Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၃)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၃)

မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၆


သမ်းမဂျီး ငလမ တဖြစ်လဲ စစ်ခွေးအုပ် မအလက သူ့ရဲ့ သွက်ချာပါဒလိုက်‌နေတဲ့ ရက်တရာဟာသကို ထုံးစံအတိုင်း မဲမသမာမှုကို ဥပဒေနဲ့အညီ မဖြေရှင်းလို့ဆိုတာနဲ့ စဖွင့်ပြီး သူအာဏာသိမ်းလိုက်တာကတော့ ဘယ်ဥနဲ့တိုင်းတိုင်း မရိုင်းပါဘူး၊ ဘယ်သူ့ဥနဲ့ယှဉ်ယှဉ် ညီပါတယ်၊ မလှီပါဘူးလို့ ခွေးမျက်နှာရှေ့ထားပြီး အူတာပလေ။

ဒေါ်စုအစိုးရ ပထမသက်တမ်းတုန်းက သူက အာဝုဘဝ အရှင်းမပြောင်းသေး၊ အစွယ်နဲ့ အမြှီးဖုတော့ ပြူတစ်ပြူတစ် ဖြစ်နေပြီ။ အူသံမပီ ဟောင်သံမမြည်သေးတဲ့ ကာလပေါ့ကွယ်။ သူက တပ်ထဲမှာ သိပ်အရာမရှိခင်ကတည်းက ကြောင်ဘဝတော့ ရောက်ပြီးသား၊ အဲဒီလက်သည်းလေး ဖွက်ရင်း ကာချုပ်လုပ်နေတုန်း ကာလပေါ့။ ကွီးဖြိုးလေသံနဲ့ ပြောရရင် အစွံထုတ်မရ ညွှန်ချုပ်ဘဝ။

အမှန်က သူနဲ့ ရွေးကော်ဥက္ကဋ္ဌက အဆင့်တူ။ မင်းတပ်ကိစ္စ မင်းလုပ်၊ ဘူမှ ဝင်မရှုပ်၊ မင်းအုပ်ထားသမျှ ဘူမှမပြော မင်းသဘော။ ငါ့ရွေးအလုပ် ခွေးမရှုပ်ရ၊ ဘေးမတုပ်ရဆိုတဲ့ အခြေ။ သူ့အကန့်နဲ့သူ၊ သူများအကန့်ထဲ အမြှီးနန့်၊ ခြေဆန့်၊ ခေါင်းရှိုမလုပ်ရလို့ ဥပဒေက ဒုတ်ပြထားပြီးသား။ အဲဒါ သမတလဲ ဝင်ရှုပ်လို့မရတာမှန်း အကုန်သိ။ အဲဒါကလည်း သူ ဦးထိပ်ပန်ဆင် ရှိခိုးကိုးကွယ်နေတဲ့ ခြေဥရဲ့ ရေးထားချက်နဲ့ ပေးထားချက်။ အာဏာမသိမ်းရခြေဥအရ ကြိုးစင်တက်ရမှာ ကြောက်တော့ ခြေဥပေးထားချက် ရေးသားချက်ကို ခွေးစကားနဲ့ ဖျက်ဖျက်နေတာ မိုက်ရှေ့ရောက်တိုင်း ဆိုပါတော့။

သူ အာဏာသိမ်းတော့ ကိုယ် ပေးထားတဲ့မဲ စုတ်ဖြဲခံလိုက်ရတဲ့ လူထုက ဘယ်ခံမလဲ၊ ဆန္ဒပြတာပေါ့။ လူထုက မှင်တို့ထားတဲ့ လက်သန်း အဖြတ်ခံရတယ်လို့ကို ခံစားရတာလေ။ ဖွားဖွားစုလို့ ခေါ်တဲ့ ကလေးလေးကနေ ဒေါ်စု ခေါ်တဲ့ ခုနှစ်ဆယ်ကျော် ရှစ်ဆယ်ကျော် အဖွားကြီးတွေထိ၊ တံတညးဘေး ပိုက်ဆံတောင်းနေတဲ့ ကလေးကနေ ပိုင်တံခွန်ထိ မအလကို ဖုန်ရှူခိုင်းကြတာနော်။ ညဆို မကောင်းဆိုးဝါး မင်းအောင်လှိုင်ကို သံပုံးတီးထုတ် ဟိုး ရွာငယ်ဇနပုဒ်ကနေ ကမာရွတ်၊ လှည်းတန်းမှသည် နယူးယောက်ထိ။

အဲသမှာ မင်းအောင်လှိုင်ကနေ မအလ ဖြစ်တော့တာ။ ဖြစ်ဆို ကြောင်လက်သည်းထုတ် ခုတ်ယုံမက သခင့်လက် ပြန်ကိုက်တာ၊ သတ်တာ၊ ဖြတ်တာပါ လုပ်လာတော့ မင်းကြောင်လှိုင်ကနေ ခွေးဘဝတည့်တည့် ကူးပြီ။

သူ့ဘာသာ သောက်ရူးထ အာဏာသိမ်း သတ်ဖြတ်လို့ ပြန်ခုခံတွန်းလှန်ကြတာကို အရေးပေါ်ခြေနေကာလတဲ့၊ အဲဒီကာလအတွင်း လက်နက်ကိုင် ဆူပူသောင်းကျန်းလို့ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်သတဲ့။ တတိုင်းပြည်လုံး ဆက်တိုက် သတ်ဖြတ် မီးရှို့ဖျက်ဆီး ဦးနှောက်အချည်းနှီးကောင်ရဲ့ ဟောင်ပုံနော်။ တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းရေး လုပ်နေတဲ့ကောင်ဆိုတော့ ထိုင်းဝန်ကြီးချုပ်ကတောင် သောက်ပိုတေမပြောနဲ့၊ အစိုးရလုပ်မှတော့ ကိုယ့်ပြည်သူမငတ်ရေးဟာ ကိုယ့်တာဝန်ဘဲလို့ ခပ်ချေချေ ပြောလေရဲ့။ အဲသမှာတော့ ခါးကြီးရော ဖင်ကြီးရော ကုန်းလို့။

ရွေးတုကို ခွေးဥနဲ့ညီတယ် ဆိုတာကလဲ အမြဲအူတယ်။ စစ်အာဏာရှင်နှုတ်သီးက ဒီမိုက‌ရေစီလမ်းပေါ် ခြေချတယ်လို့လဲ မဆန့်မပြဲ ဟောင်သေးတယ်။ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး အလေးထားမယ်ဟောင်ပြီး ဗုံးပတ်ကြဲနေရင်း ငြိမ်းချမ်းရေး ခေါ်တယ်လို့ အူပြန်ရော။ မဆီမဆိုင် နိုင်ငံရေးရာ သဘောထားကွဲလွှဲမှုကြောင့် လက်နက်ကိုင်သူတွေတဲ့။ စစ်တပ်ပါဆို သေနတ်ကလွဲ ဘာနိုင်ငံရေးရှိလို့များ ကွဲချင်ရတာတုံး။ ဥပဒေလွတ်ကောင်က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့၊ အပစ်အခပ်၊ အညစ်အပတ်၊ အသတ်မရပ်ဘဲ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးလဲ မေးထိုးထိုး အူသေးတာ။ အမယ် ဒီမိုကရေစီဖက်ဒရယ်အလုံး‌တောင် မျိုပြလိုက်သေး။ တကယ့် သွက်ချာပါဒ ရက်တရာဟာသ။

သူမို့များ အူပြီဆို တော်လှန်ပြည်သူကို ပညာမတတ်ဘူး မတတ်ဘူး ဆိုပြီး ဟောင်ထားတဲ့ကောင်ဆိုတော့ ပညာတတ်တယ် ထင်အောင် ဘိုစကားလေးတွေ ညှပ်ညှပ်ထည့်‌ အူသေးတာရယ်။

ဘာနဲ့တူလဲဆိုတော့ နယ်တနယ်မှာ ဖာသာတပါး အသစ်ရောက်လာသတဲ့။ အဲတော့ အဲမှာရှိတဲ့ ဆရာကီးတစုက ဖာသာခေါ်ရင် ငါတို့ကို အထင်မသေးအောင် အင်္ဂလိပ်စကားလေး ဘာလေး ညှပ်ပြောကြရအောင်လို့ တိုင်ပင်ကြသတဲ့။ ဒီလိုနဲ့ တရက်ဖာသာက အစည်းအဝေးခေါ်တော့ သွားကြတာပေါ့။ သူတို့က အင်္ဂလိပ်လို ညှပ်ပြောဖို့လဲ အခွင့်အခါစောင့်ရင်း နားထောင်နေတာပေါ့။ အဲဒီအချိန် အမိုးက တဗြန်းဗြန်း တဗြုန်းဗြုန်း အသံထွက်လာရော။ အဲသမှာ ချောင်းနေတဲ့ ဆရာကီးတွေထဲက တယောက်က မတ်တပ်ထရပ်ကာ ဆွေးနွေးပြောဆိုနေတာကို လက်ပြရပ်ဖြတ်လိုက်ပြီး "ဘုန်းကြီး ဘုန်းကြီး၊ ဟိတိုက်လို့ နေးလ်တွေ ကြွနေပြီ၊ ဟမ်းမားနဲ့ တက်ထုလိုက်ရမလား" လို့ ပြောသတဲ့။ heat တိုက်၊ nail ကြွ၊ hammer နဲ့ တက်ထုဆိုတာ မအလကောင် ဘိုလိုညှပ်ပြောတဲ့ ဘိုစကားလေ။ တကယ်က အဲဒီရွာက ဆရာကီးတွေလိုကို ဝါကျဖြစ်အောင် ပြောတတ်တာ မဟုတ်ဘူးရယ်။ လေတိုက်တော့ နေပူပြီး သံတွေကြွနေတဲ့ သွပ်တွေက တဗြုန်းဗြန်း မြည်တာလေ။ အားလုံး ပြုံးစိပြုံးစိ ကြတာပေါ့။ ခု ထိုင်းမှာလဲ ဆဝါဒီစကပ်က လုပ်သေးတာ။ ဘယ်စကပ် ခေါင်းစွပ်ခဲ့တုန်းကဟာ စိတ်စွဲနေတယ်မသိ။ ရခိုင်မှာ ယဉ်ကျေးမှုနယ်မြေ မြောက်ဦးကို ဗုံးကြဲပြီး ထိုင်းသွားတဲ့ကောင်က ရှေးဟောင်းယဉ်ကျေးမှုနေရာတွေ လည်ပတ်ရလို့ ကျေးဇူးတင်တယ် အူခဲ့သေးတာရယ်။

ထာဝရငြိမ်းချမ်းရေးရဖို့ အကုန်ပါဖို့လိုတယ်တဲ့။ အမှန်က ဘယ်သူ့မှ ပြောစရာမလိုဘူး။ ခွေးတပ်တဖွဲ့ မပါရင်ကို ရပြီ။ တပြည်လုံး ငြိမ်းချမ်းပြီ၊ အေးမြပြီရယ်။ ဒါပေလို့ စတန်းဒတ်အာမီ ဖြစ်ဖို့တော့ လူပြန်ပေး ဆက်ဆွဲရမယ်တဲ့။ ပြန်ပေးကလဲ ဘယ်လောက်ကျန်တယ် မသိဘူး၊ ၂ နှစ်ပြည့်လို့ စစ်မှုထမ်းပြန်လာတဲ့သူတွေကို အလုပ်ရှာပေးတာ ၈-ယောက်ဘဲဆိုတော့ စဉ်းစားသာကြည့်။

သွက်ချာပါဒ ရက်တရာဟာသမှာ မဖြစ်နိုင်တာကလဲ ထည့်အူသေးတာ။ အဂတိကင်းတဲ့၊ ပြည်သူချစ်တဲ့ရဲ ဖြစ်ဖို့တဲ့။ စစ်ခွေးချုပ် အုပ်ချုပ်စီမံတဲ့ရဲ ဘယ်တော့ အဂတိကင်းမလဲ။ စစ်တပ်နဲ့ပေါင်းလို့ ဒေါ်စုလက်ထက် ဥရောပကလူတွေ သင်တန်းပေးထားတဲ့ အဆင့်အင်မတန်မြှင့်ပေးထားတဲ့ ရဲတွေတောင် ရဲခွေးဖြစ်သွားပြီ။ အမယ် ရဲတွေ နေထိုင်ဖို့ အဆင့်ရှိအိမ်ယာ ဆောက်ပေးနေတယ်ဆိုပြီး အသွင်မသာက မင်္ဂလာယူလိုက်သေးတာ။ စစ်ဗိုလ်ချုပ်တွေ ဇွတ်တားတဲ့ကြားက ဒေါ်စု ခနောနီခနော်နဲ့ ရဲတန်းလျား တက်ကြည့်တော့ ရဲမိသားစုတွေရဲ့ ငရဲခန်း မြင်ခဲ့ရလို့ ရဲတိုက်တန်း ရဲအိမ်ရာစီမံကိန်းတွေ ပေါ်လာတာ၊ ရဲအဆင့်မြှင့်တင်ရေးတွေ ဖြစ်လာတာ ရဲတိုင်းသိရုံမက လူတိုင်းသိ။ အဲလေ ခွေးတောင်သိတယ်။ တကယ်တော့ သူတို့စိတ်နဲ့ဆို ရဲက တဆင့်နိမ့်သတ္တဝါ၊ မွေးရာပါစစ်ကျွန်၊ ထွန်သည့်နွားရယ်။

မအလက အာဆီယံ ဘုံသဘောတူညီချက်ဟာ အာဆီယံဥက်ကြီးရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်ဆိုပြီး မာန်ဖီတယ်။ စိတ်ရှည်သည်းခံပေးနေတယ်တဲ့၊ တချက်ချင်း ပြန်ဗျင်းမတဲ့။ အင်း တရုတ်လိုဏ်ခေါင်း အောင်း၍ မာန်သွေး ဟောင်သည့်ခွေးပေါ့လေ။ ထိုင်းဝကခက မအလကို လက်ခံပြီး အာဆီယံနဲ့ ပြန်ပေါင်းထုတ်ဖို့ လုပ်တာပေါ့လေ။ ပြဿနာက အကုသိုလ်ကောင်။ သူ့လက်ခံလိုက်တာနဲ့ ချက်ချင်းဆိာသလြိ ထိုင်းကလေးတယောက် မအလဓာတ်ကူးပြီး လူသတ်တော့တာ။ သတ်တာမှ သူ့ကိုကျွေးမွေးစောင့်ရှောက်နေတဲ့ အဖိုးနဲ့အဖွား၊ ပြီးတော့ သူ့ဆရာတွေနဲ့ သူ့သူငယ်ချင်းတွေ။ ပြီးတော့ လယ်သမားဆန္ဒပြပွဲတွေ တန်းပေါ်လာတော့တာ။ အနုတင်လဲ အနူတင်မိသွားတယ်ဆိုတာ သဘောပေါက်လောက်ပြီ။ ထိုင်းရဲတယောက်ကတော့ သူတို့နိုင်ငံထဲ မကောင်းဆိုးဝါး ရောက်လာတယ်လို့ ပြောတယ်။ အိန္ဒိယနဲ့တရုတ်ဆို ခုထိ ဗြောင်းဆန်နေတုန်း။ ဆိုင်းကလုန်းမပြတ်၊ မိုးနတ်မင်းဒဏ်ခတ်ချက် တရက်မနား အဘားဘား၊ အားကီး ရက်စက်တယ်ဖြစ်။ ဒေါ်စုကို နိုင်ငံရေးအကျဉ်းသားမဟုတ်၊ ရာဇဝတ်သားလုပ်တဲ့ အကုသိုလ်ကံကြောင့် အာဆီယံက မအလကို နိုင်ငံရေးရာထူးမပေးဘဲ ခွေးဝဲစား လူနားအလာမခံ လုပ်နေတာလေ။

ဒါပေလို့ စစ်အုပ်စုက အမြဲကိုင်စွဲတဲ့ သားတရားစီရင်ခန်းမူကို သိတယ်ဟုတ်။ နောက်ဆုံးတော့ မိခင်စိတ်ရှိသူက အလျှော့ပေးရတဲ့မူလေ။ အာဆီယံက ဘုံသဘောတူညီချက် အကောင်အထည်ဖော်ဖို့ ပြောချိန်မှာ ဗုံးပိုကြဲပြတယ်။ စစ်ကြောင်းထိုး မီးရှို့လုပ်ပြတယ်။ ရေဘေးမကူ သေရေးကူ။ နယ်စပ်ပြဿနာ ပိုရှုပ်ထွေးပြီး ထိုင်းကို မှိာင်းသွားအောင်လုပ်တယ်။ စစ်ခွေးအဆက်ဆက် အဲဒီဘီလူးစိတ်နဲ့ လူရိပ်ပြန်ပြန်နင်းလို့ ရတာများပြီဆိုတော့ ဒါကိုဘဲ ဆက်သုံးနေတာဘဲလေ။ ခု ကမ္ဘာ့ရာဇဝတ်သားတွေပါ သူ့လက်ထဲမှာဆိုတော့ ဘီလူးပေါ် အရူးဆင့် နေမြင့်လေ ပိုဆိုးလေ လုပ်လာတာပေါ့။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar