Breaking News

နိုင်ဝင်းသီ ● သစ်ညိုကုန်း... မဇ္ဈိမအလင်းနှင့် တမာရိပ်နွေညများ ...

နိုင်ဝင်းသီ ● သစ်ညိုကုန်း... မဇ္ဈိမအလင်းနှင့် တမာရိပ်နွေညများ ... 
(မိုးမခ) မေ ၂၉၊ ၂၀၁၉

(တစ်)
စလေထဲကို ဝင်လာသည်နှင့်  တမာရနံ့တွေဟာ သင်းသင်းရီရီ... လွင့်လွင့်မော မေ့မျော။ ကားလမ်းမ ဝဲယာတလျှောက် တမာပင်တန်းတွေဟာ မျက်စိတဆုံး ရှည်လျားလို့ ...။ တမာပင်တန်းတွေရဲ့  ဟိုဖက်ဆီမှာတော့ သွေ့ခြောက်မွဲရီနေတဲ့  ကွင်းပြင်ထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ထန်းပင်တွေဟာ ဟိုနေရာ တပင် ဒီနေရာ တပင် ခပ်ကျဲကျဲ။

လေအဝေ့မှာ ထန်းလက်ခတ်သံ တဖျပ်ဖျပ်ဟာ အရိုင်းဂီတသံတခုလို နွေနေ့လယ်ခင်းထဲကို လွင့်ပျံ့လို့။ ကားထဲကို ဖြတ်တိုက်သွားတဲ့ လေဟာ ပူလို့ နွေးလို့။ ဖြူဝင်းတဲ့ မွန်းတည့်နေအောက်မှာ တံလှပ်တွေဟာ တွန့်လိမ်ကောက်ကွေးလို့။

စလေ...။ ဧရာဝတီပေါ် မေးတင်ပြီး အတိတ်ထဲကို သမင်လည်ပြန် ငေးငေးရီရီ ကြည့်နေရှာတဲ့ ရာဇဝင်ထဲက မြို့ကလေး။ ကြီးမြတ်သော စာဆိုတယောက်ရဲ့ မွေးရပ်မြေဖြစ်သော်ငြားလည်း  ခေတ်အဆက်ဆက် အမေ့လျော့ခံဘဝနဲ့ ဥပက္ခာ ပြုထား ခံရရှာတဲ့ ကြေကွဲဖွယ်ရာ မြို့ကလေး။

ကားထဲမှာ လူလေးယောက်ပါရှိပေမယ့် လေးယောက်စလုံးဟာ  အတွေးနဲ့ ကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်လို့။

ဆရာမောင်ဆွေခင် (ခရမ်းပြာ) ကတော့ ဒီဘက်အခြမ်းကို မကြာခဏ ရောက်ဖူးနေပုံရ။ ရှည်လျားသောလမ်းမတွေကို တလမ်းပြီး တလမ်း အမှားအယွင်းမရှိဘဲ တည်ငြိမ်စွာနဲ့ မောင်းနှင်လာခဲ့။ မြို့ထဲကိုရောက်လို့  သိပ်မကြာခင် လမ်းချိုးလေးတခု ကို ကွေ့ချလိုက်ပြီး ကားကို ရပ်လိုက်တယ်ဆိုရင်ပဲ ရင်ဟာ တဒိတ်ဒိတ်နဲ့ လှုပ်ခုန်သွား။

ပြောမယ်ဆိုရင်တော့ ဒီနေရာလေးဟာ သူတို့အတွက် သစ်ညိုကုန်းထဲက နောက်ထပ်သစ်ညိုကုန်းလေးတခု။ ဒီနေရာလေး ဟာ သူတို့ရဲ့ နောက်ဆုံးခံတပ်။

သစ်မြစိမ်းရွက်တွေကြားက ဒီနေရာလေးကို "သစ်ညိုကုန်း" လို့ သူတို့ဟာသူတု့ိ အမည်နာမပေးထားခဲ့ကြ။ ဒီ့ပြင့်အချိန် ရောက်မလာနိုင်ပေမဲ့ မတ်လ (၂၁) ရက်နေ့ရောက်ရင်တော့ ဟောဒီသစ်စိမ်းရိပ်လေးကို သမိုင်းပေးတာဝန်တခုလို  သူတို့ ဟာ ရွက်လွှင့်လာခဲ့ကြ။ ဒီနေရာလေးမှာ သူတို့ကိုယ်ထဲက ကဗျာသွေးတွေဖောက်ချပြီး တယောက်ပြီးတယောက် ကဗျာတွေ ရွတ်ဆိုကြ။ တဦးနဲ့တဦး ကဗျာဝတ်မှုန်တွေ ထုံကူးကြ။ သွေးခုန်သံချင်း ပေါင်းစည်းကူးလူးကြ။ သေဆုံးနေတဲ့ ကဗျာဝိညာဉ်တွေကို ရှင်သန်ထမြောက်အောင် လှုပ်နှိုးကြနဲ့ သူတို့ရဲ့ အသက်ဓာတ်ကို ကမ္ဘာကုန်ကျယ်သရွေ့ဝယ် အတိုင်း အဆမရှိ ရှည်လျားစေခဲ့တဲ့ နေရာလေး...။

အခုပဲ သူတို့ဟာ ကဗျာရွတ်ဆိုခြင်းကို ခေတ်ပြောင်းတော်လှန်ရေးတရပ်လို နှလုံးမူပြီး ရွတ်ဆိုလာခဲ့ကြတာ စတုတ္ထအကြိမ်ကိုရောက်ရှိလာခဲ့ပြီ။

ကျွန်တော်တို့ရောက်သွားတော့ သစ်ညိုကုန်းဟာ  ကဗျာရွတ်သံတွေအောက်မှာ ရဲရင့်တောက်ပလို့။ စလေ၊ ချောက်၊ ပခုက္ကူ၊ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ ဂွေးချိုဘက်က ကဗျာဆရာတွေဟာ  တယောက်ပြီးတယောက် ကဗျာတွေရွတ်လို့။ မောင်ခင်မှိုင်း (ချောက်)၊ နေနိုင် (ချောက်)၊ ဇေယျာလင်းဝေ၊ မောင်သွေးချစ် (ရေနံချောင်း)၊ ငှက်ပြာမောင်မောင် (ချောက်)၊ အောင်ကိုး (ချောက်)၊ ကိုမား၊ ဉာဏကျော် စသည် စသည်ဖြင့် အားလုံးဟာတမာရိပ်က ကဗျာစစ်သည်ရဲမက်များ ....

ကျွန်တော်တို့လေးယောက်ထဲမှာလည်းနေသွေးငယ်ကလွဲလို့ ကိုထွန်းဝေမြင့်၊  မောင်ဆွေခင် (ခရမ်းပြာ) နဲ့ ကျွန်တော်ဟာ သူတို့နဲ့အတူ ကဗျာတွေဝင်ရွတ်ပြီး ရင်ခုန်သံချင်း ကူးလူးချိတ်ဆက်ခဲ့ကြ။

တကယ်ဆိုရင်  ကဗျာရွတ်တယ်ဆိုတာ အမြီးအမောက်မတည့်တဲ့ ခေတ်ကြီးကို စစ်ကြေငြာခြင်းတမျိုး။ ဘယ်လိုခေတ်မျိုး ကိုပဲရောက်ရောက် စာရေးဆရာ ကဗျာဆရာတွေဟာ အမှန်တရားအတွက် ရဲရင့်ထက်ရှနေတဲ့ ဓားတွေ......။ ဓားအိမ်ထဲမှာ ရှိနေရင် နူးညံ့သိမ်မွေ့နေပေမယ့် လိုအပ်လာရင် ဓားအိမ်အပြင်ဘက်ကို ခုန်ထွက်လာခဲ့တဲ့ ဓားတွေ....။

ဒီလိုနဲ့ပဲ လူ့ဘုံခန်းဝါမှာ ကျွန်တော်တို့ဟာ ဓားအိမ်ထဲ ဝင်ခွေနေလိုက်၊ ဓားအိမ် အပြင်ဘက်ထွက်လာလိုက်နဲ့ လူတွေ၊ ဘဝတွေ၊သက္ကရာဇ်တွေကို တနှစ်ပြီးတနှစ် အေးစက်လေးကန်စွာနဲ့  ဖြတ်သန်းလာခဲ့ကြ။

သစ်ညိုကုန်းခံစစ်ကြောင်းက ထွက်ခွာလာတော့ နေရောင်ဟာ ဝင်းပစူးရဲနေခဲ့ပြီ။ ရိပ်ကနဲ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ တမာပင်တန်းတွေကို တွေတွေငေးငေး ကြည့်နေရင်းနှင့် ကြီးမြတ်သော စာဆိုကြီးရဲ့ ကြေကွဲဖွယ်ရာ နောက်ဆုံးအချိန်တွေဆီ  စိတ်ဟာ လွင့်ထွက်သွား။

ရာဇဝင်ထဲကမြို့ကလေးဟာ ဦးပုညအထိမ်းအမှတ် ကျောက်စာတိုင်လို၊ မော်ကွန်းတိုင်မျိုးလးတောင် သူ့ရဲ့မွေးရပ်မြေမှာ ထုဆစ်မပေးကြတော့ဘူးလား။ ကိုထွန်းဝေမြင့်ကလည်း ဒီကိစ္စကို အလေးအနက်ထားပြီး အကြံပြုသွားခဲ့။

မိနစ်နှစ်ဆယ်လောက် ကြာမြင့်အောင်မောင်းပြီး အနောက်ကို ပြန်ကြည့်လိုက်တော့ စလေဟာ ကန္တာရဆူးပင်၊ ထန်းပင်နဲ့ တမာပင်တန်းတွေကြားမှာ ရေးရေးမှုန်မှုန်လေး ...။

(နှစ်)
ပြောမယ်ဆိုရင် သူဟာ ခြေဦးတည့်ရာ လွင့်မျောနေတဲ့ မိုးတိမ် ....။
ရောက်ချင်ရာရောက် ... ပျံသန်းနေတဲ့ ကြိုးကြာငှက် ....။

သူ့ကိုတွေ့လိုက်လေတိုင်း သူဟာ တခုခုဆီ သွားနေသလိုလို  ဒါမှမဟုတ် တခုခုဟာသူ့ဆီကိုပဲ ရွေ့လျားလာနေသလိုလို အသွင်သဏ္ဌာန်မျိုး။ ရိုးရှင်းသောနေထိုင်မှုမျိုးရှိသော်လည်း ကွဲပြားခြားနားသော စိတ်ကူးစိတ်သန်းတွေရှိရာ တိမ်းညွှတ်လေ သူ။ ပြောမယ်ဆိုရင် သူဟာ ကပ်ဖ်ကာရဲ့ဝတ္ထုတချို့မှာ မြင်ရတွေ့ရတတ်တဲ့ ဇာတ်ကောင်မျိုး....

သူတယောက်တည်းနေတဲ့ အိမ်ဂေဟာလေးဟာ ကြပ်ခိုးတွေ၊ ပင့်ကူမျှင်တွေ အုံဖွဲ့မျှင်တန်းနေရုံမက သူ့အဝတ်အစားတွေ ဆိုတာ တအိမ်လုံးမှာ ပြန့်ကျဲရှုပ်ထွေးလို့။ စာအုပ်တွေဆိုတာကတော့ ဖုံအလိမ်းလိမ်းကပ်ငြိနေတဲ့ စားပွဲပေါ်မှာ၊ ကုတင်ပေါ် မှာ၊ စာအုပ်ဘီရိုထဲမှာ၊ စာအုပ်စင်လေးတွေပေါ်မှာ။ တချို့က ဖတ်ပြီးသား၊ တချို့က ဖတ်လက်စ။ တချို့စာအုပ်တွေက  လုံးဝ မတို့ထိရသေးတဲ့ အသစ်စက်စက် စာအုပ်များ။

သူအိပ်တဲ့ ကုတင်ဘေးမှာတော့ ဟော်လိုဂစ်တာတလုံး။ iPad တလုံး၊ ပြန့်ကြဲနေသော ရေးလက်စ စာမူများ။ မှုန်မှုန်မှိုင်းမှိုင်း နံရံပေါ်က မျိုးညွန့် (မကွေး)၊ ဝင်းရွှေမိုး(ချောက်)၊ ထွန်းဝေမြင့်နဲ့ ငုအိမ်ထက်မြက်တို့ရဲ့ပန်းချီကားတွေဟာ သူ့ရဲ့ အရောင်ဖွဲ့စည်းမှုတွေကို ချစ်မက်မှု အမှတ်သင်္ကေတ။ 

ညဘက်ရောက်ရင် သူဟာ တော်တော်နဲ့ မအိပ်ဘဲ အမြဲတစေ ညတာရှည်လျားခဲ့တဲ့လူ။သူ့ရဲ့ plucking တီးသံ နွဲ့နွဲ့လျလျဟာ လရောင်အောက်မှာ တိုးတိုးညင်ညင်..သဲ့သဲ့ဖွဖွ။ ခါတရံ ပန်းခရမ်းပြာနဲ့ ဝေးခဲ့ပြီပန်းခရမ်းပြာ သီချင်းတွေကို သူဟာ ဆွေးဆွေးမြည့်မြည့် ဆိုညည်းလို့။ လိပ်ပြာဟာ ပိုးတုံးလုံးအိမ်ကိုပြန်သတိရသလို သူဟာလည်းပဲ နေခဲ့ဖူးတဲ့ ခရမ်းပြာအဆောင်လေးကို ပြန်လွမ်းနေမှာ အသေအချာ။

သူဆိုတာ မောင်ဆွေခင် (ခရမ်းပြာ)။ သူ့ရဲ့တမာရိပ်လေးကို ကျွန်တော်နဲ့ ကိုထွန်းဝေမြင့်နဲ့  မမျှော်လင့်ဘဲ ရောက်သွားတော့ သူဟာပျော်ရွှင်နေခဲ့။ သူ့ရဲ့တမာရိပ်လေးဟာ ကျွန်တော်တို့အတွက်တော့ သုခမြို့တော်။ အလွင့်။ ဟာရီစပါးမရှိလည်း သူ့ရဲ့ သုခမြို့တော်လေးထဲမှာ ကျွန်တော်တို့ဟာ ပျော်ရွှင်ခဲ့ကြ။

မတ်လ ၂၁ ရက်နေ့မှာ ကျွန်တော်တို့ဟာ သုခမြို့တော်လေးကနေပြီး သစ်ညိုကုန်း။ သစ်ညိုကုန်းကနေ စနေစာပေဝိုင်းနှင့် မဇ္ဈိမအလင်း ဖြစ်တည်ရာ ချောက် ....

(သုံး)
"ချောက်" ကိုရောက်တော့ "ချောက်" ဟာတငွေ့ငွေ့ အပူထဲမှာ။ မြို့ကလေးဟာ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်အောက်မှာ ပူရှ  နေပေမဲ့  ဆံပင်ဖားလျားချထားတဲ့ မိန်းမတယောက်လို ကဝေဆန်ဆန် လှပလို့။ အိမ်လေးတွေဆိုရင် တချို့ကုန်းမြင့်လေးတွေပေါ်မှာ။ တချို့ မြေနိမ့်ပိုင်းမှာ။ တချို့ တောင်စောင်းလေးတွေပေါ်မှာ။ ကတ္တရာလမ်း မည်းမည်းလေးတွေဟာ နိမ့်ဆင်း သွားလိုက်၊ မြင့်တက်လာလိုက်နဲ့ သိပ်ကိုလှပတဲ့ မြို့ကလေး။

ပြီး သခင်ဘိုးလှကြီးရဲ့ ရေနံမြေသပိတ်။ ပြီး သခင်ဘဟိန်းရဲ့ မြင်းခွာသံတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်သွားစေရ မယ်။ မဇ္ဈိမအလင်းဟာ ဒီလိုရေခံ မြေခံမျိုးထဲက တိုးထွက်လာခဲ့တဲ့ ပြာလဲ့လဲ့ မီးတောက်။ ခက်မာကြမ်းရှတဲ့ မြေသားအစိုင်အခဲပေါ်က ကြာဖြူ။ အခုပဲ သူတို့ရဲ့ဖြတ်သန်းမှုဟာ ဆယ်စုနှစ် နှစ်နှစ်ကို အသေအချာ ကျော်လွန်လာခဲ့ပြီ။

အမှောင်ခေတ်ကြီးထဲမှာ ခဲရာခဲဆစ် ညှိထွန်းလာခဲ့တဲ့ သူတို့ရဲ့အလင်းမြမြဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ တွန့်ဆုတ်တွေဝေ မသွားစေရ။ပြောမယ်ဆိုရင် သူတို့ဟာ ကျွန်တော့်အတွက် အလေးအမြတ်ပြုအပ်သော သူရဲကောင်းများ။

ကိုဖေတင်ညွန့်ဆီကို ရောက်တော့ သူ့ရဲ့ စခန်းလေးထဲမှာ ဒေသခံကဗျာဆရာတွေနဲ့ အနီးဝန်းကျင်က ကဗျာဆရာတွေ  စုရုံးရောက်ရှိနေလေပြီ။မောင်သန်းစိုး (ချောက်)၊ နိုင်ဝင့်နိုင်(ချောက်)၊ ညီ (ပခုက္ကူ) နဲ့ ကဗျာဆရာမလေး ချစ်သဲကြည်။ ပြီးတော့ မြေလတ်ဒေသက ကဗျာဆရာတွေ။ တအောင့်နေတော့ မကွေးက သားဦးနဲ့  မောင်ရင်ခန့်တို့အဖွဲ့ ရောက်လာခဲ့ကြ။ သိပ်မကြာခင်မှာ ရန်ကုန်က နိုင်သစ်နီ၊ ရင်နီနဲ့ တိုက်ကြီးက နီလင်းသန်းတု့ိ ရောက်လာကြပြန်။ ပြီးတော့ ကိုထွန်းဝေမြင့်၊ မောင်ဆွေခင် (ခရမ်းပြာ)၊ နေသွေးငယ်နှင့် ကျွန်တော်။

အားလုံးဟာ မဇ္ဈိမအလင်းကို ချစ်ခင်လေးနက်သောစိတ်အခံဖြင့် မဇ္ဈိမအလင်းရဲ့အလံတော်အောက်ကို ပေါင်းစည်းဝန်းရံ လာခဲ့တဲ့  စာရေးဆရာ ကဗျာဆရာတွေ။

လူစုံတက်စုံရှိလာတော့ ကဗျာရွတ်ဆိုမယ့် စဉ့်ကိုင်ဘက်ကို ချီတက်ကြရပြန်လေတယ်။ တချို့ ကားနဲ့။ တချို့က ဆိုင်ကယ်တွေနဲ့။

မတ်လ ၂၁ ရက်နေ့ကို ရောက်လေတိုင်း စဉ့်ကိုင်ထဲက ဆရာတော် ဦးဥတ္တမ (မန္တလာ ကိုဥက္ကာ) ရဲ့ကျောင်းတိုက်ထဲမှာ သူတို့ဟာ ကဗျာရွတ်ဆိုနေကြ။

တွေ့ခဲ့ဖူးသမျှ နေရာလေးထဲမှာ အဲဒီကျောင်းဝင်းလေးဟာ နွယ်ရိပ် သစ်ရိပ် ဓမ္မရိပ်နဲ့ တိတ်ဆိတ်အေးငြိမ်းနေတဲ့ နေရာလေး။ အဲဒီဆရာတော် ဦးဥတ္တမနဲ့ တမာရိပ်က ဖန်မီးအိမ်ဆရာတော်တို့ရဲ့ စာသမားတွေအပေါ် ချစ်ခင်နွေးမြမှုဟာ သိပ်ကို အံ့သြစရာ။

ဒီလိုနဲ့ပဲ မဇ္ဈိမအလင်းရဲ့ ၂၄ ကြိမ်မြောက် ကဗျာရွတ်ဆိုပွဲဟာ ညမှောင်မှောင်ထဲမှာ ဒဏ္ဍာရီဆန်ဆန် ပွင့်ဝေမွှေးရီလာခဲ့ပြန်။ နိုင်သစ်နီက Moderator လုပ်ပြီး မောင်ဆွေခင် (ခရမ်းပြာ) က ရန်ကုန်မြို့က ဆရာအောင်ဇင်မင်း ပေးပို့လိုက်တဲ့ နှုတ်ခွန်း ဆက် အမှာစကားကို ဖတ်ကြား။ ပြီးတော့ တက်ရောက်လာသူတွေထဲက အမှတ်တရစကားတွေ ပြောကြ။ ကဗျာတွေ တပုဒ်ပြီးတပုဒ် ရွတ်ကြနဲ့ မဇ္ဈိမအလင်းဟာ မှောင်နေတဲ့ ခေတ်ကြီးထဲမှာ အလျှံညီးညီး တောက်လောင်နေတဲ့ အလင်းမီးတောက်ကို ထွန်းညှိပေးနိုင်ခဲ့.....။

ညဟာ အမှောင်တွေအားကောင်းပြီး ငြိမ်ဆိတ်နေလေတော့ အာရုံဟာ စကားလုံးတွေရှိရာကို တရွရွ ...။

တချို့ကဗျာရွတ်တာဟာ ဂီတသံတခုလို။ တချို့ စမ်းချောင်းလေးတခု တိုးတိုးညင်ညင်လေး စီးဆင်းသွားသလို။ တချို့ သစ်ရွက်တွေ တရွက်ပြီး တရွက် ကြွေကျလာသလိုလို။ တချို့ အားကောင်းသန်မာတဲ့ မုန်တိုင်းတခု တဝုန်းဝုန်းနဲ့ ဖြတ်တိုက်သွား သလိုလို ....။

ကဗျာရွတ်ဆိုမှု ပြီးလုပြီးခင်မှာပဲ အလယ်ရိုးမက ပြန်ဆင်းလာခဲ့တဲ့ မြတ်ဝေတို့ ဘီညိမ်းတို့အဖွဲ့ဟာ ညောင်ဦးကို တန်းမပြန်သေးဘဲ မဇ္ဈိမအလင်းရှိရာကို ပေါင်းစည်းလာခဲ့ပြန်။ ဒီလိုနဲ့ပဲ မဇ္ဈိမအလင်းဟာ ညဉ့်နက်သွားတဲ့အထိ တငွေ့ငွေ့ တမြေ့မြေ့နဲ့ လူးလွန့်တောက်လောင်ခဲ့။ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ ပေါ့ပေါ့ပါးပါး ခွဲခွာပြီး လေးလေးနက်နက် လွမ်းဆွေးဖို့ အချိန်ကို ကျရောက်လာခဲ့ကြ။

အားလုံးပြီးစီးသွားလို့  ကိုယ့်ရဲ့ဝပ်ကျင်းလေးတွေရှိရာ လူစုခွဲပြီးပြန်တော့ ဇေယျာလင်းဝေဟာ ကျွန်တော်တို့ကားနှင့် လိုက်ပါလာခဲ့။ ချောက်၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း လမ်းဆုံက ဇေယျာလင်းဝေရဲ့"အချစ်ရွာ" မှာ တထောက်နားတော့ မတ်လ ၂၁ ရက်နေ့ဟာ  နောက်တနေ့ကို ကူးပြောင်းသွားခဲ့ပြီ။

ဝန်းကျင်မှာတော့ ပိုးကောင်မွှားကောင်တွေရဲ့တစီစီ အော်ဟစ်သံဟာ စူးစူးရဲရဲ။ တိမ်တိုက်အမျှင်အစတွေကြားမှာ ဝင်းပနေတဲ့ကြယ်ပွင့်တွေဟာ ပြန့်လို့ ...ကြဲလို့ ။ သည်လိုကြယ်အစုအဖွဲ့ကို မြင်ရတော့ အာရုံဟာ  ကြယ်တွေကို ချစ်မက်သော လီဟန်နီ့ဆီဖျပ်ကနဲ ...။

ဇေယျာလင်းဝေကို နှုတ်ဆက်ပြီး ပြန်ထွက်လာတော့ လရောင်ဟာ တဖြည်းဖြည်းနဲ့ နိမ့်ဆင်းလာခဲ့ပြီ။ ကားမီးရောင်အောက်မှာ ရေနံချောင်း  ကျောက်ပန်းတောင်း ကားလမ်းမဟာ တိတ်ဆိတ်ငြိမ်သက်လို့။ ကိုထွန်းဝေမြင့်၊ မောင်ဆွေခင် (ခရမ်းပြာ)နဲ့ နေသွေးငယ်တို့ဟာလည်း အတွေးကိုယ်စီနဲ့ လေးနက်ငြိမ်သက်လို့။ ကျွန်တော်ကတော့ တမာရိပ်ကိုရောက်လျှင် ဘိုဟီးမီး ယန်းလရောင်ဟာ  ပုပ္ပားတောင်ခြေမှာ ရှိနေဦးမှာလားဆိုတာကိုပဲ တွေးနေမိသည်။

နိုင်ဝင်းသီ
၂၇၊ ၅၊ ၂၀၁၉