ဖလော်ဒါဟန် - ရွှေခင်ရဲ့ မျက်ဝန်းမှ စိန်ခေါ်သံများ
ဖလော်ဒါဟန် - ရွှေခင်ရဲ့ မျက်ဝန်းမှ စိန်ခေါ်သံများ
မိုးမခ ၊ စက်တင်ဘာ ၅ ၊ ၂၀၂၆
ဒီကနေ့ မိုးရင် စက်ဘီးလေးနဲ့ ငယ်စဉ်က အမေ၊ အဖေ တာဝန်ကျတဲ့ မီးရထားတည်ဆောက်ရာ မြို့လေးကို ရောက်ခဲ့တယ်။ စာတိုက်မှာ စာလေးတစ်စောင် ပို့ခဲ့ဖို့လည်း ပါပါတယ်။
မိုးရင် မောင်လေး ကျောင်းတက်ခဲ့တဲ့ ဒိုဘီကုန်းကျောင်းလေး ရောက်ချိန် ဆရာမ အမေ့သူငယ်ချင်း အန်တီလှကို သတိရမိပါတယ်။ အမေက သူ့သားကို သူ့သူငယ်ချင်း ဆရာမကျောင်းမှာ ကျောင်းအပ်သလို၊ အန်တီလှကလည်း အမေ ကျောင်းဆရာမဘဝက သူ့ရဲ့သမီးကို အမေ့အတန်းကို ရအောင် အပ်ခဲ့ကြတယ်။ ထိုခေတ်ထိုအခါက ပညာရေးက ညံ့ဖျင်းတဲ့ထဲ မပါသလို၊ ဆရာ၊ ဆရာမရဲ့ အရည်အချင်းကလည်း အပြိုင်အဆိုင်ပါ။
အတွေးတွေရပ်ပြီး C အောင်မြင်ခဲ့တဲ့ ရပ်ဝန်းလေးရဲ့ ခြောက်သွေ့မှု၊ အိုးအိမ်တွေ ဖယ်ရှားခံရမှုအပေါ်မှာ မိုးရင် စိတ်မကောင်းကြီးစွာနဲ့ စက်ဘီးစီးလာခဲ့တယ်။ မိုးရင်ရဲ့ တဝမ်းကွဲညီအစ်မ မခင်ရွှေတို့ ဆိုင်လေးကို ရှာနေမိတယ်။ မိုးရင်အတွက် စက်ရုံနယ်မြေလေးက မစိမ်းပါဘူး။ ခြင်းရုံ၊ စာကြည့်တိုက်၊ သသခ တိုင်းပေါက်၊ စာတိုက်က စက်ရုံကြီးရဲ့ လမ်းဆုံလမ်းခွမှာပါ။
မိုးရင် စာတိုက်ရောက်ချိန်က ၈ နာရီ။ စာတိုက်ဖွင့်ချိန်က ၉ နာရီခွဲမို့ တစ်နာရီခွဲတိတိ မိုးရင် ငုတ်တုတ်ထိုင်စောင့်ရမဲ့ အဖြစ်ပါ။ တစ်ခုခုတော့ အကူအညီရမလားပေါ့။ စာတိုက်ဝန်ထမ်းမိသားစုဆိုတာ စာတိုက်နဲ့ တတွဲတည်း နေထိုင်ရတာ မိုးရင် သိထားပါတယ်။ အဲဒီအချိန်မှာ ဒေါ်ကြီးကို အကျိုးအကြောင်းလေး ပြောပြီး စာအိတ်ထားခဲ့လို့ ရမယ် ထင်တယ်ပေါ့။ စာတိုက်ဝန်ထမ်း ဖွင့်ပေးတဲ့အပေါက်ကနေ မိုးရင် ဝင်လာလိုက်တယ်။ စာတိုက်ဝန်ထမ်းက အချိန်အကြောင်း ပြောနေတယ်။ သိပ်ကြည်ပုံမရပါ။ မဖြစ်မနေမို့ လက်ခံရသည့် အနေအထားပါ။ အပြန်မှာ ဝန်ထမ်းက မိုးရင်ကို ကလေး စာသင်သည့် ပုံစံအတိုင်း ဖွင့်ချိန်ပိတ်ချိန် ဆိုင်းဘုတ်ကို လက်နဲ့ထောက်လို့ ညွှန်ပြနေလေရဲ့။ မိုးရင်လည်း အကြိမ်ကြိမ် ကျေးဇူးတင်စကားများစွာနဲ့ စာတိုက်ဝင်းထဲကနေ ထွက်လာခဲ့လိုက်ပါတယ်။
အပြန်လမ်းမှာတော့ မိုးရင်ရဲ့ ညီအစ်မဝမ်းကွဲနဲ့ တွေ့နိုင်ဖို့ ကြိုးစားရှာလိုက်ပါတယ်။ တွေ့ပါပြီ။ မပြည့်စုံလှတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ဆိုင်ဖျော်နေရာမှာ တစ်ချိန်က ရွှေထီးဆောင်းခဲ့သူမ၊ တန်းလျားခုံမှာ ထိုင်နေတဲ့ စခန်းမှူး လေဖြန်းထားတော့ အသွားအလာလည်း နှောင့်နှေးနေ။ မိုးရင် မခင်ရွှေကို တွေ့လိုက်ရချိန် နှစ်ယောက်သား ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားကြတယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို ပါးပေါ်ကို စီးကျခွင့် မပေးကြဘူး။ နှစ်ယောက်သား ခုံအလွတ်တစ်ခုပေါ်မှာ ထိုင်မိတော့ "လက်ဖက်ရည် ပုံမှန်နော်" လို့ ပြောပေမဲ့ မသောက်နိုင်ပါ။ ကော်ဖီ သောက်ခဲ့တယ်။ "မဖျော်ပါနဲ့ ခင်ရွှေရယ်" လို့ ပြောလိုက်တယ်။
"မိုးရင်ရယ်၊ အခုဆိုင်နေရာလေးက ငါ့ရဲ့မြေလေ၊ သိမ်းခံထားရတာ။ ဆိုင်လေးတော့ ဖွင့်ခွင့်ရှိပါတယ်။ အိုးအိမ်ဆောက်ခွင့် မရှိဘူး။ ဟိုနောက်ကျောက အိမ်လေးမှာ တစ်သိန်းနဲ့ ငှားလိုက်ရတယ်။ ငါ့ရဲ့ ဘဏ်အကောင့်၊ အမျိုးသားရဲ့ ဘဏ်အကောင့်တွေ ပိတ်ခံထိတယ်။ ငွေသား သိန်း ၂ ထောင်လောက် ပါသွားတယ်။ ငါ့နာမည်နဲ့ ပစ္စည်းတွေအကုန် ချိတ်ပိတ် သိမ်းခံလိုက်ရတယ်၊ ကားတစ်စီးရောပေါ့" တဲ့။
ရွှေခင် တို့ဆိုတာ မျိုးရိုးနဲ့ ချမ်းသာကြတဲ့ ရက်ကန်းရုံပိုင်တွေပေါ့။ အာဏာသိမ်းတော့ ရွှေခင်တို့ လင်မယား နယ်မြို့လေးမှာ နာမည်ထွက်တော့ အစစအရာရာ ပြိုပျက်၊ ပျက်စီးရတဲ့ မိသားစုလေးပါ။ ဒီကြားထဲ ဝမ်းကွဲမောင်ကို အငြိုးနဲ့ မန္တလေးမြို့ပေါ်မှာ အသတ်ခံလိုက်ရတယ်။ အန်အယ်လ်ဒီ လက်ထက်က ရပ်ရွာအမတ်တွေပေါ့။ အခုတော့ မိသားစုတွေ ဘဝပျက်လို့ ဘယ်ဆီဘယ်ဝယ် ရောက်နေကြတယ် မသိ။
မိုးရင်လည်း စိတ်မကောင်းမှုများစွာနဲ့ ဘဝကို ရိုးသားစွာ ရှင်သန်နေတဲ့ ဘဝတူ ရင်ဘတ်ချင်းတူသူတွေကို လေးစားမိတာ အမှန်ပါ။ အပျက်အစီး အဖျက်အဆီး အမျိုးမျိုးအောက်မှာ ရုန်းထနေကြတဲ့ မိုးရင်တို့လို ရင်ဘတ်တူတွေ ဘယ်လောက်တောင် ရှိနေကြမလဲ။ ရွှေခင်တစ်ယောက် သားနဲ့ သမီးရဲ့ ပညာရေး မပြီးဆုံးသည့် အခြေအနေ၊ လင်ယောက်ျားက လေဖြန်း၊ တစ်ယောက်တည်း ဘဝကို ရုန်းကန်နေရတာဆိုတာ သူမရဲ့ လက်ရှိအနေအထားက စိန်ခေါ်မှုတွေပါ။
ရုပ်ရည်အဆင်း ရူပကာကစလို့ မှေးမှိန်သွားပေမဲ့ မိုးရဲ့ ညီအစ်မဝမ်းကွဲ ရွှေခင်ဘဝက တောက်ပနေဆဲပါ။ မိုးရင် သူငယ်ချင်းပြောသလို တချိန်ချိန်ကျရင် ငါတို့အလှည့်ဆိုတာ ရှိလာမှာပါ။ "သူငယ်ချင်း အားမငယ်နဲ့" ဆိုတဲ့စကားကို ကျွန်မ အမြဲအမှတ်ရမိတယ်။ အခုလည်း "ရွှေခင်ရယ် နင် အားမငယ်ပါနဲ့၊ တစ်ချိန်ချိန် ငါတို့အလှည့်ဆိုတာ ရောက်လာဦးမှာပါ"။
နင့်မျက်ဝန်းထဲက မျက်ရည်တွေ ပါးပေါ် ရောက်မလာအောင် ထိန်းနိုင်ခဲ့တာကို အားကျတယ်။ ငါကတော့ နင့်ပုံရိပ်တွေအောက်မှာ ရှုံးနိမ့်ခဲ့ရတယ် ရွှေခင်။
ရွှေခင်တို့ မိသားစု ကျန်းမာပါစေ၊ အလုပ်အကိုင် အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဖလော်ဒါဟန်
၄. ၉. ၂၀၂၆