Breaking News

လူနှင်းချို (မတ္တရာ) - ကီးချော်သူများ



လူနှင်းချို (မတ္တရာ) - ကီးချော်သူများ

မိုးမခ၊ မေ ၁၆၊ ၂၀၁၉

သူ ကီးချော်နေသည်။

ထိုပြောဆိုချက်ကို အငြင်းပွားမည်ဆိုလည်း ပွားနိုင်ပါသည်။ ကီးချော်သူကတော့ အမှန်တကယ်ကီးချော်နေခြင်းဖြစ်သည်။ ကီးချော်နေခြင်းကြောင့် ဆိုင်ရာအရည်အသွေးတို့၏ မူလဂုဏ်ရည်များလည်း ပျက်ယွင်းလျက်ရှိသည်။ ထိုပျက်ယွင်းခြင်းများကြောင့် စိတ်မခံသာခြင်းနှင့်အရသာပျက်ြခင်းများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။
ထူးခြားသည်မှာ ကီးချော်သူက ထိုအခြေအနေများကို မရိပ်စားမိတတ်။ ငါမှန်ပါတယ်ဆိုသည့် ရပ်တည်ချက်ဖြင့်သာ ဆက်လက်၍ကီးချော်နေတတ်လေသည်။
သည်ကိစ္စက တော်တော်အပြောရခက်သည့်ကိစ္စ။ လူတိုင်းနားလည်လက်ခံနိုင်အောင် ရှင်းပြဖို့လည်းမလွယ်ချေ။ တတ်မြောက်အောင် ပို့ချလို့လည်းမရချေ။ မွေးရာပါဗီဇတစ်မျိုးဟုဆိုရာသည်။ မွေးရာပါဗီဇကိုပြင်ရန်မှာတစ်ဘဝတည်းနှင့် ရချင်မှရမည်။
ကီးချော်သူများကား နေရာစုံနယ်ပယ်စုံတွင်မရှားပါချေ။ မူလဂုဏ်ရည်ဖျက်ဆီးသူများအဖြစ် နေရာဌာနအမျိုးးမျိုးတွင် ပေါ်ပေါ်ထင်ထင်ကြီးရှိနေတတ်လေသည်။
လူ့အဖွဲ့အစည်းဆိုသည်မှာ ကိုယ်မှန်တယ်ထင်တိုင်း စွတ်စွတ်ရွတ်ရွတ်လုပ်၍မရသော ဖွဲ့စပ်မှုတစ်ခုဖြစ်ပါသည်။ ဖွဲ့စပ်မှုဆိုသည့်အတိုင်း အတွေးအခေါ်များဖွဲ့စပ်ထားခြင်းြဖစ်သည်။ အယူအဆများ ဖွဲ့စပ်ထားခြင်းဖြစ်သည်။ နှလုံးသားများအထိ ဖွဲ့စပ်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ငါမှန်တယ်ကွာ ဘာဖြစ်လဲ ဟူ၍ လုပ်မရတော့ချေ။
အမှန်ဟူသမျှ အလုံးစုံသိတော်မူသည့် ဗုဒ္ဓသည်ပင် ငါမှန်တယ်ကွာ ဘာဖြစ်လဲ ဝါဒမကျင့်သုံးခဲ့ချေ။ ဝိဘဇ္ဇဝါဒဖြင့်သာ ဝေဖန်ဆန်းစစ်တော်မူခဲ့ပါသည်။
ကီးချော်နေသူများကတော့ ကိုယ့်ကိုယ်ကိုယ် ဝိဘဇ္ဇဝါဒဖြင့်မချဉ်းကပ်တတ်ချေ။ ကီးချော်လျက် စည်းချော်လျက် မူလဂုဏ်ရည်အရည်အသွေးများကိုဖျက်ဆီးနေတတ်သည်။။ လောကကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်နေလေ့ရှိသည်။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆


လူပုံအလယ်တွင် ပေါ်လွင်ချင်၍လား၊ အလွန်ဝါသနာထုံ၍လားတော့ မသိ။ မိတ်ဆုံစားပွဲတစ်ခုတွင် ကြုံခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်ဒီအကြောင်းလေး တေးထပ်ရေးထားတာ ရွတ်ပြပါရစေဆိုပြီး ထရွတ်ပါတော့သည်။

‌သူ့အကြောင်းတစ်ဝိုင်းလုံးသိပြီးဖြစ်သည်။ တက်သံ၊ သက်သံ၊ တိုင်သံ စသည်အသံများကို တစ်လုံးတစ်ပါဒမှနားမလည်။ အခံပိုဒ် အအုပ်ပိုဒ် အတက်ပိုဒ်များကိုလည်း မကြားဖူး။ ထိုသူက တေးထပ်ရေးပြီး ဆိုပြပါရစေဟူ၍ဝံ့စားရဲတော့ တစ်ဝိုင်းလုံးက မော့ကြည့်နေကြသည်။ ဘာမှ မတတ်မှန်းသူသိတွေကလည်း အံ့သြလျက် မေ့ာကြည့်နေကြသည်။ နားကို ဟိုပွတ် ဒီပွတ် မသိမသာလုပ်ရင်း ငြိမ်ခံနေလိုက်ရသည်။ ထိုသူ့အဆိုအဟဲပြီးမှ ငရဲကလွတ်သလိုခံစားလိုက်ရသည်။ တစ်လုံးမှမမှန်သည့်တိုင် သူက လိုက်မိတ်ဆက်နေသေးသည်။ သူတော် တော်စွမ်းသလိုမျက်နှာပေးနှင့်၊ အောင်နိုင်သူတို့၏အပြုံးစစနှင့်။ ကိုယ့်ကိုယ်ကိုယ် တေးထပ်၏မူလဂုဏ်ရည်ဖျက်ဆီးသူအြဖစ် ဘယ်လိုမှမထင်စား။ ဘယ်ဘုရားလာဟောလို့မှ မကျွတ်လွတ်နိုင်သည့် ညာဉ်စရိုက်ရှိသူမှန်းထင်ရှားလှပါသည်။

လူ့အဖွဲ့အစည်းကို အားမနာတတ်သောသူများနှင့် နေထိုင်ရသည့်ဒုက္ခသည်လည်း ငရဲနှင့်မခြားပါချေ။ထိုငရဲကို ကီးချော်သူတို့ ဖန်တီးထားလေသည်။ကီးချော်နေ သည့်အပြုအမူများနှင့် ဆိုင်ရာဖွဲ့စပ်မှုကို ဖျက်ဆီးတတ်လေသည်။လူ့အဖွဲ့အစည်း၏ မူလဂုဏ်ရည်သည်လည်း ထိုသူတို့ကြောင့် လျော့ရဲလျက်ရှိသည်။
လေထန်လျှင်သစ်ပင်များ ယမ်းခါတတ်သည်။ တစ်ပင်တည်းဆိုလျှင် ပြိုလဲသွားနိုင်သည်။ ခါရမ်းနေသည့်သစ်ပင်များ စုပေါင်းထား၍ ထိုသစ်များမလဲပြိုတော့။ လူ့အဖွဲ့အစည်းသည်လည်း ထိုသဘောဖြစ်သည်။ အစုအဖွဲ့ဖြင့်စည်းနှောင်လျက် ပြိုလဲမှုများကို ခုခံထားခြင်းဖြစ်သည်။ ကျားကန်ထားခြင်းဖြစ်သည်။ ထိုအထဲ ကီးချော်သူများကမဖိတ်ခေါ်ဘဲ ရောက်လာ တတ်လေသည်။ ထိုသူတို့ရောက်လတ်သော် တည်ငြိမ်သောမူလဂုဏ်ရည်တို့ ပျက်ယွင်းသွားရမြဲဖြစ်သည်။
လူ့အဖွဲ့အစည်းတိုင်းတွင် သူ့ကီးနှင့်သူရှိသည်။ ထိုကီးအတိုင်းသာ လှုပ်ရှားရှင်သန်ကြသည်။ ကီးမကိုက်သူများ ရောနှောနေ၍ မရချေ။ ကျီးသည် ဒေါင်းတို့၏ကီးနှင့်မကိုက်။ ဒေါင်းယောင်ဆောင်၍လည်း ဒေါင်းမဖြစ်။ ဒေါင်းကီးနှင့် ကျီးကီး ဘာမှမဆိုင်။ ကျီးသည် ကျီးကီးအတိုင်းသာ ရှင်သန်လှုပ်ရှားနိုင်သည်။ ဒေါင်းတို့အလယ်ရောက်ရောက်စေဦး တော့။ ဒေါင်းကီးနှင့် ရှင်သန်၍မရ။ ဒေါင်းတို့၏မူလဂုဏ်ရည်သာ ကျီးကြောင့်ပျက်ယွင်းသွားနိုင်သည်။
ဂီတနယ်တွင် ကီးချော်လျှင်လည်း လက်ခံ၍မရ။ စည်းချော်လျှင်လည်း မဝင်ဆံ့ချေ။ ဝါသနာပါလွန်းလို့ပါဟူ၍အတွန့်တက်လာသူများလည်း ရှိသေးသည်။ မည်မျှအတွန့်တက်သည်ဖြစ်စေ ဂီတနုတ်များနှင့် သတ်မှတ်ထားသည့်စည်းဝါးများက ခွင့်မလွှတ်ချေ။ သို့သော် အတင်းတိုးဝင် ကီးချော်သူများရှိနေလေသည်။
ခက်နေသည်မှာ ကီးချော်နေသူ သို့မဟုတ် ကီးကိုနားမလည်သူသည် ကိုယ့်ကိုယ်ကိုယ်အမှန်ချည်းထင်နေခြင်းဖြစ်သည်။ ဂီတနှင့် ပမာပြုလျှင်ပိုထင်ရှားသည်။
တီးနေသည့်ကီးလည်းမဝင်။တေးသွား၏စည်းနှင့်တက်တက်စင်လွဲနေသော်လည်း မှင်မောင်းကောင်းကောင်းသီဆိုသူများကို မကြာမကြာတွေ့နေရသည်။ ဝင်ချင်တဲ့နေရာ ဝင်ဆိုသည်။ နားချင်တဲ့နေရာ နားသည်။ အော်ချင်သလိုအော်သည်။ သီချင်း၏်မူလဂုဏ်ရည်မှာ ထိုသူများကြောင့်အ ဖတ်ဆယ်မရဖြစ်သွားလေသည်။ နားလည်သူများ၏နား၌လည်း သံရည်ပူမြစ်ကြီး ထိုးဆင်းလာသလို တော်တော်ခံလိုက်ရသည့်အခြေအနြေဖစ်သည်။
ပြု ပြင်ပေး၍လည်းမဖြစ်နိုင်။ ကီးမှန်စည်းမှန်သည် ထိုသူ့နှလုံးသားနှင့်ဦးနှောက်တွင်မရှိ။ သူဝင်လိုက်ထွက်လိုက်လုပ်သည့်ေနရာသာ သူ့စည်းဝါး။ သူဝင်အော်သည့် အသံသာ သူ့ကီး။ သူကိုယ်တိုင်လည်း အမှန်မသိခြင်းကြောင့် အမြဲမှန်တယ်ထင်နေလေသည်။ လူ့အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်ကြီးသည့် 'အထင်'တစ်ခုဖြစ်ပါသည်။
ကီးချော်နေသောလူတန်စားများကြောင့် တည်ငြိမ်ရပ်ဝန်းများ အကျည်းတန်ခဲ့သည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ တည်ငြိမ်အေးမြခြင်းက ထိုသူတို့လက်ချက်ဖြင့် ဗလောင်ဆူရပ်ဝန်းတောင်ဖြစ်သွားနိုင်သည်။ ကမၻာလောကတွင် ဗလောင်ဆူရိပ်မြုံဟူ၍ မရှိစကောင်းချေ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆


ဆင်ခြေဖုံးရပ်ကွက်တွင် ဆင်ခြေဖုံးကီးရှိသည်။
သူကြွယ်တန်းတွင် သူကြွယ်တန်းကီးရှိသည်။ 

သူကီးနှင့်သူ ပြေလည်ချောမွတ်စွာ ရှင်သန်လှုပ်ရှားကြရသည်။ ဆင်ခြေဖုံးဖြစ်စေ သူကြွယ်တန်းဖြစ်စေ လူ့အဖွဲ့အစည်းတစ်ခု၏ အတွင်းသား များသာဖြစ်သည်။ လူ့ကီးတစ်ခုတည်းအဖြစ်သာ ရှုမြင်ရာသည်။ ဆင်ခြေဖုန်းကလူတွေနဲ့ပေါင်းရတာ ကီးမကိုက်ပါဘူးကွာဟူ၍ မဆိုသာချေ။ အသာစီးရသူတို့က အလိုလိုကီးချော်သည့် အတွေးစများ ပူးဝင်နေတတ်သည်။ ထိုရော်အခါ၌ ကမောက်ကမ လူ့အဖွဲ့အစည်းဆီသို့ ဦးတည်သွားတတ်သည်။
လက်ဖက်ရည်ဆိုင်စားပွဲထိုးလေးများက ဆိုင်ရှင်ကိုနင်းနှိပ်ပေးနေရသည်မှာ အကြည့်ရဆိုးလှသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ စားပွဲထိုးသည် အနှိပ်သည်မဟုတ်ချေ။ ဆိုင်ကိစ္စ အဝဝသာ သူ့ကီးဖြစ်သည်။ မခိုမကပ် မှန်မှန်လုပ်လေသမျှ ကီးချော်သူမဟုတ်ချေ။ အသာစီးရသူဆိုင်ရှင်ကသာ ယုတ်ညံ့စွာ ကီးချော်နေခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းကို ဗလောင်ဆူစေ သူလည်းဖြစ်သည်။ အသာစီးရသူတို့၏ အတွေးအကြံများသည် လောကကိုညစ်ထေးစေသည်မှာ တစ်ခါတရံမကတော့။
အသာစီးရလျှင် အမြတ်ထုတ်ဖို့တွေးပါဟူ၍ မည်သည့်စာသင်ကျောင်းကမှ သင်မပေးလိုက်ပါ။ ထိုကီးချော်ချက်မျိုးကို မည်သည့်လူ့အဖွဲ့အစည်းကမှလည်း လက်ခံမည် မဟုတ်ချေ။ လူ့အဖွဲ့အစည်းသည် ညစ်ထေးသောအတွေးရှိသူများသာရှိသည့် ရပ်ဝန်းမဟုတ်ပါ။
နိုင်ငံရေးလောကတွင် နိုင်ငံရေးကီးရှိသည်။ နိုင်ငံရေးစည်းနဲ့ဝါးရှိသည်။ နိုင်ငံရေးစည်းဝါးမတတ်ဘဲ နိုင်ငံရေးစင်မြင့်တွင်ဝင်ရောက်ေဖျာ်ဖြေလျှင် ကီးချော်မည်သာဖြစ်သည်။ နိုင်ငံ ရေး ကီးချော်သူများကြောင့် တိုင်းပြု ပြည်ပြုအရေးများပါ ကီးချော်မည်။ ထိုရော်အခါ တိုင်းပြည်နစ်နာမည်။ အကျိုးဆက်အားဖြင့် တိုင်းပြည်ရှေ့ခရီးမပေါက် ဖြစ်တတ်ပါသည်။
တရားရုံးတွင် သေချာပေါက် တရားရှိပါသည်။ တရားဥပဒေ၏သဘောမှာ တည်ငြိမ်အေးမြသည့်သဘောဖြစ်ပါသည်။ တရားသူကြီးများ ကီးချော်လျှင်သာ တရားဆိုသောအရာက ယိမ်းယိုင်သွားခြင်းဖြစ်သည်။ တရားရုံးတွင် အသာစီးအရဆုံးမှာ တရားရေးမင်းဖြစ်သူ တရားသူကြီးသာဖြစ်ပါသည်။ ထိုသူတို့ ကီးချော်၍သာ တရားရုံး၌တရားပျောက်ဆုံးခြင်းြဖစ်ပါသည်။
ကီးမှန်စည်းဝါးမှန်သည့် တရားစီရင်ထုံးများကသာ တရားဥပဒေ၏တည်ငြိမ်အေးမြသောသဘောကိုသက်ဝင်ခံစားနိုင်ပါသည်။ လူ့အဖွဲ့အစည်းအတွက် အလွန်အရေးပါသောထိုရပ်ဝန်းမျိုးထဲ ကီးချော်သူတို့ဝင်ထွက်နေလျှင် ထိုလူ့အဖွဲ့အစည်းအတွက် အန္တရာယ်အငွေ့အကျရောက်နေခြင်းလည်း ဖြစ်ပါသည်။
သူ့ကီးနှင့်သူလျှောက်သောလမ်းမများ ဖြောင့်တန်းနေပါလျက် ကီးချော်သူတို့ကြောင့် ပွေလိမ်ရှုပ်ထွေးရသည်မှာ ကံတရားတစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ပါချေ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆


နှစ်သစ်ကူးအခါသမယ။ရွာသားများစုေပါင်း၍ ရွာဦးစေတီကို ထုံးသင်္ကန်းကပ်နေသည့်မြင်ကွင်းမှာ အလွန်ကြည်နူးစရာကောင်းပါသည်။ ရွာသားများ၏တတ်နိုင်သည့်အလှူဒါန လည်းဖြစ်သည်။ ရွာသားများ၏ ညီညွတ်လှသော ကီးတစ်ခုလည်းဖြစ်သည်။ ထုံးမွှေသူကမွှေ၊ ထုံးခပ်သူကခပ်၊ စေတီငြမ်းအဆင့်ဆင့် တက်ပေးသူကပေး၊ ထုံးသုတ်သူက သုတ်၊ တေး တကြော်ကြော်နှင့်။

ညီညွတ်ခြင်းကီး၊ ချမ်းမြေ့ခြင်းကီး စသည်ဖြင့် ကီးမှန်စည်းမှန်ဖြစ်နေသည့် အခြေအနေကောင်းတစ်ခုဖြစ်ပါသည်။ သည်မျှ လှပသောမြင်ကွင်းမျိုး ကမ္ဘာအနှ့ံ့ မည်သည့်နေရာမှ ရှာမရနိုင်ပါ။
ကီးချော်သူရွာသူကြီးက ထိုအခြေနေကောင်းတစ်ခုကို လာရောက်ဖျက်ဆီးသွားပါသည်။ မြို့ကသူ့မိတ်ဆွေသူဌေးဆိုသူများက ရွှေသင်္ကန်းကပ်ဖို့ပြောပြီးသားဟူေသာ အကြောင်း ပြချက်ကိုလည်း ဒေါသူပုန်စီးလျက် ချပြသွားပါသည်။ နှစ်သစ်ကူးလျှင် ထုံးသင်္ကန်းကပ်နေကျရွားသားများမှာ ရောက်မလာသေးသည့်ရွှေသင်္ကန်းကို ယုံစားပုံလည်း မရပါ။ နှစ်ဆန်းတစ်ရက်နေ့တိုင်း ထုံးသင်္ကန်းကပ်လာသည်မှာလည်း ရွာ့ဓလေ့။ နှစ်ပေါင်းရာချီတော့မည့် ရွာ့အစဉ်လာဓလေ့။ ရွာသူကြီး၏ကီးချော်ချက်မှာ တော်တော်ခွင့်မလွှတ်နိုင်စရာပဲ ဖြစ်ပါသည်။ ရွာ၏ မူလဂုဏ်ရည်ပျက်ယွင်းစေသူ သူကြီးမင်းကား ရာဇဝင်မှာ စာတင်လောက်ပါသည်။ ဆိုးစွ။

အသာစီးရသူတို့၏ ကီးချော်မှုသည် လူ့အဖွဲ့အစည်းတစ်ခုအတွက်သာမက လူတစ်မျိုးတစ်မျိုး၏ယဉ်ကျေးမှုကိုပါနှောက်ယှက်ဖျက်စီးသလို ဖြစ်နေတတ်လေသည်။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆


ပြဌာန်းထားသည့်စည်းဝါးနှင့် ကိုယ့်ကီးကိုယ် နိုင်နင်းအောင် သီဆိုသမျှကာလပတ်လုံး အဆိုရှင်လည်းကောင်း သောတရှင်သည်းကောင်း လှပသောဖွဲ့စပ်မှုကို ခံစားပျော်ရွှင်နိုင် မည်သာ ဖြစ်ပါသည်။
ကျောင်းဆရာသည် ကျောင်းဆရာကီး။ စေတနာ၊ ဝါသနာ၊ အနစ်နာများနှင့်ပြေချောနေသင့်သည်။ ဝေဖန်ဆန်းစစ်ပြမှုများ၊ စာသင်ခန်းနှင့်ပညာ၏သိမ်မွေ့သော နက်ရှိုင်းမှုများ. စသည်ဖြင့် တပည့်တို့နှင့် အကောင်းဆုံးဖွဲ့စပ်မှုပြုသင့်သည်။ တပည့်သည် ဆရာ၏ရွှံ့ရုပ်မျှသာဖြစ်၍ မခြောက်သွေ့ခင် လှပသောပုံချိုးရမည်သာ ဖြစ်သည်။ သို့စဉ်လျက် ကီးချော်သော ဆရာများအကြောင်း မကြားချင်လျက် ကြားရသည်။ မမြင်ချင်လျက် မြင်နေရလေသည်။ ကီးချော်သောဆရာများကြောင့် စာသင်ခန်းကို အကြောက်ကြီးကြောက်သွားသည့် ကျောင်းသား ကျောင်းသူကလေးများ ရှိနေခဲ့ဖူးပါသည်။

စာသင်ခန်းသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားစု ရင်းမြစ်ဖြစ်ပါသည်။ ထုတ်လုပ်မှုမျိုးစုံထုတ်လုပ်နိုင်သောစက်ရုံကြီးလည်း ဖြစ်ပါသည်။ ကလေးများ စာသင်ခန်းကိုကျောခိုင်းပါမူ နိုင်ငံတစ်ခုသည် အင်အားစုရှားပါးမှုပြသနာ တစ်နေ့ကြုံလာရပါလိမ့်မည်။ ထို့ကြောင့် ဆရာဟူသောလူသားသည် တစ်ပြားသားမှ ကီးမချော်သင့်ပါချေ။

ဆိုရလျှင် လူတို့ဖွဲ့စည်းတည်ဆောက်ထားသော ဖွဲ့စပ်မှုမှန်သမျှ သူ့ကီးနှင့်သူ မောင်းနေလျှင် ကမ္ဘာလောက စည်ပင်စရာချည်းသာ။ ဆရာဝန်သည် ဆရာ့ဝန့်ကီးနှင့်။ လူ့အသက်ကယ်သည့် လူသားကြီးအဖြစ်။ စီးပွားရေးသမားက စီးပွားရေးသမားကီးနှင့်။ ကတိသစ္စာတည်သူကြီးအဖြစ်။ ထိုသို့ မြင်ချင်သူများမှာ လူသားများဖြစ်၍ အခြေနေအချိန်ခါလိုက်၍ ကီးချော်သွားသူများမှာလည်း လူသားများပဲဖြစ်ပါသည်။ လူသည် ဘယ်သဘောပါနည်း။
ကီးချော်သူဘုရင်းမင်းမြတ်များေကြာင့် တစ်ပြည်ထောင်လုံး ထောင်းထောင်းကြေခဲ့ရသည့် ရာဇဝင်များလည်း ကြားဖူးကြပါသည်။ ကြုံဖူးကြပါသည်။ ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြု သည်ဖြစ်စေ ကီးချော်သူများက လောက ပြုစားနေမှာပဲဖြစ်သည်။ ခေတ်အဆက်ဆက် ဆိတ်သုဉ်းမည်လည်း မဟုတ်ချေ။
ခက်နေသည်မှာ ကီးချော်သူက သူကိုယ်တိုင်ကီးချော်သည်ကိုမသိသည့်အပြင် သူ၏အဆိုအဟဲက တော်တော်ကောင်းတယ် ထင်နေခြင်းပဲဖြစ်ပါသည်။ ထိုသူများကြောင့် လူ့အဖွဲ့အစည်းလည်း နားမျက်စိများကျိန်းစပ်လှပြီ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆


လမ်းကျဉ်းကလေးဖြတ်လျှောက်ဖို့ ခြေဦးရွယ်လိုက်စဉ် ထိုလမ်းထဲ မျက်နှာချင်းဆိုင်မှ ခွေးရူးဝင်လာလျှင်သင် ဘာလုပ်မည်နည်း။ ဟဲ့ခွေးလို့ ခြောက်ထုတ်မည်လား။ နောက်လမ်းတစ်ခုကို ရွေးချယ်မည်လား။
ခွေးရူးကား သင့်ကီးကို နားမလည်နိုင်ပါချေ။

လူနှင်းချို-မတ္တရာ