Breaking News

ဖလော်ဒါဟန် - ကိန်းဂဏန်းများက ပြောသည့် လူနေမှုဘဝနှင့် လူ့အခွင့်အရေး


 

ဖလော်ဒါဟန် - ကိန်းဂဏန်းများက ပြောသည့် လူနေမှုဘဝနှင့် လူ့အခွင့်အရေး

မိုးမခ ၊ အောက်တိုဘာ ၁၇ ၊ ၂၀၂၆


m.CDM မှ အခုရက်ပိုင်း၊ လပိုင်းမှာ သတင်းဉာဏ်စမ်း မေးခွန်းကဏ္ဍလေး ထည့်သွင်းလာတာ တွေ့ရပါတယ်။ ပထမရက်တွေမှာတော့ ကျွန်မအတွက် ထိုကဏ္ဍလေးကို စိတ်ဝင်စားသည် ဆိုရုံလေးပါပဲ။ နောက်တဖြည်းဖြည်းနဲ့ ကျွန်မ ထဲထဲဝင်ဝင် စိတ်ဝင်စားလာပါတယ်။ ကျွန်မက အမျိုးသမီးတစ်ယောက်ဆိုတော့ ပြည်တွင်းရဲ့ ကုန်ဈေးနှုန်းနဲ့ အသက်ရှင် ရပ်တည်မှုကိုတော့ နေ့ရက်တိုင်း မျက်ခြည်မပြတ် စိတ်ဝင်စားတတ်ပါတယ်။

ယခုလက်ရှိ မြန်မာပြည်ကြီးရဲ့ ဆင်းရဲမွဲတေမှု စစ်တမ်း၊ လေယာဉ်ဖြင့် ဗုံးကျဲလို့ သေဆုံးခဲ့ရသည့် ကလေး၊ လူကြီးများရဲ့ စစ်တမ်း၊ အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ အရေအတွက်သာမက ကျွန်မတို့ ပြည်သူတွေရဲ့ အကြံဉာဏ်များကိုပါ စစ်တမ်းတစ်ခုအဖြစ် ယူကျု (YouTube) ရဲ့ မီဒီယာကဏ္ဍကို အားဖြည့်ထားတာ တွေ့ရပါတယ်။

ကျွန်မ သိနေရတဲ့ အရေအတွက်သည် နေ့ရက်တိုင်းမှာ စိတ်မကောင်းဖွယ် အဖြစ်အပျက်အရေအတွက်တွေပါ။ အခုရက်ပိုင်းမှာဆို ကျွန်မတို့နဲ့ အသိမိတ်ဆွေများ မဟုတ်ကြသော်ငြားလည်း ရင်ဘတ်ချင်းတူသူ ဆရာမ ခင်သီတာ၊ ဆရာကြီး နေလင်းအောင်နဲ့ အမည်မသိ တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့ရပါတယ်။ ဝမ်းနည်းစရာ သတင်းများသည်လည်း ကျွန်မအတွက် တစ်နေ့တာ စိတ်ခံစားချက်ကို အဆင်မပြေစေတာတော့ အမှန်ပါ။

m.CDM ရဲ့ ကဏ္ဍလေးကို တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်ဝင်စားလာချိန်မှာ ကျွန်မအတွက် ကိန်းဂဏန်းအရေအတွက်များကို ရပ်တန့်လို့ရရင် ရပ်တန့်လိုက်ချင်ပါတယ်။ မနေ့ကဆို Y-12 လေယာဉ်နဲ့ ဆိပ်ခွန်ဘက်မှာ ဗုံးကြဲလို့ ဘုန်းကြီးကျောင်းလည်း ပျက်စီးရသလို လူ့အသက်တွေလည်း ဆုံးရှုံးရပါတယ်။

ရှေးက အမြတ်ဆုံးအလှူ ဆိုတာ ကျောင်း၊ ကန်၊ စေတီပုထိုး၊ လမ်း၊ တံတားများလို့ ဆိုပါတယ်။ အခုတော့ သာသနိက အဆောက်အအုံများကို ဖျက်ဆီးခြင်း အပြစ်သည် အဝီစိငရဲတွင် အန္တကပ် ကျခံရမည်ဟု ဆိုထားသည်ကို ဖတ်ဖူးခဲ့ပါတယ်။

အများအားဖြင့် ကျရှုံးတိုင်းပြည်များတွင် လူတန်းစားအလွှာများ သီးသန့်ကွဲထွက်လာတာကို တွေ့မြင်လာရပါတယ်။ ယနေ့အချိန်မှာဆို မြို့ပြသည် အရောင်အသွေး စုံလင်လျက်ရှိသည်။

ဒေသစုံ၊ နယ်စုံမှ လူငယ်များစွာလည်း အခုဆို ပြည်ပမှာ ရရာအလုပ် လုပ်ကိုင်နေသူများလည်း အရေအတွက် မနည်းလှပါ။ ဤသည်မှာလည်း တိုင်းပြည် ကျရှုံးခြင်းရဲ့ သက်သေတစ်ခုလို့ ပြောနိုင်ပါတယ်။ အချို့ အမျိုးသမီးများဆို မိမိတို့ဘဝ ဖြစ်တည်မှုကို အခြားနိုင်ငံ မိသားစုဝင်များရဲ့ လုပ်ခစားဘဝဖြင့် မရှက်မကြောက် မျှဝေနေသူတွေလည်း ရှိကြပါတယ်။

ကျွန်မ သိထားသည်မှာ ယခင်အချိန်က တိုင်းတပါးမှာ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အလုပ် လုပ်ကိုင်သူ အလွန်ရှားပါးပါတယ်။ အနည်းဆုံး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများမှာသာ အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လုပ်ကိုင်ကြတာပါ။ အထူးသဖြင့် ပြည်ပထွက် အမျိုးသမီးအများစုမှာ သူနာပြုဆရာမများသာ ဖြစ်ကြပါတယ်။ အမျိုးသားများ ဆိုရင်လည်း သင်္ဘောသားများနဲ့ ဘွဲ့ရ၊ အင်္ဂျင်နီယာများ များပါတယ်။ အခုတော့ ရွေးချယ်စရာမရှိတဲ့ မြန်မာပြည်ကြီးရဲ့ ထွက်ပေါက်သည် ပြည်ပထွက်ခြင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းကြသူတွေ များလာခဲ့ရပါပြီ။

ဒီထက် ပြည့်စုံသည့် စကားနဲ့ ပြောရမည်ဆိုလျှင် လူငယ်များသည် မိမိတို့ အသက်နဲ့ အနာဂတ် လုံခြုံရေးကြောင့်လို့ ပြောလို့ရပါတယ်။

ကိန်းဂဏန်း အရေအတွက်များမှ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးသည် တန်ဖိုးမရှိတဲ့ ခေတ်ကြီးပါ၊ လူသားများရဲ့ အသက်နဲ့ လုံခြုံရေးသည်လည်း အာဏာရှင်လက်ထက်မှာ အစိုးမရနိုင်သည့် အနေအထားပါ။

ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ရရာအလုပ် လုပ်ကိုင်ဖို့ ပြည်ပထွက်ခွာနေကြရတဲ့ လူငယ်၊ လူလတ်ပိုင်းများစွာ ရှိပါတယ်။ ယခုလက်ရှိ မအလ လက်ထက်မှာ အများအပြား ဖြစ်မည်ဟု ဆိုလို့ရပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာတော့ ၅ နှစ်တာ ကာလမှာ ဝန်ထမ်းများနှင့် လူငယ်များ အများအပြား ပြည်ပသို့ သွားရောက်ခဲ့ရပါတယ်။ လူငယ်များအတွက် ပြည်ပခရီးစဉ်များသည်လည်း ပညာရပ်ပိုင်း ခရီးစဉ်များမို့ အားတက်ခဲ့ရပါတယ်။

ယနေ့အချိန် နိုင်ငံတကာ လှည့်လည်၍ သွားနေခြင်းကတော့ မိမိနိုင်ငံသားများကို အလောင်းအစားနယ်ပယ် ရုပ်သေးများအဖြစ် အသုံးချလာခြင်းဖြင့် တိုင်းတပါးရောက် လူငယ်များကို အနုနည်းဖြင့် အကြမ်းဖက်နေခြင်းပါ။

ပြည်သူများအတွက် ဆိုတာကလည်း ဘာမှ မရေရာ။ မြန်မာနိုင်ငံသားများရဲ့ ဘဝကို မြှင့်တင်ဖို့ဆိုသည်ထက် မိမိနိုင်ငံသားများဘဝကို အန္တရာယ်ချောက်ထဲ တွန်းပို့နေခြင်းဆိုသည်က ပို၍ မှန်မည်ထင်ပါတယ်။

ကျွန်မတို့ နေထိုင်ရာ ဤကမ္ဘာကြီးမှာ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို လူ့အခွင့်အရေးနဲ့ စနစ်တစ်ခုမှ ကာကွယ်ပေးခြင်းသည်လည်း လူတစ်ယောက်အတွက် လုံခြုံမှုလို့ ပြောနိုင်ပါတယ်။ အများအားဖြင့် တိုင်းတပါးမှာ နေထိုင်ခြင်းသည် လုံခြုံကြသည်၊ မိသားစုဘဝ ရပ်တည်ဖို့ အဆင်ပြေကြသည်။ ဒါထက် ပြည့်စုံမှုသည် စနစ်ကောင်းသည့် ပညာရေးကို သင်ကြားခွင့်ရကြသည်။

ယနေ့အချိန်မှာ ကျွန်မတို့ မြန်မာပြည်ကြီးမှ လူငယ်အရေအတွက် တဖြည်းဖြည်းနဲ့ အင်အား လျော့နည်းလာခြင်းသည် တိုင်းပြည်ရဲ့ လူသားစွမ်းအားအရင်းအမြစ်များ ဆုံးရှုံးလာရခြင်းပင် ဖြစ်သည်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar