Breaking News

မောင်လူမွှေး - နှလုံးသားလှတဲ့ မိန်းကလေးတွေ

မောင်လူမွှေး - နှလုံးသားလှတဲ့ မိန်းကလေးတွေ

မိုးမခ ၊ နိုဝင်ဘာ ၁ ၊ ၂၀၂၆



ပြီးခဲ့တဲ့အပတ် စစ်ရှောင်တွေဆီ သွားရင်း တော်လှန်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေနှစ်ဦးနဲ့ ဆုံဖြစ်တယ်။ ရဲမေ နှစ်ဦးစလုံးဟာ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းမပျိုလေးတွေ ဖြစ်ကြတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ တော်လှန်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်တယ်။ သူတို့နှစ်ဦးအနက် တဦးက မောင်လူမွှေးတို့ လင်မယားနဲ့ ရင်းနှီးခင်မင်ပြီးသား ဖြစ်ပြီး၊ နောက်တဦးကတော့ အခုမှ မိတ်ဆက်ခင်မင်ကြရတယ်။

သူတို့နှစ်ယောက်ဟာ အခြားမိန်းကလေးတွေလို အပြင်ကို ထွက်ချင်တိုင်း ထွက်လို့မရဘူး။ ရွာမှာလုပ်ကြတဲ့ အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲဆိုတာတွေကိုလည်း လှလှပပ ပြင်ဆင်ပြီး သွားချင်တိုင်း သွားလို့မရပါဘူး။ သူတို့ရဲ့အဓိကတာဝန်က တပ်ကပေးတဲ့တာဝန်ကို ကျေပွန်ဖို့ ဖြစ်တယ်။ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်တယ်။ သူတို့နှစ်ယောက်လုံး မိဘဆွေမျိုးတွေနဲ့ခွဲပြီး တော်လှန်ရေးတပ်ဖွဲ့တာဝန်ကို ထမ်းဆောင်ခဲ့ကြတာ အခုဆို ငါးနှစ်ထဲကို ရောက်ခဲ့ပြီ။

"တခါတလေကျတော့လည်း လှလှပပ ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ် သွားလာနေတဲ့သူတွေကို အားကျတာမျိုး ရှိတယ်" လို့ မောင်လူမွှေးတို့နဲ့ အခုမှ ခင်မင်ရတဲ့ ဝတုတ်တုတ်ရဲမေလေးက ပြောတယ်။ ဒီရဲမေလေးဟာ အခုသူ တာဝန်ထမ်းဆောင်နေတဲ့ နေရာနဲ့ မိုင်တစ်ရာဝန်းကျင် ဝေးတဲ့ဒေသက ဖြစ်တယ်။ သူနဲ့အခုမှ ခင်မင်ရပေမယ့် သူ့အဒေါ်တွေနဲ့ မောင်လူမွှေးက ခင်မင်ပါတယ်။

ရဲမေလေးနှစ်ယောက်ရဲ့အရွယ်ဟာ လှလှပပ ဝတ်ဆင်ပြီး နေကြရမဲ့အရွယ်၊ ဘဝအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရမယ့်အရွယ်၊ လူမှုရေးကိစ္စတွေ ဝင်ဆန့်ကြရမယ့်အရွယ်၊ ဝင်ငွေရတဲ့အလုပ်တွေကို ရွေးချယ်ကြရမယ့်အရွယ်၊ အိမ်ထောင်ဘက်ကို ရွေးချယ်ကြရမယ့်အရွယ်၊ လိုအပ်ခဲ့ရင် မိသားစုကိုတောင် ဦးဆောင်နိုင်မယ့်အရွယ် ဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တော်လှန်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတယ်။

"တစ်ခါတခါ သွားလာပျော်ပါးနေကြတဲ့သူတွေ တွေ့ရင် တော်လှန်ရေးကြီးက ငါတို့နဲ့ပဲ ဆိုင်တာလား" ဆိုပြီး တွေးမိတာမျိုးတော့ ရှိတယ်လို့ ဝတုတ်တုတ်ရဲမေလေးက ဆက်ပြောတယ်။ မောင်လူမွှေးတို့နဲ့ ရင်းနှီးပြီးသား ပိန်ပါးပါးနဲ့ရဲမေလေးက မချိတင်ကဲ ပြုံးတယ်။ "တော်လှန်ရေးလုပ်ရတာ မိသားစုအတွက်ရော၊ ကိုယ့်အတွက်ရော မလွယ်ဘူး" တဲ့။ သူတို့ရင်ဖွင့်သံကို နားထောင်ရတယ်။

သူတို့ရဲ့ရင်ဖွင့်သံတွေဟာ အင်မတန် သဘာဝကျတဲ့ ရင်ဖွင့်သံတွေ ဖြစ်တယ်။ ဘဝရဲ့အပျိုရွယ်ဆုံးအချိန် ငါးနှစ်ကို အလှပြင်မှန်တင်ခုံတွေနဲ့ ဝေးရာ၊ ဖက်ရှင်အဝတ်အစားတွေနဲ့ ဝေးရာမှာ သူတို့ ဖြတ်သန်းခဲ့ကြတယ်။ ဒေါက်ဖိနပ်အစား ကင်းဘတ်ဖိနပ်ကို ရွေးချယ်ပြီး တောတောင်တွေထဲမှာ လျှောက်ခဲ့တယ်။ စလင်းဘတ်အိတ်အစား ကျောပိုးအိတ်ကို လွယ်ရတယ်။ ဖက်ရှင်ကျကျ ဝတ်ရမယ့်သူတို့ကိုယ်ပေါ်မှာ ကျည်ကာအင်္ကျီကို ဝတ်ရတယ်။

ပွဲလမ်းအခမ်းအနားတွေမှာ အလှပြင်ပြီး ပြုံးပြရမဲ့ မျက်နှာတွေဟာ တာဝန်အလျောက် တောထဲက မီးဖိုချောင်မှာ ချွေးဒီးဒီးကျတဲ့အခါကျ၊ တခါတရံ သွေးသံရဲရဲတွေကိုလည်း သူတို့ ကြုံကြရမယ်။ တီတီတာတာ စကားသံတွေအစား ပြတ်တောင်းတဲ့ အမိန့်ပေးသံတွေ သူတို့ နာခံကြရမယ်။ သူတို့ဟာ ကနွဲ့ကလျ သံယောဇဉ်ကြိုးတွေနဲ့မဟုတ်ဘဲ ရဲဘော်ရဲဘက်ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ခြင်း ခံထားကြရတယ်။

အမျိုးသားအများစုပဲ တာဝန်ထမ်းဆောင်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့မှာ သူတို့ဟာ ရှားရှားပါးပါး တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးငယ်တွေ ဖြစ်တယ်။ ဘဝရဲ့အကောင်းဆုံးအရွယ်ကို ပေးဆပ်ပြီး တာဝန်ထမ်းဆောင်ကြတဲ့အတွက် လေးစားဖွယ်လည်း ဖြစ်တယ်။ သူတို့လိုအမျိုးသမီးရဲမေတွေ တော်လှန်ရေးမှာ လိုအပ်နေသေးတယ်။ သူတို့နဲ့ ခံယူချက်တူတဲ့ မိန်းကလေးတွေ များလာရင် "တော်လှန်ရေးကြီးက ငါတို့နဲ့ပဲ ဆိုင်တာလား" ဆိုတဲ့ ခံစားမှုမျိုး သူတို့ မပေါ်ပေါက်နိုင်တော့ဘူးပေါ့။

ရဲမေနှစ်ယောက်ဟာ တော်လှန်ရေးမှာ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဆိုတာ ပြောစရာမလိုပါ။ ကိုယ့်တပ်ဖွဲ့ကို ကိုယ့်မိသားစုလို သံယောဇဉ်ကြီးကြတယ်။ ဒါကြောင့်လည်း ဆင်းရဲပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး တော်လှန်ရေး အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အလုပ်လုပ်နေကြတာ ဖြစ်တယ်။ ဆင်းရဲမှုတွေကြားမှာ ဆံပင်တွေကတော့ သဘာဝအတိုင်း ရှည်လျားလို့၊ ဆံပင်မဖြောင့်နိုင်ပေမဲ့ စိတ်နှလုံး ဖြောင့်ကြတဲ့ မိန်းကလေးနှစ်ယောက်၊ စိတ်နှလုံးသားလှတဲ့ ရဲမေနှစ်ယောက်ကို မောင်လူမွှေး တွေ့ခဲ့ရပါတယ်ခင်ဗျာ...။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar