မျိုးမြတ်မော် (NEW YORK) - နေရာလေး တနေရာ
မျိုးမြတ်မော် (NEW YORK) - နေရာလေး တနေရာ
မိုးမခ ၊ အောက်တိုဘာ ၆ ၊ ၂၀၂၆
မမျှော်လင့်ဘဲ ကဗျာစာအုပ်လေးတအုပ် ကျွန်မခင်ပွန်းဆီက ရလာပါတယ်။ သူ့ကဗျာတပုဒ် ပါလို့ စာအုပ်ထုတ်ဝေသူက ဉာဏ်ပူဇော်ခအဖြစ် လက်ဆောင်ပေးတာမို့ ကျွန်မ ဖတ်ခွင့်ရတာပါ။ ကဗျာစာအုပ်ပါးပါးလေးရဲ့ ခေါင်းစီးကို မြင်ရုံနဲ့တင် ကျွန်မ ကြွေသွားပါတယ်။ ကဗျာစာအုပ်အမည်က “အိမ်လွမ်းဆိပ်” တဲ့။ အို- လှလိုက်တဲ့ အမည်လေး။ “ဆိပ်” လို့ စာလုံးပေါင်းထားတာပါ။ အိမ်ကို လွမ်းတဲ့ လွမ်းစရာ ဆိပ်ကမ်းလေးပေါ့လေ။
“စိတ်” နဲ့ စာလုံးပေါင်းတဲ့ “အိမ်လွမ်းစိတ်” ကတော့ ကျွန်မတို့လို နိုင်ငံရပ်ခြားကို ရောက်နေတဲ့ လူတိုင်းမှာ ရှိကြတာပါပဲ။ နှစ်တွေ ဘယ်လိုပြောင်းပြောင်း၊ လတွေ ဘယ်လိုပြောင်းပြောင်း၊ ရက်တွေဘယ်လိုပြောင်းပြောင်း၊ ဪ- ရာသီတွေ ဘယ်လိုပြောင်းပြောင်း ရင်ထဲမှာ ထာဝရရှိနေတာ အမှန်ပဲလေ။ အိမ်ပြန်လို့ရရ မရရ၊ အိမ်လွမ်းစိတ်ကတော့ အသည်းနှလုံးထဲမှာ အမြဲရှိနေတာပါ။
ကျွန်မကိုယ်တိုင်လည်း ဒီအမေရိကန်နိုင်ငံကို ရောက်နေတာ ၃၇ နှစ်ကျော်ခဲ့ပေမဲ့ ဒီနေ့ထက်ထိ ကိုထူးအိမ်သင်ရဲ့ “အမေ့အိမ်” သီချင်းကို မျက်ရည်မဝဲဘဲ နားထောင်နိုင်တဲ့နေ့ မရှိခဲ့ပါဘူး။ ကိုခိုင်ထူးရဲ့ “အိမ်အလွမ်း” သီချင်းကို ကီးပြောင်းပြီး ဂီတာတီးနိုင်တဲ့ည မရှိခဲ့ပါဘူး။
ကျွန်မရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေကတော့ စစ်တောင်းစက္ကူစက် တည်ရှိတဲ့ မြို့ကလေးပါ။ မြို့ကလေးရဲ့ အမည်က “သိမ်ဇရပ်” တဲ့။ စက္ကူစက်ကို အားပြုပြီး တည်ထောင်ခဲ့တဲ့ မြို့ကလေးက ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာပါ။ စစ်တောင်းမြစ်နံဘေး စစ်တောင်းတံတားကျော်ကျော်လေးမှာပါ။ စက္ကူစက်ကို ရထားလမ်းရဲ့ ဘယ်ဘက် တောင်ကုန်းပေါ်မှာ တည်ဆောက်ထားပြီး သိမ်ဇရပ်မြို့ကတော့ ရထားလမ်းရဲ့ ညာဘက်တောင်ကုန်းပေါ်မှာ ရှိပါတယ်။
ကျွန်မအဖေက စစ်တောင်းစက္ကူစက်မှာ တာဝန်ထမ်းဆောင်ရတဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်လို့ ကျွန်မတို့ နေခွင့်ရတဲ့ အိမ်ကလေးက ဘယ်ဘက် တောင်ကုန်းပေါ်မှာပါ။ စက္ကူစက်ဆီ သွားတဲ့ လမ်းတဖက်တချက်မှာတော့ ပိတောက်ပင်တွေ ညီညီညာညာ စိုက်ထားပါတယ်။
ကျွန်မတို့အိမ်ကတော့ ညာဘက်ချိုးပြီး တောင်ကုန်းထိပ်ထိ ထပ်တက်သွားရပါသေးတယ်။ ကျွန်မအဖို့ “အမေ့အိမ်” ဆိုတာထက် “အဖေ့အိမ်” လို့ပြောတာ ပိုမှန်မယ် ထင်ပါတယ်။ အမေက ရန်ကုန်သူ။ ပညာတတ် သူဌေးသမီး ဆိုတော့ အိမ်မှာနေလည်း ခြံထဲ ဆင်းခဲပါတယ်။ ကျွန်မအဖေကတော့ အမေ ပန်ဖို့ ပန်းမျိုးစုံကို အိမ်ခြံဝင်းထဲမှာ စိုက်ပါတယ်။ စံပယ်ပင်၊ ခရေပင်၊ ပိတောက်၊ သစ်ခွ၊ သဇင်... စတဲ့ ပန်းမျိုးစုံ စိုက်ပေမဲ့ အမေ ပန်တာ သိပ်မတွေ့ရသလောက်ပါ။ အသီးပင်တွေကိုလည်း အဖေကိုယ်တိုင် မျိုးစုံစိုက်ခဲ့ပါတယ်။ သရက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ တညင်းသီး၊ ဒန့်သလွန်သီး၊ မာလကာသီး၊ ဇီးသီး... စတဲ့ အသီးမျိုးစုံကို ရာသီတိုင်း စားလို့မကုန်တဲ့အပြင် ရန်ကုန်က ဆွေမျိုးတွေဆီတောင် ပို့ပေးရပါသေးတယ်။
အိမ်ရှေ့ စိန်ပန်းပင်အောက်က ကွပ်ပျစ်ကြီးကတော့ နေ့နေ့ညည ကျွန်မ အကြိုက်ဆုံးနေရာပါပဲ။ ညဘက် အိမ်ရှေ့ထွက်၊ ကွပ်ပျစ်ပေါ် ထိုင်ပြီး လမ်းမရဲ့ ညာဘက်ကို ကြည့်မယ်ဆိုရင် ကျိုက်ထီးရိုးတောင်ပေါ်က မီးလုံးတွေကိုတောင် လှမ်းမြင်ရပါတယ်။ ကျိုက်ထီးရိုးဘုရားကိုလည်း မရိုးနိုင်အောင် ဖူးမြော်လို့ရပါတယ်။
ကျွန်မရဲ့ မြို့ကလေးက သေးပေမဲ့ တိုက်နယ်ဆေးရုံ၊ ဈေး၊ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ မြသိန်းတန်စေတီ၊ ဘုန်းကြီးကျောင်း၊ အစိုးရစာသင်ကျောင်း၊ မီးရထားဘူတာရုံ... စတဲ့ မြို့အင်္ဂါရပ်များ အားလုံးရှိပါတယ်။
နွေရာသီ သင်္ကြန်ချိန်ခါဆိုရင် စက္ကူစက်မိသားစုများက စတုဒိသာမဏ္ဍပ်ထိုးပြီး တနေ့ တမျိုး မရိုးရအောင် အဝကျွေးသလို အုပ်စုဖွဲ့ သံချပ်တိုက်ပြီး ဆုပေးပွဲလည်း လုပ်ကြပါတယ်။ မိုးရာသီ ဆိုရင် အသင်းလိုက် ဘောလုံးပွဲတွေ ကျင်းပပြီး ယှဉ်ပြိုင်ကစားကြပါတယ်။
ဆောင်းရာသီ ခရစ္စမတ်နေ့ ရောက်လာရင် အိမ်တိုင်းကို သီချင်းလိုက်ဆိုပေးတဲ့ ခရစ်ယာန်အဖွဲ့ကို သူ့ထက်ငါ အပြိုင်ကျွေးမွေးဧည့်ခံကြပါတယ်။ ချမ်းအေးလှတဲ့ ဒီဇင်ဘာညတွေမှာ မီးပုံပေါ်မှာ အကြော်မျိုးစုံကြော်ပြီး ပျော်ပျော်ပါးပါး စုဖွဲ့စားကြပါတယ်။
သီတင်းကျွတ်ပြီ ဆိုရင်တော့ ဆီမီးခွက်ထွန်းပြီး စစ်တောင်းမြစ်ထဲ မျှောချ၊ မီးပူဇော်ကြတာကို မြသိန်းတန်ဘုရားပေါ်ကနေ နှစ်တိုင်း ကြည့်ခဲ့ရတာ အင်မတန် ကြည်နူးဖွယ်ကောင်းသလို တန်ဆောင်တိုင် ဆိုရင်လည်း ဘုရားပွဲ ကျင်းပနေကျ ညဈေးတန်းမှာ လမ်းလျှောက်ရတာ ဘယ်တော့မှ မမေ့နိုင်ပါဘူး။
ကျွန်မအရွယ်ရောက်တော့ အဖေက ကျွန်မကို စက်ဘီးတစီး ဝယ်ပေးပါတယ်။ အိမ်က ဘယ်ဘက်တောင်ကုန်းမှာ။ ကျောင်းက ညာဘက်တောင်ကုန်းမှာ ဆိုတော့ နေ့တိုင်း တောင်ကုန်းနှစ်ကုန်းကို တက်လိုက် ဆင်းလိုက် လုပ်ရပါတယ်။ အဲဒီ တောင်ကုန်းနှစ်ကုန်းက ကျွန်မအတွက် ခွန်အားများစွာရစေပါတယ်။ ကုန်းပေါ်ရောက်ဖို့ အားစိုက်နင်းရပေမဲ့ ကုန်းအဆင်းမှာ လေနဲ့အတူ ဖရီးဆင်းသွားတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။
အဲဒီအချိန်မှာ ကျွန်မ အသိတစ်ခု ရခဲ့ပါတယ်။ ဘာလဲဆိုတော့ အရာရာမှာ ကုန်းဆင်းတဲ့အခါရတဲ့ လေပြည်လေအေးကို လိုချင်ရင် ပထမ ကုန်းတက်တဲ့အခါ ကြိုးစားအားစိုက်မှု ရှိရမယ် ဆိုတာပါပဲ။ အခေါက်ပေါင်း ရာပေါင်းများစွာ စက္ကူစက်ရှေ့က တောင်ကုန်းပေါ်မှာ ကျွန်မ စက်ဘီးစီးခဲ့ပါတယ်။
ကျွန်မအသက် (၁၅) နှစ် ရောက်တော့ မိသားစုနဲ့အတူ အဖေ ရာထူးတိုး ရွှေ့ပြောင်းရာ ရန်ကုန်ကို လိုက်သွားရပါတယ်။ ရန်ကုန်မှာလည်း သုံးနှစ်ပဲ ကျွန်မ နေလိုက်ရပြီး ဘဝရဲ့ကံကြမ္မာ တဆစ်ချိုးတဲ့ (၈၈) အရေးအခင်းမှာ အမေရိကားကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ရပြန်ရော။ အဲဒီလို အပြောင်းအရွှေ့များနဲ့ မတည်ငြိမ်တဲ့ ကျွန်မဘဝမှာ အခက်အခဲတွေ ကြုံတိုင်း စက္ကူစက်ရှေ့တောင်ကုန်းပေါ်စီးခဲ့တဲ့ စက်ဘီးလေးက ပေးတဲ့ သင်ခန်းစာကို ပြန်တွေး၊ ကိုယ့်ဘာသာအားပေးရင်း လမ်းမျိုးစုံလျှောက်ခဲ့ရတာ နှစ်ပေါင်း ၄၀ ကျော်သွားပါပြီ။
ကျွန်မ စီးခဲ့တဲ့ စက်ဘီးလေးလည်း အခုမရှိတော့ပါဘူး။ ရန်ကုန်-မော်လမြိုင် မီးရထားလည်း စစ်တောင်းတံတားပေါ် မဖြတ်ကျော်တော့ပါဘူး။ အဲဒီတံတားကြီးက သူ့ရဲ့ ပေကလတ် ပေကလတ် ဇရာမျက်လုံးနဲ့ စက္ကူစက်ကြီးကို တခါတခါ ထောင့်ကပ်ပြီး ကြည့်လို့။ စစ်တောင်းစက္ကူစက်လည်း မလည်နိုင်တော့လို့ ရပ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ပြည်တွင်းစစ်ကြားမှာ ကျွန်မ နေခဲ့တဲ့အိမ်လေး ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာလည်း မသေချာတော့ပါဘူး။ ကျွန်မကို အေးမြလှတဲ့ ကလေးဘဝတစ်ခု ဖန်တီးပေးခဲ့တဲ့ အဖေနဲ့ အမေလည်း ဘဝတပါးကို ထွက်ခွာသွားပါပြီ။
ဘဝဆိုတာ လားရာတူသလိုလိုနဲ့ မတူတဲ့ ရထားသံလမ်းတွေလိုပါပဲ။ ဖြောင့်မလိုလိုနဲ့ ကောက်ချင်ကောက်သွားပြီး နီးမလိုလိုနဲ့ ဝေးချင် ဝေးသွားတတ်ပါတယ်။ အဲဒီအခါ သံလမ်းမဲ့ရထားမှာ လိုက်ပါမလား၊ သံလမ်းနဲ့ ရထားပေါ် ခုန်တက်မလား စဉ်းစားရပါပြီ။ တကယ်တော့ ကံမကုန်ခင် ဆုံမှတ်တနေရာမှာ လာဆုံကြပြီး ကံကုန်တော့လည်း ပြန်မဆုံကြတော့ပါဘူး။
ကဗျာစာအုပ်လေးထဲမှာ ကျွန်မခင်ပွန်းက “အပြန်လမ်း” လို့ အမည်ပေးထားတဲ့ သူ့ကဗျာထဲ ရေးထားတာက—
“ပြန်စရာ အိမ်ရှိရှိ မရှိရှိ
အိမ်ပြန်ချင်စိတ်တော့ ရှိတာပဲ” တဲ့။
အဲဒီစာကြောင်းအောက်မှာ—
“ဆုံစရာ အမေ ရှိရှိ မရှိရှိ
အိမ်လွမ်းစိတ်တော့ ရှိတာပဲ” လို့
ကျွန်မ ဆက်ရေးလိုက်ချင်ပါတယ်။
အိမ်နဲ့မိသားစုဆီ စိတ်နဲ့လွမ်းတဲ့ “အိမ်လွမ်းစိတ်” ကို “အိမ်လွမ်းဆိပ်” ဆိုတဲ့ ဆိပ်ကမ်းမှာ ကျွန်မ ကျောက်ချထားရတာ နှစ်ကာလများစွာ ကြာခဲ့ပါပြီ။ ဦးတည်စရာကမ်းလည်း မရှိ၊ ပြန်စရာ အိမ်လည်း မရှိတော့တဲ့ ဘဝမို့ ဒီနေရာလေးမှာပဲ ကျွန်မ နားခိုသွားရပါတော့မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar