Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၇)

 

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၇)

မိုးမခ ၊ ဩဂုတ် ၁၇ ၊ ၂၀၂၆

 

စစ်တပ်၏ မြေပြင်စစ်ကြောင်းလာပြီ

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမကြီးပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့် ကြံသာကျေးရွာကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် ကြံသာကျေးရွာကို အင်အားအများအပြားဖြင့် ခြောက်လတိုင်တိုင် ပြန်တိုက်ခဲ့ရခြင်းဖြစ်သည်။

"ဟံသာဝတီဘက်က စစ်တပ်က ဘယ်လောက်အင်အားများသလဲဆို တစ်ရက်ကို ဆန်သုံးတင်း ချက်ကုန်တယ်တဲ့ဗျာ" ဟု ဟံသာဝတီကျေးရွာမှထွက်ပြီး စစ်ဘေးရှောင်နေသည့် အမျိုးသားကြီးတစ်ဦးက သူ့ရွာထဲ ကျန်ခဲ့သူတွေကတစ်ဆင့် ကြားရသည့်သတင်းကို ပြောပြသည်။ ရေရှည်စစ်ပွဲ ဆင်နွှဲသည့်အခါ လူနှင့် ခဲယမ်း၊ ရိက္ခာဖြည့်တင်းပေးနိုင်သည့်ဘက်ကသာ နိုင်သည်။

စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲပြီး လူအင်အားဖြည့်သည်။ ခဲယမ်းကို လိုသလောက် ထုတ်ပေးနိုင်သည်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း စစ်တပ်က ကောင်းကောင်းပြုလုပ်ခဲ့ပါသည်။ အချိန်ကြာလာတော့ ပြည်သူ့ချွေးနှဲစာဖြင့်သာ မှောင်ခိုလမ်းမှ ကျည်ဝယ်ယူရသော တော်လှန်ရေးတပ်ဖွဲ့တွေ တောင့်မခံနိုင်တော့ပါ။ ကလေး-ဂန့်ဂေါ လမ်းမကြီးပေါ်ရှိ ကလေးမြို့နယ်တောင်ပိုင်း အဆုံးအစွန်ဆုံးကျေးရွာ ကြံသာမှ ကမ်းပါးနီတံတားအထိ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးခဲ့ရသည်။

ကလေးမြို့ပေါ်က စစ်တပ်သည် ကလေးမြို့နယ်တောင်ပိုင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးသည်။ စစ်ကြောင်းထိုးရာတွင် တော်လှန်ရေးတပ်ဖွဲ့တွေ၏ မိုင်းများ၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူတွေကို ဖောကားနှင့်တိုက်ပြီး ကလေးမြို့ဆေးရုံသို့ ပို့သည်။ စစ်တပ်သည် လူထိခိုက်သော်လည်း ပြဿနာမရှိပါ။ သူတို့ပေါ်တာဆွဲဖမ်းဆီးပြီး တပ်ထဲသွင်းထားသည့် စစ်မှုထမ်း တပ်သားသစ်များကို အသုံးချနေခြင်းဖြစ်ပါသည်။

ကလေးတောင်ပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်က စစ်မှုထမ်း တပ်သားသစ်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းမိသည်။ ဆေးကုသပေးသော်လည်း ဒဏ်ရာမသက်သာတော့ဘဲ ဆုံးသွားသည်။ အဆိုပါ စစ်မှုထမ်းတပ်သားသစ်၏ ဖုန်းကို ရန်ကုန်က သူ့မိဘတွေက ဆက်တော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖုန်းကိုင်ပြီး ကောင်းကောင်းမွန်မွန် ဖြေသည်။ အဖြစ်အပျက်ကို ပြောပြပြီး အလောင်းကိုလည်း ကောင်းကောင်းမွန်မွန်ပင် သင်္ဂြိုဟ်လိုက်ကြောင်း ပြောပြကြသည်။ ရဲဘော်တွေ၏ မိဘချင်း ကိုယ်ချင်းစာမှုကို လေးစားကြောင်း သေဆုံးသွားသည့် စစ်မှုထမ်းတပ်သားသစ်၏ အဒေါ်ဖြစ်သူက လိုင်းပေါ်မှာ ရေးသားခဲ့ပါသည်။

စစ်တပ်က အင်အားအလုံးအရင်းနှင့် စစ်မှုထမ်းတပ်သားသစ်တွေကို အသုံးပြုကာ ကလေးတောင်ပိုင်းကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေဖြင့် တည့်တည့်ရင်ဆိုင် ခုခံတိုက်ခိုက်ဖို့ ကျည်အခက်အခဲရှိသည်။ စစ်ကြောင်းတွေ ရွာထဲရောက်လာကြသည်။ ထောက်ကြံ့၊ နတ်မြောင်း၊ နတ်ချောင်း ကျေးရွာက ပြည်သူတွေအားလုံး ဘေးလွတ်ရာကို စစ်ဘေးရှောင်ကြရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လက မောင်လူမွှေး ရောက်ခဲ့သော နတ်ချောင်း၊ တော်လှန်ရေးကာလဦးမှာ မီးရှို့ဖျက်ဆီးခံရပြီး တဖန် ပြန်လည်စည်ကားလာခဲ့သော ဖီးနစ်နတ်ချောင်းသည် တဖန် ပျက်စီးရကိန်းဆိုက်ခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲပြီး ကျေးရွာအနီးနားက စပါးခင်းတွေကိုပါ မီးရှို့ဖျက်ဆီးပစ်သည်။ ပြည်သူတွေကို အငတ်ဘေးသင့်အောင် လုပ်ခြင်းဖြစ်သည်။

နတ်မြောင်း၊ နတ်ချောင်းကျေးရွာမှ ပြည်သူတွေသည် အာဏာသိမ်းစစ်တပ်ကို လက်မခံပါ။ တော်လှန်ရေးတပ်ဖွဲ့တွေ ကြီးစိုးသည့် ဘေးလွတ်ရာကို ရှောင်ကြသည်။ လူ့အဖွဲ့အစည်း၏ ပညာရေး၊ ကျန်းမာရေးတွေ ယိုယွင်းသွားသည်။ ရောက်သည့်အရပ်မှာ ကုတ်ကပ်ရှင်သန်ရေးကို ကြိုးစားရသည်။ စစ်တပ်က သတ်ဖြတ်သည့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့သည်။ စစ်ရှောင်ရာကနေ ရွာထဲ ပစ္စည်းသွားယူဖို့ ကြိုးစားသည့် ကလေး မိုင်းထိပြီး ခြေတစ်ဖက်ဖြတ်ရသည်။ သူ ဝါသနာပါသည်က ဘောလုံးကန်ခြင်းဖြစ်ကြောင်း သူ့ဆရာ မောင်လူမွှေး မိတ်ဆွေဆီက သိရသည်။

ကလေးနယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမကြီးဘေးက ကျေးရွာတွေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး ဤစာကိုရေးသားနေသည့် ၂၀၂၆၊ ဇွန်လပိုင်းအထိ စစ်ရှောင်နေကြရဆဲဖြစ်သည်။ ကလေးတွေ၏ ပညာရေးအတွက် မြို့ပေါ်ကျောင်းကို သွားထားသူက ထားကြသည်။ အချို့က မိသားစုလိုက် ပြောင်းသွားကြသည်။ လူမှုအဖွဲ့အစည်းကို ဦးဆောင်နေသည့်သူတွေ စိတ်ဓာတ်ကျသည့်အခါတွေ ရှိသော်လည်း အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ ထိုသူများထဲတွင် မောင်လူမွှေး အစ်ကို ကိုအောင်ဆန်းလင်းသည် ထိပ်ဆုံးက ရှိနေပါသည်။

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar