Breaking News

ဒေါက်တာဇင်ထွန်း - အနုမြူဓာတ်ပေါင်းဖိုနဲ့ လိုအပ်တဲ့ ရေ

Photo Credit Idaho National Laboratory


ဒေါက်တာဇင်ထွန်း - အနုမြူဓာတ်ပေါင်းဖိုနဲ့ လိုအပ်တဲ့ ရေ

(မိုးမခ) မေ ၂၉၊ ၂၀၁၉

အနုမြူစွမ်းအင်နဲ့ ပတ်သက်လို့ ကျွန်တော်ရေးခဲ့တဲ့ မေး/ဖြေများကို ဖတ်ပြီး နောက်ဆက်တွဲ မေးခွန်းများ မေးကြပါတယ်။ အချို့ကလည်း သူတို့ရဲ့ အမြင်ကို (ကျွန်တော့် အမြင်နှင့် ဆန့်ကျင်သော်လည်း) ပွင့်ပွင့်လင်းလင်း ရေးကြပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ စိတ်ဝင်တစား ပါဝင် ဆွေးနွေးသူများကို ကျေးဇူးတင်ကြောင်း ရှေးဦးစွာ ပြောပါရစေ။

မေးလာကြတဲ့ မေးခွန်းအားလုံးကို ဖြေဘို့ ရည်ရွယ်ပါတယ် (အဓိပ္ပါယ် ရှိတဲ့ မေးခွန်း ဖြစ်ဘို့တော့ လိုပါတယ်)။ သို့သော် အချို့ မေးခွန်းတွေကို ဖြေဘို့ အချိန်ယူရပါတယ်။ အကြောင်းက ၂ခုပါ။ ကျွန်တော်က ရေးသမျှကို အကိုးအကားပြနိုင်ရဲ့လား ဆိုတာကို ပြန်စစ်ရပါတယ်။ လိုအပ်တဲ့ အချက်အလက်အားလုံးကို စုဆောင်းဘို့ အချိန်ယူရပါတယ်။ ဒိနောက် စာဖတ်သူတိုင်းနားလည်အောင်၊ အထူးသဖြင့် သိပ္ပံ သို့မဟုတ် အင်ဂျင်နီယာ ပညာ အခြေခံမရှိသူများ အတွက် လိုရင်းတိုရှင်း ဖြစ်အောင် စာပြုရတာကလည်း အချိန်လိုပြန်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ရဲ့ အဖြေများ နှောင့်နှေးနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ ရက်လောက်အတွင်းမှာ "အနုမြူ ဓါတ်ပေါင်းဖိုတွေ လည်ပတ်ဘို့ လိုအပ်တဲ့ ရေ" နှင့် ပတ်သက်တဲ့ မေးခွန်းများ တော်တော်ရပါတယ်။ ပင်လယ်ကမ်းခြေ၊ သို့မဟုတ် မြစ်ကြီးတခု ရှိဘို့ လိုသလား လို့မေးကြတယ်။ မြန်မာပြည် မြောက်ပိုင်း တောင်တန်းဒေသတွေမှာ၊ ရေရှားပါးတဲ့ ပြည်နယ်တွေမှာ ဖြစ်နိုင်ပါ့မလားလို့ မေးသူလည်း ရှိတယ်။ ဓါတ်ပေါင်းဖို လည်ပတ်ဘို့ ရေအမြောက်အမြား လိုတယ်လို့ ယေဘူယ နားလည်ထားကြပုံ ရပါတယ်။ အနုမြူစွမ်းအင်ကို မလိုလားသူတွေရဲ့ မဟုတ်မမှန် စကား တခုပါ။ အမှန်က သဲကန္တာရထဲမှာတောင် အနုမြူ ဓါတ်အားပေး စက်ရုံ ဆောက်လို့ ရပါတယ်။

ဓါတ်ပေါင်းဖိုတခု လည်ပတ်ဘို့ ရေဘယ်လောက်လိုသလဲဆိုတာ ဓါတ်ပေါင်းဖိုရဲ့ အရွယ်အစားနဲ့ ထွက်တဲ့ အပူကို ဘယ်လိုနည်းနဲ့ စွန့်ထုတ်ဘို့ ဒီဇိုင်းလုပ်ထားသလဲ ဆိုတဲ့ အချက် ၂ ချက်ပေါ်မှာ မူတည်ပါတယ်။ ယေဘူယအားဖြင့် ဓါတ်ပေါင်းဖို အငယ်တွေမှ အပူ အနည်းငယ်သာ ထွက်တယ်။ ကြီးလျှင် ကြီးသလို ထွက်တဲ့ အပူ များတယ်။ ဒီနေရာမှာ တခု သတိပေးချင်တာက ဓါတ်ပေါင်းဖို အမျိုးမျိုး ရှိတယ်ဆိုတာပါဘဲ။ 

ဥပမာ သုတေသန လုပ်ငန်းအတွက် သို့မဟုတ် အနုမြူဓါတ်ကြွပစ္စည်းများ ထုတ်လုပ်ရန်အတွက် တည်ဆောက်ထားတဲ့ ဓါတ်ပေါင်းဖိုများ ရှိပါတယ်။ အဲဒိလို ဓါတ်ပေါင်းဖို တွေက ထွက်တဲ့ အပူပမာဏဟာ လျှပ်စစ်ဓါတ်ပေါင်းဖိုတွေနှင့်စာလျှင် အလွန်နည်းပါတယ်။ ကျွန်တော်တို့ ဆွေးနွေးနေတာက အနုမြူ လျှပ်စစ် အတွက်ပါ။ သို့ပါကြောင့် အောက်ပါ ကျွန်တော်ရေးမဲ့ အချက်အလက်တွေဟာ ဓါတ်အားပေး စက်ရုံများ (ဓါတ်ပေါင်းဖို အကြီးများ) အတွက်သာ မှန်ပါတယ်။ အချို့သော အချက်တွေဟာ သုတေသန (ဓါတ်ပေါင်ဖို အငယ်များ) အတွက် အတိအကျ မမှန်ဘူးလို့ ဆိုနိုင်ပါတယ်။

ဓါတ်ပေါင်းဖိုဆိုတာ အပူစွမ်းအင်သုံး စက်တခုပါဘဲ။ မော်တော်ကား အင်ဂျင်လိုပေါ့။ ထွက်လာတဲ့ စွမ်းအင် တချို့ကို အသုံးကျတဲ့ အလုပ် (မော်တော်ကား ဘီးများကို လှည့်ရန်) သို့မဟုတ် လျှပ်စစ် အဖြစ် အသွင် ပြောင်းလိုက်နိုင်တယ်။ ကျန် စွမ်းအင်ကိုတော့ စွန့်ပစ်အပူ အဖြစ် လေထဲ၊ သို့မဟုတ် ရေထဲကို လွှတ်ထုတ်ရတယ်။ ကားမှာဆိုလျှင် အင်ဂျင်မှ ရေပူကို ရေတိုင်ကီထဲ ရောက်လာတဲ့အခါ ပန်ကာ လေမှုတ်ပေးခြင်းဖြင့် အအေးခံတယ်။ ရေထဲက အပူကို လေထဲ ပို့လိုက်တာပါဘဲ။ ဒီနောက် အေးသွားတဲ့ ရေကို အင်ဂျင်ထဲ ပြန်ပို့လိုက်တယ်။ အဲဒိလို အင်ဂျင်နဲ့ ရေတိုင်ကီကြား လည်ပတ်နေတဲ့ ရေဟာ အလုံပိတ် ပတ်လမ်း (closed circuit) ထဲမှာ ရှိနေတဲ့အတွက် ဆုံးရှုံးမှု နည်းပါတယ်။ အင်ဂျင် အလွန်အကျွံ ပူပြီ ရေနွေးငွေ့ဖိအား (steam pressure) သိပ်များလာလျှင်တော့ အဆို့ရှင် (safety valve) ကနေ တချို့တဝက် ထွက်သွားနိုင်ပါတယ်။ အဲဒိအခါ ရေတိုင်ကီကို ရေထပ်ဖြည့်ရကြောင်း အားလုံးသိကြပါတယ်။

ဓါတ်ပေါင်းဖိုတွေမှာ အလုံပိတ်ပတ်လမ်း မှာသွားနေတဲ့ ရေက လုံးဝ ဆုံးရှုံးမှု မရှိပါ။ ဖိအား (pressure) အများကြီးပေးပြီး ပတ်လမ်းထဲမှာဘဲ နေစေပါတယ်။ ပြင်ပကရေ လိုအပ်တဲ့ နေရာ တခုဘဲ ရှိပါတယ်။ တာဘိုင်က ထွက်လာတဲ့ ရေနွေးငွေ့ကို အအေးခံပြီး ရေအဖြစ် ပြန်ပြောင်းဘို့ အတွက်ပါ။ ရေနွေးငွေ့ထဲက အပူကို တနည်းနည်းနဲ့ စွန့်ပစ်ရမယ်။ အနီးအနားမှာ ရေကန် သို့မဟုတ် မြစ်ရှိလျှင် လွယ်တယ်။ ရေနွေ့ငွေ့ သွားနေတဲ့ ပိုက်တွေကို မြစ်ရေနှင့် တွေ့ထိပေးလိုက်ရုံဘဲ။ ပြီးတဲ့နောက် အဲဒိရေကို မြစ်ထဲပြန်ပို့လိုက်တယ်။ မြစ်ထဲ ပြန်ရောက်သွားတဲ့ ရေဟာ နဂိုထက် နည်းနည်း နွေးတာပေါ့။ ဒါကြောင့် မြစ်ထဲက ငါးတွေ သေမလားလို့ စိုးရိမ်ကြတယ်။ သို့သော် ရေထုထည် အလုံအလောက်သုံးခြင်းဖြင့် အပူချိန် ကွာခြားမှု နည်းအောင် လုပ်နိုင်ပါတယ်။ ဒါက ရေပေါပေါများများ ရှိတဲ့ အရပ်မှာ သုံးတဲ့ ဒီဇိုင်း။

ရေရှားတဲ့ အရပ်မှာတော့ တာဘိုင်က ထွက်လာတဲ့ ရေနွေ့ငွေ့ပိုက်တွေကို လေမှုတ်ပေးခြင်းဖြင့် အအေးခံရတယ်။ မော်တော်ကား ရေတိုင်ကီ သဘောပါဘဲ။ ဒါပေမဲ့ ထွက်တဲ့ အပူပမာဏ များလွန်း ဒါကြောင့် လေတခုတည်းနှင့် မနိုင်ပါ။ အပေါ်ကနေ မိုးရွာသလို ရေဖြန်းပေးရပါတယ်။ အောက်က လေပင့်၊ အပေါ်က မိုးရွာပေါ့။ အဲဒိလို လုပ်ဘို့ အဆောက်အဦးကြီးတွေက အောက်ခြေကျယ်၊ အပေါ်မှာ ရှူးသွားတဲ့ ခေါင်းတိုင် ဝဝ ကြီးတွေနဲ့တူတယ်။ ခေါင်းတိုင်ကဲ့သို့ လေအတက်ကောင်းအောင် အမြင့်ကြီး ဆောက်ရလို့ "အအေးခံ မျှော်စင်" (cooling tower) လို့ ခေါ်ကြတယ်။ ရေရှားပါးတဲ့ အရပ်မှာ အနုမြူ ဓါတ်အားပေးစက်ရုံ တည်မယ်ဆိုလျှင် အအေးခံ မျှော်စင်တွေ လိုတယ်။

အအေးခံမျှော်စင်မှာ မိုးရွာတဲ့ရေ ဆုံးရှုံး သွားသလား လို့ မေးစရာရှိတယ်။ မဆုံးရှံုးပါ။ မျှော်စင်ရဲ့ အောက်ခြေမှာ ဇလားနှင့်ခံပြီး မိုးရွာဘို့ ပြန်သုံးပါတယ်။ သို့သော် တချို့တဝက်ကတော့ ရေငွေ့ ပျံပါတယ်။ မျှော်စင်ရဲ့ ထိပ်က အပေါက်ကြီးကနေ တိမ်လို ရေငွေ့တွေ ထွက်နေတာ တွေ့ရမယ်။ အဲဒိ အငွေ့ပျံသွားတဲ့ ရေကို အစားပြန်ဖြေ့ရပါမယ်။ ဒါကြောင့် ရေလိုပါတယ်။ လိုတဲ့ရေ ပမာဏက မြစ်ရေကိုသုံးပြီး အအေးခံတဲ့စက်ရုံရဲ့ ၁၀ ပုံ ၁ ပုံလောက်ရှိတယ်။

အခုဆက်ပြီး ရေရှားပါးတဲ့ အရပ်မှာ လည်ပတ်နေတဲ့ အနုမြူ ဓါတ်အားပေး စက်ရုံကြီးတခုကို နမူနာ အဖြစ် ကြည့်ကြရအောင်။ အမေရိကန် ပြည်ထောင်စု Arizona ပြည်နယ်၊ Phoenix မြို့ (ပြည်နယ် မြို့တော်နှင့် ပြည်နယ်၏ အကြီးဆုံးမြို့) ရဲ့ အနောက်ဖက် ၄၅မိုင်ကွာမှာ Palo Verde Nuclear Generating Station ။ Arizona ပြည်နယ်ဟာ မိုးခေါင်ရေရှား ဒေသပါ။ မြောက်ပိုင်းမှာ မိုးအသင့်အတင့် ရွာသောလည်း Phoenix ရှိရာ တောင်ဖက်ပိုင်းကို သဲကန္တာရလို့ သတ်မှတ်ပါတယ်။ မြေပုံမှာ ကြည့်လျှင် Palo Verde ဟာ မြစ်တခုရဲ့ ကမ်းခြေပေါ်တည်ပါတယ်။ ဒါပေမဲ့ အဲဒိမြစ်က မြန်မာပြည် အလယ်ပိုင်းက သဲချောင်းတွေလိုပါဘဲ။ မိုးရွာမှ ရေစီးတယ်။ အများအားဖြင့် ချောက်ခန်းနေတယ်။ ဒီတော့ ဓါတ်အားပေး စက်ရုံရဲ့ အအေးခံမျှော်စင်များအတွက် ရေကို ဘယ်က ရသလဲ။ အနီးအနား မြို့ရွာများက မိလ္လာစက်ရုံမှ ထွက်လာတဲ့ရေ (မစင်မှ ခွဲထုတ်ပြီး ရသောရေ) ကိုသုံးပါတယ်။ စက်ရုံမှာ ဓါတ်ပေါင်းဖို ၃ ခုရှိတယ်။ တခုစီက လျှပ်စစ်ဓါတ်အား ၁၂၇၀ မဂ္ဂဝဒ် (1270 mega-watt) ထုတ်ပေးဘို့ ဒီဇိုင်း ဖြစ်ပါတယ်။ ဓါတ်ပေါင်းဖို ၃ ခုပေါင်း လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဖြန်းမျှခြင်း ၃၃၀၀ မဂ္ဂဝဒ် (3300 MW) ထုတ်ပေးခဲ့ပါတယ်။

ရေအမြောက်အမြားရှိမှ အနုမြူစွမ်းအင် လုပ်လို့ရမယ်ဆိုတာ မမှန်ကြောင်း စာဖတ်သူတို့ လက်ခံနိုင်ပြီလို့ ကျွန်တော် ယူဆပါတယ်။ အချို့ကမေးမယ် - ရေ အလုံအလောက် မရလို့ တခါတလေ ဓါတ်ပေါင်းဖိုတွေ ရပ်ထားရတယ်ဆိုတာ မှန်ပါသလားလို့။ အဲဒိသတင်းက သတင်း အမှန်ပါ။ အမြဲတန်း ရေရှိတဲ့ မြစ်ကမ်းမှာ ဆောက်တယ်။ သို့သော် တနှစ်ကျမှ မကြုံစဖူး မိုးခေါင်ပြီး မြစ်ရေခန်းသွားလျှင် အဲဒိစက်ရုံ ဒုက္ခ ရောက်တာပေါ့။ အစကတည်းက ရေရှားပါးတယ်လို့သိပြီး ရေနည်းနည်းနဲ့ လည်နိုင်အောင် ဒီဇိုင်း လုပ်ထားတဲ့ စက်ရုံကတော့ အဆင်ပြေတာပေါ့။ မဖြစ်မနေ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်က အဓိကပါလို့ ပြောပါရစေ။