နန္ဒအောင် - ပရကထာ ပထမအကြိမ်ထုတ် ရှာဖွေခန်းနဲ့ ဆရာတို့နှစ်ယောက်
နန္ဒအောင် - ပရကထာ ပထမအကြိမ်ထုတ် ရှာဖွေခန်းနဲ့ ဆရာတို့နှစ်ယောက်
မိုးမခ ၊ စက်တင်ဘာ ၅ ၊ ၂၀၂၆
အရင်ဆောင်းပါးတုန်းက မိုးမခ မဂ္ဂဇင်းမှာ ဆရာပါရဂူရဲ့ လျှို့ဝှက်မွေးနေ့ပွဲလေးဟာ ခေတ်ရှေ့ပြေးခဲ့တယ်ဆိုတဲ့ အကြောင်းကို
စာဖတ်မိတ်ဆွေတို့ကို တင်ပြပြီးပြီ။ ဒီဆောင်းပါးမှာလည်း
ဆရာပါရဂူအကြောင်းကိုပဲ တင်ပြဦးပါ့မယ်။
ဆရာလင်းယုန်မောင်မောင်က ‘ချယ်ရီ မဂ္ဂဇင်း ’ မှာ “ဆရာပါရဂူ၏ လူမသိသေးသော အတွင်းရေးများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာပါရဲ့ လူမသိသေးတဲ့ အကြောင်းတွေကို ရေးပါတယ်။ ဆရာ လင်းယုန်မောင်မောင်ရဲ့ ဆောင်းပါးကို ဖတ်ကြည့်တော့ ဆရာပါအကြောင်းကို လူမသိသေးတဲ့ အတွင်းရေးတွေကို ရေးသားထားတာ တွေ့ရပါတယ်။ (ဆရာပါရဲ့ လျှို့ဝှက်မွေးနေ့ပွဲတို့၊ ဆရာဦးသော်ဇင်က ဆရာပါကို အမျိုးသမီး တစ်ယောက်နဲ့ နီးစပ်စေချင်တဲ့အကြောင်းတို့ပေါ့ )
ဆရာ လင်းယုန်မောင်မောင်နဲ့ ဆရာပါရဂူတို့ ဆက်ဆံရေးက မိတ်ဆွေရင်းတွေ ဆက်ဆံရေးမျိုးပါ။ ဒါကြောင့်မလို့ ဆရာပါရဲ့ အတွင်းရေးတွေကို ဆရာ လင်းယုန်မောင်မောင်က ရေးသားနိုင်တာပေါ့။
အခု စာဖတ်မိတ်ဆွေတွေကို ကျွန်တော် တင်ပြမဲ့ ဆရာပါကဂူ အကြောင်းက ဆရာ လင်းယုန်မောင်မောင်ရဲ့ ဆောင်းပါးထဲမှာ မပါတဲ့ အကြောင်းအရာပါ။ ဒါပေမဲ့ ဆရာပါရဂူရဲ့ လူမသိသေးတဲ့ အတွင်းရေးလို့တော့ ပြောလို့မရဘူးပေါ့ဗျာ။ လူသိနည်းတဲ့ အတွင်းရေးလို့ ပြောရမလား။ အဲဒီလိုပြောရအောင်ကလည်း ကျွန်တော် ကောက်နုတ်တင်ပြမဲ့ ဆရာပါရဂူ အကြောင်း ပါဝင်တဲ့ “ ပရကထာ ” ဆိုတဲ့ စာအုပ်ကလည်း သုံးကြိမ်မြောက်ထိ ရိုက်နှိပ်ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်နေပါတယ်။ ( သုံးကြိမ်မြောက်ထိ ရိုက်နှိပ်ထားသလို၊ အကိုးအကားရည်ညွှန်း စာအုပ်အဖြစ်နဲ့ စာအုပ်စာတမ်းတွေမှာ တွေ့ရတတ်တဲ့ စာအုပ်ထဲက အကြောင်းအရာကို လူသိနည်းတဲ့ အကြောင်းအရာလို့ ပြောရမှာကလည်း ခပ်ခက်ခက်ပဲ။ လူသိနည်းတယ် မပြောဘဲ၊ ငိုအားထက် ရယ်အားသန်ရတဲ့ ထူးဆန်းတဲ့ အကြောင်းလို့ ပြောရင်တော့ ပိုသင့်လျော်ပါတယ် )
“ပရကထာ” ဆိုတဲ့ စာအုပ်ကို ဆရာပါရဂူကပဲ ရေးသားခဲ့တာပါ။ “ပရကထာ” ဆိုတာ ‘မြန်မာစာရေးဆရာတွေအကြောင်း တစေ့တစောင်း’ လို့ အကြမ်းဖျင်း နားလည်ထားပါတယ်။ ပရကထာ စာအုပ်ကလည်း မြန်မာ စာရေးဆရာတွေအကြောင်း ရေးသားထားတာပါပဲ။ စာကြည့်တိုက် ပညာရှင် ဦးမြင့်ကြိုင်ကတော့ ပရကထာဆိုတာ
“တစေ့တစောင်း စာရေးဆရာအကြောင်းက အမှန်စာသားပါ” လို့ ဆိုပါတယ်။ (ဦးမြင့်ကြိုင်။
ပါရဂူနှင့် သူ့စကား၊ သူ့စာများ၊ ပါရဂူ ရာပြည့်နှစ် ဂုဏ်ပြုထုတ်ဝေခြင်း။
နှစ်ကာလများစာပေ။ ၂၀၂၁၊ ဒီဇင်ဘာ၊ ဒုတိယအကြိမ် ။ စာ၊ ၁၂၉ )
စာကြည့်တိုက်ပညာရှင်၊
စာဖတ်ညွှန်းတွေ အရေးအသားကောင်းတဲ့ ဆရာဦးမြင့်ကြိုင်ကပဲ
“ ပရကထာ ” စာအုပ်အညွှန်းကို ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၂၃၊
နိုဝင်ဘာ၊ ၂၀၁၀ ခုနှစ်ထုတ်တုန်းက ရေးသားခဲ့ပြီးပါပြီ။
ကျွန်တော့် လက်ထဲမှာ ရှိတဲ့ “ပရကထာ ” စာအုပ်က စိတ်ကူးချိုချိုစာပေ ၂၀၁၅၊ မေလကထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စိတ်ကူးချိုချိုထုတ် ပရကထာ စာအုပ်က တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကူးချိုချိုက တတိယအကြိမ်လို့ ဖော်ပြမထားဘဲ ‘ ပြန်လည်ရိုက်နှိပ်ခြင်း ’ လို့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။
စိတ်ကူးချိုချိုက “ ၂၀၁၅၊ မေလ၊ ပြန်လည်ရိုက်နှိပ်ခြင်း၊ ၁၉၉၈ မုံရွေးစာအုပ်တိုက်ထုတ် ပထမအကြိမ်ဖြည့်စွက်မူ၊ အုပ်ရေ ၅၀၀ ” လို့ ဖော်ပြထားပါတယ်။
စိတ်ကူးချိုချို ဖော်ပြချက်အရ မုံရွေးစာအုပ်တိုက်ထုတ် ပထမအကြိမ်ဖြည့်စွက်မူလို့ပဲ သိရပါတယ်။ ဒီဖော်ပြချက်အရ မုံရွေးစာအုပ်တိုက်ထုတ်က ဖြည့်စွက်ထားတဲ့ ဆောင်းပါးတွေပါဝင်တဲ့ ‘ဒုတိယအကြိမ် ’ ထုတ်လို့ နားလည်မိပါတယ်။ ဒါဆိုရင် ပထမအကြိမ်ကို ဘယ်စာပေက ထုတ်ဝေသလဲ စူးစမ်းရှာဖွေမိပါတယ်။ ဒီလိုအကြောင်းအရာတွေကို ရှာဖွေမှတ်သားဖို့ဆိုတာကလည်း စာအုပ်စာတမ်း စုံလင်တဲ့ အမျိုးသား စာကြည့်တိုက်တို့၊ ဗဟိုတက္ကသိုလ် စာကြည့်တိုက်လို နေရာမျိုးတွေမှာမှ အဆင်ပြေနိုင်တာပါ။ အဲဒီလို စာကြည့်တိုက်ကြီးတွေဆီ သွားပြီး ရှာဖွေရအောင်ကလည်း ကျွန်တော့်လို နယ်ဘက်ကျေးဘက်က သာမာန်လူအဖို့ အလှမ်းဝေးလို့နေသေးတယ်။ ( မြို့ကြီးပြကြီးဆီ ရောက်မှ သွားကြည့်ပါဦးမယ်၊ စာအုပ်စာတမ်းစုံလင်လှတဲ့ စာကြည့်တိုက်ကြီးတွေဆီလည်း ခဏခဏ သွားဖြစ်အောင် ကြိုးစားရဦးမယ်။)
ပရကထာ စာအုပ်ကို ပထမအကြိမ် ဘယ်စာပေက ထုတ်ဝေတာလဲဆိုတဲ့ အထောက်အထားကို စာအုပ်နှစ်အုပ်ကနေ တွေ့ခဲ့ပါတယ်။ နှစ်ကာလများစာပေ ( ၂၀၂၁၊ ဒီဇင်ဘာ၊ ဒုတိယအကြိမ် ) ကထုတ်ဝေတဲ့ “ ပါရဂူနှင့် သူ့စကား၊ သူ့စာများ ” စာအုပ်နဲ့ ရနံ့သစ် မဂ္ဂဇင်း (အမှတ် ၂၃၊ နိုဝင်ဘာလ၊ ၂၀၁၀ ) တို့ကနေပါ။ နှစ်ကာလများစာပေက ထုတ်ဝေတဲ့ စာအုပ်ကတော့ ကျွန်တော့်ကိုယ်ပိုင် စာအုပ်စင်ကပါ။ ရနံ့သစ် မဂ္ဂဇင်းကတော့ ကျွန်တော် သွားနေကျ ဘတင်နုရဲ့ “ဗုဒ္ဓဂုဏ်ရည် ” စာကြည့်တိုက်ကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ရနံ့သစ် မဂ္ဂဇင်းပါ ဆရာဦးမြင့်ကြိုင်ရဲ့ ဆောင်းပါးကို နှစ်ကာလများစာပေက လုံးချင်းအဖြစ် ပြန်ဖော်ပြထားတာပါ။ (ဒါတောင် ဆရာဦးမြင့်ကြိုင်ရဲ့ လုံးချင်းစာအုပ်က နှစ်ကာလများက ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဒုတိယအကြိမ်ပါ၊ ပထမအကြိမ်က အောင်မြင်သူ စာပေကပါ)
ပရကထာစာအုပ် ထုတ်ဝေတဲ့ ပထမအကြိမ်အရေအတွက်အကြောင်းကို ဆရာဦးမြင့်ကြိုင်ရဲ့ အရေးအသားထဲကနေပဲ တင်ပြပါ့မယ်။
“မည်သို့ဖြစ်စေ ဆရာပါရဂူ၏ ပရကထာ ( ပထမအကြိမ်၊ မိုးစာစဉ်အမှတ် ၂ အဖြစ် တက်လမ်းစာပေထုတ်ဝေခွင့်ဖြင့် စေတနာစာပေမှ ဖြန့်ချိခြင်း၊ စာမျက်နှာ ၃၂၆၊ စာအုပ်တန်ဖိုး ၈၀ ကျပ်၊ မျက်နှာဖုံးပန်းချီ ထွဏ်းဦး ဟူ၏။)
ဆရာပါရဂူ၏ ပရကထာ (နှစ်ကြိမ်၊ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းဟု သတ်မှတ်ရမည်ဖြစ်သော်လည်း ဖြန့်ချိသူ၊ မုံရွေးစာအုပ်တိုက်၏ မုံရွေးစာအုပ် ၇ အဖြစ် စာမျက်နှာ ၃၉၄၊ အရေးခံစာရေးဆရာကြီးအချို့တို့၏ ရုပ်ပုံဓာတ်ပုံများပါရှိ၍ စာအုပ်တန်ဖိုး ၄၀၀ ကျပ်။ မျက်နှာဖုံးပန်းချီ စံတိုး ဟူ၏ ) ”
(ဦးမြင့်ကြိုင်။ ပါရဂူနှင့် သူ့စကား၊ သူ့စာများ၊ ပါရဂူ ရာပြည့်နှစ် ဂုဏ်ပြုထုတ်ဝေခြင်း။ နှစ်ကာလများစာပေ။ ၂၀၂၁၊ ဒီဇင်ဘာ၊ ဒုတိယအကြိမ် ။ စာ၊ ၁၃၃ )
ဒါကြောင့် စိတ်ကူးချိုချိုစာပေက ထုတ်ဝေတဲ့ ပရကထာ စာအုပ်မှာ ပထမအကြိမ်ထုတ်ဝေတဲ့ စာပေတိုက် နာမည်ရဲ့ ကွက်လပ်ကို “ မိုးစာစဉ်အမှတ် ၂ ၊ တက်လမ်းစာပေထုတ်ဝေခွင့်ဖြင့် စေတနာစာပေမှ ဖြန့်ချိ ” လို့ ဖြည့်ရပါမယ်။
ပရကထာ ပထမအကြိမ်ထုတ် ရှာဖွေခန်းကို ဒီမှာတင်ရပ်ပြီး ဆရာပါရဲ့ အကြောင်းအရာကို တင်ပြမဲ့ အခန်းကဏ္ဍကို ခရီးဆက်ပါ့မယ်။
ကျွန်တော် တင်ပြမဲ့ ဆရာပါရဲ့ အကြောင်းက လူသိနည်းတဲ့ အကြောင်းအရာလို့ မဆိုနိုင်ပေမဲ့ ထူးဆန်းတဲ့အကြောင်း၊ ငိုအားထက် ရယ်အားသန်တဲ့အကြောင်းလို့တော့ ပြောလို့ရပါတယ်။ ဒီအကြောင်းအရာကို “ ပရကထာ ” စာအုပ်ထဲကနေ ရှာဖွေ တွေ့ရှိခဲ့တာမလို့ အဲဒီစာအုပ်ထဲကနေပဲ တင်ပြပါ့မယ်။ ဆရာပါရဂူ တစ်ယောက်တည်း မဟုတ်ဘဲ၊ ဆရာ ဒဂုန်တာရာရော ပါတာမလို့ ကျွန်တော့် ဆောင်းပါးကို “ဆရာတို့ နှစ်ယောက်” လို့သာ နာမည်ပေးလိုက်ချင်ပါတော့တယ်။
ကဲ ... စာဖတ်မိတ်ဆွေတို့ကို ဆရာတို့ နှစ်ယောက်အကြောင်း တင်ပြပါ့မယ်။ ဆရာပါရဂူက ဆရာဒဂုန်တာရာ အကြောင်းကို “ ရုပ်ပုံလွှာ၏ စာမျက်နှာများ ” လို့ တင်စားပြီး ရေးသားထားပါတယ်။ အဲဒီ ရုပ်ပုံလွှာဆောင်းပါးထဲမှာ ဆရာပါက ဆရာဒဂုန်တာရာနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အမှတ်တရအကြောင်းတွေကို ရေးသားထားပါတယ်။ ဆရာပါက သူနဲ့ထိတွေ့ဆက်ဆံခဲ့တဲ့ အမှတ်တရအကြောင်းတွေကိုပဲ ရေးထားတာမလို့ (ဆရာပါ စကားခဏ ငှားပြောရရင်) ပစ်မှတ်ကို တစ်ချက်တည်းနဲ့ တည့်တည့်မတ်မတ် ထိအောင်ပစ်နိုင်တယ်လို့ပဲ ကောက်ချက်ချချင်ပါတယ်။ တစ်ခါတည်းဖတ်ပြီး ဆရာပါရဂူ ဆောင်းပါးပါ ဆရာတို့နှစ်ယောက်ရဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်ကို သိမှုအခြေခံထဲမှာ ‘စွဲ ’ သွားပါတယ်။
ဆရာပါရဂူ ရေးထားတဲ့ ဆရာတို့ နှစ်ယောက်ရဲ့ ငိုအားထက် ရယ်အားသန်ရတဲ့ အကြောင်းကို ဖတ်ကြည့်ကြပါဦး။
“တစ်နေ့ နံနက်ပိုင်း သူကျွန်တော့်အိမ်ရောက်လာသည်။ ထိုအချိန်တွင် ကျွန်တော်ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ထိုနေ့မတိုင်မီ ညဉ့်သန်းခေါင် အချိန်လောက်တွင် ကျွန်တော့် အိမ်သန်းခေါင်စာရင်း လာစစ်သည်။ ကျွန်တော့်အိမ်တွင် ဟင်္သာတမှ တက္ကသိုလ်ကျောင်းလာတက်နေသော ကျွန်တော်၏ တူမလေးတစ်ယောက် ရှိသည်။ ထိုတူမလေးသည် ကျွန်တော်၏ သန်းခေါင်စာရင်းတွင် မပါပေ။ ရပ်ကွက်ကော်မတီ၏ ထောက်ခံစာတော့ ရှိသည်။ သန်းခေါင်စာရင်းလာစစ်သူများက ထောက်ခံစာရှိရုံနှင့် မလုံလောက်ဟု ပြောလျက် သန်းခေါင်စာရင်းထဲ မပါသူကို အိမ်မှာထားသည့် အမှုဖြင့် နောက်တစ်နေ့တွင် သက်သေတစ်ယောက်ခေါ်ပြီး ရဲစခန်းသို့လာရန် ဆင့်ဆိုသွားကြသည်။ ကျွန်တော် ရဲစခန်းသွားဖို့ လုပ်နေစဉ်မှာ ဒဂုန်တာရာ ရောက်လာ၍ သူ့ကို သက်သေအဖြစ် ခေါ်သွားသည်။ သူကလည်း မညည်းမညူ လိုက်လာရှာသည်။ သို့သော်လည်း ဗဟန်းရဲစခန်းအသွား လမ်းတဝက်လောက် ရောက်သောအခါ သူတစ်မျိုး ပြောင်းသွားသည်။
“ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်လို့ မဖြစ်ဘူးထင်တယ်”
သူ စကားကိုကြားရသောအခါ ကျွန်တော်အံ့အားသင့်သွားသည်။ ရုံးပြင်ကနား ရောက်ချိန်၌ အကူအညီပေးသူသည် မိတ်ဆွေစစ်ဖြစ်၏ဟု နီတိကျမ်းများ၌ ဆိုထားသည့်အတိုင်း အမှုဆိုင်ရန် တရားရုံးသို့အသွား ကျွန်တော့်နောက် သူ လိုက်လာသဖြင့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းပီသ၏ဟု ကျွန်တော် ကျေးဇူးတင်မဆုံးဖြစ်နေစဉ် သူ ဗွေဖောက်လာသည်။
“ဘာဖြစ်လို့ မလိုက်ချင်တာလဲ”
“ခင်ဗျား အမှုက သန်းခေါင်စာရင်းထဲမှာ မပါတဲ့လူကို အိမ်မှာထားတဲ့ အမှုဟုတ်လား။ ကျွန်တော် အခုမှ သတိရတယ်။ ကျွန်တော်အခု အိမ်မှာနေတာလည်း သန်းခေါင်စာရင်းဝင် မဟုတ်ဘူး။ ခင်ဗျားအမှုကို လိုက်သက်သေခံလို့၊ သက်သေကို စစ်လား၊ ဆေးလား လုပ်နေရင် သက်သေလည်း အိမ်ထောင်စုသန်းခေါင်စာရင်းဝင် မဟုတ်ဘူးဆိုတာ သိသွားပြီး ပိုရှုပ်ကုန်လိမ့်မယ်။”
ကျွန်တော်
ငိုအားထက် ရယ်အားသန်ဖြစ်ရသည်။ ထိုအချိန်က ဒဂုန်တာရာသည် ကောလိပ်ဂျင်နေဝင်းနှင့် ခင်မာလာတို့အိမ်တွင် နေသော်လည်း
အိမ်ထောင်စုစာရင်းထဲ မသွင်းရသေးပေ။ နေ့ရက် အတန်ကြာကြာအထိ ရပ်ကွက်ကောင်စီကို
သတင်းပေးပြီး နေရသည်။ ”
(ပါရဂူ။ ပရကထာ။ စိတ်ကူးချိုချိုစာပေ။ ၂၀၁၅၊ မေလ၊
ပြန်လည်ရိုက်နှိပ်ခြင်း။ စာ၊ ၂၇၃ - ၂၇၄ )
ဆရာပါရဂူရဲ့
သန်းခေါင်စာရင်းကိစ္စဟာ ဆရာတို့နှစ်ယောက်အတွက်သာမကဘဲ စာဖတ်သူတွေအတွက်ပါ ငိုအားထက် ရယ်အားသန်ရတဲ့
ထူးထူးဆန်းဆန်း အကြောင်းမလို့ ကူးယူတင်ပြလိုက်ပါတယ်။
ပရကထာ ပထမအကြိမ်ထုတ် ရှာဖွေခန်းနဲ့ ဆရာတို့ နှစ်ယောက် အကြောင်းလေး
ဒီမှာတင် ပြီးပါပြီ။
နန္ဒအောင်
၂၅. ၈. ၂၀၂၆
လင်းယုန်မောင်မောင်။ ၂၀၀၃။ ကျွန်တော့်အပေါင်းအသင်း
အနုပညာရောင်းရင်းများ။ ပထမအကြိမ်။ ရန်ကုန်၊ ပန်အောင်စာပေ။
ပါရဂူ။ ၂၀၁၅။ ပရကထာ။ ပြန်လည်ရိုက်နှိပ်ခြင်း။ ရန်ကုန်၊
စိတ်ကူးချိုချိုစာပေ။
မြင့်ကြိုင်၊ ဦး ။ ၂၀၂၁။ ပါရဂူနှင့် သူ့စကား၊ သူ့စာများ။ ပါရဂူ
ရာပြည့်နှစ် ဂုဏ်ပြုထုတ်ဝေခြင်း။ ဒုတိယအကြိမ်။ ရန်ကုန်၊ နှစ်ကာလများစာပေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar