အဖေ့ဘောပင်တစ်ချောင်း
ကျွန်ုပ်ငယ်စဉ်က မိသားစုနှင့်အတူ တောနက်ကြီးထဲတွင် ခေတ္တနေခဲ့ရသည်။ ခေတ္တဆိုသည်မှာလည်း ၁ နှစ်တော့ ကျော်သည်။ အမေက ကျွန်ုပ်ကိုခေါ်၍ အဖေရှိရာနေရာကို လိုက်လာခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်အသက်က ၄ နှစ်မပြည့်သေး။ အဖေသည် တောထဲသို့ ကြိုတင်ရောက်နေသည်မှာ ၁ နှစ်ခန့်ရှိနေပြီ။ ထိုစဉ်က နိုင်ငံရေးအခြေအနေကြောင့် အဖေနှင့် ဆုံးသွားပြီဖြစ်သော သူ့မိတ်ဆွေရဲဘော်တို့နှစ်ဦး ခေတ္တပုန်းရှောင်နေရသည့် နေရာဖြစ်သည်။ တဖက်နိုင်ငံကို ခြားထားသောတောင်တန်းတွင်ရှိ တောင်ခြေမှ တောင်ကျချောင်းအတိုင်း တောနင်း၍ အတန်ကြာတက်သွားလျှင် ချောင်းနံဘေးရှိ တောအုပ်ကြီးဝိုင်းထားသော တောင်ကုန်းစောင်းတွင်ဆောက်ထားသော ဖက်အမိုးနှင့် အိမ်ငယ်နှစ်လုံးကို တွေ့ရသည်။ ကျွန်ုပ်တို့မိသာစုနှင့် အဖေ၏မိတ်ဆွေရဲဘော်မိသားစုတို့ နေကြသည်။ ထိုနေရာကို ကျွန်ုပ်တို့က အောက်အိမ်ဟု ခေါ်သည်။ လူသူအသိုင်းအဝိုင်းရှိသော တောင်ပေါ်စခန်းနှင့် တောင်တစ်လုံးကျော် ဝေးသည်။ ကျွန်ုပ်ညီမလေးသည်လည်း ထိုအောက်အိမ်၌ မွေးဖွားခဲ့သည်။
အောက်အိမ်နားတဝိုက်တွင် နေပြောက်ပင် မထိုးနိုင်လောက်အောင် ဝါးပိုးရုံကြီးများ၊ ပျဉ်းကတိုးပင်ကြီးများ၊ အင်ကြင်းပင်ကြီးများနှင့် အခြားအမည်မသိသော သစ်ပင်ကြီးများဖြင့် ထူပိတ်နေသည်။ ချောင်းတလျှောက်တွင်လည်း နီညိုရောင်အဖူးများနှင့် ဝေဆာနေသော တောငှက်ပြောများ၊ ပိန်းရိုင်းပင်ကြီးများ၊ ခြုံနွယ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေကြသည်။ ဝါးရုံတို့သည်လည်း အစီစီနှင့်ပင်။ ဝါးပိုးပင်တို့၏ ကြီးမားပုံမှာ အံမခန်းရှိလောက်သည်။ ၎င်းဝါးပိုးရုံအောက်တွင်ရပ်နေပါက ကြီးမားသော ဧရာမထုထည်ကြီးကို ခံစားရသကဲ့သို့ပင် ဖြစ်သည်။ ဝါးပိုးမြှစ်များလည်း စား၍မကုန်နိုင်လောက်အောင် ပေါများလွန်းသည်။
တောနက်ဖြစ်၍ သားရဲတရိစ္ဆာန်တို့က ဌာနေဟုခေါ်ရာအရပ်လည်း ဖြစ်၏။ မျောက်လွှဲကျော်၊ တောကြောင်၊ တောခွေး၊ ချေ၊ ဖွတ်၊ တောဝက်၊ တောကြက်တို့ ပေါသည်။ တောင်ပေါ်စခန်းမှ အဖွဲ့အစည်းရဲဘော်တို့လာ၍ တောလိုက်ကြသည့်အခါတွင် တောကြက်သား၊ ပွေးသား၊ ဖွတ်သား၊ ချေသား၊ တောဝက်သားတို့ စားရသည်။ တစ်ခါက ညခင်းပိုင်းတွင် ကျွန်ုပ်တို့အိမ်ရှိ ကြက်ခြံမှ ဆူညံသံများထွက်ပေါ်လာသောကြောင့် အဖေက တောခွေးဟုထင်သဖြင့် ကျွန်ုပ်ကိုခေါ်၍ “လာ သွားကြည့်မယ်” ဟုဆိုတာ ဓာတ်မီးတစ်လက်ဖြင့် အိမ်နားရှိ တောင်စောင်းတပတ် လျှောက်ကြည့်ကြသေးသည်။ မည်သည်ကိုမှ မတွေ့။
အိမ်အနီးရှိ မြေကွက်လပ်တွင်ကား အဖေက ငြုပ်သီးစိုက်၏။ သခွားသီး၊ ဖရုံသီးနှင့် ဟင်းသီးဟင်းရွက်အချို့လည်း စိုက်၏။ စိုက်ထားသည့်ငြုပ်သီးများကို အခြောက်လှမ်း၍ ထိုင်းရွာသို့ ရောင်းရန်သွားသည့်အခါတွင် ကျွန်ုပ်လည်း လိုက်ပါသွားခဲ့သည်။ ခရီးကလှမ်းသဖြင့် မနက်စောစောထွက်ခဲ့ကြသည်။ တောင်ပေါ်စခန်းရောက်သော် အဖေက ကျွန်ုပ်ကို စခန်းလူကြီးအိမ်၌ ထားခဲ့၍ သူတစ်ယောက်တည်း ငြုပ်သီးခြောက်ခြင်းကို ဘယ်ပုခုံးညာပုခုံး ပြောင်းထမ်း၍ ထိုင်းရွာသို့ ထွက်သွားလေသည်။ ကျွန်ုပ်မူကား စခန်းတွင်ရှိသောကလေးများနှင့် ဆော့ကစားရင်း ကျန်ခဲ့၏။ တနေကုန်တော့မည်။ အဖေသည် ပြန်မလာသေးချေ။ ကျွန်ုပ်မှာ ထိုအိမ်ကလူကြီးများကို ခနခနမေးနေရပြီ။ “ဦးဦး အဖေ မပြန်လာသေးဘူးလား”၊ “ဦးဦး အဖေဘယ်တော့ ပြန်လာမှာတုန်း”၊ “အဖေသွားတဲ့နေရာ လိုက်သွားလို့မရဘူးလား” နှင့်မျှော်ခဲ့ရသည်။ ထိုအချိန်သည် ကျွန်ုပ် အဖေ့ကို ပထမဆုံးအကြိမ် မျှော်ခဲ့ရသည့်အချိန်ဖြစ်မည် ထင်ပါသည်။ နောင်တွင် အဘယ်ကြောင့် ပြန်လာနောက်ကျခဲ့သနည်းဟု မေးကြည့်သော် အဖေက ငြုပ်သီးဝယ်မည့်သူမရှိသဖြင့် အချိန်အတန်အကြာ လိုက်ရောင်းခဲ့ရသည်ဟု ဆိုသည်။
တောနက်ကြီးထဲ၌ တစ်နှစ်ကျော်မျှနေပြီး ကျွန်ုပ်တို့မိသားစုနှင့် အဖေ့မိတ်ဆွေမိသားစုတို့ တောင်ပေါ်စခန်းတို့ ပြောင်းကြသည်။ ထိုစခန်း၌ အိမ်ခြေ ၁၀ အိမ်ခန့်ရှိ၍ အဖွဲ့အစည်းမှ ရဲဘော်၊ ရဲမေတို့ နေကြသည်။ အဖွဲ့အစည်းတာဝန်ကျသူများလည်း ရှိကြ၏။ ရဲဘော်များအတွက် ယူနီဖောင်းချုပ်ရာ စက်ချုပ်ရုံတစ်ရုံနှင့် ထိုယူနီဖောင်းချုပ်ရုံဘေး၌ ဗီဒီယိုရုံ ရှိ၏။ စခန်း၌ ဗီဒီယိုတစ်ကားစာပြနိုင်သည့် ဆိုလာပြားနှင့် ဘက်ထရီအိုး ရှိသောကြောင့် စခန်းသူစခန်းသားများအတွက် အပျင်းဖြေစရာရှိ၏။ စခန်းကား တောင်ပတ်ပတ်လည် ဝိုင်းထား၍ တောင်ပေါ်တွင် ကရင်ရွာမှလုပ်သော တောင်ယာများ ဟိုတကွက်၊ ဒီတကွက် မြင်ရသည်။ တောင်ကျချောင်းငယ်တစ်ချောင်းက စခန်းကိုဖြတ်၍ စခန်းဘေးမှ ပတ်၍စီးဆင်းသွားသော ချောင်းကြီးနှင့် သွား၍ဆက်၏။ ထိုချောင်းအတိုင်း ဆင်းသွားလျှင် ကရင်ရွာကို ရောက်သည်။ ထိုမှတဆင့် ဆင်းသွားလျှင် ထိုင်းရွာကို ရောက်သည်။ ငါး၊ ပုဇွန်၊ ဂဏန်း ပေါသောကြောင့် ကျွန်ုပ်တို့ကလေးတစ်အုပ် ငါးဖမ်း၊ ဂဏန်းနှိုက် မကြာခနသွားလေ့ရှိသည်။ တခါတွင် ကျွန်ုပ် ချောင်းထဲအဆင်းလွန်သောကြောင့် အမေ တုတ်နှင့်လိုက်သေးသည်။
တောင်ပေါ်စခန်း၌ စာသင်ကျောင်းမရှိချေ။ ထို့ကြောင့် စခန်းလူကြီးများက ကျွန်ုပ်တို့ ကလေးတစ်ဖွဲ့အား တောင်အကျော်က ဘီဘီ(၁၄) ဟုခေါ်သည့် နယ်စပ်ရွာတစ်ရွာ၌ ကျောင်းထားပေးသည်။ မယ်စဲ့မြို့နှင့်နီးသည်။ လူကြီးတို့၏ အသိအိမ်၌နေ၍ ကျွန်ုပ်တို့ သူငယ်ချင်း (၃) ဦးသည် ထိုရွာနှင့်မနီးမဝေးက မြို့သစ်ဟုခေါ်သော မြို့သို့ ကျောင်းသွားတက်ရသည်။ အလကလော၊ အထကလော မမှတ်မိတော့။ ကျွန်ုပ်တို့ကို ကြည့်ရန်၊ ထိန်းရန် စခန်းမှ အဒေါ်တစ်ယောက်လည်း ပါသည်။ တစ်လတစ်ခါလောက်မှ တောင်ပေါ်စခန်းအိမ်သို့ ပြန်လည်ရသည်။ စခန်းမှ ဘီဘီ(၁၄)သို့ တောင်အတက်အဆင်းလုပ်ရ၍ ၃နာရီကျော်မျှ လမ်းလျှောက်သွားရသည်။ လမ်းတွင် လယ်ကွက်များ၊ တောင်ယာများကို ဖြတ်ရသည်။ တောအုပ်ကြီးကို ဖြတ်ရသည်။ တခါတရံ အမေတို့ ဈေးဝယ်လာသည့်ချိန် လိုက်ပြန်သည်။ တခါတရံ စခန်းသို့ပြန်သည့် ရဲဘော်များ၊ ကျောင်းသားကြီးများနှင့် လိုက်ပြန်သည်။ အဖေတောင်ယာလုပ်ပြီး ဝင်ခေါ်သည့်အခါလည်း ရှိ၏။
ကျွန်ုပ် (၇) နှစ်ပဲ ရှိဦးမည်ထင်ပါသည်။ အမေနှင့် ညီမလေးက ခရီးသွားနေသည်။ အဖေက တောင်ပေါ်စခန်းတွင် ကျန်ခဲ့သည်။ ထိုအချန်က လူကြုံရှိမှသာ သတင်းပါးရသည်မျိုး။ ကျွန်ုပ်ကား ငှက်ဖျားမိသည်။ အဖျားတက်သောကြောင့် ဆေးရုံတက်ရသည်။ ဆေးရုံက တောရွာတို့တွင် တွေ့ရသည် ဆေးရုံမျိုးပင်။ တိုက်ပုလေးတစ်လုံးနှင့် ကုတင် (၁၀) လုံးတောင် ရှိချင်ရှိမည်။ ကျွန်ုပ်တစ်ယောက်တည်း ဆေးရုံတက်ရသည်။ လူကြီးများကလည်း အလုပ်ရှိသဖြင့် ညနေခင်းလောက်မှ မုန့်လေးဝယ်၍ ခေတ္တရောက်လာတတ်သည်။ ကျောင်းဆင်းချိန် သူငယ်ချင်းများက ဆေးရုံးရှေ့မှ ဖြတ်ပြန်သည့်အခါ သူတို့နှင့် ခေတ္တတွေ့ရသည်။ ဆေးရုံတက်ခဲ့ရသည့် ပထမ ၃-၄ ရက်တွင် ကျွန်ုပ်ဘာလုပ်နေခဲ့သည်ကို မမှတ်မိတော့။ အဖျားတက်သောကြောင့် လူကနုံး၍ အိပ်ယာပေါ်၌သာ လဲနေသည်ကများသည်။ ၄ ရက်နေ့မြောက်တွင်ကား အဖေရောက်လာပြီး ကျွန်ုပ်နှင့် ၂ ရက် လာနေသည်။ ကျွန်ုပ် ဆေးရုံဆင်းသည့်အခါမှ အဖေပြန်သွားသည်။ အဖေနှင့် အိမ်လိုက်ပြန်ချင်ခဲ့သော်လည်း ကျောင်းမပိတ်၍ မပြန်ဖြစ်ခဲ့။
အဖေက တောင်ယာလုပ်သည်။ စပါးစိုက်သည်။ တစ်ယောက်တည်း မနက်စောစောထွက်လာတတ်၍ တနေကုန်အောင် တောင်ယာလုပ်သည်။ တောင်ယာက တောင်တန်း၏အခြားတဖက်တွင် ရှိသောကြောင့် အတန်အကြာ လမ်းလျှောက်သွားရသည်။ တခါက အဖေအိမ်ပြန်နောက်ကျသဖြင့် အမေက စိတ်ပူသောကြောင့် စခန်းမှလူကြီးအချို့ တောင်ပေါ်တက်သွား၍ရှာရာ တောင်ထိပ်၌ မမြင်မကန်း၊ စမ်းတဝါးဝါးနှင့် လျှောက်လာသည့်အဖေကို တွေ့သည်ဟု ဆိုသည်။ အဖေက ဓာတ်မီးလည်း မပါသွားခဲ့။ တခါကလည်း အမေနှင့် သူ့သူငယ်ချင်းတို့ ၁၄ သို့သွား၍ ဈေးဝယ်ပြီးအပြန် မိုးသဲကြီးမဲကြီးရွာသဖြင့် အိမ်ကို တော်တော်နှင့်မရောက်။ အဖေက စခန်းမှလူအချို့ကိုခေါ်၍ တောင်ပေါ်တွင် ဖယောင်းတိုင်မီးဖြင့် စမ်းတဝါးဝါးလျှောက်လာသည့် အမေတို့ကိုသွားကြိုရသည်။
တရက်တွင် အဖေသည် တောင်ယာလုပ်ရင်း ကိစ္စရှိ၍ ၁၄ သို့လာခဲ့သည်။ တောင်ယာကား စခန်းနှင့်လှမ်းသော်လည်း ၁၄ နှင့် သိပ်မဝေး။ ကိစ္စပြီးချိန်တွင် ကျွန်ုပ်တို့ဆီ ခေတ္တဝင်ခဲ့သည်။ ကျွန်ုပ်တို့က ကျောင်းမှပြန်လာ၍ ဆော့နေကြပြီ။ အဖေရောက်လာချိန်တွင် ဗိုက်ဆာသည်ထင်ပါသည်။ မီးဖိုချောင်သို့သွား၍ ထမင်းအိုးများ ဖွင့်ကြည့်သည်။ စားစရာမတွေ့သောကြောင့် တစုံတရာ ညည်းတွား၍ ပြန်ထွက်လာသည်။ ထို့နောက် လူကြီးများနှင့် ခေတ္တစကားပြော၍ ပြန်သွားသည်။ ကျွန်ုပ်ကား အဖေဗိုက်ဆာဆာနှင့် လမ်း ၄ နာရီလောက်လျှောက်၍ စခန်းသို့ပြန်သွားရမည်ကို တွေးမိနေခဲ့သည်။
ကျွန်ုပ်တို့ ၁၄ ဖက်သို့ အမေနှင့် သူ့သူငယ်ချင်းတို့ တစ်လတခါတော့ ဈေးလာဝယ်ဖြစ်သည်။ ကျွန်ုပ်တို့ သူငယ်ချင်းတစ်စု လိုက်ပြန်ရသည့်အခါ လိုက်ပြန်သည်။ တောင်ပေါ်စခန်းသို့ လိုက်ပြန်ရသည်မှာ အင်မတန်မှ ပျော်စရာကောင်းလှသည်။ တခါတရံ ကျွန်ုပ်တစ်ယောက်တည်း လိုက်ပြန်သည်။ သောကြာနေ့ အမေတို့ဈေးဝယ်ပြီးလျှင် ကျွန်ုပ်တို့ကျောင်းမှအပြန်ကို စောင့်နေတတ်သည်။ ကျောပိုးအိတ်ကိုသိမ်း၍ မနားတော့ဘဲ ချက်ချင်းလိုက်ပြန်သည်။ စခန်းသို့ မှောင်ရီတရောအချိန် ရောက်၏။ တနင်္ဂနွေနေ့ခင်းတွင် အဖေက ပြန်လိုက်ပို့သည်။ တစ်ခေါက် အဖေနှင့် တောင်ပေါ်မှအဆင်း တောထဲလမ်းလျှောက်နေစဉ် တောင်ကုန်းပေါ်တွင် ချေ (ဂျီ)ကြီးတစ်ကောင်ကို တွေ့ရသည်။ ကျွန်ုပ်တို့က ခေတ္တရပ်ကြည့်နေခဲ့ကြသည်။ ချေက ကျွန်ုပ်တို့ကိုမြင်၍ တောင်ကုန်းတဖက်ခြမ်းသို့ လျှင်မြန်စွာ ပြေး၍ပျောက်ကွယ်သွားသည်။ ထို့နောက် ကျွန်ုပ်က အဖေ့ခြေလှမ်းကို အမှီလိုက်ရင်း ၁၄ သို့ ပြန်ရောက်သွားခဲ့သည်။ ညနေစောင်းနေချေပြီ။ စခန်းသို့ပြန်ရာ တောတောင်လမ်းကား ညနေခင်းရောက်လျှင် နေမပေါက်တော့သဖြင့် မှောင်နေတတ်သည်။ တောင်ရိပ်ကွယ်နေသည့် တောလမ်းပိုင်းသည် ကြက်သီးထစဖွယ် ဖြစ်နေတတ်သည်။ ညနေစောင်းပြီဖြစ်သောကြောင့် အဖေ့ကို မပြန်စေချင်။ သို့သော် အဖေက “အဖေပြန်တတ်ပါတယ်” ဟုဆိုကာ ခေတ္တနား၍ ပြန်သွားလေသည်။ ကျွန်ုပ်က ခက်သွက်သွက် လမ်းလျှောက်သွားသည့် အဖေ့ကျောကုန်းကို ကြည့်နေမိသည်။ အဖေသည် လမ့်တကွေ့ချိုးပြီးနောက် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ အဖေ မည်သည့်အချိန်မှ အိမ်ပြန်ရောက်မည်နည်းဟု ကျွန်ုပ်တွေး၍ ကျန်ခဲ့၏။
အောက်အိမ်တွင် နေစဉ်အခါက အဖေသည် ကျွန်ုပ်တို့သားအမိကိုခေါ်၍ တောထဲသွားလည်တတ်သည်။ ထိုနေရာမှာလည်း လည်ပတ်စရာဟူ၍ တောတောင်သာရှိသည်။ တောထဲ၌ တွေ့ရာအပင်များ၊ ပန်းပွင့်များကို လက်ညှိုးထိုး၍ “ဒါက ဘာခေါ်လဲ၊ ဒီပန်းက ဘာပန်းလဲ၊ ဟိုအပင်က ဘာအပင်လဲ” ဟု ကျွန်ုပ်မေးတတ်သည်။ သစ်ပင်ကြီးပေါ်တွင်ပေါက်နေသည့် သစ်ခွပန်းများအကြောင်း အဖေပြောပြပြီးသည်မှစ၍ သစ်ခွပန်းများကို ကျွန်ုပ် အင်မတန်စိတ်ဝင်စားသွားခဲ့သည်ကို မှတ်မိသေးသည်။ ထို့နောက် တောထဲသွားသည့်အခါတိုင်း သစ်ပင်ကြီးများအပေါ်၌ ပေါက်ရောက်နေသော သစ်ခွပန်းတို့ကို မော့ကြည့်ရှာဖွေနေခဲ့သည်။
အဖေက တချိန်လုံးစာရေးနေတတ်သည်။ တောင်ပေါ်စခန်းသို့ ပြောင်းသွားသည့်အချိန်တွင်လည်း အားသည့်အချိန်တိုင်း စာရေးနေခဲ့သည်။ သူမဲဆောက်သို့လာစဉ်က သူ့သူငယ်ချင်းထံမှ လက်တော့တစ်လုံးရလာခဲ့သည်။ ထိုလက်တော့ကိုယူ၍ ဗီဒီယိုရုံ၌ စာသွားရေးနေတတ်သည်။ အဖေရေးခဲ့သည်စာ မည်မျှပင်ရှိမည်နည်း အခု လိုက်ရှာရန်မလွယ်ကူတော့ချေ။ မဂ္ဂဇင်းမျိုးစုံ၊ ဂျာနယ်မျိုးစုံတွင် ဆောင်းပါးအမျိုးမျိုး ရေးသားခဲ့သည်။ ငယ်ငယ်က အဖေ အဘယ့်ကြောင့် တချိန်လုံးစာတွေ ရေးနေပါသနည်း၊ ရေးစရာများ အဘယ်ကရသနည်းဟု အတွေးနယ်ချဲ့ခဲ့ဖူးသည်။
ကျွန်ုပ်ငယ်ငယ်ကတည်းက ကျွန်ုပ်မျှော်သည့်အချိန်တိုင်း အဖေပြန်ရောက်လာသည်။ အခုကား အဖေသည် ပြန်လမ်းမရှိသည့်ခရီးသို့ ထွက်သွားခဲ့သည်မှာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ ကမ္ဘာကြီးတွင်ကား အဖြစ်အပျက်ပေါင်းစုံတို့ သောင်းပြောင်းထွေလာ ဖြစ်ခဲ့ကြပြီ။ သူသာရှိနေလျှင် မည်သည့်အကြောင်းအရာများကို ရေးသားနေဦးမည်နည်းဟု တွေးမိသည်။ အဖေသည် သူ၏စွန့်စားခန်းခရီးရှည်ကြီးကို ဆက်၍ လျှောက်သွားနှင့်ပြီဖြစ်သည်။ အဖေ့ကို ကျွန်ုပ်လွမ်းမိသည်။ အဖေ့ကို မေးချင်သည့် အဖေ့ငယ်ဘဝအကြောင်းများ၊ အတွေ့အကြုံများနှင့်ပတ်သက်၍ မေးခွန်းများစွာ ကျန်ရှိနေသေးသည်။ သူ တော်လှန်ရေးသမားအဖြစ် ဖြတ်သန်းခဲ့သည့်အချိန်၊ တောခိုသည့်ကာလများတွင် မည်သည့်အရာများ လုပ်ခဲ့သည်၊ မည်သို့နေထိုင်ခဲ့သည်ကို မေးချင်သည်။ ဤမေးခွန်းများကို စောစောမမေးခဲ့ရကောင်းလားဟု နောင်တရမိသည်။
တံငါနားနီး တံခါ၊ မုဆိုးနားနီး မုဆိုး ဟူသော ဆိုရိုးစကားရှိသည်။ အဖေဆုံးပြီးနောက်တွင် ကျွန်ုပ်သည်လည်း ကွန်ပြူတာရှေ့တွင် တတောက်တောက်နှင့် စာတွေရေးဖြစ်လာခဲ့သည်။ လေ့လာသင်ယူမိသည်တို့ကို ပြန်လည်ရေးသားဖြစ်လာခဲ့သည်။ စာရေးခြင်းဖြင့် အားလပ်ချိန်တို့ကို ကုန်ဆုံးစေသည်။ အဖေ အဘယ့်ကြောင့် စာရေးသည်ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူသည် စာကို ရေးနိုင်သမျှ ရေးသွားခဲ့သည်။ သို့သော် လောကကြီးဟူသည် ရေးလို့ကုန်နိုင်သည့်အရာတော့ မဟုတ်။ အဖေသည် ကျွန်ုပ်အတွက် သူ၏ဘောပင်တစ်ချောင်းကို ချန်သွားခဲ့လေသလော။
အဖေ့ကို လွမ်းဆွတ်လျက်၊
လမင်းဆွေ၊
၄၊ ၉၊ ၂၀၂၆။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
