မျိုးမြတ်မော်(NEW YORK) - ဘုရားစူး ဆရာဝန်ကတော်
မျိုးမြတ်မော်(NEW YORK) - ဘုရားစူး ဆရာဝန်ကတော်
မိုးမခ ၊ နိုဝင်ဘာ ၁၉ ၊ ၂၀၂၆
ကျွန်မ ငယ်စဉ်ကလေးဘဝကတည်းက သူများကလေးတွေနဲ့ မတူ၊ အရမ်းကို အသန့်အပြန့် ကြိုက်ခဲ့သူပါ။ ကလေးဘဝ မိုးရွာထဲ ဘောလုံးကန်၊ ဆော့ကစားကြသူတွေအထဲ မိုးရေစိုမှာ ကြောက်တဲ့ ကျွန်မ မပါခဲ့ပါ။ မိုးရွာထဲမှာ အရူးထပြီး လမ်းလျှောက်တဲ့ ကလေးတွေထဲလည်း ဘယ်တော့မှ ကျွန်မ မပါခဲ့ပါဘူး။
သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် နေရတာ ကျွန်မ ကြိုက်ပါသည်။ တနေ့ တခါ ရေမချိုးဘဲ မနေနိုင်တာ ကျွန်မပါ။ သဲကန္တာရလို၊ တောင်ပေါ်ဒေသ ရေမရတဲ့နေရာလိုမျိုးမှာ ကျွန်မ နေနိုင်မယ် မထင်ပါဘူး။ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီး ပန်းလေးတပွင့် ပန်ကာ နေတတ်တဲ့ သမီးလေး.. လို့ ကျွန်မကို ချစ်သော အန်တီတွေက ပြောပြခဲ့ဖူးပါသည်။
အနံ့ပြင်းတာတွေလည်း ကျွန်မ မခံနိုင်ပါ။ သားစိမ်းနံ့၊ ငါးညှီနံ့၊ မဆလာနံ့တွေနဲ့ ကျွန်မဆံပင် နံမှာကြောက်လို့ ထမင်း ဟင်းလည်း မချက်ချင်ပါ။ ဈေးသွားပြီး ဈေးဝယ်ပေးမည်။ ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ လှီးပေးမည်။ ချက်ဖို့ ပြုတ်ဖို့ အသင့်ပြင်ပေးမည်။ ဟင်းချက်ချိန် ရောက်လာရင်တော့ အိမ်အပြင်မှာ ကျွန်မ ထွက်နေလိုက်ပါသည်။
ကံကောင်းချင်တော့ ကျွန်မရဲ့ အမေနဲ့ အစ်မက အမြဲဟင်းချက်ပေးသည်။ အစားက ကျွန်မအတွက် အဓိကမဟုတ်ပါ။ ထို့အတွက်ကြောင့် ကျွန်မ ငယ်စဉ်ကာလမှာ အရိုးပေါ်အရေတင် အရမ်းပိန်ပါသည်။ ကျွန်မအစ်မကတော့ အမြဲဆူဆူပူပူနဲ့ “နင် အိမ်ထောင်ကျရင် မလွယ်ဘူး၊ ဒုက္ခရောက်လိမ့်မယ်” လို့ မကြာခဏ ပြောပါသည်။
အစ်မ ပြောတဲ့အတိုင်း ကျွန်မ ကံကောင်းတာလား၊ ကံဆိုးတာလား မပြောတတ်ပါ။ အိမ်ထောင်ကျမှ ဘဝက စ ပါတော့သည်။ ကျွန်မအမျိုးသားက ကျွန်မကို ပိန်လွန်းတယ်ဆိုပြီး အစားမျိုးစုံ ချော့ကျွေးသည်။ ဘယ်အစားအစာကတော့ဖြင့် ဘယ်လို ကောင်းတာ၊ ညာလိုကောင်းတာလို့ ပြောပြီး ချော့ကျွေးသည်။ ရက်စ်တောရန့် ဘယ်ဆိုင်မှာ ဘာကောင်းတယ်၊ ညာကောင်းတယ်နဲ့ စားချင်လာအောင်လည်း ပြောတတ်သည်။ သူကတော့ ဆေးကျောင်းတက်တုန်းက သူ့ဘာသာ တစ်ယောက်တည်း တိုက်ခန်းမှာ နေခဲ့တော့ ချက်တတ် ပြုတ်တတ်ပါသည်။ ကျွန်မကိုလည်း ဘေးကနေပဲ ကြည့်၊ ကိုယ် ချက်ပြမယ်ဆိုပြီး ချက်ပြ ပြုတ်ပြတော့ ကျွန်မလည်း အားနာပါးနာနဲ့ ရပ်ကြည့်ရသည်။ ကျွန်မက သိမ်ဇရပ်မှာ မွေးတဲ့ တောသူပါ။ သူနဲ့ အိမ်ထောင်ကျမှ ရှမ်းခေါက်ဆွဲ ဆိုတာကို စ စားဖူးတယ်ဆိုရင် ဘယ်သူမှ ယုံကြမယ် မထင်ပါဘူး။
အဲဒီလိုနဲ့ အမေရိကားမှာ သူက ဆရာဝန် လိုင်စင်စာမေးပွဲတွေ အကုန်အောင်ပြီး အလုပ်သင်ဆရာဝန်အလုပ်လည်း ရသွားရော ကျွန်မကို ဝိုင်းမလုပ်ပေးနိုင်တော့ပါဘူး။ အမေရိကားမှာ “ဆရာဝန် ဖြစ်ရေး တို့အရေး” နဲ့ ကျွန်မကို လှည့်မကြည့်နိုင်တော့ပါဘူး။
ဆရာဝန်အလုပ်ကလည်း တမြို့ တနယ်မှာရတော့ အိမ်ပြောင်းရပြန်သည်။ အဲဒီအခါကျမှ မချက်တတ်၊ ချက်တတ်နဲ့ ကျွန်မ စ ချက်ရပါတော့သည်။ ဒီကြားထဲမှာ သားလေးလည်း မွေးလာတော့ ကလေးတဖက်နဲ့ မလုပ်တတ်လည်း လုပ်၊ မချက်တတ်လည်း ချက်နဲ့ အိမ်ထောင်ရှင်မဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရပါသည်။
ဒီထက်ပိုဆိုးတာက ကျွန်မအမျိုးသားက ကျွန်မထက် ပိုသဘောကောင်းသည်။ ဆေးရုံမှာ ၂၄ နာရီ ဂျူတီအလုပ်ပြီးရင် ဗိုက်ဆာနေတဲ့ သူ့ဘော်ဒါတွေကို ဆေးရုံရှေ့က ကျွန်မတို့နေတဲ့ တိုက်ခန်းလေးဆီ ညကြီးသန်းခေါင် ခေါ်လာသည်။ မရှိ ရှိတာ ချကျွေးခိုင်းသည်။ မရှိ ရှိတာ ချက်ပြုတ်ခိုင်းသည်။ ကျွေးမွေးပြီးမှ သူ့လူတွေကို အိမ်ပြန်ခိုင်းသည်။ အဲဒီထဲမှာ ဆရာဝန်ဘော်ဒါတွေအပြင် ဆေးကျောင်းသူ၊ ဆေးကျောင်းသားလေးတွေလည်း ပါလာတတ်သေးသည်။
ဆေးရုံကို အလုပ်အင်တာဗျူး လာတဲ့ ဆရာဝန်လေးတွေရော၊ သူ့ဆီက အလုပ်ထောက်ခံစာ လာတောင်းတဲ့ ဆရာဝန်ပေါက်စတွေကိုပါ သိသိ၊ မသိသိ အိမ်မှာပဲ တည်းခိုင်း၊ ကျွေးမွေးခိုင်းပြီး နယူးယောက်မြို့ထဲပါ လိုက်ပြခိုင်းသည်။ ကားဂိတ်၊ ရထားဂိတ်၊ လေဆိပ်တွေမှာ ကျွန်မပဲ အကြိုအပို့ လုပ်ပေးရသည်။ ကလေးတစ်ဖက်နဲ့ ကျွန်မ စိတ်တိုလာတဲ့အခါဆိုရင်တော့ “ဆေးရုံက ရှင့်ကို ပိုက်ဆံပေးပြီး ဒါတွေ လုပ်ခိုင်းလို့လား” လို့ ဘုဂလန့်လုပ်ပြီး ရန်တွေ့လိုက်ရသည်။
အလုပ်သင်ဆရာဝန်ကနေ Specialist အထူးကုဆရာဝန်သာ သူ ဖြစ်သွားတယ်၊ သူ့ရဲ့ သဘောကောင်းမှု၊ ရက်ရောမှုတွေကတော့ လျော့မသွားပါဘူး။ အရင်ထက် ပိုကျွေးနိုင်တော့ ဧည့်သည်တောင် ပိုများလာ၏။ အိမ်သာလို့ ဧည့်လာတာ၊ ကြည်နူးစရာပါ မိန်းမရာ... တဲ့။ သူက ကျွန်မကို ဖျောင်းဖျောင်းဖျဖျ နားချနေသေး၏။
တကယ်တော့ ကျွန်မအိမ်မှာ စတုဒိသာ ကျွေးနေတာ မဟုတ်ပါ။ ကျွန်မဟာ သူတို့ကို ဧည့်ခံကျွေးမွေးရမဲ့ တာဝန်ရှိသူလည်း မဟုတ်ပါ။ သူတို့ စားသောက်ဖို့ ချက်ရ ပြုတ်ရ၊ စားသောက်ပြီးသား ပန်းကန်တွေ ဆေးရကြောရ၊ သူတို့ ဖွသွားတဲ့ အမှိုက်တွေ ရှင်းရလှည်းရနဲ့ အိမ်ဖော်မရှိတဲ့ အမေရိကားမှာ ဆရာဝန်ကတော် ကျွန်မဟာ “အိမ်စေ” ဖြစ်မှန်းမသိ ဖြစ်သွားပါသည်။ ဒါပေမဲ့ သူတို့ကို နောက်တစ်ခါ လမ်းမှာ ပြန်တွေ့တော့ ဖော်ဖော်ရွေရွေ နှုတ်ဆက်ရမဲ့အစား ကျွန်မကို မသိသလို၊ မမှတ်မိသလို လုပ်နေပါသည်။ သူတို့အိမ်ကို ဖိတ်ရမှာ ဝန်လေးလို့လား၊ ကျွန်မကို ကျေးဇူးတင်စကား ပြောရမှာစိုးလို့လား မသိပါ။
ဒီနေရာမှာ လူချင်းမတူ၊ စိတ်ထားချင်း မတူတာ တစ်ခု သတိပြုမိပါသည်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အမေရိကန်တွေကတော့ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံနေရာ ဖယ်ပေးတာကအစ၊ လှေကားတံခါးလေး ဖွင့်ပေးတာအဆုံး ပြုံးပြုံးရွှင်ရွှင်နဲ့ “Thank you” လို့ ပြောတတ်သူတွေပါ။ သို့သော် အေးရှန်းအများစုက “အကူအညီလည်း လိုချင်၊ အပေါ်စီးကလည်း နေချင်” တဲ့ စရိုက်ရှိတော့ ကျွန်မ စိတ်ပျက်မိသည်။
ကျွန်မခင်ပွန်းက ကျွန်မနဲ့ မဆုံခင် ၁၉၈၆ ခုနှစ်လောက်ကတည်းက စာနယ်ဇင်းတွေထဲမှာ ကဗျာရေးခဲ့ဖူးပါသည်။ “ဆရာဝန်ဖြစ်ရေး တို့အရေး” နဲ့ အမေရိကားမှာ ဆရာဝန်ဖြစ်သွားပြီးတော့လည်း “အလုပ်လုပ်ရေး တို့အရေး” ဆိုပြီး နေ့မအား၊ ညမအား အလုပ်လုပ်။ တကုပ်ကုပ် ငွေရှာရင်း နှစ်ပေါင်း ၂၀ ကျော် ကဗျာမေ့ စာမေ့၊ ကာရန်တွေမေ့။ ဖေ့စ်ဘွတ်ပေါ်လာတဲ့ တနေ့မှ ဖေ့စ်ဘွတ်မှာ သူ့ရေးဖော်ဟောင်းတွေနဲ့ ပြန်တွေ့ပြီး ကဗျာပြန်ရေးပါသည်။ နယူးယောက်မှာ ကဗျာဆရာ ဖြစ်လာတော့ ပိုတောင်ဆိုးသွားသေးသည်။ ကျွန်မအိမ်ကို ကဗျာဆရာ၊ စာရေးဆရာတွေ ခေါ်လာပါသည်။ ဘယ်သူပဲ လာလာ ကျွန်မပဲ ချက်ပြုတ်ဆေးကြောရတာပါ။ “သဘောကောင်းတဲ့ မမျိုး” လို့ သူတို့ပါးစပ်ဖျားမှာ နာမည်လှပေမဲ့ ပင်ပန်းရတာနဲ့ မကာမိလှပါဘူး။
ကျွန်မ တွေ့ဖူးတဲ့ မြန်မာပြည်က ဆရာဝန်ကတော်တွေ ဘဝကို ပြန်စဉ်းစားကြည့်ရင် သူတို့အိမ်မှာ အိမ်ဖော် တယောက် အနည်းဆုံးရှိသည်။ တချို့ကတော်တွေ ဆိုရင် ဈေးဝယ်၊ ထမင်းချက်၊ ဟင်းချက်ဖို့ ဗမာမလေး တစ်ယောက်။ အဝတ်လျှော်၊ မီးပူတိုက်ဖို့ ကုလားမလေး တယောက်။ အိမ်သန့်ရှင်းရေးလုပ်၊ ဖုန်သုတ်၊ ကြမ်းတိုက်ဖို့ တရုတ်မလေး တယောက်။ ပြီးရင် သစ်ကိုင်းခုတ်၊ ခြံရှင်း၊ သစ်ပင်ပန်းပင်စိုက်ဖို့ မာလီ တယောက်။ ကားတစီးနဲ့ ဟိုသွားဒီသွား လမ်းသလားဖို့ ဒရိုင်ဘာ တယောက် သီးသန့်ရှိသည်။ အမေရိကားက ဆရာဝန်ကတော်တွေ ဆိုရင်လည်း လက်ကိုင်အိတ်ကြီးကြီး Hermes လို ဘရန်းကြီးတွေ ကိုင်ပြီး ကြော့ကြော့မော့မော့၊ လှတပတ။ High-heeled ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ အင်မတန်မှ ကြည့်လို့ကောင်းသည်။
ကျွန်မရော ဘယ်လိုလဲလို့ မေးရင် အခုထိ အိမ်မှာ ဟင်းချက်လည်း ကျွန်မ။ ထမင်းချက်လည်း ကျွန်မ။ အဝတ်လျှော်လည်း ကျွန်မ။ ကလေး ကျောင်းပို့ကျောင်းကြိုတဲ့ ဒရိုင်ဘာအလုပ်လည်း ကျွန်မ။ ပေါင်းပင်နုတ်၊ နွယ်ပင်ခုတ်တဲ့ မာလီအလုပ်လည်း ကျွန်မ။ အမှိုက်သိမ်းကား လာတဲ့အခါ ခြံရှေ့မှာ အမှိုက်ပုံး သွားပစ်ရတာလည်း ကျွန်မ။
ကျွန်မခင်ပွန်းကတော့ ကဗျာဆိုလည်း မော်ဒန်။ ကားဆိုလည်း မော်ဒန်။ အိမ်ဆိုလည်း မော်ဒန်။ အိမ်ဆိုရင် တောင်ကုန်းပေါ်မှာ တလုံး။ တောင်စောင်းမှာ တလုံး။ မြေပြန့်မှာ တလုံး။ တလုံးပြီး တလုံး ဝယ်သည်။ ကားဆိုရင်လည်း အလုပ်သွားဖို့ တစီး။ ဈေးသွားဖို့ တစီး။ အပျော်စီးဖို့ ပြိုင်ကား တစီး။ တစီးပြီး တစီး ဝယ်သည်။ ဝယ်တာက လွယ်သည်။ ဝယ်ထားတာကို ထိန်းသိမ်းရတာက ခက်သည်။ အဲဒီ ထိန်းသိမ်းရတဲ့အလုပ်က အော်တိုမက်တစ် ကျွန်မ တာဝန် ဖြစ်လာသည်။
သူ့ဆရာဝန်အလုပ်က လူနာတွေနဲ့ ရှုပ်နေတတ်တော့ နွေရာသီမှာ အိမ်ခြံဝင်းထဲက မြက်ခင်းလေး စိမ်းစိုလှပအောင် မြက်ရိတ်သမား တယောက်နဲ့ ဆောင်းရာသီမှာ အိမ်ထဲဝင်တဲ့ ကားလမ်းပေါ် နှင်းကလော်ဖို့ လူတယောက် ငှားထားပေးပါသည်။ လစဉ် ချက်လက်မှတ်ရေး၊ ငွေပေးပြီးရင် သူ့တာဝန်ကျေပြီလို့ ထင်မှတ်နေသူပါ။ အဲဒီ သူ့မြက်ရိတ်သမား မလာအားတဲ့နေ့မှာ မြက်ရိတ်စက်ပေါ် တက်ပြီး မြက်ထွက်ရိတ်ရတာက ကျွန်မ။ နှင်းမုန်တိုင်းကျခိုက် နှင်းကလော်သမား အချိန်မီ ရောက်မလာခင် ကတ္တရာလမ်းပေါ် ထွက်ပြီး အရေးပေါ် နှင်းကလော်ရတာကလည်း ကျွန်မပါ။
အိမ်မှာ တိုလီမုတ်စ မီးခလုတ်ပြင်၊ ရေပိုက်ပြင်တာကနေ ကလေးကျောင်းကိစ္စ၊ ရှေ့နေကိစ္စ၊ ဘဏ်ကိစ္စ၊ IRS အခွန်ကိစ္စ၊ Insurance ကိစ္စ၊ လိုင်စင်ကိစ္စတွေနဲ့ တခါမှ ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ လမ်းမလျှောက်ခဲ့ရ၊ ရှိုးမထုတ်ခဲ့ရပါဘူး။ ပြေးလွှားနေရတဲ့ဘဝမှာ ဒေါက်ဖိနပ် မစီးအားပါဘူး။ ဒါပေမဲ့ ကျွန်မဟာ အိမ်တွင်းကိစ္စ၊ အိမ်ပြင်ကိစ္စ၊ ကိစ္စဝိစ္စအကုန် လုပ်တတ်သွားတဲ့ “ဘုရားစူး ဆရာဝန်ကတော်” တယောက်တော့ ဖြစ်လာခဲ့ပါသည်ရှင်။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
