Breaking News

အေးငြိမ်း - လေးစားခြင်း အနုပညာ



အေးငြိမ်း - လေးစားခြင်း အနုပညာ 

(မိုးမခ) မေ ၂၉၊ ၂၀၁၉
(၁)

အင်္ဂလိပ်စကား၌ mutual respect ဟူသည် ရှိ၏။ မြန်မာစကားတွင်တော့ "ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ" ဟု လာသည်။

"ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား" ဟူသည်မှာလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားသမှုရှိကြရန် ဆုံးမထားခြင်း ဖြစ်၏။

လူ့ဘောင်လောကတွင် အဆင်ပြေပြေ နေရေးထိုင်နိုင်ရေး၌ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားသမှု ရှိရေးသည်လည်း အလွန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေ၏။

လူအားလုံးသာ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားသမှုနှင့် ဆက်ဆံပါက ဤကမ္ဘာလောကကြီး အလွန်သာယာလှပပေမည်။

လေးစားမှုနှင့်ပတ်သက်၍ ကျွန်ုပ် အမှတ်ထင်ထင် သတိရမိနေသည်မှာ ငယ်စဉ် ဒေသကောလိပ် ကျောင်းသားဘဝက သင်ခဲ့ရဖူးသည့် "မင်းကျော်၏ ဦးအောင်ကိုး" ဖြစ်ပါသည်။ ဤဆောင်းပါးကလေးမှာ "ကျွန်တော့်ဆရာများ" စာအုပ်မှ ထုတ်နုတ် ထားခြင်း ဖြစ်၏။

ဆရာဦးအောင်ကိုးသည် ကျောင်းသားများကို လေးလေးစားစားဆက်ဆံ၏။ ကျောင်းသားများကို ကို - တပ်၍ ခေါ်၏။ 

တစ်ခါတွင် ဆရာဦးအောင်ကိုးအား အမှိုက်လှည်းသည့်သူနှင့် စကားပြောနေတာကို တွေ့ကြရ၏။ ဆရာ့ပုံစံမှာ ဆရာ တစ်ယောက်က ဆုံးမနေသည်ကို ခံယူနေသည့် တပည့်တစ်ယောက်ကဲ့သို့ဖြစ်၏။ အမှိုက်လှည်းသူက ပြောပြနေသည်ကို ခေါင်းကိုညွတ်ကာ တလေးတစား နားထောင်နေလေ၏။ ပြီးတော့မှ အမှိုက်လှည်းသူကို ဦးညွတ်နှုတ်ဆက်ကာ ထွက်ခွာလာ၏။ တပည့်များနှင့်တွေ့သောအခါ -

"ကိုကျော်ဆွေတို့ကို ဆရာမြင်ပါတယ်။ သို့ပေမယ့် ဆရာမသိတာလေးတစ်ခု ဟို အမှိုက်လှည်းဆရာဆီမှာ မေးမြန်းနေတာနဲ့ ဆရာလှမ်းနှုတ်မဆက်ဖြစ်တာပဲ။ ဆရာမသိတာ သူ့ကို မေးရတော့ သူက ဆရာ့ဆရာဖြစ်နေတယ် မဟုတ်လား။ ဆရာက ရှင်းလင်း ပြောပြနေချိန်မှာ တပည့်တစ်ယောက်အနေနဲ့ တခြားကို အာရုံမရောက်သင့်ဘူး မဟုတ်လားကွဲ့"

- ဟု ပြောလေသည်။ ထိုမျှသာမက -

"ဒီလိုပဲကိုကျော်ဆွေတို့ရေ၊ ငါဆရာပဲဆိုပြီး အရာရာမှာ ဆရာချည်းထင်နေလို့ မဖြစ်ဘူးကွယ့်။ လောကကြီးမှာ ကိုယ်မသိတာတွေ အများကြီးပဲ။ ဒို့ဘုရားအလောင်း မဟာဇနက္ကမင်းအောင် ကစားနေတဲ့ မိန်းကလေးကို ဆရာတင်ခဲ့သေးတာပဲကွယ်။ ခု ဆရာက အမှိုက်လှည်းဆရာကြီးကို ဆရာတင်တာ မမှားပါဘူးကွယ်နော်"

- ဟု ပြောခဲ့လေသေး၏။

မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ သမားများ ဆင်ခြင်ကြရန် ဖြစ်ပါ၏။

(၂)

လေးစားခြင်း နှင့်ပတ်သက်၍ ကျွနု်ပ် နှလုံးသားကို နက်ရှိုင်းစွာစူးဝင်ခဲ့သည့် ဆူးတစ်ချောင်းအကြောင်း ပြောပြပါရစေဦး။

ကျွနု်ပ် အသက် (၈) နှစ်လောက်က ထင်ပါသည်။
ကျွနု်ပ်တို့အိမ်တွင် လယ်အကူလုပ်သားအဖြစ် ကိုအေးလှိုင်ကို ခေါ်ထား၏။
ကိုအေးလှိုင်က ကျွနု်ပ်တို့မောင်နှမများကို အလွန်ချစ်၏။ ကျွနု်ပ်တို့ကလည်း သူ့ကို လယ်အကူလုပ်သားအဖြစ် သဘောမထား။ အစ်ကိုကြီးတစ်ယောက်လိုသာ ဆက်ဆံခဲ့၏။

တစ်ခါသော် ကျွနု်ပ်တို့ရွာ၌ အလှူပွဲတစ်ခု ကျင်းပ၏။ ရွာများ၌ အလှူလုပ်သည့်အခါ တစ်ရွာလုံး မီးခိုးတိတ်လာစားကြတာ ထုံးစံ ဖြစ်၏။ ဝမ်းနည်းစရာကောင်းသည်မှာ ကျေးလက်တောရွာများ၌ ကလေးများကို လူဟု မသတ်မှတ်ခြင်း ဖြစ်၏။ ကလေးတွေမို့လို့ အနားလာလျှင် အဲဒီကလေးတွေ ရှုပ်ကိုရှုပ်တယ်။ သွားကြ။ တခြားသွားကစားကြ။ နင်တို့နဲ့ ဘာဆိုင်သလဲ ဟူ၏ မောင်းလွှတ်လေ့ ရှိ၏။ အလှူများတွင် ကလေးများကို မည်သူကမှ ဂရုတစိုက် သေသေချာချာ ကျွေးတာမွေးတာမရှိ။ လူကြီးတွေ အသားကုန် စားသောက်ပြီးမှ ကလေးတွေမှာ ဖြစ်သလို စားကြရတာ ဖြစ်၏။

ရွာထုံးစံအရ ကာလသားများက တစ်ယောက်လျှင် ထမင်းစားပွဲတစ်ဝိုင်း တာဝန်ယူကာ ဧည့်သည်များကို ကျွေးကြမွေးကြရ၏။ ဆိုတော့ ကိုအေးလှိုင်လည်း ထမင်းစားပွဲတစ်ဝိုင်း တာဝန်ယူ ကျွေးမွေးရသပေါ့။

ထမင်းစားချိန်ရောက်တော့ လူကြီးများကို ပထမဦးစွာကျွေး၏။ ကိုအေးလှိုင်က လူကြီးများစားနေသည့်ဝိုင်းတွင် ကျွနု်ပ်ကို တစ်နေရာပေးကာ ဝင်စားစေ၏။ လူကြီးဝိုင်း၌ ကလေးတစ်ယောက် ဝင်စားနေသည်ကို မြင်သည့်အခါ ကျွနု်ပ်၏ ဘကြီးတော်သူ ဘကြီးငအုန်းမှာ အလွန်တရာမှ ဒေါသပုန်ထလျက် ကျွနု်ပ်ထမင်းစားနေရင်း တန်းလန်း ဆဲဆိုကြိမ်းမောင်းကာ အတင်း ဆွဲထုတ်လေ၏။

ကျွနု်ပ်အသက် (၈) နှစ်လောက်က ကြုံတွေ့ခဲ့ရသည့် အလွန်ခါးသီးလှသော ဤဖြစ်ရပ်ကို ယခု အသက် (၆၀) နားနီးနေသည့် တိုင် မနေ့တစ်နေ့ကကဲ့သို့ မှတ်မိနေပါသေးသည်။ ကျွနု်ပ်နေရာ၌ အသင်မိတ်ဆွေအပေါင်းတို့ ဝင်ရောက်ခံစားကြည့်ပါဘိ။

သို့သော် ဤဖြစ်ရပ်က ကျွနု်ပ်အား "ငါ - ကလေးတွေကို ဘယ်တော့မှ မလေးမစား မဆက်ဆံဘူး" ဟူသော ကတိကဝတ်တစ်ခုကို ပေးခဲ့လေ၏။

ကလေးများသည် နောင်တစ်ချိန် လူကြီးဖြစ်လာမည့်သူများဖြစ်၏။ လူကောင်းသူကောင်းများဖြစ်လာစေရန် ကလေးဘဝ ကတည်းက စတင် ပြုစုပျိုးထောင်ပေးရန် လို၏။ စားတာ၊ သောက်တာ၊ နေတာထိုင်တာ၊ တွေးတာခေါ်တာ၊ ပြောတာဆိုတာ၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံတာ အားလုံးကို သွန်သင်ညွှန်ပြပေးရမည်။ ကလေးများကို လူရာမသွင်းသော လူ့အသိုင်းအဝိုင်းတစ်ခုသည် မည်သည့်အခါမှ အသုံးကျသည့် လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်မလာနိုင်ဟု ကျွနု်ပ်က ရဲရဲကြီး ဆိုလိုက်ပါ၏။

နောက်တစ်ခုမှာ လူကြီးသူမများရှေ့၌သာ ခါးကုန်းပြီး အရိုအသေပေး သွားရမည်ဟု ကလေးများကို သွန်သင်သည်။ အချင်းချင်း အပြန်အလှန် လေးစားဘို့အရေး ဆုံးမထားတာကိုတော့ မတွေ့မိဟု ကျွနု်ပ်ထင်ပါသည်။

ကျွနု်ပ်တို့လူမျိုးများလောက် လောကနီတိအကြောင်းပြောသူ၊ ပြည်သူ့နီတိဟု ကြုံးဝါးသူ ဤကမ္ဘာပေါ်၌ မရှိနိုင်ဟု ထင်၏။ သို့တိုင် သည်လောကနီတိဆိုသည်ကို မည်သူတစ်ဦးတစ်ယောက်သည် ကျကျနန သင်ယူလေ့လာဖူးပါသနည်း။ ပြည်သူ့နီတိဆိုတာ မည်သူ သေသေချာချာ ဖတ်ရှုကျင့်သုံးဖူးပါသနည်း။

ဤကဲ့သို့ လောကနီတိ၊ ပြည်သူ့နီတိအကြောင်း မသိ၍ပင် မီးသတ်တပ်ဖွဲ့ရှေ့၌ ငါးအစိမ်းလာရောင်းသည့်အသည်မျိုးကို ကြုံတွေ့ကြရခြင်း ဖြစ်၏။

ကျွနု်ပ်အနေနှင့်မူ ဤဖြစ်ရပ်ကို ထူးဆန်းသည်ဟု မမြင်မိပါ။ ဤဖြစ်ရပ်နှင့် ဆင်တူကြောင်းကွဲဖြစ်ရပ်များ မြန်မာနိုင်ငံအနှံ့အပြား၌ နေ့စဉ် ကြုံတွေ့နေကြရတာ ဖြစ်၏။ ဤဖြစ်ရပ်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် မလေးစားခြင်း၏ အကျိုးရလဒ် ဖြစ်သတည်း။

(၃)

တစ်ခါကလည်း စစ်ထဲ၌ မြန်မာခွေးများကို အဘယ်ကြောင့် သုံးလု့ိမဖြစ်ကြောင်း ရှင်းပြထားသည့် စာတစ်ပုဒ် ဖတ်ဖူးပါသည်။

မြန်မာအိမ်များတွင် အိမ်ရှေ့ခြေနင်းခုံကို ခွေးကတက်ဟု ခေါ်၏။
ခွေးအိပ်သောနေရာဖြစ်၍ ခွေးကတက်ဟု ခေါ်ခြင်းဖြစ်၏။ ဤနေရာတွင် ခွေးများအိပ်ကြရ၏။
မြန်မာခွေးများမှာ စားကြွင်းစားကျန်၊ အရိုးအရင်းများကိုသာ စားကြရ၏။ အိမ်ပေါ်ဆို၍ ခွေးကတက်ထိသာ တက်ခွင့်ရ၏။
ဆိုတော့ ခွေးများမှာ အလိုလိုနေရင်း အငုံ့စိတ် ဝင်နေ၏။
ခွေးများမှာ လူလူသူသူ (ဟုတ်ပေါင်) ခွေးခွေးသူသူ ဆက်ဆံမခံရ၍ မည်သည့်အခါမှ လူကြီးလူကောင်း (ဟိုက် - မှားပြန်ပဟ) ခွေးကြီးခွေးကောင်းစိတ်ဝင်နိုင်မည်မဟုတ်။ ကလေကချေခွေးစိတ်သာ ဝင်နေပေသည်။

အနောက်တိုင်းမှ ခွေးများမှာမူ သူတို့ကို လူကဲ့သို့ပင် တလေးတစားဆက်ဆံ၊ လူကဲ့ပင် ကျွေးမွေးပြုစုထားသည့်အတွက် သူတို့မှာ ခွေးကြီးခွေးကောင်းစိတ် ရှိသည်။ ခွေးနေမြင့်သည်။ သို့အတွက် ၎င်းတို့ကို အမိန့်ပေးလျှင် တသဝေမတိန်း လိုက်နာသည်။
သို့သော် မြန်မာခွေးများမှာ မည်မျှ အမိန့်ပေးနေသည်ဖြစ်စေ သူတို့စိတ်ရှိမှ ထလုပ်သည်။ ဤကဲ့သို့သော ခွေးများကို အလွန် အရေးကြီးသည့် စစ်ပွဲလိုနေရာမျိုး၌ မည်ကဲ့သို့ သွားသုံးရပါမည်နည်း ဟု ရှင်းပြထား၏။

(မည်သူရေးသည့် မည်သည့်စာအုပ်ဟု မမှတ်မိတော့ပါ။ မှတ်မိသူများ ပြန်လည် ဝေမျှကြပါကုန်)

ယခု တက္ကသိုလ်များကို လူမနီးသူမနီးသည့်အရပ်များတွင် တည်ထားကြပါသည်။
ထိုနေရာများ၏ နီးပတ်ဝန်းကျင်၌ ရွာများသာ ရှိပါသည်။
ထို့ကြောင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၌ ကျေးလက်တောရွာများ၏ ဓလေ့စရိုက်များသာ ထွန်းကားလာတော့၏။
ထိုကျောင်းသားကျောင်းသူများကိုလည်း မည်သူကမှ လူလူသူသူ အရေးစိုက်ကာ တလေးတစား ဆက်ဆံတာမျိုးမရှိ။
၎င်းတို့ကိုယ်နှိုက်ကလည်း လူကြီးလူကောင်းတို့၏ အမူအကျင့်ဆိုသည်မှာ အဘယ်နည်းဆိုတာကို မသိကြတော့။

ဤဥပမာတစ်ခုတည်းနှင့်ပင် လူတစ်ယောက် လူလူသူသူဖြစ်လာရေး၌ ထိုသူကို တလေးတစား ဆက်ဆံရေးမှာ မည်မျှ အရေးပါလှသည်ကို အသင်မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ပြတ်ပြတ်သားသား သိမြင်နိုင်လေသည်။

(၄)

ယခုတော့ မပြောတတ်ပါ။
ယခင်အခါ ကာလများဆီကမူ ကျွနု်ပ်မှာ အစိုးရ ရုံးပြင်ကနားသွားရမှာထက် ကျားဖင်သာ ပြေးနှိုက်လိုက်ချင်လေသည်။
ကျွနု်ပ်တို့ သာမန်ပြည်သူများ အစိုးရရုံးများသွားသည့်အခါ မည်သူသည် ဂရုစိုက်ကာ တလေးတစား ဆက်ဆံပါသနည်း။
မည်သူကများ ပြုံးပြုံးရွှင်ရွှင်နှင့် ဆီးကြိုနှုတ်ဆက်ပါသနည်း။

ကျွနု်ပ်တို့မှာ ၎င်းတို့ရှေ့၌ မျက်နှာငယ်ကလေးများနှင့် ရပ်လျက် ကိုယ့်ဘက်လှည့်လာဘို့အရေး ရင်တမမနှင့် စောင့်မျှော်နေကြရတာ ဖြစ်၏။ ကျွနု်ပ်တို့မှာ ၎င်းတု့ိ၏ပစ္စည်းဥစ္စာများကို မတရားသွားတောင်းတာလည်း မဟုတ်ပါဘဲလျက် အဘယ်ကြောင့် ကျွနု်ပ်တို့ကို ဤကဲ့သို့ဆက်ဆံသည်ကို ယနေ့အထိ ကျွနု်ပ် နားမလည်နိုင်ပါ။

ဤသည်မှာ ပုံပြင်မဟုတ်။ အလွန်အင်မတန် ယဉ်ကျေးလှပါသည်ဟု အသင်တို့ထင်နေသည့် ကျွနု်ပ်တို့မြန်မာပြည်ကြီး၌ အမှန်တကယ် ဖြစ်နေတာ ဖြစ်လေသည်။

ကျွနု်ပ်တို့တိုင်းပြည်၌ ဝမ်းနည်းစရာကောင်းလောက်အောင်ပင် လေးစားခြင်းတရားများ ပျောက်ဆုံးနေလေ၏။

လူကြီးများက ကလေးများကို မလေးစား။
လူကြီးဆိုသူများက မိမိလက်အောက်ငယ်သားများကို မလေးစား။
ကျောင်းဆရာများက ကျောင်းသားကို မလေးစား။
သားသမီးများကို မိဘများက မလေးစား။
အရောင်းဆိုင်ဝန်ထမ်းများက ဈေးဝယ်သူများအား မလေးစား။
အစိုးရဌာနများက မိမိဌာနသို့ ရောက်လာသူများအား မလေးစား။

အကယ်၍ အကြင်သူ တစ်ဦးတစ်ယောက်သည် တန်ဘိုးကြီးသော အဝတ်အစားများကို ပြောင်ပြောင်ယောင်ယောင်၊ လှလှပပ ဝတ်မလာဟု ဆိုငြားအံ့။ ထိုသူသည် တစုံတစ်ယောက်ထံမှ လေးစားခြင်းရဘို့ရာ မမျှော်လင့်ပါနှင့်။ ဤအရေးမှာ တုသိတာနတ်ဘုံ က နတ်သမီးကို ရည်းစားစာပေးဘို့ထက်ခက်လေသည်။

နိဂုံးချုပ်ရလျှင် -

ယနေ့မှစ၍ ကျွနု်ပ်တို့သည် ပျောက်ဆုံနေသော နိဗ္ဗာန်ဘုံ (ဟုတ်ပေါင်) ပျောက်ဆုံးနေသော တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားသမှုတို့ကို ပြန်လည်တည်ဆောက်ကြပါစို့။

ကျွနု်ပ်တို့သည် -
အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ဘာရားထူးမှ မရှိသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ပညာမတတ်သူဖြစ်စေ၊ ပညာတတ်သူဖြစ်စေ။ မိမိသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ။

မည်သူ့ကိုမဆို လေးလေးစားစားနှင့် ဆက်ဆံကြပါစို့ဟု -
အလေးအနက် တိုက်တွန်းလိုက်ရပါသတည်း။

လူအချင်းချင်း မလေးစားခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈၊ မေလ၊ ၂၀၁၉