မောင်လူမွှေး - အရင်အခြေအနေနဲ့ လက်တွေ့ဘဝ
မောင်လူမွှေး - အရင်အခြေအနေနဲ့ လက်တွေ့ဘဝ
မိုးမခ ၊ နိုဝင်ဘာ ၂ ၊ ၂၀၂၆
မောင်လူမွှေးတို့ဟာ စစ်ရှောင်စခန်းတွေကို အပတ်တိုင်းနီးပါး သွားတယ်။ စစ်ရှောင်စခန်းတွေဟာ မောင်လူမွှေးတို့နေတဲ့နေရာနဲ့ အနည်းဆုံး ရှစ်မိုင်ဝေးပြီး ဆယ်မိုင်၊ ဆယ့်ငါးမိုင်ဝေးတဲ့ စခန်းတွေလည်း ရှိတယ်။ မောင်လူမွှေးတို့ရဲ့ အလုပ်အခြေအနေအရ စစ်ရှောင်တွေဆီကို သွားဖို့ အိမ်ကနေ နေ့လယ်ပိုင်းမှာ ထွက်ဖြစ်တာ များတယ်။ အဲဒီတော့ "နေ့လယ်နေပူပူ သွားလည်း သွားကြတယ်" ဆိုပြီး စစ်ရှောင်တွေကို စိတ်ဝင်စားမှုနည်းတဲ့လူတွေရဲ့ မှတ်ချက်ချခြင်းကို မကြာမကြာ ခံရတယ်။ နေ့လယ်နေပူပူမှာ အပူခံသွားမှသာ စစ်ဘေးရှောင်တွေနဲ့ တွေ့ခွင့်အချိန် ပိုရမယ်။ ဆွေးနွေးချိန် လုံလောက်မယ်။ ပြီးတော့ လမ်းခရီးမှာ အေးအေးဆေးဆေးလည်း သွားလာလို့ရမယ်။
မောင်လူမွှေးတို့ဟာ စစ်ရှောင်စခန်းတွေကို သွားတဲ့လမ်းမှာ မြို့ပြအရသာအချို့ကို ခံစားရလေ့ရှိတယ်။ စစ်ရှောင်စခန်းတွေကို သွားတဲ့အခါမှသာ မောင်လူမွှေးနဲ့ မစ္စမွှေးတို့ ဆိုင်ထိုင်လေ့ရှိတယ်။ လမ်းဘေးတနေရာရာမှာ ရောင်းတဲ့ ရှမ်းခေါက်ဆွဲ၊ ဒံပေါက်၊ ကြာဆံ စသဖြင့် စားစရာ တခုခုကို စားလေ့ရှိတယ်။ ကံကောင်းတဲ့အခါ ဒိန်ချဉ်တို့၊ လက်ဖက်ရည်တို့ပါ သောက်ရတယ်။ စိတ်ပျော်ရွှင်မှုအတွက် တစ်ပတ်တစ်ခါတော့ ပိုက်ဆံကို မျက်စိမှိတ်သုံးရတယ်လို့ ဆိုနိုင်တယ်။
ဒီတခေါက် စစ်ရှောင်စခန်းကို သွားရင်း လမ်းမှာ ဒံပေါက်နဲ့ ဝက်သားတုတ်ထိုးဆိုင်ကို ဝင်ကြတယ်။ ဆိုင်ရှေ့အရောက်မှာ တောထဲက စစ်ဘေးရှောင်ဆရာနဲ့ တွေ့တယ်။ သူတို့စစ်ရှောင်စခန်းက ဟိုးအရှေ့တောင်ခြေရင်းဆီမှာ။ မိုးရာသီဆို ဆိုင်ကယ်စီးလို့မရဘူး။ ချောင်းရေကျရင် လူပါ သွားလာလို့မရတော့ဘူး။ ဒီလောက်ဝေးလံပြီး လမ်းခရီးခက်ခဲတဲ့ စစ်ရှောင်စခန်းကဆရာဟာ သူ့စခန်းကစစ်ရှောင်တွေနဲ့အတူ ရွာဘက်ကို အိုက်စကားရှင်း ထွက်လာကြတာတဲ့။ ကားလေးတစ်စီးကို စုပေါင်းပြီးငှားကာ သီတင်းကျွတ် အပန်းဖြေခရီး ထွက်လာကြတာ ဖြစ်တယ်။ ရေကန်ရှိပြီး သာယာတဲ့စစ်ရှောင်စခန်းကို သွားလည်ပတ်ကြတာဆိုပဲ။ ဒုက္ခပိုကြီးတဲ့နေရာကနေ သူတို့လောက် ဒုກ္ခသိပ်မကြီးတဲ့ စစ်ရှောင်စခန်းကိုလာပြီး သုခကို ရှာဖွေကြတာပါ။
မောင်လူမွှေးတို့လည်း စစ်ရှောင်ကျောင်းက ဆရာနဲ့ ဆရာမလေးကို ခေါ်ပြီး ဝက်သားတုတ်ထိုး ကျွေးကြတယ်။ ကားပေါ်ပါလာတဲ့ စစ်ရှောင်အားလုံးကိုတော့ ဘယ်ကျွေးနိုင်ပါ့မလဲ။ သူတို့ကလည်း အလိုက်တသိပါပဲ။ သူတို့အုပ်စုနဲ့သူတို့ မက်မန်းသီးတွေ ဝယ်နေကြလေရဲ့။ ကားက ထွက်တော့မယ်။ ဆရာနဲ့ ဆရာမလေးလည်း ဝက်သားဒုတ်ထိုး အမြန်ပြီးအောင်စားပြီး ကားပေါ် တက်သွားကြတယ်။ ကားရပ်တဲ့ရွာကနေ လေးမိုင်လောက် သူတို့ ခြေလျင်လမ်းလျှောက်ပြီး စစ်ရှောင်စခန်းကို ပြန်ကြရမယ်။
အရှေ့တောင်ခြေစစ်ရှောင်စခန်းက ဆရာတို့အဖွဲ့ ပြန်သွားပြီးတဲ့နောက် ဆိုင်ရှင် တက္ကသိုလ်ကထိက စီဒီအမ်ဆရာဟာ မောင်လူမွှေးတို့ဝိုင်းကို ဝင်ထိုင်တယ်။ စာပေအကြောင်း၊ ပညာရေးအကြောင်း ပြောဆိုကြတယ်။ မောင်လူမွှေးက နပ်စ်ကော်ဖီမစ်ထုတ် သုံးထုပ်ကို တစ်ယောက် တစ်ထုပ် ဝေလိုက်တယ်။ "ဒီနေ့တော့ ကျနော်တို့ သူဌေးလုပ်လိုက်ကြစို့" လို့ပြောတော့ မစ်စမွှေးရော တက္ಕသိုလ်ဆရာပါ အားရပါးရ ရယ်ကြတယ်။ မောင်လူမွှေးတို့ဆီမှာက စူပါကော်ဖီမစ်သောက်နိုင်ရင် လူလတ်တန်းစား စာရင်းဝင်တော့ နပ်စ်ကော်ဖီသောက်တဲ့နေ့ဟာ သူဌေးပေါ့။
တက္ကသိုလ်ဆရာက ထသွားပြီး စီးကရက်နှစ်လိပ် ယူလာတယ်။ မောင်လူမွှေးကို တစ်လိပ်ပေးတော့ ဆေးလိပ်ပြတ်ပြီးကြောင်း ပြောရတယ်။ အရင်တုန်းကလို မြို့ပေါ်မှာဆိုရင်တော့ တက္ကသိုလ်ဆရာလည်း စီးကရက်ကို ဘူးလိုက် တည်လိမ့်မယ်လို့ မောင်လူမွှေး တွေးမိတယ်။ အခုတော့ မောင်လူမွှေးတို့မှာ အကန့်အသတ်ကိုယ်စီနဲ့။ အစားကိုလည်း အကန့်အသတ်နဲ့ စားရတယ်။ စကားကိုလည်း အကန့်အသတ်နဲ့ ပြောရတယ်။ အဆိုးဆုံးကတော့ ကိုယ် တတ်ထားတဲ့ပညာကို အကန့်အသတ်နဲ့သာ အသုံးပြုနေရတာ ဖြစ်တယ်။ အဲဒီကန့်သတ်မှုကြောင့် မောင်လူမွှေး မိတ်ဆွေ တက္ကသိုလ်ဆရာဟာ စိတ်ညစ်ရှာတယ်။
ပန်းကန်သေးသေးနဲ့ ကြက်သားတတုံးပါတဲ့ ဒံပေါက်တပွဲစီ စားပြီးပြီ။ နပ်စ်ကော်ဖီ တခွက်စီ သောက်ပြီးပြီ။ ဆရာကြီးဦးအောင်သင်းအကြောင်း၊ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတိုများအကြောင်း၊ ဆရာကြီးလူထုဦးလှနှင့် လူထုဒေါ်အမာတို့ရဲ့ လေးစားအားကျဖွယ်အကြောင်း ပြောပြီးပြီ။ ဒီအကြောင်းတွေ ပြောနေစဉ်မှာ မောင်လူမွှေးတို့ဟာ လက်ရှိဘဝကို မေ့သွားကြတယ်။ မောင်လူမွှေးဟာလည်း မြို့ပေါ်က နာမည်ရခါစ ကျောင်းဆရာ၊ စာရေးဆရာလေး ဖြစ်နေပြီး မိတ်ဆွေဖြစ်သူဟာလည်း တက္ကသိုလ်ဆရာကြီး ဖြစ်နေတော့တာပဲ။
မွန်းလွဲ ၂ နာရီ ထိုးတော့မယ်။ အနောက်ဘက် ချင်းတောင်ခြေရင်းထိ မောင်လူမွှေး သွားရဦးမယ်။ စားပွဲဝိုင်းက ထခါနီး "ပင်လုံညီလာခံအကြောင်း ဘယ်စာအုပ် ရှိမလဲဗျ" လို့ မိတ်ဆွေဆရာက မေးတယ်။ ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံကို ညွှန်းလိုက်တယ်။ လိုင်းပေါ်ကနေ ရှာရဦးမှာပဲလို့ သူက ဆိုတယ်။ မောင်လူမွှေးတို့အဖို့ စာအုပ်တစ်အုပ်ရဖို့ မလွယ်ပါ။ စာအုပ်တိုင်းကလည်း လိုင်းပေါ်မှာ မရှိနိုင်ပါ။ မောင်လူမွှေးတို့လည်း တောကိုရောက်မှ စာအုပ်တွေနဲ့ဝေးပြီး နည်းပညာပစ္စည်းတွေနဲ့ ပိုနီးကပ်ရပါတယ်။
မိတ်ဆွေဆရာကို နှုတ်ဆက်ပြီး ခရီးဆက်ခဲ့တယ်။ မြေနီလမ်းမှာ ဆိုင်ကယ်စီးနေရင်း စကားဝိုင်းမှာ ခံစားခဲ့ရတဲ့ ဘဝတွေဟာ လွင့်ပြယ်လာတယ်။ ဆိုင်ကယ်ဘီးဟာ ကျောက်တုံး ကျောက်ခဲ လေး ငါးလုံးကိုနင်းမိပြီး လေးငါးခါ ခုန်ပြီးနောက် လက်ရှိဘဝကို လုံးလုံး ပြန်ရောက်သွားတယ်။ မောင်လူမွှေး ဆိုင်ကနေ ထွက်ခါနီး မိန်းကလေးတယောက် ဝင်ထိုင်ပြီး ဝက်သားတုတ်ထိုး တပွဲလို့ မှာတာကို သတိထားမိခဲ့တယ်။ မောင်လူမွှေး မိတ်ဆွေဆရာဟာလည်း ဝက်သားတုတ်ထိုး တပွဲ ပြင်ပေးရင်း လက်ရှိဘဝကို ရောက်လောက်ပြီလို့ တွေးရင်း မောင်လူမွှေး ပြုံးမိပါတော့တယ်ခင်ဗျာ...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar