားကျောင်းတဲ့ အလုပ်ကိုပဲ ပုံမှန် လုပ်ကိုင်ပါတယ်။ မနက် မိုးလင်းတာနဲ့ တင်းကုပ်ထဲက နွားတွေကို ကြိုးဖြုတ်လွှတ်ပေးပြီး ကျောင်းတော့တာပါပဲ။

နွား ဆိုတဲ့ အမျိုးက အစာစားရင်း ခြေရှည်တတ်တဲ့ အကောင်တွေလည်း ပါတာပေါ့။ အဲဒီလို ခြေရှည်တတ်တဲ့ နွားက အစာကို ငြိမ်ငြိမ်မစားဘဲ တခြားနေရာတစ်ခုဆီ ဦးတည် ထွက်သွားပြီဆိုတာနဲ့ ပယောမူက နွားရဲ့နောက်ကို အပြေးအလွှား လိုက်ရတော့တာပါပဲ။ "ဗိုက်ကြီးတစ်လုံးနဲ့ အရမ်းမပြေးပါနဲ့" လို့ ဘေးပတ်ဝန်းကျင်က ဝိုင်းဝန်း သတိပေးကြပေမဲ့လည်း ပယောမူကတော့ ဂရုမစိုက်ဘဲ လုပ်မြဲအတိုင်း လုပ်နေတာပါပဲ။

"ကိုယ်က နွားကျောင်းမှ ပိုက်ဆံရမှာလေ၊ ဒီလိုမှ မလုပ်ရင် ဘာနဲ့ ထမင်းသွားစားရမလဲ" လို့ ပယောမူက နွားကျောင်းနေရင်း သူ့ရဲ့ဘဝအကြောင်းကို ပြောပြပါတယ်။

ပယောမူရဲ့ နွားကျောင်းတဲ့ အတွေ့အကြုံက အခုမှ စတင်တာတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဆီ စတင်ရောက်ရှိစတုန်းကလည်း သူဌေးတစ်ယောက်ရဲ့ နွားခြံမှာ နွားကျောင်းသူအဖြစ် အလုပ်လုပ်ခဲ့ဖူးပါသေးတယ်။

"ဒီနွားတွေက တော်ပါသေးတယ်။ အရင်သူဌေးရဲ့ နွားတွေတုန်းကဆို လူတွေရဲ့ အဝတ်အစားတွေကိုပါ ကိုက်စားကြတာ။ တဲထဲမှာ ရှိတဲ့ ထမင်း၊ ဟင်းတွေကိုလည်း ပွင့်အောင်ဖွင့်ပြီး စားကြတယ်။ ဘယ်လို နွားတွေလဲ မသိပါဘူး။ သူဌေးက အနောက်ကနေ လိုက်ပြီး လျော်ကြေးတွေ လိုက်ပေးခဲ့ရတာ"

ပယောမူက နွားကျောင်းတဲ့ အလုပ်တစ်ခုတည်းကိုပဲ လုပ်ကိုင်တာ မဟုတ်ပါဘူး။ ပိုးကောင် (ပုစဉ်းရင်ကွဲ) ရှာဖွေတဲ့ အလုပ်ကိုလည်း လုပ်ပါတယ်။ တောင်ခြေ တောနက်ဘက်ဆီ ထိုင်းစံတော်ချိန် မနက်ခင်း အစောဆုံး ၂ နာရီအချိန်မှာတင် ပိုးကောင်တွေ သွားရောက် ရှာဖွေတာပါ။ ပိုးကောင်တွေက အဲဒီအချိန်ကျမှ သစ်ပင်တွေပေါ်ကနေ တွဲလောင်းကျလာတတ်တာ ဖြစ်ပါတယ်။ မနက် မိုးမလင်းမီ၊ အလင်းရောင် မရရှိသေးမီ အချိန်မှာပဲ ပိုးကောင် ဖမ်းဆီးတဲ့ အလုပ်ကို ရပ်နားလိုက်ပါတယ်။

"ကျွန်မ မြွေလည်း မကြောက်၊ ကင်းလည်း မကြောက် ဘဝနဲ့ လုပ်ခဲ့တာပါ။ အခုနေ ပြန်စဉ်းစားကြည့်ရင်တော့ ကြောက်တာပေါ့။ သူများ အသက်ကို လိုက်ဖမ်းယူရတာ၊ ကိုယ့်အသက်တဝက် ပေးအပ်ထားရသလိုပါပဲ"

ပယောမူက ပိုးကောင်တွေ ဖမ်းဆီးပြီး ဈေးထဲ ရောင်းချခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြပါတယ်။ ကော်ဘူးတစ်ဘူးကို ဝယ်ယူတယ်။ အဲဒီကော်ဘူးထဲကို ဆားတွေ ထည့်၊ ဆားတွေရဲ့ အပေါ်ကို ရေတွေ လောင်းထည့်လိုက်ပါတယ်။

ဆားတွေက လေးလံတာကြောင့် ကော်ဘူးရဲ့ အောက်ခြေမှာ ကပ်ကျန်နေတာပါ။ ဆားအပေါ်က ရေတွေ နည်းနည်းချင်း လှုပ်ခတ်နေအောင် လမ်းလျှောက်ရပါတယ်။ လမ်းကို အမြန်မလျှောက်ရပါဘူး။ ဖမ်းမိလာတဲ့ ပိုးကောင်တွေကို ကော်ဘူးထဲ ထည့်လိုက်တယ်။ ပိုးကောင်တွေက ဆားရည်နဲ့ မသိမသာလေး လှုပ်ရှားနေသလို ဖြစ်သွားတာကြောင့် ပိုးကောင်တွေရဲ့ အရောင်ဟာ ဖြူစွတ်သွားတာပေါ့။

အဲဒီလိုမျိုး ဖြူစွတ်နေမှလည်း ဈေးကွက်ထဲမှာ ဈေးကောင်း ရရှိတာပါ။ ဖမ်းမိထားတဲ့ ပိုးကောင်တွေ ထည့်ထားတဲ့ ဘူးကို အရမ်းလှုပ်ခတ်မိရင် ပိုးကောင်တွေက အရောင် မလှတော့ပါဘူး။ မည်းနက်သွားတတ်ပြီး မည်းသွားရင် ဈေးကောင်း မရတော့ပါဘူး။ ပိုးကောင်တွေကို ဖမ်းဆီးပြီးတာနဲ့ ဈေးဆီ တန်းသွားရပါတယ်။ ရောင်းချပြီးမှပဲ အိမ်ဆီ ပြန်လာရတာပါ။ ပယောမူက ပိုးကောင်တွေ ဘယ်လိုဖမ်းဆီးရပုံ၊ ဘယ်လိုမျိုး သွားရောက်ရောင်းချခဲ့ရပုံတွေကို နွားကျောင်းနေရင်းနဲ့ အမြဲတမ်း ပြောပြတတ်ပါတယ်။

ညနေခင်းတစ်ခုမှာတော့ ကျားအန္တရာယ် သတိပေးချက် သတင်း ထွက်ပေါ်လာပါတယ်။ ရပ်ကွက်တိုင်းမှာ ရှိတဲ့ လမ်းမီးတိုင်တွေပေါ်က စပီကာအသေးစားလေးတွေဆီကနေ ကျားအန္တရာယ် သတိပေးချက်ကို အရေးပေါ် ကြေညာသွားတာပါ။ ကြေညာပေးတဲ့သူက မြန်မာဘာသာရော၊ ထိုင်းဘာသာနဲ့ပါ နှစ်မျိုးလုံး ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

သတိပေးချက်ရဲ့ အကြောင်းရင်းကတော့ တောထဲမှာ ကျားခြေရာ တွေ့ရှိထားလို့ပါ။ ကျားခြေရာ တွေ့ရှိရတဲ့အတွက် ကျားတစ်ကောင် လွတ်မြောက်နေတာ သေချာနေပါတယ်။ အများပြည်သူ သွားရေးလာရေးမှာ အထူး ဆင်ခြင် သတိထားကြဖို့အတွက် သတိပေးကြေညာတာ ဖြစ်ပါတယ်။

သတိပေးကြေညာချက်အသံကို ကြားလိုက်ကြရတဲ့သူတွေက အချင်းချင်း သတင်းပြန်လည်ဖြန့်ဝေကြတာပေါ့။ အဲဒီသတိပေးချက်အသံ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ပတ်ဝန်းကျင်က နေအိမ်တွေ အကုန်လုံးလိုလို အိမ်တံခါးတွေကို လုံအောင် ပိတ်လိုက်ကြပါတော့တယ်။ အပြင်သွားဖို့ ချိန်းဆိုထားကြသူတွေလည်း အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြပါတယ်။

ကျားခြေရာ တွေ့ရှိတဲ့ နေရာက ပယောမူတို့ နေထိုင်တဲ့ အနီးအနားနဲ့ မဝေးလှပါဘူး။ ကျားခြေရာ တွေ့တဲ့ နေရာဆိုတာ ပယောမူ အရင်တုန်းက ပိုးကောင်တွေ သွားရောက်ဖမ်းဆီးခဲ့တဲ့ နေရာဖြစ်ပါတယ်။ သူတို့ အခု နေထိုင်တဲ့ တဲက တံခါးမရှိပါဘူး။ ဒီလိုမျိုး ဟာလာဟင်းလင်း နေရာမှာ နေထိုင်နေရတော့ ကျားသတင်း ကြားကြားချင်းမှာပဲ ပယောမူတစ်ယောက် ကြောက်စိတ် ဝင်မိတယ်လို့ ပြောပြပါတယ်။

ကျားသတင်းက ညမိုးချုပ်သွားတဲ့အခါ သတင်းဌာနအချို့မှာပါ ဖော်ပြလာကြပါတယ်။ မြေပြင်မှာ သတိပေးချက်အသံ မကြားလိုက်ရတဲ့သူတွေဟာ သတင်းတွေ တက်လာတော့မှပဲ ကျားခြေရာ တွေ့တယ်ဆိုတာ တကယ်ကြီးပါလားဆိုပြီး စိတ်ပူလာကြသူတွေလည်း ရှိကြပါတယ်။

ပယောမူတစ်ယောက် ကျားသတင်း ထွက်ပေါ်ပြီးတဲ့နောက်ပိုင်း နွားကျောင်းထွက်တာ မတွေ့ရတော့ပါဘူး။ တစ်ပတ်လောက် ကြာတော့မှ နွားအုပ်ထဲမှာ ပယောမူတစ်ယောက် ပြန်ပေါ်လာပါတယ်။ အနီးအနားက လူတွေက "ကျား မကြောက်ဘူးလား" လို့ ဝိုင်းမေးမြန်းကြပါတယ်။

"ကျားသတင်း မထွက်ခင်ကတည်းက နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင် ပျောက်သွားတယ်။ ဘယ်သူမှတော့ အဲဒီအကြောင်း မပြောကြဘူး"

ပယောမူက သူ ကြားသိထားရတဲ့ သတင်းကို ပြန်လည်ပြောပြပါတယ်။ နွားတစ်ကောင် ပျောက်ဆုံးတဲ့ရက်နဲ့ ကျွဲတစ်ကောင် ပျောက်ဆုံးတဲ့ရက်က အချိန်ကာလ ကွာခြားပါတယ်။ ကြားထဲမှာ သုံးလေးရက်လောက် ကွာခြားတယ်လို့လည်း ပယောမူက သူ ကြားသိသမျှကို သေချာ စကားစပ် ပြောနေပါတယ်။

"သူ့ကလေးကို အန္တရာယ်ပြုလိုက်လို့ သူ့အမေက လူတွေနဲ့ နီးကပ်တဲ့ နေရာဆီ ရောက်လာတာ"

ကျားက သူ့ရဲ့ကလေးငယ်ကို လူတွေ သတ်ဖြတ်စားသောက်လိုက်ကြလို့ အခုလို လူတွေနဲ့ အနီးဆုံး နေရာဆီ ရောက်ရှိလာတာလို့ ပယောမူက ပြောပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံက ထုတ်လွှင့်တဲ့ ရေဒီယို သတင်းတစ်ပုဒ်မှာ ကျားတွေကို မသတ်ဖြတ် မစားသောက်ကြဖို့ သတိပေး ပညာပေး ဇာတ်လမ်းတစ်ပုဒ် လွှင့်ထုတ်သွားသေးတယ် ဆိုတဲ့ အကြောင်းအရာတွေကိုပါ ပယောမူတစ်ယောက် သူ သိရှိလာသမျှကို အိပ်သွန်ဖာမှောက် ပြောပြနေတာပါ။

သူ ပြောပြတာကို နားထောင်ပြီး "ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ပါဘူး" လို့ တွက်ဆ ငြင်းခုံကြတဲ့သူတွေလည်း ရှိတာပေါ့။ ပယောမူက နေရာအနှံ့ ရောက်ဖူးနေသူ၊ အကြောင်းစုံကို သိရှိနေရသူ မဟုတ်ပါလား။ သူ ပြောပြတဲ့ အရာတွေထဲမှာ လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေး၊ စဉ်းစားချင့်ချိန်လို့ အဖြေ ရသွားကြတဲ့သူတွေလည်း ရှိကြမှာပါပဲ။

ကျားသတင်းက ရက်ပေါင်း အတော်လေး ကြာမြင့်သွားတော့မှ တခြား နေရာတစ်ခုမှာ ကျားခြေရာ ထပ်မံ တွေ့ရှိရတယ်ဆိုတဲ့ သတင်း တက်လာပြန်ပါတယ်။ ဒီတစ်ကြိမ် ကျားခြေရာ တွေ့ရတဲ့ နေရာက ပယောမူတို့ နေထိုင်ရာ နေရာနဲ့ အတော်လေး ဝေးကွာသွားခဲ့ပါပြီ။

နောက်ထပ် ရက်ပေါင်း အတော်လေး ကြာမြင့်သွားတော့မှလည်း ကျားလို့ ယူဆရတဲ့ သတ္တဝါတစ်ကောင်ရဲ့ ခြေရာကို တွေ့ရှိရပြန်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါ ကျားလို့ ယူဆရတဲ့ သတ္တဝါရဲ့ ခြေရာတွေ့ရှိတဲ့နေရာက ပယောမူတို့ နေထိုင်ရာ နေရာနဲ့ ပိုမို ဝေးကွာသွားခဲ့ပြီ ဖြစ်ပါတယ်။

သီချင်းသံ ကျီကျီကျာကျာကို ကြားလိုက်ရပြီ ဆိုတာနဲ့ ပယောမူတစ်ယောက် နွားကျောင်း ထွက်ပြီဆိုတာ တန်းသိနိုင်ပါတယ်။ တစ်ခါတလေကျရင် ဖုန်းထဲက ဖွင့်ထားတဲ့ သီချင်းကို လိုက်ပါ ဆိုနေတတ်ပါတယ်။ နွားပျောက်သွားလို့ လိုက်လံ ရှာဖွေရတာမျိုးလည်း ရှိတာပေါ့။

နွားတွေက ၁၀ ကောင်ကျော်လောက်တော့ ရှိပါလိမ့်မယ်။ ဘယ်နွားက ဘယ်လို နေရာမျိုးမှာ အစာရှာဖွေတတ်လဲဆိုတာ ပယောမူက အကင်းပါးပါး သိထားပါတယ်။ နွားပျောက်လို့ ရှာဖွေရင် ဘယ်နွားကို ဘယ်နေရာမှာ သွားရောက်ရှာရမလဲဆိုတာလည်း ပယောမူ အကုန်သိပါတယ်။ နွားပျောက်ရှာရတဲ့အခါ အချိန်အကြာကြီး မယူရပါဘူး။

နွားပျောက်ရှာဖွေချိန်မှာ သူ့မှာ အခက်အခဲတစ်ခုတော့ ရှိနေပါတယ်။ ကိုယ်ဝန် အရင့်အမာကြီးနဲ့ စူထွက်နေတဲ့ ဝမ်းဗိုက်ကို ထိန်းသယ်ထားရတာမို့ ကုန်းအတက်အဆင်းတွေမှာ အရင်တုန်းကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့ဘူးလို့ ပြောပြပါတယ်။ ကိုယ်ဝန် မရှိခင်တုန်းကဆို တော်ရုံ ကုန်းကမူလောက်ကို လွှားခနဲ ကျော်တက်နိုင်ခဲ့တာပါလို့ ပြောပါတယ်။

မကြာမီ ကလေးငယ် မွေးဖွားလာရင် ပြောင်းရွှေ့ နေထိုင်ရမယ့် နေရာသစ်တစ်ခုကို ပယောမူရဲ့ ယောက်ျားက ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ အဲဒီနေရာက ရွာသူကြီး ပေးနေတဲ့ နေရာလေးပါ။ ငှက်ပျောတောထဲမှာ နေထိုင်ရမှာ ဖြစ်ပြီး ခြံလည်း စောင့်ရှောက်ရင်း နေစရာလည်း ရရှိတာမို့ ပယောမူတို့ မိသားစုအတွက် အဆင်ပြေတာပေါ့။ မွေးဖွားလာတော့မယ့် ရင်သွေးငယ်နဲ့အတူ နေရာသစ်တစ်ခုမှာ စတင် နေထိုင်ကြဖို့ ဖြစ်ပါတယ်။

ပယောမူဟာ သူဌေးမဆီ သွားရောက်ပြီး သူ့ရဲ့ လုပ်အားခတွေကို သွားထုတ်ယူပါတယ်။ ဒါပေမဲ့ သူ ရသင့်ရထိုက်သလောက် လုပ်ခအပြည့် မရရှိပါဘူး။ အခုလိုမျိုး လုပ်အားခ အပြည့်အဝ မရရှိတာက ဒီတစ်လတည်း ဖြစ်တာ မဟုတ်ပါဘူး။ အရင်လတွေတုန်းကလည်း အခုလိုမျိုးပဲ အပြည့်မပေးဘဲ ချန်ထားပြီးမှ ပေးတာပါ။

အရင်လတွေက လုပ်အားခအပြည့် မပေးတဲ့အတွက် တောင်းခံကြည့်ခဲ့ပါသေးတယ်။ ဘယ်လိုပဲ တောင်းတောင်း မပေးဘူးဆိုတာ ပယောမူက သဘောပေါက်ထားပါတယ်။ ကိုယ်ဝန်ရှိနေတာတောင် ဝမ်းဗိုက်ကို ပြပြီး ဈေးဖိုး လိုအပ်လို့ တောင်းခံတာကိုတောင် အပြည့်အဝ မရရှိခဲ့ပါဘူး။

အဲဒီအချိန်ကစလို့ လုပ်ခငွေအပြည့် ရရှိဖို့ မမျှော်လင့်တော့တာပါ။ သူဌေးမ ပေးသလောက် ရရှိလာတဲ့ ငွေကြေးလေးနဲ့ပဲ ညနေဈေးဆင်းပြီး တစ်ပတ်စာ သားငါး ဝယ်ခြမ်းခဲ့ရပါတယ်။ သူကိုယ်တိုင် အာဟာရ ပြည့်ဝဖို့နဲ့ ဗိုက်ထဲက ကလေးငယ် အာဟာရ ပြည့်ဝဖို့ ဆိုတာက သူဌေးမရဲ့ သဘောထား အပေါ်မှာပဲ မူတည်နေခဲ့တာပါ။ ဒီဗိုက် မကြီးခင် အရင်တုန်းကလည်း ပယောမူ ကိုယ်ဝန်တစ်ကြိမ် ပျက်ကျခဲ့ဖူးပါသေးတယ်။ ဘာကြောင့် ကိုယ်ဝန် ပျက်ကျခဲ့ရသလဲ ဆိုတာကိုတော့ မပြောပြပါဘူး။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar