Breaking News

မောင်လူမွှေး - ပင်စင်မရှိတော့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ပီတိ

 

မောင်လူမွှေး - ပင်စင်မရှိတော့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ပီတိ

မိုးမခ ၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၆

ပြီးခဲ့တဲ့လက မောင်လူမွှေး ကျောင်းတော်တော်များများကို ရောက်ဖြစ်တယ်။ ပထမဦးဆုံး ရောက်ဖြစ်တဲ့ကျောင်းက မောင်လူမွှေးရဲ့ အမေ့ဇာတိရွာကြီးက ကျောင်းဖြစ်တယ်။ ကျောင်းလို့သာ သုံးနေကျစကားလုံးကို သုံးလိုက်ရပေမဲ့ စာသင်ခန်းတွေက တစ်နေရာစီမှာ ပြန့်ကြဲနေတာပါ။ စာသင်ခန်း နှစ်ခုကို မောင်လူမွှေး ဝင်ရတယ်။ မောင်လူမွှေး ပထမဆုံးဝင်ရတဲ့ စာသင်ခန်းမှာ စာသင်တဲ့ ဆရာမဟာ မောင်လူမွှေး ငါးတန်းတုန်းက အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာမဖြစ်တယ်။ ဆရာမဟာ အသက်ခြောက်ဆယ်တန်းကို ရောက်နေပေမဲ့ အရွယ်တင်နေဆဲဖြစ်တယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ သေးသေးနဲ့ အပျိုကြီးအဖြစ် တစ်ကိုယ်တည်းနေတဲ့ ဆရာမဟာ သွက်သွက်လက်လက် ရှိနေဆဲဖြစ်တယ်။

"ဒါ ငါ့တပည့် စာရေးဆရာ" တဲ့။ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူ ငါးဆယ်လောက်ကို သူက မိတ်ဆက်ပေးတယ်။ မောင်လူမွှေး ဆရာမကို ပွေ့ဖက်မိတယ်။ မောင်လူမွှေး ငါးတန်းတုန်းက ဆရာမ အင်္ဂလိပ်စာသင်တဲ့အချိန်ဆို ပျော်တယ်။ ဆရာမက စာနဲ့ပတ်သက်ရင် ဖိအားမပေးဘူး။ လွတ်လပ်တယ်လို့ ခံစားရတယ်။ ဆရာမ သင်ပေးတဲ့ အင်္ဂလိပ်စာတွေကို ဖတ်တယ်။ ဒါပေမဲ့ မောင်လူမွှေး ရေးပြီးမကျင့်ဘူး။ စာမေးပွဲဖြေတဲ့အခါကျတော့ အမှတ်လည်း သိပ်မကောင်းဘူး။ ဒါပေမဲ့ ရတဲ့အမှတ်နဲ့ မောင်လူမွှေး ကျေနပ်တယ်။ ဖိအားတွေမပေးတဲ့ ဆရာမကို ချစ်တယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဖိအားမပေးဘဲ လွတ်လွတ်လပ်လပ် သင်ယူစေတဲ့ ဆရာမကြောင့် မောင်လူမွှေးဟာ အင်္ဂလိပ်စာကို မကြောက်တော့ဘူး။ အင်္ဂလိပ်စာကိုတွေ့ရင် ဆရာမမျက်နှာနဲ့ အပြုံးကို မြင်ယောင်လာတယ်။ အင်္ဂလိပ်စာကို ရင်းနှီးချစ်ခင်လာတယ်။ ဒါဟာ ဆရာမက မောင်လူမွှေးကို သင်ပေးလိုက်တဲ့ အရေးအကြီးဆုံးအရာလို့ ယုံကြည်တယ်။ အင်္ဂလိပ်စာပိုဒ်တွေ သင်ရရင် နားလည်အောင် ဖတ်တယ်။ ရေးရင် အမှားတွေပါပေမဲ့ စာမေးပွဲကျလောက်အောင်တော့ မမှားခဲ့ဘူး။

စာသင်ခန်းထဲမှာ မောင်လူမွှေး ကလေးတွေကို မေးစရာရှိတာတွေ မေးတယ်။ ပြီးတော့ အားပေးစကား ပြောတယ်။ ကလေးတွေကလည်း သူတို့သိချင်တာတွေ မေးကြတယ်။ သူတို့လေးတွေလည်း တောသား။ မောင်လူမွှေးကလည်း တောသား။ တစ်ရွာတည်း မျိုးဆက်တွေမို့ ချက်ချင်း နွေးထွေးမှုကို ရတယ်။ မောင်လူမွှေး အတန်းကနေ ပြန်ထွက်တော့ ဆရာမက သူ့စားပွဲပေါ်ရှိတဲ့ မုန့်ထုပ်တွေကို မောင်လူမွှေး လွယ်အိတ်ထဲ ထည့်ပေးတယ်။ ဒီလိုနေရာမှာကျတော့ အရင်က ဆယ့်တစ်နှစ်အရွယ် သူ့တပည့်လေးလို ဆရာမ သဘောထားနေတုန်းပဲ။

မောင်လူမွှေး အတန်းကနေ ထွက်ခဲ့ပြီးနောက်ပိုင်း ဆရာမဟာ သူ့တပည့်ဟောင်း မောင်လူမွှေးနဲ့ပတ်သက်ပြီး သူ့တပည့်အသစ်တွေရှေ့မှာ ဂုဏ်ယူနေမယ်လို့ ယုံကြည်တယ်။ ရက်တော်တော်ကြာ ပီတိဖြစ်နေမယ်လို့လည်း မှန်းဆမိတယ်။ CDM ဆရာမတွေထဲမှာမှ ဆရာမတို့လို ပင်စင်ယူခါနီးမှ ပင်စင်ရမဲ့ငွေကြေးကို မငဲ့ကွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာမတွေဟာ ပိုခက်ခဲတတ်ကြတယ်။ တစ်သက်လုံး ဝန်ထမ်းလုပ်လာခဲ့တာ ဖြစ်တဲ့အတွက် အပြင်ကနေ ဝင်ငွေမရှာတတ်ကြဘူး။ ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်လည်း မဟုတ်တော့ပါဘူး။ ရတာလေးနဲ့ ချွေတာသုံးပြီး ဘဝနှောင်းပိုင်းအချိန်တွေကို ဖြတ်သန်းနေကြရတယ်။

နောက် မောင်လူမွှေး ရောက်ခဲ့တဲ့ ကျောင်းတစ်ကျောင်းကတော့ မောင်လူမွှေးရဲ့ ငယ်ဆရာ၊ မောင်လူမွှေးဘဝမှာ ပညာအုတ်မြစ်ချပေးခဲ့တဲ့ ဆရာကြီးရှိရာ ရွာဖြစ်တယ်။ မောင်လူမွှေးတို့ မူလတန်းတုန်းက ဆရာဟာ ကျောင်းအုပ်လည်း ဖြစ်တာကြောင့် မောင်လူမွှေးတို့က ဆရာကြီးလို့ပဲ ခုထိ ခေါ်ကြတယ်။ မောင်လူမွှေးရောက်တော့ ဆရာကြီးတို့ရွာဟာ ခြောက်ကပ်လို့။ ရွာကလူတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းအန္တရာယ်ကို ကြောက်လို့ တောထဲမှာပဲ နေကြတယ်။ ဆရာကြီးတို့အိမ်ကို ရွာခံတစ်ယောက်က မောင်လူမွှေးကို လိုက်ပို့ပေးတယ်။ အိမ်ကိုရောက်တော့ ဆရာကြီးကတော်ကို တွေ့ရတယ်။

"ဪ... စာရေးဆရာ။ ဆရာက နှမ်းခါသွားတယ်" တဲ့။ ဆရာကြီးရဲ့ အမျိုးသမီးက သူ့ယောက်ျားရဲ့တပည့် စာရေးဆရာဆိုတာကို ချက်ချင်းမှတ်မိတယ်။ လွန်ခဲ့တဲ့ ဆယ့်လေးနှစ် ၂၀၁၂ ခုနှစ်က မောင်လူမွှေး စာစီစာကုံး စာအုပ်လေးတစ်အုပ် ထုတ်ဖူးတယ်။ အဲဒီစာစီစာကုံးစာအုပ်ထဲမှာ "ကျွန်တော့် ဆရာတစ်ဦး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာကြီးအကြောင်းကို ရေးခဲ့ဖူးတယ်။ စာအုပ်ထွက်တော့လည်း ဆရာကြီးဆီရောက်အောင် တကူးတက ပို့ပေးခဲ့တယ်။ မောင်လူမွှေးရေးတဲ့ စာစီစာကုံးကို ဆရာကြီးရဲ့ အစ်ကိုတွေက ဖတ်ပြီး "အင်မတန် စိတ်တိုတတ်တဲ့ သူတို့ညီအငယ်ဆုံးမှာ ဒီလိုတပည့်မျိုးရှိတာ အံ့ဩတယ်" လို့ မှတ်ချက်ချကြောင်း ဆရာ့အမျိုးသမီးက ပြောပြတော့ မောင်လူမွှေး ပြုံးရတယ်။ ဆရာကြီးတို့ ညီအစ်ကိုတွေဟာ ကျောင်းဆရာတွေပါ။ ဆရာကြီးရဲ့ အစ်ကိုနှစ်ယောက်က သူတို့မှာတော့ ဒီလိုတပည့်မျိုး မရခဲ့ဘူးလို့လည်း ဆိုကြသတဲ့။

ဆရာကြီးက မောင်လူမွှေး ပြန်ရမဲ့လမ်းဘေး တစ်နေရာက တောမှာ နှမ်းခါနေတာဖြစ်တယ်။ "ရောက်ပြီးမှတော့ တွေ့ရအောင် တောကို ဝင်သွား" လို့ ဆရာ့အမျိုးသမီးက ပြောတယ်။ မောင်လူမွှေးလည်း အခြေအနေအရ မဝင်နိုင်ကြောင်း ပြန်ပြောရတယ်။ ဆရာကြီးဆီ ဖုန်းခေါ်ပေးလို့ ဖုန်းနဲ့ပဲ ခဏစကားပြောခဲ့ရတယ်။ ဆရာကြီးရဲ့အသံဟာ မောင်လူမွှေးတို့ ငယ်ငယ်ကအတိုင်းပဲ။ ရိုးသားမှု အပြည့်ပါတဲ့ ဆရာတစ်ယောက်ရဲ့အသံကို ပြန်ကြားရတယ်။

ဆရာကြီးဟာလည်း ပင်စင်ယူခါနီးမှ CDM ဝင်ခဲ့သူဖြစ်တယ်။ CDM ဝင်ပြီးနောက် သင်ကြားရေးအလုပ်ကို မလုပ်တော့ဘူး။ အိမ်က တောင်သူအလုပ်ကိုပဲ လုပ်ကိုင်နေတယ်။ သင်ကြားရေးဆရာအဖြစ် ဆက်လုပ်နေမယ်ဆိုရင်လည်း ဆရာကြီးဟာ သူ့သားနဲ့သမီးကို ကျောင်းထားဖို့တောင် ခက်ပါလိမ့်မယ်။ တော်လှန်နယ်မြေက ဆရာ၊ ဆရာမတွေရဲ့ ဝင်ငွေအခြေအနေက ဒီလိုရှိပါတယ်။ ဆရာကြီးရဲ့ အမျိုးသမီးကတော့ အိမ်မှာပဲ ရက်ကန်းခတ်နေတာကို တွေ့ခဲ့ရတယ်။ မောင်လူမွှေး ရောက်သွားတဲ့အတွက် ဆရာကြီးရဲ့ အမျိုးသမီးဟာ ပြုံးပျော်ပြီး ကျေနပ်နေတယ်။ သူ့ကိုကြည့်ပြီး ဆရာကြီးဆို စိတ်ထဲမှာ ဘယ်လောက် ကျေနပ်ပီတိဖြစ်မလဲဆိုတာ မှန်းဆလို့ရပါတယ်။ ခြောက်ကပ်နေတဲ့ ရွာကနေ လူသူကင်းမဲ့တဲ့ လမ်းအတိုင်း မောင်လူမွှေး ပြန်ခဲ့တယ်။ လမ်းဘေးက တောတွေကြည့်ရင်း ဆရာကြီးတစ်ယောက် နှမ်းပင်ခြောက်ခြောက်တွေကို ဆုပ်ကိုင်ရင်း စိတ်ရှိလက်ရှိ နှမ်းခါနေမဲ့ ပုံပန်းကို မြင်ယောင်နေမိပါတယ်ခင်ဗျာ...။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar