မောင်လူမွှေး - စစ်ရှောင်တွေနှင့်ပတ်သက်တဲ့ ခံစားမှု
မောင်လူမွှေး - စစ်ရှောင်တွေနှင့်ပတ်သက်တဲ့ ခံစားမှု
မိုးမခ ၊ အောက်တိုဘာ ၃၁ ၊ ၂၀၂၆
ဒီနှစ် သီတင်းကျွတ် မောင်လူမွှေးရဲ့ အချိန်တွေကို စစ်ရှောင်နေရတဲ့သူတွေနဲ့အတူ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။ နောက်နှစ်ရက် နေပြီးရင် သီတင်းကျွတ်ပြီ။ မနက်ဖြန် စာသင်ပြီးတာနဲ့ မောင်လူမွှေး စစ်ရှောင်တွေဆီကို သွားမှာ ဖြစ်တယ်။ စစ်ရှောင်တွေဆီကို သီတင်းပတ်တိုင်းနီးပါး သွားနေရတာတောင် ဒီနှစ်ထဲ ကိုယ် နေတဲ့ဒေသက စစ်ရှောင်စခန်း အကုန်လုံးကို မောင်လူမွှေး မရောက်နိုင်သေးဘူး။ ဒီနှစ် သီတင်းကျွတ်တော့ စစ်ဘေးရှောင်တွေဆီကို တတ်နိုင်သမျှ နှံ့အောင်သွားမယ်လို့ ပိုင်းဖြတ်ထားတယ်။
မောင်လူမွှေးဟာ စစ်ရှောင်တွေဆီ သီတင်းပတ်တိုင်း သွားနေတာတောင်မှ သွားရတဲ့အခါတိုင်း ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားရတယ်။ သူတို့တွေ ဘယ်လိုနေကြသလဲ ဆိုတာ အမြဲ စိတ်ဝင်စားတယ်။ သူတို့အတွက် ဘာတွေ အကြံဉာဏ်ပေးနိုင်မလဲ၊ ဘာလုပ်ပေးနိုင်မလဲ သွားတဲ့အခါတိုင်း စဉ်းစားတယ်။ သူတို့ရဲ့ ကိုယ့်အပေါ် ဖော်ရွေမှုတွေကို မြင်ရတဲ့အခါ ပီတိဖြစ်တယ်။ သူတို့မျက်နှာတွေ ညှိုးငယ်တဲ့အခါမှာ ရင်ဘတ်တွေ အောင့်တယ်။ အိပ်မက်ဆိုးတွေ မက်တယ်။ အိပ်မပျော်တာတွေ ဖြစ်တယ်။ စစ်ရှောင်စခန်း ဆိုတာ လောကဓံလှိုင်း အနိမ့် အမြင့်တွေကို နေ့စဉ်နဲ့အမျှ သိသိသာသာ ခံစားနေရတဲ့နေရာ ဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်ကဆို စစ်ရှောင်စခန်းတွေကို အသွားမှာ တက်ကြွသလောက် စစ်ရှောင်စခန်းတွေကနေ ပြန်လာရင် စိတ်တွေ ညိုးနွမ်းရတယ်။ ရင်ဘတ်တွေ အောင့်တယ်။ စစ်ရှောင်စခန်းကနေ ပြန်လာတဲ့ညနေဆို ကိုယ့်နေရာရောက်တာနဲ့ အိပ်ရာထဲဝင်ပြီး လှဲနေရတော့တာပဲ။ ဘယ်သူနဲ့မှလည်း စကားမပြောချင်၊ ဘာအလုပ်မှလည်း မလုပ်ချင်လောက်အောင် စိတ်ပင်ပန်း ညှိုးနွမ်းရတယ်။ သူတို့ရှေ့မှာ ပြုံးရယ်ခဲ့သမျှ၊ သူတို့ကို အားပေးခဲ့သမျှဟာ ကိုယ့်နေရာရောက်တာနဲ့ ပါးစပ်ကို မဟချင်အောင် ဖြစ်ရတယ်။
တကယ်တော့ ဒါဟာ အပူကူးစက်မှုပါ။ စစ်ရှောင်များစွာရဲ့ အပူဟာ မောင်လူမွှေးကို လာဟပ်တယ်။ သူတို့ ဖုံးကွယ်ထားတဲ့ အပူတွေကိုလည်း မောင်လူမွှေး နှလုံးသားက မြင်တယ်။ မသိမှု၊ နားမလည်မှုတွေက မောင်လူမွှေးကို ကြေကွဲစေတယ်။ သူတို့အပေါ် အနိုင်ကျင့်ခံရမှုတွေက ခံပြင်းနာကျင်စေတယ်။ သူတို့ကို အသုံးချပြီး သူတို့အပေါ် လူပေါ်လူဇော် လုပ်တာတွေက ရွံရှာတဲ့စိတ်ကို ဖြစ်စေတယ်။ သူတို့ကို ဥပက္ခာပြုမှုတွေက လူတွေရဲ့မေတ္တာတရားကို သံသယရှိစေတယ်။
စစ်ရှောင်တွေဆီကို တက်တက်ကြွကြွ သွားလိုက်၊ သူတို့ဆီကနေ ပြန်လာတဲ့နေ့မှာ စိတ်ညှိုးငယ်ပြီး အိပ်ရာထဲ ဝင်လှဲနေလိုက်နဲ့ သတင်းပတ်တွေကို ဖြတ်ကျော်ခဲ့တာ သုံးနှစ်ရှိပြီ။ မောင်လူမွှေးလည်း အထိုက်အလျောက် ခံနိုင်ရည်ရှိလာသလို စစ်ရှောင်တွေလည်း ဒုက္ခမျိုးစုံ ဖြတ်သန်းပြီး အသားကျသင့်သလောက် ကျကြပြီ။ ဒုက္ခနဲ့ အသားကျတယ်ဆိုတာ လက်တွေ့ပါ။ မြန်မာနိုင်ငံမှာ ဒုက္ခနဲ့ မြန်မြန်အသားကျနိုင်မှ ရှင်သန်နိုင်မယ်။
မောင်လူမွှေး စိတ်အားအထက်သန်ဆုံးက ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းလေးတွေ တည်ဆောက်ရေး ဖြစ်တယ်။ ဒါပေမဲ့ ထမင်းအိုးကို အမြဲမျက်စောင်းထိုး ကြည့်နေရတဲ့သူတွေနဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ တော်တော်ခက်ခဲတယ်။ "သူတို့တွေ ထမင်းဝတဲ့အခါ စိတ်ထားတွေ ကောင်းလာကြမှာပါ" လို့ ဆရာမောင်ရစ်က ပြီးခဲ့တဲ့နှစ်က မောင်လူမွှေးကို အားပေးဖူးတယ်။ စစ်ဘေးရှောင်တွေဟာ ဟင်းမကောင်းပေမဲ့ ထမင်းတော့ ဝကြသေးတယ်။ ဒါပေမဲ့ မေတ္တာငတ်ကြတယ်။ အသိအမှတ်ပြုမှု ဆာလောင်တယ်။
မျှော်လင့်ချက်။ ဘဝမှာ အရေးအကြီးဆုံးလို့ ပြောကြတဲ့ မျှော်လင့်ချက်။ အဲဒီ မျှော်လင့်ချက်ဟာ အရောင်သိပ်မတောက်သေးတောင် စစ်ရှောင်တွေ ရင်ထဲမှာ မငြိမ်းသေးဘူး။
"ခင်ဗျားတို့ အားမလျော့သမျှ ကျနော်တို့ အားမလျော့ဘူး" လို့ အမေရိကားကနေ စစ်ရှောင်ပညာရေးကို လစဉ် ထောက်ပံ့နေတဲ့ ဆရာမောင်ရစ်က ပြောတယ်။ အပြန်အလှန် အားအဖြစ်ယူပြီး ရုန်းကန်ကြရတယ်။ ရင်ထဲမှာ မေတ္တာဟာ မညှိုးနွမ်းပါ။ ရင်ထဲမှာ ကိုယ်ချင်းစာတရား ထွန်းကားလျက်ပါ။ အခုည သန်းခေါင်ကျော်တဲ့တိုင် အိပ်မပျော်သေး။ မနက်ဖြန် စစ်ရှောင်တွေဆီ သွားရမယ်။ စစ်ရှောင်တွေဆီ သွားတိုင်း ရင်ခုန်စိတ်လှုပ်ရှားဆဲပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
