Breaking News

ကိုအောင်မှိုင်း - ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) နဲ့ သူ့စာပေ သူ့အကြောင်း

ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) နဲ့ 

သူ့စာပေ သူ့အကြောင်း

ကိုအောင်မှိုင်း 

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၄

ကနေ့ ဇွန်လ ၉ ရက်နေ့ဟာ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ ၁၀၄ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ဆရာကြီး ဗန်းမော်တင်အောင်ဟာ ဝတ္ထုနဲ့ လုံးချင်းစာအုပ်ပေါင်း ၈၉ အုပ် (ပြန်လည်စိစစ်ရန်) ရေးသားပြုစုခဲ့တယ်လို့ သိရပါတယ်။ လူထုနိုင်ငံရေးခေါင်းဆောင်  သတင်းစာဆရာ၊အယ်ဒီတာ၊ သမိုင်းပညာရှင် စတဲ့ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူတဦးဖြစ်ပါတယ်။ စာရေးဆရာတွေဟာ ကလောင်အမည်ပေးတဲ့အခါ မွေးဖွားရာ ဇာတိ မြို့ရွာ ဒေသအလိုက် အမည်တွေ ပေးတတ်ကြသလို ပညာ သင်ယူတဲ့ ဒေသ မြို့ ရွာတွေကို အစွဲပြုပြီးလည်း ကလောင်အမည်ယူကြတာလည်းရှိပါတယ်။ ပဲခူးဇာတိသား မောင်တင်ဦးဟာ ပညာသင်ယူ ကြီးပြင်းခဲ့တဲ့ ဗန်းမော်မြို့ အမည်ကို ခံယူလိုက်ပြီး ဗန်းမော်တင်အောင် ဖြစ်လာခဲ့တာလို့ သိရပါတယ်။

အမည်ရင်း (မောင်တင်ဦး) ဗန်းမော်တင်အောင်ကို ဖခင် တရားဟောဆရာ ချင်းလူမျိုး ဦးမောင်နေနဲ့ ပဲခူး မြို့သူ ဒေါ်စောမြိုင်တို့က ၁၉၂၀ ပြည့် ဇွန်လ ၉ ရက်၊ စနေနေ့က ပဲခူးမှာမွေးခဲ့ကြောင်း ဆရာကျော်သန်းမြင့် (ဗန်းမော်)က ရေးသားထားခဲ့ပါတယ်။ဖခင်က ချင်း နှစ်ချင်းတရားဟောဆရာဖြစ်တဲ့အတွက် တာဝန်ကျရာ ပဲခူး၊ တောင်ငူ၊ ဗန်းမော်မြို့တွေမှာပညာသင်ခဲ့ရသူ ဗန်းမော်တင်အောင်ဟာ ဆယ်တန်းကျောင်းသားဘဝကတည်းက ဂျာနယ်၊ စာစောင်နဲ့ မဂ္ဂဇင်းတချို့မှာ ဝတ္တုတိုတွေရေးနေခဲ့ပါပြီ။ ဒီအချိန်ကတည်းက မာ့က်စ်လီနင်ဝါဒအတွေးအခေါ်နဲ့ ခေတ်ရှေ့ပြေးစာပေအတွေး အမြင်တွေ အရွယ်နဲ့မလိုက်အောင် ဗန်းမော်တင်အောင် မှာ ရှိနေပြီလို့ ဆရာကျော်သန်းမြင့် (ဗန်းမော်)က ဆိုခဲ့ပါတယ်။

ဗန်းမော်တင်အောင်၏ ကလောင်ခွဲများမှာ ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ မောင်အေးသွင်၊ တင်အောင် (ဟိုက်စကူး ကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင် ရေချမ်း၊ လင်းယုန် နှင့် လင်းယုန် (ဗမာနိုင်ငံ) တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။ပဲခူးမြို့အစိုးရအထက်တန်းကျောင်း (၁၉၂၆ - ၂၉) မှာ ဒုတိယတန်းအထိ၊ တောင်ငူမြို့ အစိုးရအထက်တန်းကျောင်း (၁၉၂၉ - ၃၁) မှာ စတုတ္ထတန်းအထိ၊ စစ်ကိုင်းမြို့ အစိုးရအထက်တန်း ကျောင်း (၁၉၃၁ - ၃၂)မှာ ပဉ္စမတန်းအထိ၊ ဗန်းမော်မြို့ အစိုးရအထက်တန်းကျောင်း (၁၉၃၂ - ၃၅) မှာ သတ္တမတန်းအထိ၊ ရန်ကုန်ဟိုက်စကူးကျောင်း (၁၉၃၅ - ၃၈) မှာ ဆယ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပါတယ်။

ဆယ်တန်းအောင်ပြီးနောက် ၁၉၃၈ ခုနှစ်မှာ မြန်မာ့အလင်း သတင်းစာမှာ အလုပ်သင်သတင်း ထောက်အဖြစ် အလုပ် စတင်လုပ်ခဲ့ပါတယ်။ စတီးဘရားသားကုမ္ပဏီ သစ်ကိုယ်စားလှယ် (၁၉၃၉ - ၄ဝ)၊ ဗြိတိသျှ စစ်တပ် အထက်မြန်မာပြည် တပ်ရင်း တပ်စုမှူး [တပ်ကြပ်ကြီး] (၁၉၄၁ - ၄၂)၊ သစ်တော ဌာန သစ်ဖြတ်  ဝန်ထောက် (၁၉၄၂ - ၄၅)၊ စတီးဘရားသား သစ်ကိုယ်စားလှယ် (၁၉၄၅ - ၄၆)၊ ၁၉၄၆ - ၄၉ တွင် သစ်ကုန်သည်၊ သစ် အ ဝယ်တော်လုပ်ငန်း များကို လုပ်ကိုင် ခဲ့ပြီးနောက် သတင်းစာဆရာ၊ စာရေးဆရာ ဘဝနဲ့ ကွယ်လွန်သည် အထိ ရပ်တည် နေထိုင် သွားခဲ့တာဖြစ်ပါတယ်။

( အဖိနှိပ်ခံပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင် စာရေးဆရာဗန်းမော်တင်အောင်။ ဒါကတော့ ဗန်းမော်တင်အောင် ကွယ်လွန် နှစ် ၂၀ ပြည့်မှာ ဆရာတင်မိုး ရေးခဲ့တဲ့ ဂုဏ်ပြုကဗျာ အစပုဒ်ပါ။)

ဗန်းမော်တင်အောင်ဟာ ၁၉၃၈ ခုနှစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံမှာလည်း ဗန်းမော်ကနေ ကျောင်း သားဘဝ နဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး အတွေးအခေါ်မှာ ခေတ်ရှေ့ပြေးနေသူလို့ဆိုရပါမယ်။ ဖက်ဆစ်ကိုတိုက်ဖို့ ရဲဘော်သုံးကျိပ် ပြန်မဝင်ခင်ကပဲ ဖက်ဆစ်ကို တိုက်ရမယ်ဆိုတဲ့ အမြင်ရှိထားသူ။ ဒါကြောင့် အင်္ဂလိပ် တပ် ဗိုလ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ (ရိုးမတိုက်ပွဲ) နဲ့ (လွမ်းရစ်တော့သက်လှယ်ရယ်) လုံးချင်း ဝတ္တုကြီးတွေဟာ ဗန်းမော်တင်အောင်ရဲ့ ဖက်ဆစ်တော်လှန်ရေး သမားဘ၀အတွေ့အကြုံတွေ ဖြစ်ကြပါတယ်။

'လင်းယုန်' ကို ၁၉၄၆ ခုနှစ် ကတည်းကပင် ပြည်မြို့မှ ထုတ်ဝေနိုင်ရန် ကြိုးစားခဲ့ဖူးသည်။ တာရာ မဂ္ဂဇင်း တွဲဖက် အယ်ဒီတာ (၁၉၄၉)၊ လင်းယုန် ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာ (၁၉၅ဝ - ၅၂) နှင့် (၁၉၅၇ - ၅၉)၊ လင်းယုန် သတင်းစာ ထုတ်ဝေသူနှင့် အယ်ဒီတာ (၁၉၅၁ - ၅၂) နှင့် (၁၉၅၈)၊ မြန်မာ စာပေ မဂ္ဂဇင်း ထုတ်ဝေ သူနှင့် အယ်ဒီတာ (၁၉၅၁) တာဝန် များကို ယူခဲ့ပါတယ်။ ယုံကြည်ချက်ကို စာပေနဲ့ တင်ပြရုံ မျှမက လူထု လှုပ်ရှားမှုများမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပါတယ်။

လင်းယုန်ဂျာနယ်၊ သတင်းစာတွေကို ထုတ်ဝေခဲ့လို့ လင်းယုန်ကြီးလိုလည်း ဂုဏ်ပြု၊ ကင်ပွန်းတပ် အသိ အ မှတ်ပြု အခေါ်ဝေါ်ခံရသူ ဗန်းမော်တင်အောင်ဟာ ဝတ္ထုတွေလည်း အရေးမရပ်ခဲ့ပါဘူး။ သူ့ရဲ့ (သူပုန်ကြီး)၊ (အမေ)၊ (ပြည်တော်သာခင်ခင်ကြီး) စတဲ့ လူထု တိုက်ပွဲ အခြေခံ ဝတ္ထုကြီးတွေကြောင့် နာမည်ကျော် ပုဒ်မ ၅ ည နဲ့ ၁၉၅၂ ခုနှစ် အဖမ်းခံရပါတယ်။ ဒီလိုအဖမ်းခံရတိုင်းလဲ ထောင်ထဲမှာ အချိန်ကြာတတ်ပြီး ကျွန်းအပို့ ခံခဲ့ရလို့ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံတိုက်ပွဲကိုပါ သတ္တိ ရှိရှိ  ဂုဏ်ရောင်ပြောင်စွာပါဝင်တိုက်ခဲ့သူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် [မြန်မာနိုင်ငံ] အမှုဆောင် လူကြီး (၁၉၅၁ - ၆၃)၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်းအမှုဆောင် (၁၉၅ဝ - ၅၁)၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် (၁၉၅၇ - ၆၃)၊ စာရေးဆရာ စာပေကလပ်အမှုဆောင် (၁၉၆၁)၊ ပြည်ထောင်စု မြန်မာ နိုင်ငံ စာရေး ဆရာ သမဂ္ဂ ဥက္ကဋ္ဌ (၁၉၆၃ - ၆၄) တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာ-အယ်လ်ဘေးနီးယား မိတ်ဆွေဖြစ်အသင်း ဥက္ကဋ္ဌနှင့် တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားကော်မတီ ဒုက္ကဋ္ဌ တို့တွင် လည်း တာဝန် ယူခဲ့တယ်လို့ သိရပါတယ်။

ဖဆပလအစိုးရခေတ်မှာ စာပေအရေးအသားကြောင့် ၁၉၅၂ ဩဂုတ်လ ၂၉ ရက်နေ့မှ ၁၉၅၇ ဇန် နဝါရီလ ၄ ရက်နေ့အထိ (စုစုပေါင်း ၄ နှစ် ၄ လ ၆ ရက်) ပထမဆုံးအဖမ်းခံရသူ ဖြစ်ခဲ့ပါတယ်။၁၉၅၈ နိုဝင်ဘာလထုတ် လင်းယုန်ဂျာနယ်ပါအရေးအသားကြောင့် ၁၉၅၉ ခုနှစ် ကနေ ၁၉၆၂ ထိ ၂ နှစ်ကြာ ထပ်မံ ဖမ်းဆီး ခံရပြန်ပါ တယ်။၁၉၅၆ မှ ၁၉၇၂ ထိ စာပေအရေးအသားကြောင့် ကိုကိုးကျွန်းမှာ ၅ နှစ်နှင့် အင်းစိန်ထောင်မှာ  ၂ နှစ် ခန့် အကျဉ်းချထား ခံရပြန်ပါတယ်။ အကျဉ်းထောင်နှင့် ကိုကိုးကျွန်းတွင် စုစုပေါင်း ၁၃ နှစ်မျှနေထိုင်ခဲ့ရသူ ဖြစ် ခဲ့ပါတယ်။သူ့သဘာဝတလျှောက် အပြင်လောကတွင်နေရတာထက် အကျဉ်းထောင်ထဲတွင်နေရတဲ့ကာလက များပါတယ်။ဆရာကြီးဟာ စစ်ပြီးခေတ်ကာလမှာ စာပေအရေးအသားကြောင့် အဖမ်းခံရတဲ့ပထမဆုံး စာရေးဆရာတဦးလည်းဖြစ်ပါတယ်။

စာပေလောကကို ပထမဆုံးဝင်ရောက်လာခဲ့တာ ၁၉၃၈ နှစ်မှာ ဖြစ်ပါတယ်။ 'မောင်တင်အောင်' ကလောင်အမည်နဲ့ ရေးသားတဲ့ "ဘုန်း မေ့နိုင်ဘူး" ဝတ္ထု ဖြစ်ပါတယ်။ 'မြန်မာ့ ရုပ်ရှင်'၊ 'ဘားမား ဂျာနယ်'၊ 'မြန်မာ့ တာ ဝန်' မဂ္ဂဇင်း များမှာ 'မောင်တင်အောင်၊ ဟိုက်စကူးကျောင်း၊ ရန်ကုန်' အမည်နဲ့ ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ၁၉၃၉ မှာ 'မဟာအောင်' ကလောင် အမည်နဲ့ 'ဂျာနယ်ကျော်'မှာ "စစ်ထွက် ယောက်ျား" ဝတ္ထုတိုကို ရေးသား ခဲ့ပါတယ်။ ၁၉၄၉ နိုဝင်ဘာ 'ဂျာနယ်ကျော်'မှာဘဲ 'ဗန်းမော် တင်အောင်' ကလောင် အမည် စယူခဲ့တာဖြစ်ပြီး "နော်မူဂေး" ဝတ္ထုတိုကို ရေးခဲ့ပါတယ်။ ဗန်းမော်မြို့မှာ ပညာသင်ကြားခဲ့ရတာကို စိတ်မှတ်သညာယူကာ  က လောင် နာမည်မှာ 'ဗန်းမော်' ထည့်ယူခဲ့တာလို့ သိရပါတယ်။ ဗန်းမော်တင်အောင် ကလောင်အမည်နဲ့ ပထမ ဆုံးထုတ်ဝေပြီး ထင်ရှားကျော်ကြားခဲ့တဲ့ လုံးချင်းဝတ္ထုကတော့"ဘုန်းမောင် တယောက်ထဲရယ်" ဖြစ်ပါတယ်။

၁၉၆ဝ ပြည့်နှစ် စာပေဗိမာန်ဆုမှာ ဝတ္ထုရှည်ဆုအတွက် အောင်လင်း၏ အရိုင်းစံပယ်နှင့် မမကြီး တို့ကို တွဲဖက်ပေးခဲ့သော်လည်း ဆုလက်ခံရယူခြင်း မပြု ခဲ့ပါ။ နောက်ဆုံး ပြုစုခဲ့တဲ့ စာအုပ်ကတော့ လူ ဖြစ်တယ်လို့ သိရပါတယ်။

လင်းယုန်ရဲ့အတောင်ပံရိုက်ချိုးဖို့

ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်

ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း

မုန်တိုင်းတွေ ကြားထဲမှာ

ရဲရင့်စွာခေါင်းဆောင်

အဲ့ဒါ ဗန်းမော်တင်အောင်။ 

(တင်မိုး)

“ ဗန်းမော်တင်အောင်ဟာ အသက် ၅၀ ဖြစ်နေပေမယ့် ကျွန်း အစာငတ်ခံပွဲမှာပါခဲ့တာကွ၊ သူက စာရေးလဲ ကောင်း၊ သုံးသပ်ချက်လဲကောင်း၊ ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်ဘူး။ ဒါကြောင့်ခဏခဏ အဖမ်းခံရတာ။ ” ဆိုပြီး ဦးစိန်ဝင်း( သုံးခွ )က ပြောခဲ့ဖူးပါတယ်။ 

ဗန်းမော်တင်အောင်ရဲ့ စာပေသြဇာ ကြီးမားခဲ့ပုံကို ဗွီဒီယို အင်တာဗျူးအတွင်း စာရေးဆရာမ မဝင့် (မြစ်ငယ်) က အခုလို ပြောပြခဲ့ပါတယ်။

“ စာဖတ်အားကောင်းရုံ၊ ဝါသနာပါရုံနဲ့ စာရေးဆရာ မဖြစ်ပါဘူး။ ကျမကို စာရေးဖို့ စိတ်ထက် သန်အောင်အားမွေးပေးခဲ့သူဆရာတွေထဲမှာ ဆရာကြီးဗန်းမော်တင်အောင်ပါပါတယ်။ အထူးသဖြင့် ဗန်းမော်တင်အောင်ရဲ့ - မြိုင် ဝတ္ထုကိုနှစ်သက်ပြီး ဒီထဲက ဇာတ်လိုက် ကိုတင်ဦးလို ယောက်ျားမျိုးကိုလိုလားခဲ့တဲ့အထိ သူ့ စာပေတွေကိုစွဲလမ်းအတုယူခဲ့ပါတယ်။ ” အလားတူ ကွယ်လွန်သူ ဆရာမ မိုးမိုး (အင်းယျား) ကလဲ “ မြိုင် ” ဝတ္ထုအပေါ် မဝင့် (မြစ်ငယ်) နဲ့ သဘောထားတူတယ်ဆိုတာကို ပြောပြခဲ့ဖူးကြောင်း ဆရာမ မဝင့်က အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒါ့အပြင် နောင်မျိုးဆက်သစ်မိန်းကလေးတွေကိုလဲ “ မြိုင်” ဝတ္ထုကိုဖတ်ရှုပြီး အတုယူကြဘို့တိုက်တွန်းသွားပါတယ်။

၁၉၇၈ ခု အောက်တိုဘာ ၂၃ ရက် ညဦး ၇း၁ဝ နာရီတွင် အဆုတ်ကင်ဆာရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွား ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ဦးနှင့် သား သမီး ၆ ယောက် ကျန်ရစ်ခဲ့ပါတယ်။ 

အမိုက်မှောင်ဆုံး ကာလတွေမှာ

ထွန်းပလာခဲ့တဲ့စာပေကြယ်နီရောင်

အဲ့ဒါ ဗန်းမော်တင်အောင်. . .။ 

(တင်မိုး)

လူထုစိန်ဝင်းကတော့ “ ဆရာ ဗန်းမော်တင်အောင်ဟာ စာရေးအကောင်းကြီးမဟုတ်ပါ။ ဝတ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်ကကြည့်ရင် ဆရာ့ထက် ကိုးဆ၊ ဆယ်ဆသာတဲ့ စာရေး ဆရာတွေအများကြီး ရှိပါ တယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာကောင်း ပါတယ်။ တချို့ဆိုရင် ဝတ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်ပါတယ်။ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ် တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့ စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်း ဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့ အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။

 အဲဒါ ဘာ့ကြောင့်ပါလဲ။

ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။ စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ် လို့ပါ။ ဆရာ ရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို ဘယ်တုန်း ကမှ သစ္စာမဖောက်ခဲ့ပါဘူး။ ဆရာ့ ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာက ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ စာရေးမကောင်းပေမယ့် စာကောင်းတွေရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။ ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။ ” ဆိုပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈ မှာရေးခဲ့ပါတယ်။

ဆရာကြီးဗန်းမော်တင်အောင်ဟာ ကလောင်ခွဲ ၁၃ ခုတောင်ရှိခဲ့ပါတယ်။ ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ ဗန်းမော်တင်အောင်၊ တင်အောင် (ဟိုက်စကူးကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီ တာ)၊ ထွန်းလင်း၊  မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်၊လင်းယုန် (ဗမာ နိုင်ငံ) ၊ မောင်အေးသွင် စသဖြင့် ကလောင် အမည် ၁၃ ခုကို သုံးခဲ့ပါတယ်။ ရှုမဝဦးကျော် ရာပြည့် အမှတ်တရ ဆောင်းပါးကို ဗန်းမော်တင်အောင်က ရေးသားရာမှာ ဦးကျော်ကသူ့ကို မောင်အေးသွင်လို့ ခေါ်ကြောင်းထည့်  ရေးထားတယ်လို့  သိရပါတယ်။  မဟာအောင် ကလောင်ခွဲကိုတော့ မဟာဆွေကို အားကျပြီး ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ စာရေးဆရာ ကျော်သန်းမြင့် (ဗန်းမော်) က ရေးခဲ့ဖူးပါတယ်။ 

သေခြင်းသည်မဆန်း၊ ပန်းတပွင့်ကြွေ

လေတဝှေ့တိုက်၊ နှင်းတပြိုက်ကျျျ

တဘဝလျှင်၊ ခဏပင်တည့်

အသင်ထာဝရ၊ လူ့လောကမှ

လုံး၀ ပျောက်ဆုံးသွားခြင်း မဟုတ်ပါ။

(ဒေါင်းနွယ်ဆွေ)

လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့သားငယ် ဆရာ ညီပုလေးက ဆရာကြီးဗန်းမော်တင်အောင် ၃၇နှစ် မြောက်မွေးနေ့ မှာ “ ၃၇ နှစ်ကြာသွားပေမယ့် ကျနော်တို့မေ့မရတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာ ကြီး ဗန်းမော်တင်အောင် ပါပါတယ်။ ဗန်းမော်တင်အောင်ရေးခဲ့တဲ့စာတွေက အများကြီး ဗမာစာပေမှာ ကျန်ခဲ့တယ်။ အခု လွတ်လပ် ပွင့်လင်းစ ဆရာကြီး စာအုပ်တွေ ပြန်ထုတ်ခွင့်ရလာတာ ဝမ်းသာတယ်။ သူရေးခဲ့တဲ့စာတွေဟာ ခေတ်က တိုက်စားပေမဲ့ ပျောက်ပျက်သွားမှာ မဟုတ်ပဲ အမြဲရှင်သန်နေမှာ။ အဲ့ဒါဟာ သူ့ရဲ့အနုပညာစွမ်းအား၊ သူ့ရဲ့အ တတ်ပညာ၊ သူ့ရဲ့နိုင်ငံရေးခံယူချက်၊ အဲ့ဒါတွေဟာ မဆုံးဘူး။ အမြဲတမ်းခေတ်မီနေတယ်။ကျနော်တို့ လေးစား လျှက်ပါ။ နောင်မျိုးဆက် ခုခေတ် လူငယ်တွေဟာ သူ့စာအုပ်တွေကို သေသေခြာခြာ ဖတ်သင့်ပါတယ်။” လို့ အလေးအနက် ပြောခဲ့ပါတယ်။

ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ကတော့ “ အတော်တန်ဘိုးရှိတဲ့ ပုဂ္ဂိုလ်ကြီး တယောက်ပါ။ သူ့စကားနဲ့ သူ့ကို ပြန်တန်ဖိုးဖြတ်ရရင် လူတယောက်ရဲ့တန်ဘိုးဟာတဲ့။ သမိုင်းက သူ့ပခုံးပေါ် ပင့်တင် ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက် သူကျေသလဲအပေါ် မူတည်တယ်တဲ့။ အဲဒီတော့ ဗန်းမော်တင်အောင်ဟာ မီလျံနာကြီး ဖြစ်အောင်လုပ်ရင် ဖြစ်အောင်ကလဲ အခြေအနေကရှိပြီးသား။ ဒါပေမယ့် ဒါကိုမလုပ်ပဲ၊ လူထုဖက်ကကြည့် ပြီး လူထုဖက်က အမြဲရပ်တည်လာတဲ့လူ။ လူထုအကျိုး ပြုခဲ့တဲ့လူ။ အဲဒီတော့ သမိုင်းက ပစ်တင်လာတဲ့ တာဝန်ကို သူတော်တော် ကျေကျေပွန်ပွန် လုပ်ခဲ့တာပါ။ တခြား စာရေးဆရာတွေနဲ့ မတူတာက တခြားဟာတွေလို စာကို အပျော်ဖတ် သက်သက်မရေးဘူး။ စာပေနဲ့ လှုံ့ဆော်တယ်။ စာပေနဲ့ စည်းရုံးတယ်။ စာပေနဲ့ တော်လှန်ရမယ်ဆိုတဲ့ အတွေး အခေါ်တွေကို ရေးသွားပေးသွားတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လူထုအတွက် ဗန်းမော်တင်အောင်ဟာ ဇနီးနဲ့ သားသမီး ၆ ယောက်အတွက် ဂရုစိုက်ချိန် နည်းပါးခဲ့တာကို ဘဝတလျှောက်လုံး ဇနီးသည်ဒေါ်ခင်ဦးက မကျေလည်ခဲ့ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃၇ နှစ် လင်း ယုန်ကြီး ဗန်းမော်တင်အောင်ရဲ့ ဈာပနမှာ ဗန်းမော်တင်အောင်ကို ကြည်ညိုလေးစားသူ အများအပြား (ကျောင်းသား၊ အလုပ်သမား၊ ဈေးသည်တွေကအစ မုတ်ဆိတ်ဖွား မွတ်ဆလင်တွေ၊ ခရစ်ယန်သင်းအုပ်ဆရာတွေ၊ ဘုန်းကြီး ရဟန်း၊ သီလရှင်တွေအလယ် သုဘရာဇာနဲ့ သူတောင်းစားတွေ အဆုံး) တလေးတစား အရေးတယူ လာရောက် ပို့ဆောင် ဂါရဝပြုခဲ့ကြတာကို မြင်တွေ့အပြီးမှာ သူ့လင်သားအပေါ် အမြင်မှားခဲ့ကြောင်း ပြောခဲ့တာ ကို ဆရာကြီးပါရဂူက အခုလို ရေးသားခဲ့ဖူးပါတယ်။

ဒေါ်ခင်ဦးက “ ကျမ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့် လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာ ပေရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ ဘာတို့ ဆိုတာကို သူလုံး၀ ထည့်မတွက်ဘူး။ ကျမတို့ကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ။ ကျမ သူ့အပေါ် အတော်ကလေး မကျေမနပ် ဖြစ်မိခဲ့တယ်။ အခုတော့ ကျမ မှားမှန်း သိရပါပြီ။ သူ့ကို အခုလို ပြည်သူက လေးစား ကြည်ညိုမှန်း သိရတော့ ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့၊ စီးပွားရေးနဲ့ ဝယ်လို့ မရဘူးဆိုတာ ကျွန်မ အခု သဘောပေါက်ပါပြီ။ သူ့အပေါ် အမြင်မှန် ရပါပြီ။ ” လို့ လွန်ခဲ့တဲ့ ၃၇ နှစ် ဈာပနအပြီး ပြောခဲ့တယ် သိရပါတယ်။

ဆရာဗန်းမော်တင်အောင်က သူ့ဘဝမှာ “ကျနော့်ဘဝမှာ အတ္တဆိုလို့ မခင်ဦးကို ချစ်တဲ့ အချစ်တခုထဲပဲ ရှိပါတယ်ဗျာ”လို့ ပြောခဲ့သလို၊ အမှန်တကယ်လည်း သူ ပြောတဲ့အတိုင်း ကိုယ်ကျိုးစွန့် အနစ် နာခံခဲ့သူ ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် ဆရာကြီး မရှိတော့တာ နှစ်ပေါင်း ၄၆နှစ်နီးပါးရှိခဲ့ပါပြီ။ဆရာကြီး ဗန်းမော်တင်အောင် ချန်ထားရစ် ခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် မမေ့နိုင်လောက်တဲ့ အမှာစကားတရပ်ကတော့ ...

လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်  တင်ပေး လိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းရမှာပဲ။ 

ဆရာကြီးဗန်းမော်တင်အောင်ရဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးအတွက် ခံယူချက် စာပေ အတွေးအမြင် အယူအဆတွေနဲ့ ယုံကြည်ချက်အတွက် ကိုယ်ကျိုး စွန့်အနစ်ခံမှုတွေ သတ္တိရှိရှိ တိုက်ပွဲဝင်မှုတွေ မယိုင်မလဲ ခံယူချက်အတွက် ပေးဆပ်မှုတွေဟာ ကမ္ဘာကုန်ကျယ်သရွေ့ အတုယူဖွယ် စံထားဖွယ် မှတ်ကျောက်တခုအဖြစ် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ထာဝရတည်ရှိနေမှာဖြစ်ပါတယ်။ ထာဝရတော်လှန်ရေးသမားကြီးကို အလေးပြုလိုက်ပါတယ်။

ကိုးကား—

ဗန်းမော်တင်အောင် တိုင်းပြုပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာ (ပြည်သူ့ဘက်တော်သားများမှထုတ်ဝေ)။

ဗန်းမော်တင်အောင် အမှတ်တရလေးများ ဆောင်းပါး။ မောင်ခင်မင်(ဓနုဖြူ) ဖေဖော်ဝါရီ ၂၀၁၂ လှိုင်းသစ်မဂ္ဂဇင်း။

၂၀၁၀ ခုနှစ်ထုတ် ရှုမဝဦးကျော် နှစ်တရာပြည့်မွေးနေ့ အမှတ်တရစာအုပ်ပါ ဗန်းမော်တင်အောင်၏ဝတ္ထု။

ဗန်းမော်တင်အောင် (သို့မဟုတ်) ပြည်သူ့ဘက်က ရပ်တည်ခဲ့သော စာရေးဆရာကြီး သိပ္ပံချစ်သူ (မိုးမခ) ဧပြီလ ၂၂ရက်  ၂၀၁၁ ခုနှစ်။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar