Breaking News

မန်းဖိုးအေး (ဝါးခယ်မ) ● ရွှေတြိဂံ မူးယစ်ဝင်္ကာဘာ (ဘာသာပြန်) (၃)



မန်းဖိုးအေး (ဝါးခယ်မ) ●  ရွှေတြိဂံ မူးယစ်ဝင်္ကာဘာ (ဘာသာပြန်) (၃)
(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)
(မိုးမခ) မေ ၁၆၊ ၂၀၁၉

လောနိုင်ငံမှာဖြစ်ခဲ့တာပါ။

၁၉၆၉ ခုနှစ်က ဘိန်းတန်ချိန် (၁၆)တန်ကို လုကြတဲ့ 'ဘိန်းစစ်ပွဲ' ကား ဝတ္ထုဇာတ်လမ်းဆန်လှပါတယ်။ လောနိုင်ငံစစ်တပ်တပ်မှူး အိုးအန်းလား ထော့ကျန့် ( ) ဟာ သူ့ရဲ့အရှိန်အဝါကိုသုံးပြီး မသမာတဲ့နည်းနဲ့ ကြား ချောင်အမြတ်ထုတ်ယူတဲ့သူဖြစ်တယ်။ နောက်ဆုံးမှာ ခွန်အား ဘာတစ်ခုမှ မစိုက်ထုတ်ရဘဲ သူ့ရဲ့ကိုယ်ပိုင် ဟီးရိုးအင်း မွမ်းမံထုတ်လုပ်တဲ့စက်ရုံက ဘိန်း စိမ်း (၁၆)တန်ကို တစ်ပြားတစ်ချပ်မှမကုန်ဘဲ အချောင်ရလိုက်ပါတယ်။

၁၉၇၁ ခုနှစ် လောနိုင်ငံအခြေစိုက်ပြင်သစ်သံအမတ်ကြီးဟာ 'ခြင်္သေ့ နှစ်ကောင် ကမ္ဘာမြေခြေချနင်းတဲ့တံဆိပ်' ဟီးရိုးအင်း (၆၀)ကီလိုဂရမ် ပြင်သစ်ကို သယ်ဆောင်သွားပါတယ်။ ပဲရစ်မှာတွေ့ရှိပြီး အဖမ်းခံလိုက်ရတယ်။ အကျိုး အမြတ် ဖောဖောသီသီရလိုက်တဲ့ မူးယစ်ဆေးဝါးကုန်ပစ္စည်း ကုန်သွယ်မှုဆိုပြီး နိုင်ငံတော်ရဲ့စစ်ဖက်နယ်ဖက် အစိုးရထိပ်တန်းအရာရှိတွေ ဒီအမှုအခင်းကြီးထဲ ပါဝင်ပတ်သက်နေကြတယ်။ လောနိုင်ငံအစိုးရတင် မဟုတ်သေးပါ။ လောင် ဗီယက်နမ်အစိုးရ ထိပ်သီးအစိုးရအရာရှိတွေနှင့်ပါ ညှိစွန်းနေပါတယ်။

ဟီးရိုးအင်းပေါက်ဖွားစ ဗွေဆော်ဦး အကြီးမားဆုံးဈေးကွက်ကတောင် ဗီယက်နမ်စစ်မြေပြင်ရဲ့ အမေရိကန် စစ်တပ်အတွင်းပဲဖြစ်တယ်။ ဟီးရိုးအင်း ပေါ်ပေါက်လာတဲ့အစဦးပိုင်းရဲ့ ရေပန်းစားတဲ့ ဈေးကွက်ကြီးဖြစ်တယ်။ ယခု ခေတ်လူအများအပြားက အမေရိကန်စစ်သားတွေ တောင်ဗီယက်နမ်မှာ ဟူချီ မင်းရဲ့ ပြောက်ကျားတပ်တွေနှင့် စစ်ခင်းခဲ့တဲ့မြင်ကွင်းကို သစ်လွင်တဲ့စစ်တလင်း အနေနဲ့ မှတ်ထင်နေဦးမှာပါ။ ဒီခေတ်က လူငယ် လူရွယ်တွေဟာ အမေရိကန် ကရိုက်ကူးတဲ့ ရုပ်ရှင်တွေ၊ Video အများအပြားမှာ အဲဒီစစ်ပွဲအကြောင်း နော ကြေအောင် သိနှင့်ပြီးဖြစ်ပါတယ်။ စစ်ပွဲရဲ့အဆုံးသတ်မှာ လူတွေရဲ့အသိဉာဏ် ထဲမှာ နက်နက်ရှိုင်းရှိုင်းထင်ကျန်ရစ်ခဲ့တဲ့ စကားတစ်ရပ်ကတော့ အမေရိကန် တွေဗီယက်နမ်စစ်ပွဲမှာ နွံနစ်ကုန်ကြတယ်။ ခြေပြန်နှုတ်မရဖြစ်ကုန်ပါတယ်။ 'နွံနစ်ခြင်း' နှင့် 'နှုပ်မရခြင်း' ဟာ အမေရိကန်အစိုးရတင် မဟုတ်သေးပါ။ သိန်းဂဏန်းရှိတဲ့အမေရိကန် စစ်သားတွေပါ ခံနေကြရတယ်။

သူတို့တတွေဟာ ၁၉၆၁ ခုနှစ်ရဲ့ ''အထူးစစ်ပွဲ'' ကို ၁၉၆၅ ခုနှစ်အထိ အဆင့်တက်တက်ပြီး တိုက်ခဲ့ကြတယ်။ အမေရိကန်စစ်တပ်ကို ပင်မအခြေခံထားပြီး တိုက်ခဲ့ကြတယ်။ အမေရိကန်စစ်တပ်ကို ပင်မအခြေခံထားပြီး နယ်မြေတစ်စိတ်တစ်ဒေသစစ်ပွဲ၊ အပူပိုင်းဇုံသစ်တောကြီးထဲမှာ မီးလောင်ဗုံးတွေနဲ့ ဗုံးမိုးရွာမှိုင်းတိုက်ခဲ့တဲ့ စစ်ပွဲ တွေအကြိမ်ပေါင်းများစွာ ဆင်နွှဲခဲ့တယ်။ ဒါပေမဲ့ သေးငယ်မှုန်မွှားတဲ့ ဗီယက်နမ် ကို ဘယ်လိုမှနှိမ်နင်းလို့မရခဲ့ပါ။ အမေရိကန်ဘက်ကသေကြေအနာတရဖြစ် သွားတာ မရှုရက်စရာတွေပါ။ ရှုံးနိမ့်မှုတွေကနေ ကယောင် ချောက်ချားဖြစ်ကုန် ကြတယ်။ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကုန်တယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိရလောက်အောင် ဖြစ်ကုန်ကြတယ်။ ကျဉ်းမြောင်းတဲ့ကတုပ်ကျင်းထဲမှာ လှောင်ပိတ်ခံနေရတဲ့ဘဝ။ အထီးကျန်ဘဝမှာ မိတ်ဆွေအဖော်မွန်ကို ရှာကြလေ တယ်။ တွေ့ပါပြီ ငွေစလေးအနည်းငယ်နဲ့ ဟီးရိုးအင်းဆိုတဲ့ မိတ်ဆွေသစ်ကို မိတ်ဖွဲ့လိုက်ပါပြီ။ အသစ်ပေါင်းလာတဲ့ ဟီးရိုးအင်းမိတ်ဆွေသစ်နှင့် သူတို့ ဘဝသာယာ ငြိမ့်ညောင်းသွားတယ်။ သူတို့တတွေဟာဘာမှန်းမသိရတဲ့ စစ်ပွဲကို ငြီးငွေ့လာပါတယ်။ ရွံရှာမုန်းတီးလာတယ်။ ဒီကနေတဆင့်တက်ပြီး စစ်ကိုဆန့် ကျင်လာကြတယ်။

၁၉၆၉ ခုနှစ် ရွှေတြိဂံက ဟီးရိုးအင်းမွမ်းမံထုတ်လုပ်တဲ့ စက်ရုံတွေက နံပါတ်(၄) ဟီးရိုးအင်းကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်လိုက်တယ်။ အမေရိ ကန်  ဌာနချုပ်ကနေ ၁၉၇၁ ခုနှစ် ဇွန်လပိုင်းမှာ အစီရင်ခံချက်တစ်ရပ် ထုတ်ပြန်လိုက်တယ်။ ရွှေတြိဂံနယ်မြေဒေသက ပေါ်ပေါက်တဲ့ ဟီးရိုးအင်းနံပါတ် (၃) ကနေ နံပါတ် (၄)ဆီ ကူးပြောင်းလာပြီဖြစ်တယ်။ ဒါတွေဟာ ဗီယက်နမ်ဈေး ကွက် အများအပြားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်တဲ့ ရလဒ်ပါပဲ။

၁၉၇၁ ခုနှစ်၊ ဧပြီလရဲ့လလယ်ပိုင်းကာလ။ တောင်ဗီယက်နမ်နှင့် အမေရိကန်ဈေးကွက်ကြီးနှစ်ကွက်မှာ နံပါတ် (၄) ဟီးရိုးအင်းသုံးစွဲမှု လိုအပ်ချက် က တိုးပွားမြင့်မားလာပါတယ်။ တန်ဖိုးဈေးနှုန်းကပါ ခုန်တက်လာတယ်။ ဟီးရိုးအင်း တစ်ကီလိုနှုန်းထားဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက အမေရိကန် ဒေါ်လာ (၁"၂၄၀) ကနေ (၁"၇၈၀) တက်သွားပါတယ်။ ဟီးရိုးအင်းဘိန်းဖြူ နံပါတ် (၄) ပေါ်ပေါက်လာမှုသတင်း တောမီးလိုပဲ ဗီယက်နမ်ရှိ အမေရိကန်တပ် စခန်းအသီးသီးဆီ ပျံ့နှံ့သွားပါတယ်။ ဆိုင်ဂုံကနေလုံဖိန် ( )အထိ အမေရိကန် ကြည်းတပ်အခြေစိုက်တဲ့စခန်းက အဝေးပြေးလမ်းမနံဘေးမှာ ရှိနေပါတယ်။ တပ်စခန်းရဲ့ မလှမ်းမကမ်းမှာ (၁၄)နှစ်အရွယ် တောင်ဗီယက်နမ် ကလေးမလေးတွေရဲ့ ဟီးရိုးအင်းဈေးဗန်း ခင်းထားတဲ့ အတန်းရှိနေပါတယ်။ အမေရိကန်စစ်စခန်းထဲ ဝင်ရောက်အလုပ်လုပ်ကြတဲ့ အစေခံမလေးတွေ၊ မိဘမဲ့ကလေးတွေရဲ့ အင်္ကျီ၊ ဘောင်းဘီ အိပ်ကပ်တွေထဲမှာ ရောင်းချရမယ့် ဟီးရိုးအင်းတွေထည့်ထားပါတယ်။

၁၉၇၀ ခုနှစ်မှာ နွေဦးရာသီကုန်ဆုံးသွားပြီးတဲ့နောက်၊ ဘယ်လို အမေရိကန်စစ်စခန်းမှာမဆို ဗီယက်နမ်မှာ အခြေစိုက်တဲ့ အမေရိကန်တပ် သားတွေဟာ မူးယစ်ဆေးဝါးဖွာရှိုက်မှုတွေက '၅၅၅' စီးကရက်ဖွာသလို ရိုးအီနေပြီဖြစ်တယ်။ လွယ်လွယ်နဲ့လည်း ရနိုင်ပါတယ်။

၁၉၇၀ ခုနှစ် အမေရိကန်ကြည်းတပ်ဆရာဝန်တွေအရေအတွက် (၃,၁၀၃)ယောက်ရှိတဲ့ တပ်မတစ်တပ်ကိုဆေးစစ်ပါတယ်။ (၁,၁၉၂)က တောင် ဗီယက်နမ်ရောက်ပြီးတဲ့နောက်မှာ ဟီးရိုးအင်းသုံးစွဲနေကြောင်းကို စစ်ဆေးတွေ့ရှိ လိုက်တယ်။ (၆၆၂) ရှိတဲ့တပ်သားတွေက သတ်မှတ်ချိန်ရောက်တိုင်း ဟီးရိုးအင်း မသုံးစွဲရမနေနိုင်ကြသူတွေဖြစ်ကြတယ်။ အဲဒီ ၁၉၇၀ ခုနှစ်၊ နိုဝင် ဘာမှာပဲ မဲခေါင်မြစ်၊ မြစ်ဝကျွန်းမှာ တာဝန်ထမ်းဆောင်တဲ့ အင်ဂျင်နီယာတပ်က တပ်သားတစ်ဦးရဲ့ဖော်ထုတ်ချက်အရ တပ်အခြေစိုက်တဲ့အမေရိကန်စစ်သား တွေထဲက (၁၄%)က ဟီးရိုးအင်း မူးယစ်ဆေး စွဲသူတွေဖြစ်နေပါတယ်။ ၁၉၇၁ ခုနှစ်၊ အမေရိကန်ကြည်းတပ်ဆရာဝန်တွေရဲ့ ခန့်မှန်းချက်အရ ရာခိုင်နှုန်းအရ ပြောရရင် (၁၀% - ၁၅%) အရေအ တွက်အရပြောရရင် တပ်သားဦးရေ (၂၅,ဝ၀ဝ -  ၃၇,ဝ၀ဝ)ရှိတဲ့ အဆင့်နိမ့်အရာရှိအပါအဝင် ဟီးရိုးအင်းသုံးစွဲကြပါ သတဲ့။

ဗီယက်နမ်အခြေစိုက်တပ်မ (၄)အမေရိကန်တပ်ဖွဲ့က မဲခေါင်မြစ်ကမ်း မှာ တပ်ချထားပါတယ်။ ဒီတပ်မြေတပ်မမှူးကြီး ဂျွန်ဆင်ခုချ်မန်း ( )ဟာသူရဲ့တပ်တွင်းမှာ ဟီးရိုးအင်းပျံ့နှံနေတာကို သူတော်တော်လေးကို ဒေါသ ပုန်ထနေပါတယ်။ မူးယစ်ဆေးဝါးပြတ်တောက်ရေးကို သူအား စိုက်ခွန်စိုက်ကြိုး ပမ်းပါတယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။ သူဟာရှုံးနိမ့်ခြင်းနဲ့ပဲ နိတ္ထိတံဇာတ်သိမ်း လိုက်ရပါတယ်။ ဗိုလ်မှူးဂျွန်ဆင် သဘောပေါက်သွားတယ်။ မူးယစ်ဆေးဝါး ကူးစက်ပျံ့နှံမှုဟာ တောင်ဗီယက်နမ်တပ်ဗိုလ် တပ်မှူးတွေရဲ့အင်အားကြီးက မလုံခြုံမှုကနေဖြစ်လာတာလို့ ဗိုလ်မှူးဂျွန်ဆင် သဘောပေါက်နားလည်လိုက် တယ်။ ဒါကြောင့်လည်း အကြိမ်ပေါင်းများစွာ ကန့်ကွက်စာတင်လိုက်ပါတယ်။ သူ့ရဲ့ကန့်ကွက်စာထဲမှာ ရေးထားတာက တကယ်လို့တောင်ဗီယက်နမ်မှာ ဟီး ရိုးအင်းရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်ဟန့်တားမှုမလုပ်ရင်၊ သူ့ပုဂ္ဂိုလ်ရေး အနေနဲ့ ဗီယက်နမ်စစ်ပွဲကို သူ လုံးဝထောက်ခံတော့မှာမဟုတ်ပါ ဆိုပြီးထည့်ရေး ထားတယ်။

ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာတွေဟာ တခြားပြဿနာတွေလောက် သတိမထားမိကြပါ။ ဆွေးနွေးဝေ ဖန်တဲ့အာဘောတွေ ထပ်ပြီးတော့ မထုတ်လွှင့်ကြပါဘူး။ ဒါပေမဲ့ ဟီးရိုးအင်း ဘေးဒုက္ခ အန္တရာယ်ဆိုးကြီးက ကမ္ဘာတစ်ဝှမ်းလုံးကို ဝါးမြိုတော့မယ့်အခုလို ကာလမှာ ဟိုတုန်းကမိုင်း တစ်စွန်းတစ်စကို လူတွေအထူးအလေးထားလာကြ တယ်။ သူ့ရဲ့နောက်ဆက်တွဲ ကြွင်းချန်ရစ်ခဲ့တဲ့ အမွေဆိုးတွေက အပြည့်အဝထင် ရှားပေါ်လွင်လာပါတယ်။

တန်ဖိုးကြီးမားလွန်းပြီး အမြတ်အစွန်းများပြားတဲ့ မူးယစ်ဆေးဝါးဖြင့် တုန့်ပြန်လက်စားချေမှုက စိတ်ဘဝင်နှိုးစွပြီး ထက်သန်လာမှုတွေ အောက်မှာ ဗိုလ်မှူးဂျွန်ဆင်လိုမျိုး ကန့်ကွက်မှုဟာ ဘယ်လိုမှအရာမရောက်ဘဲ ပြီးပြယ် ပျောက်ကွယ် သွားရရှာတယ်။

''လျှို့ဝှက်ထိန်းသိမ်းချက်အရ အမေရိကန်တပ်သားဦးရေနှစ်သောင်း ထဲမှာ မူးယစ်ဆေးစွဲသူတစ်ဦးချင်းဟာ နေ့စဉ်နေ့တိုင်းပျှမ်းမျှချင်း အမေရိကန် (၁၂)ဒေါ်လာဖိုး ဟီးရိုးအင်းဝယ်ယူသုံးစွဲကြပါတယ်။ ပေါင်းလိုက်ရင် အမေရိကန် စစ်သားတွေရဲ့ မူးယစ်ဆေးသုံးစွဲမှုဟာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာသန်း ပေါင်း ရှစ်ဆယ်ကိန်းဂဏန်းကို ဆိုက်ရောက်ပါတယ်။ ဒီကိန်းဂဏန်း အချိုးအဆ ဟာဖြင့် ဆင်းရဲမွဲတေတဲ့ တိုင်းနိုင်ငံတွေ၊ စစ်မက်ဘေးဒဏ် နက်နက်ရှိုင်းရှိုင်းခံနေ ရတဲ့ တိုင်းနိုင်ငံတွေရဲ့တစ်နှစ်စာသော အဘက်ဘက်က ဝင်ငွေကြီး ဖြစ်နေပါ တယ်။ တောင်ဗီယက်နမ်ရဲ့ မူးယစ်ဆေးကုန်သွယ်မှုကို အဖွဲ့ကြီးသုံးဖွဲ့ရဲ့ လက်ထဲမှာ ပိုင်နိုင်စွာချုပ်ကိုင်ထားပါတယ်။

ပထမအုပ်စုကြီးက ဗီယက်နမ် လေတပ်ဖြစ်တယ်။ လူတွေပြောနေကြတဲ့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအထူးအဖွဲ့အစည်းကြီးကနေ လောနိုင်ငံ ဟီးရိုးအင်းမွမ်းမံထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို ဗီယက်နမ်ဆီပို့ဆောင်တာမှာ လေကြောင်းကနေ ပို့တယ်ရယ်လို့ပြောကြပါတယ်။

ဒုတိယအုပ်စုကြီးက ရဲတပ်ဖွဲ့ရယ်၊ အကောက်အခွန်ဌာနရယ်၊ ဆိပ် ကမ်းဌာနတွေဖြစ်တယ်။ တတိယအုပ်စုက ကြည်းတပ်၊ ရေတပ်နဲ့ ပါ လီမန်တွေ၊ အောက်လွှတ်တော်အုပ်စုတွေဖြစ်တယ်။ လူတွေက တောင်ဗီယက်နမ်နိုင်ငံရေးကို 'ဟီးရိုးအင်း' နိုင်ငံရယ်လို့ခေါ်တွင်ကြတယ်။ ငိုဒင်ဇင် လက်ထက်ကနေ ငုယင် ကောင်ကီးအထိ 'ဟီးရိုးအင်းဘုရင်ခေတ်' ရယ်လို့ သတ်မှတ်ကြတယ်။

၁၉၇၀ ခုနှစ်၊ မတ်လကအကြောင်းအရာတစ်ရပ်ကို ဖော်ပြမှသင့် တော်ပါလိမ့်မယ်။ တောင်ဗီယက်နမ်က ကမ္ဘောဒီးယားကို ကျူးကျော်တယ်။ အရင်ဆုံး လောနိုင်ငံတောင်ပိုင်းကနေ ဟီးရိုးအင်းတွေကို လေကြောင်းဖြင့် ဖနွင်ပင်ဆီကို သယ်ယူပို့ဆောင်ခဲ့ပါတယ်။ ရေတပ်က နောက်တော်ပါးက ထပ်ချပ်မကွာလိုက်ပါပြီး ကမ်းပေါ်တက်ပါတယ်။ ရှေ့ပိုင်းကလုပ်ကိုင်ကြတဲ့ အုပ်စုတွေထက် အလှမ်းကွာ နောက်ကျမကျန်ဘဲ ဟီးရိုးအင်းဈေးသစ်ကို ဖွင့် ခဲ့တယ်။

၁၉၇၁ ခုနှစ် နွေဦးရေတပ်မှူး မူးယစ်ဆေးရောင်းဝယ်ကြတဲ့အုပ်စုရဲ့ အပုပ်အနံ့တွေ ထောင်းထောင်းထလေတယ်။ တောင်ဗီယက်နမ်လေယာဉ် တွေ အမြောက်ကြီးတွေနှင့် စစ်သင်္ဘောတွေရဲ့အောက်ခြေမှာ ကမ္ဘောဒီးယား မြေပြင်တစ်ကြောလုံးမှာ မူးယစ်ဆေးရည်တွေ အနှံ့အပြား ဖျန်းပက်ပြီး ဖြစ် တယ်။ ကံကြမ္မာဆိုးဝါးလှတဲ့ကမ္ဘာမြေမှာ ဟီးရိုးအင်းဈေးကွက်တစ်နိုင်ငံတိုးလာချေပြီတည်း။

၁၉၇၃ ခုနှစ်၊ လော်စစ်ဟန်ကို ထိုင်းနိုင်ငံဖမ်းဆီးပြီး မြန်မာအစိုးရလက်ထဲအပ်နှံလိုက်တယ်။ ''လော်စစ်ဟန်ခေတ်'' ပြည်ဖုံးကားချလိုက်ပါပြီ။ ကမ္ဘာ့မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုကွန်ယက်မှာ ကွက်လပ်တစ်ခုဖြစ်သွား ပါတယ်။

ထိုစဉ်တုန်းက ရွှေတြိဂံမူးယစ်ဆေးရောင်းဝယ်တဲ့ အုပ်စုတွေထဲမှာ မတော်လောဘတက်နေကြတဲ့ မသမာဘိန်းကုန်ကူးသူတွေ အလျှိုလျှို ထွက်လာ ကြပါတယ်။ ဥပမာထောက်ပြရရင် လောနိုင်ငံ ကြည်း တပ်စစ်ဦးစီးမှူး ဗိုလ်ချုပ် ဝန်းလား တိကုံးနှင့် တောင်ဗီယက်နမ်လေတပ်ကြီးထဲမှာ ဟီးရိုးအင်း အရောင်း အဝယ် လုပ်ငန်းကြားခံဆက်သွယ်ပေးတဲ့ ယိုရှင်းဟိုင် ( ) တို့တာစူနေကြပါပြီ။

ရွှေတြိဂံဗိုလ်လုပွဲမှာ ခွန်ဆာဟာ အရည်အချင်းလျှမ်းလျှမ်းတောက် နဲ့ဖြင့် ပေါ်ထွက်လို့လာပါပြီ၊ သူဟာ ကမ္ဘာ့အနီး ဟီးရိုးအင်း ခေတ်တစ်ခေတ် ကို ဆိုက်ရောက်လာတော့မယ် သင်္ကေတ အမှတ်လက္ခဏာပါပဲ။ ''ခွန်ဆာ'' နှင့် မူးယစ်ဆေးဟီးရိုးအင်းဟာ သံကွဲကြောင်းတူ အနက်ဝေါဟာရချင်း တူနေပါ တယ်။

လော်စစ်ဟန်၊ ခွန်ဆာ နှစ်ယောက်စလုံး မြန်မာနိုင်ငံရှမ်းမျိုးနွယ်တွေ ဖြစ်ကြတယ်။ တရုတ်ပြည်ယူနန်ဒေသ၊ ဟန်တရုတ်မျိုးနွယ်ဖွားတွေလည်း ဖြစ်ကြပါတယ်။ နှစ်ယောက်သား သက်တူရွယ်တူတွေဖြစ်ကြတယ်။ မူးယစ်ဆေး လုပ်ငန်း ရပ်ထဲဝင်ရောက်လာမှုမှာ လော်စစ်ဟန်က ခွန်ဆာထက်စောပါတယ်။ ဝါစဉ်ကြီးတဲ့သူပေါ့။ နောက်ကျပေါက်တဲ့ ရွှေကြာပင် ခွန်ဆာဟာ လော်စစ်ဟန် ဖြတ်သန်းခဲ့ဘူးတဲ့ သင်ခန်းစာယူရသူဖြစ်တယ်။ ခွန်ဆာ တည်ဆောက်လိုက်တဲ့ နိုင်ငံတကာဆိုင်ရာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု ကွန်ယက်ဟာ ခေတ်မီ အသွင်သဏ္ဍာန်တင် မဟုတ်သေးပါ။ အသံရော အရောင်အသွေးကပါ နိုင်ငံရေးအနှစ် သာရကိန်းအောင်းနေတဲ့ အလံကိုပါ တလူလူ လွှင့်ထူလိုက်ပြန်ပါ သေးတယ်။

၁၄-၁၂-၁၉၉၆ ခုနှစ်မှာ ''ရှမ်းပြည်ထောင်စု သမ္မတနိုင်ငံတော်'' တည်ထောင်လိုက်ကြောင်း ကမ္ဘာကိုကြေငြာလိုက်ပါတယ်။ ''သမ္မတ'' အရိုက် အရာကို ခွန်ဆာ(၂)နှစ်နဲ့ (၂၄) ရက်ခံယူခဲ့ပါတယ်။

(၆၀)ခုနှစ်နှောင်းပိုင်းမှာ မြန်မာအစိုးရက ခွန်ဆာကို ဖမ်းဆီးခဲ့ဖူးတယ်။ ရှမ်းပြည်နယ် လွတ်မြောက်ရေးလှုပ်ရှားကြတဲ့ ခေါင်းဆောင်တွေနှင့် ခေါင်း ဆောင်တွေနှင့် ခွန်ဆာ ထိတွေ့တာကြောင့်ဆိုပြီး အကြောင်းပြပါတယ်။ ၁၉၆၉ ခုနှစ်၊ လားရှိုးမှာ ခွန်ဆာကို ဖမ်းပြီးထောင်ချလိုက်တယ်။ ခွန်ဆာရဲ့စစ်ရေး အကြံပေးပုဂ္ဂိုလ်ကျန်းစူးချွမ်က ခွန်ဆာဆင်အားကို ထိန်းသိမ်းထားနိုင်ပါတယ်။ ''ရှမ်းပြည်နယ်တော်လှန်ရေးတပ်ဖွဲ့'' အလံကို လွှင့်ထူလိုက်တယ်။ ရှမ်းစော် ဘွားတွေရဲ့ လိုလားထောက်ခံမှုကိုရရှိလိုက်တယ်။ ကမ္ဘာ့တချို့နိုင်ငံတွေကပါ ''ရှမ်းပြည်နယ်တော်လှန်ရေးတပ်ဖွဲ့'' ကိုဖိနှိပ်နှိမ်နင်းတဲ့ မြန်မာအစိုးရကို မထောက်ခံကြပါ။ အမေရိကန် နိုင်ငံကာတာ အစိုးရက အစိုးရမဟုတ်တဲ့ အထူး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး 'ရှမ်းပြည်နယ်တော်လှန်ရေး တပ်ဖွဲ့' အကြောင်းစုံစမ်းခိုင်းလိုက်တယ်။ ဒီတော်လှန်ရေး လက်နက်ကိုင်တပ် ဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းနှစ်ရပ် ဆက်စပ်မှု ရှိ၊ မရှိကို စုံစမ်းခိုင်းလိုက်တယ်။ စုံစမ်းရရှိတဲ့ရလဒ်ကို ကျေနပ်အားရပြီး ထောက်ခံအားပေးလေတယ်။

၁၉၇၈ ခုနှစ်၊ နှစ်ကုန်ပိုင်း။ ဗီယက်နမ်စစ်တပ်က ကမ္ဘောဒီးယားနယ်မြေ ထဲ ချဉ်းနင်းဝင်ရောက်လေတယ်။ မြန်မာ၊ ထိုင်းအစိုးရတို့ရဲ့ အာရုံစူးစိုက်မှုက ကမ္ဘောဒီးယားဘက်ဆီ လှည့်ပြောင်းသွားတယ်။ ၁၉၇၆ ခုနှစ်မှာ ခွန်ဆာ လွတ်လာပါတယ်။ အကောင်းဆုံးအခွင့်အလမ်းကို ခွန်ဆာ ဦးတည်လိုက်တယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်အထိ ဒီနှစ်တွေမှာခွန်ဆာအုပ်စုဟာ မူးယစ်ဆေး ကုန်ထုတ်လုပ်မှုရော၊ စစ်ရေးအင်အား မှာပါတစ်အားကိုဖွံ့ဖြိုးလေတဲ့ ရွှေခေတ် ကာလကြီးဖြစ်နေပါတယ်။

၁၉၈၂ ခုနှစ်မှာ ထိုင်းနိုင်ငံက စစ်ရေးဖြင့် ခွန်ဆာကို နှိမ်နင်းဖို့ အစ ပျိုးလိုက်တယ်။ ကမ္ဘောဒီးယားစစ်ပွဲကြောင့် အမေရိကန်ဟာခွန်ဆာ အပေါ်ထား တဲ့ သဘောထားကို ပြောင်းပစ်လိုက်တယ်။ ကမ္ဘောဒီးယားစစ်မီးတောက်ကြောင့် ခွန်ဆာနဲ့ အရှေ့တောင်အာရှက ကွန်မြူနစ်တွေ လက်တွဲပူးပေါင်းသွားမှာကို အမေရိကန်တို့ အစိုးရိမ်ကြီးနေပါတယ်။ ဒီတော့လည်း ခွန်ဆာကို အားပေး ထောက်ခံလိုက်ရလေတယ်။ ခွန်ဆာရဲ့အားကိုအသုံး ချပြီး အရှေ့တောင်အာရှက ကွန်မြူနစ်အင်အားတစ်စိတ်တစ်ပိုင်းကို ဟန့်တားထိန်းချုပ်လိုက်ပါတယ်။ နောင်တော့မှ ဦးပြန်လှည့်ပြီး ခွန်ဆာအုပ်စု အင်းအားချိနဲ့သွားတာနဲ့ သုတ်သင် ဖို့ကို ကြံရွယ်ပါတယ်။

မြန်မာ၊ ထိုင်းအစိုးရတပ်ဖွဲ့တွေ ဆယ်ကြိမ်မကခွန်ဆာကို အကြိမ်ကြိမ် 'ဘိန်းစစ်ပွဲ' ဆင်နွှဲလိုက်ပြီးတဲ့နောက် ၂-၁-၁၉၉၆ ခုနှစ်မှာ ခွန်ဆာဟာ သူ့ကို ထောက်ခံအားပေးတဲ့ အပေါင်းအသင်းမိတ်သင်္ဂဟတွေကို သစ္စာဖောက်ဖျက်ပြီး မြန်မာအစိုးရထံမှာ လက်နက်ချအညံ့ခံလိုက်ပါ တယ်။ နှစ်ပေါင်းသုံးဆယ်ကျော် စီမံအုပ်ချုပ်ခဲ့တဲ့ 'ဟီးရိုးအင်း ဘုရင့်နိုင်ငံတော်' ဟာ ပြိုပျက်ပျောက်ကွယ်သွား ချေပြီတည်း။

ရွှေတြိဂံခွန်ဆာရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား တဲ့အုပ်စုကြီး လက်နက်ချအညံ့ခံသွားပါပြီ၊ ဒါပေမဲ့ ရွှေတြိဂံမူးယစ် ဆေးဝါး ကုန်ထုတ်လုပ်မှုက အရင်တုန်းကအတိုင်းပဲ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ (၇၀%) မှာပဲ ရှိနေပါတယ်။ ''ခန့်မှန်းချက်တွက်ကိန်းအရဆိုရင် ရွှေတြိဂံ ဒေသက နှစ်စဉ် ဘိန်းထွက်နှုန်းဟာ တန်ချိန် (၂,၅၀ဝ)ကနေ တန်ချိန် (၃,ဝ၀ဝ) ရှိပါတယ်။

ဟီးရိုးအင်းထုတ်လုပ်မှုနှင့် မှောင်ခိုခိုးထုတ်မှုဟာ မူးယစ်ထုံထိုင်းကုန် ပစ္စည်းတွေထဲမှာ အဆင့်အမြင့်ဆုံးမှာရှိပါတယ်။ လူတွေက ရွှေတြိဂံ မူးယစ် ဆေးဝါး ကုန်သွယ်မှုမှာ လက်ရှိအနေအထားအရ ခိုင်းနှိုင်းထားတဲ့ စကားတစ်ရပ် ရှိနေပါတယ်။ ဒါကတော့ ''တစ်ယောက်သော ခွန်ဆာ လဲကျသွားပါပြီး၊ နောက် ခွန်ဆာတွေ ခွန်ဆာခေတ်နဲ့အတူ လိုက်ပါနိဂုံးချုပ်သွားချေလိမ့်မည်မဟုတ်ပါ။ နောက် အင်အားတစ်မျိုးက တစ်ပင်လဲ တစ်ပင်ထူ ပုံစံမျိုးနဲ့ ဆက်လက်ပေါ် ပေါက်လာပါဦးမယ်။ သစ်ပင်ကြီးက အိုမင်းရင့်ရော်သွားပါပြီး၊ သစ်ပင်ငယ်လေး တွေက တောအရှင်သွင်တွေဖြစ်နေပါတယ်။ မြောက်ပိုင်းဘက်ဆီ ရွေ့လျားသွား တဲ့ ရှမ်းပြည်နယ်မြောက်ဘက်အစိတ်အပိုင်းဟာ အားမာန်တံခွန်တလူလူလွှင့် နေချေပြီ။ ပထဝီမြေအနေအထားအရ သူဟာ မြန်မာ၊ ထိုင်း၊ လောသုံးနိုင်ငံ ဆက်စပ်တဲ့ ရွှေတြိဂံငယ်ငယ်ကလေးက မြောက်ဘက်ဆီကိုဆန့်ထုတ်လိုက်ချေပြီ။ မျက်မှောက် ယနေ့ကာလမှာ ရွှေတြိဂံကြီးလို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိကပင်မအဖြစ် သတ်မှတ်တဲ့ မူးယစ်ဆေးဝါး အခြေစိုက်ဒေသကြီးဖြစ်ပါတယ်။

ရွှေတြိဂံရယ်လို့ အမည်တွင်ရတဲ့ မူလမြေနေရာက မြန်မာ၊ ထိုင်း၊ လော သုံးနိုင်ငံဆက်စပ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသကိုခေါ်တာဖြစ်တယ်။ မဲခေါင်မြစ်နှင့် နန်းလာ့ဖြစ် ( ) တို့ဆုံဆည်းရာကနေ တိုက်စားပြီးစုပုံလိုက်တဲ့ ကျွန်းမြေကြီးဖြစ်ပေါ်လာပါတယ်။ အနောက်ဘက်တာ ချီလိတ်မြို့ကနေ အရှေ့ ဘက်မိုင်းလင်း ( ) ကို ရောက်သွားပါတယ်။ တောင်ဘက်ပိုင်းက နန်းမယ် ဆိုင်မြစ်ဆီကို ရောက်ပါတယ်။ (၄၀) ကီလို မီတာရှည်ပြီး၊ အကျယ်က (၂၅) ကီလိုမီတာရှိပါတယ်။ ဧရိယာစုစုပေါင်းက (၅၀ဝ) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ရွှေတြိဂံ မူးယစ်ဆေးဝါးကြောင့် နာမည်ကြီးနေပါတယ်။ ဘိန်းပေါပေါများများထွက်တဲ့ ရွှေတြိဂံ အကျယ်အဝန်းကို တိုးချဲ့လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံရုံးစိုက်ရာ ချင်းလိုင်မြို့အပါအဝင်၊ ချင်းမိုင်မြို့မြောက်ပိုင်း၊ မြန်မာ နိုင်ငံရှမ်းပြည်နယ်၊ လောနိုင်ငံရဲ့ နန်းလန်ထပြည်နယ် ဖုန်းဟိုလီပြည်နယ်၊ ဝူးတိုးမှုစက်ပြည်နယ်၊ လန်ပိုးလား ပန်းပြည်နယ် အနောက်ပိုင်းတွေပါဝင်ပါတယ်။ ဧရိယာအကျယ်အဝန်းကို အသေးငယ်ဆုံး ခန့်မှန်းထားတာက တစ်သိန်းငါး သောင်း စတုရန်း ကီလိုမီတာရှိပါလိမ့်မယ်။ အခြေစိုက်နေထိုင်ကြတဲ့ မြောင်တိုင်း ရင်းသား၊ ယောင်တိုင်းရင်းသား၊ လီရှောတိုင်းရင်းသား၊ အခါ၊ လားဟူ၊ ရှမ်းအစ ရှိတဲ့ တောင်ပေါ်တိုင်းရင်းသားတွေ အဓိကနေထိုင်ကြပါတယ်။ ရွှေတြိဂံမြေသား က နှုန်းတင်မြေဖြစ်တဲ့အတွက် မြေဆီမြေနှစ် ပြွေါကယ်လွန်းလှတယ်။ ဘေးပတ် ပတ်လည်မှာ ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာတစ်ထောင်ကနေ မီတာ (၁,၅၀ဝ)မြင့်တဲ့ တောင်တန်းတွေက ဝိုင်းရံထားပါတယ်။

မျက်မှောက်ရွှေတြိဂံကြီးဆိုတာက သံလွင်မြစ်နှင့် မဲခေါင်မြစ်ကြားမှာ တည်ရှိနေတဲ့ ရှမ်းကုန်ပြင်မြင့်ရဲ့ အလယ်ဗဟိုချက်မဖြစ်တယ်။ အနောက်ဘက်မှာ မြန်မာနိုင်ငံကချင်ပြည်နယ်။ အရှေ့ဘက်က ဗီယက်နမ်ကောင်းဖိန်ပြည်နယ် ( ) အထိ ရောက်ပါတယ်။ အကျယ်အဝန်းက မူလ ရွှေတြိဂံထက် သုံးဆ ကျယ်ဝန်းပါတယ်။

ရွှေတြိဂံမြောက်ဘက်ဆီ ရွေ့ပြောင်းခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်က မူးယစ်ဆေးဝါးကုန်သွယ်မှု ရွှေတြိဂံမှာ ခွန်ဆာ အမွေဆက်ခံပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ကဏ္ဍအသစ်တစ်ခုကို ရည်ညွှန်းတဲ့သဘောပါပဲ။ မူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားကြတဲ့ အုပ်စုတွေဟာ အနီးကပ်ဆုံးနှင့် ဈေးကွက်မြှုပ်နှံ မှုကြီးဖြစ်တဲ့ တရုတ်ပြည်ကို ပစ်မှတ်ထားလိုက်တယ်။ ကြီးမားကျယ်ဝန်းလှတဲ့ ကုန်းမြေကြီးရှိတဲ့ တရုတ်ပြည်မကြီးကို သူတို့မျက်စိကျလာကြတယ်။ တရုတ် ပြည်ကြီးကို မူးယစ်ဆေးဝါးသယ်ယူဖြန့်ဖြူးတဲ့ဂိတ်စခန်းအဖြစ် ရွေးချယ်လိုက်ပြီး ဟောင်ကောင်နေရာကို အစားထိုးလိုက်ကြတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ သယ်ယူပို့ဆောင်မှု ကွန်ယက်လမ်းကြောင်းကြီးဟာ အနောက် တောင်ပိုင်းဆီကနေပြီး၊ အရှေ့-အနောက်-တောင်-မြောက်ဘက်တွေဆီ ချဲ့ထွင် ပျံ့နှံ့သွားလေတယ်။ အဲဒီကနေ အနောက်ဘက်ဆီက ရန်ကုန်၊ မော်လမြိုင်နှင့် တောင်ဘက်ဆီက ချင်း မိုင်း၊ ဘန်ကောက်တို့ဆီကို ရောက်သွားပြန်တယ်။ အရှေ့ဘက်ဆိုပြန်ရင်လည်း လန်ပို့လားပန်း ( )၊ ဒါနန်း (ေီ ြညေါ)နှင့် မြောက်ဘက်မှာရှိတဲ့ ခွန်းမိန်(ကူမင်း) အစရှိတဲ့ နေရာတွေဟာ ရွှေတြိဂံက မူးယစ်ဆေးဝါး ထုတ်ကုန်ပစ္စည်း စုပုံဖြန့်ချိတဲ့ အရေးပါတဲ့ မြို့ကြီးတွေ ဖြစ်သွား ပါပြီ။

ခွန်ဆာလက်နက်ချလိုက်ပြီ။ ရွှေတြိဂံမှာ ခွန်ဆာအသစ်တွေ အလျှိုလျှို ပေါ်ထွက်လာပါတယ်။ ရာသီဥတု အချက်အလက်တွေက မူလကအတိုင်း ကျန်ရစ်နေဆဲပါ။ အမြစ်နက်နက် ရှိုင်းရှိုင်းကြီး နစ်ဝင်နေတဲ့ ပေါ်ပီပင်စိုက်ပျိုး ရေးက ပင်မအခြေအမြစ်ပါပဲ။ အဲဒီနယ်မြေဒေသက တောင်ပေါ် တိုင်းရင်းသား တို့ရဲ့ ထွန်ယက်စိုက်ပျိုးမှုက ရှေးယခင်ကအတိုင်းပါပဲ။ ဘိန်းထုတ်လုပ်မှုက ဒီဒေသနေ စိုက်ပျိုးထုတ်လုပ်သူတို့ရဲ့ ဘဝရှင်သန်ရေးလုပ်ငန်းအဖြစ် တည်ရှိ နေဆဲပါ။ သူတို့ရဲ့ နေ့စဉ်စားစရာတွေ၊ အသုံးအဆောင်ကုန်ပစ္စည်းတွေကို သူတို့ထုတ်လုပ်တဲ့ ဘိန်းနဲ့ အလဲအလှယ် ပြုကြရတယ်။ ဒါဟာမိရိုးဖလာ ရှေး အစဉ်အဆက်ရဲ့ အခြေခံ စီးပွားရေးဖြစ်နေပါတယ်။

နောက်တစ်ချက်ကလည်း အရေအတွက်များပြားလွန်းလှတဲ့ အမျိုးသား လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေပါ အသီးသီးနယ်မြေတွေကို သိမ်းပိုက်စိုးမိုးထားကြတယ်။ တစ်ဗိုလ်တစ်မင်း မင်းမူကြတဲ့ ဒီလက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ စားဝတ်နေရေး၊ စစ်မက်ရေးရာတွေအတွက် ကုန်ကျရမယ့် စရိတ်စကတွေ ဘယ်ဆီကရောက်ချေမလဲ။ ဒါဟာကြီးမားတဲ့ ပြဿနာရပ်ကြီးပါ။ ဒီရန်ပုံငွေစရိတ် စကကြီးအတွက် တခြားစီးပွားရေး ရင်းမြစ်တွေ မရှိသေးတဲ့အတွက် မူးယစ် ဆေးဝါး ကုန်သွယ်မှုကိုပဲ အဓိကအားထားနေရပါတယ်။ ဒီလက်နက်ကိုင်တပ်ဖွဲ့ တွေက သူတို့ရဲ့ ရှင်သန်ရပ်တည်ရေး၊ တောင့်တင်းခိုင်မာရေး၊ အောင်ပွဲခံနိုင်ရေး အတွက် မူးယစ်ဆေးဝါးကို တိုးချဲ့ထုတ်လုပ်တာ၊ ဈေးကွက်တိုးချဲ့တာတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေကြသလို နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန် သွယ်မှုကြီးကလည်း ဖြန်းအားတွေ အံ့မခန်းများပြားလှတဲ့ ဈေးကွက်လိုအပ်ချက် ကြီးကို လိုက်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်ပေးကြပါတယ်။ သူတို့ အင်တိုက် အားတိုက်ကြိုးပမ်းဆောင်ရွက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သုံးစွဲသူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းနှင့် ဝန်ဆောင်မှုအကျိုးကျေးဇူးကလည်း အဆမတန် ကြီးမားခြင်းကြောင့်ဖြစ်တယ်။ မူးယစ်ဆေးဝါးဟာ ကမ္ဘာ့ဈေးကွက်မှာ ပေါက်ဈေး ခုန်ခုန်တက်သွားခြင်းကြောင့်ဖြစ်တာလည်း အဓိကအကြောင်းရင်း ဖြစ်တယ်။

ရရှိတဲ့စာရင်းဇယားအရ ၁၉၉၅ ခုနှစ် ရွှေတြိဂံမှာရှိတဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (၁၆)ဖွဲ့ရှိပါတယ်။ ဒီအထဲမှာအဖွဲ့ကြီးက (၂)ဖွဲ့။ အလယ်အလတ်တန်းစားက (၂) ဖွဲ့နှင့် အဖွဲ့ငယ် (၁၂) ဖွဲ့ရယ်လို့ရှိတယ်။ အကြီးမားဆုံးနှစ်ဖွဲ့က ခွန်ဆာရဲ့မော်ထိုင်းတပ်ဖွဲ့နှင့် ပေါင့်ယုချန် ကျောက် ညီလိုင်ရဲ့ဝပြည်ထောင်စုတပ်ဖွဲ့ဖြစ်တယ်။ အမျိုးသား (တိုင်းရင်းသား) လက်နက် ကိုင်တပ်ဖွဲ့ (၁၆) ဖွဲ့ထဲမှာ နှစ်ဖွဲ့က မြန်မာနိုင်ငံအစိုးရကို တော်လှန် ပုန်ကန်တာ မှာ ကာလရှည်ကြာခဲ့ပါတယ်။ တစ်ဖွဲ့က လက်နက်ချသွားတဲ့ ခွန်ဆာတပ်ဖွဲ့ နောက်တစ်ဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မန်နယ်ပလောက ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တယ်။ ခေါင်းဆောင်က ဗိုလ်မြပါ။ လက်ရှိအနေအထားကတော့ အမျိုးသား (တိုင်းရင်းသား) လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အင်အားချိနဲ့သွား ခြင်း (ဒါမှမဟုတ်) ကွဲပြားသွားခြင်းတွေ ဖြစ်နေပါတယ်။ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြတယ်။ ကိုယ့်ရဲ့ပိုင် နက်နယ်မြေတွေမှာ ကိုယ့်တပ်ဖွဲ့ကို ထိန်းသိမ်းထားကြပါတယ်။ ''နယ်မြေကာ ကွယ်ရေးတပ်'' ရယ်လို့ အမည်တပ်ထားပါတယ်။ နယ်မြေဒေသရဲ့ စစ်ဘက်ရေး ရာအုပ်ချုပ်ခွင့်ကို ဆုပ်ကိုင်ထားကြတယ်။ ''အထူးအုပ်ချုပ်ရေးဒေသ'' ဆိုတဲ့ သရဖူကို ဆောင်းထားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာ တဖြည်းဖြည်းနဲ့ ရွှေတြိဂံကြီးရဲ့ အဓိက ကျတဲ့ ရုပ်လုံးကြီးပေါ်လာနေပါတယ်။ အဲဒီဒေသမှာပေါ်ပေါက်နေတဲ့နိုင်ငံ ရေးစနစ်ရဲ့ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ထိထိမိမိဆက်စပ် နေပါတယ်။ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းဟာ တရုတ်ပြည်ယူနန်ပြည်နယ် နဲ့ ထိကပ်ဆက်စပ်နေတယ်။ ကီလိုမီတာ တစ်ထောင်ကျော်ရှည်လျားတဲ့ နယ် မြေမျဉ်းရှိနေပါတယ်။ ဒီနေရာဒေသဟာ (၆၀) ခုနှစ်ကာလတွေတုန်းက ဗမာ ပြည် ကွန်မြူနစ်ပါတီထိန်းချုပ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတုန်းက ဗမာပြည်ကွန် မြူနစ်ပါတီပြည်သူ့တပ်မတော် အရှေ့မြောက်ပိုင်းစစ်ဒေသ ဒုတိယစစ်ဦးစီးမှူး ဖုန်ကျားရှင်က ပထမဦးဆုံး တော်လှန်ပုန်ကန်ပါတယ်။ ကွန်မြူနစ်ပါတီကနေ ခွဲထွက်လိုက်ကြောင်း ကြေငြာလိုက်တယ်။ လပိုင်းတွေ အတွင်းမှာပဲ ဗမာပြည် ကွန်မြူနစ်ပါတီ ဝါးအစည်းပြေသလို ဖြစ်သွားပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေ ကို ပင်မအခြေခံထားပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်ဟာ လေးပိုင်း ကွဲထွက်သွားပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ဖြစ်သွားပါတယ်။

၁။ ကိုးကန်းတိုင်းရင်းသားမြန်မာနိုင်ငံရဲ့ ဟန်တရုတ်(အမျိုးသား)ကို ပင်မအခြေခံထားတဲ့ ဖုန်ကျားရှင်ရဲ့ ကိုးကန့်အမျိုးသားမဟာမိတ်တပ်။

၂။ အမျိုးသားရေးကို ပင်မအခြေခံထားတဲ့ ပေါင့်ယုချန် ကျောက်ညီလိုင် တို့ရဲ့ ဝပြည်ထောင်စုညွှန့်ပေါင်းတပ်ဖွဲ့။

၃။ ရှမ်းအမျိုးသားကိုပင်မအခြေခံထားတဲ့ လီမိန်စင့်(စိုင်းလင်း)ရဲ့ ရှမ်းအရှေ့ပိုင်း အမျိုးသားဒီမိုကရက်မဟာမိတ်တပ်ဖွဲ့။

၄။ ကချင်အမျိုးသားကို ပင်မအခြေခံထားတဲ့ စခွန်တယိန်း( )ရဲ့ ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့။

ဗမာပြည် ကွန်မြူနစ်ပါတီက ခွဲထက်လာတဲ့ ဒီတပ်ဖွဲ့ လေးဖွဲ့ဟာ ပြင်ပအကူအညီကင်းမဲ့သွားပါတယ်။ ဒီအမျိုးသား (တိုင်းရင်းသား) လက်နက် ကိုင်တပ်ဖွဲ့ လေးဖွဲ့နှင့်တခြားသူတလူ ငါတမင်း နယ်မြေပိုင်းခြားစိုးမိုးထား ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနှင့်အချင်းချင်းက တူနေပါတယ်။ မူးယစ်ဆေးဝါး ကိုမှီခိုအားထားပြီး ကိုယ့်ရဲ့စစ်တပ်ကို ကျွေးမွေးတဲ့လမ်းဟောင်းကိုပဲ လျှောက် လှမ်းကြရပါတယ်။

အတိတ်ဟောင်းဆီ ပြန်ပြောင်းကြည့်ရအောင်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော်ကျော်တုန်းက မူးယစ်ဆေးဝါးက ဖွံ့ဖြိုးရုံတင်မဟုတ်သေးပါ။ ကမ္ဘာ့ အကြီးမားဆုံး မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု အခြေခံအကျဆုံးထဲက နယ်မြေဒေသတစ်ခုအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဒါဟာ စစ်အေးကာလ ပြီးဆုံးခဲ့တဲ့နောက် 'အနောက်တိုင်းယဉ်ကျေးမှု' ကအနီရောင် ကွန်မြူနစ်လှုပ်ရှား မှုကြီးကို ကန့်သတ်ချုပ်ချယ်ထားလိုမှုနဲ့ တစ်ဆက် တစ်စပ်ထဲရှိနေတယ်ဆိုတာကို အလွယ်တကူမြင်နိုင်ပါတယ်။ နိုင်ငံရေးနှင့် ဆိုးကျိုးပြစ်မှု လွှမ်းခြုံထားတဲ့ မူးယစ်ဆေးဝါးဟာ ဘာကြောင့်များ ပခုံးချင်းယှဉ်၊ လက်ချင်းချိတ် တွဲထားရတာ ပါလိမ့်။ နောက်ပြီး ဘယ်အချိန် ဘယ်ကာလ ရောက်လေမှ လက်တွဲဖြုတ်ပြီး ကျောခိုင်းကာ လျှောက်လမ်းတွေ မတူ ကွဲပြားခြားနား သွားရတာပါလိမ့်။ ရွှေ တြိဂံရဲ့ မျက်နှာပြင်က ဖုံးအုပ်ထားတဲ့ ဇာပုဝါပါးကို လှစ်ဟဖယ်ရှားပြီး ကြည့် လိုက်ရင် ကွင်းကနဲ လင်းကနဲ ရှင်းသွားမှာပါ။

ကျွန်မ ရွှေတြိဂံရဲ့ ဘဝအတွေ့အကြုံဆိုတာက ''အေးဆေးငြိမ့်ညောင်း လျှောက်လှမ်းဝင်ရောက်ခြင်း'' တစ်ခုထဲနဲ့ ဖြစ်မြောက်လာရခြင်းမဟုတ်ရပါ။ ''စွန့်စွန့်စားစား ထိုးဖောက်ဝင်ရောက်ခြင်း'' တွေ အကြိမ်ကြိမ် လုပ်ခဲ့ရတာပါ။ အဲဒီမှာ အထူးသဖြင့် ရှမ်းမြောက်ဘက်ပေါ့။ အရမ်းကိုဆင်းရဲမွဲတေပြီး ခေတ်က လည်း နောက်ကျလွန်းပါတယ်။ ပိတ်ဆို့မှုတွေကလည်း လွန်ကဲလှတယ်။ လမ်း ပိတ် ပိတ်ဆို့ထားမှုက ဘယ်လောက်များ တင်းကြပ်လွန်းသလဲဆိုရင် တချို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ထိန်းချုပ်ထားတဲ့နေရာတွေဟာ တအား ကို ပိတ်ဆို့ထားလွန်းတာကြောင့် တရုတ်ပြည်နယ်မြေ လမ်းကြောင်းကို အချေး အငှား သဘောထားပြီး ဖြတ်သန်းခဲ့ရပါတယ်။ ဒါမှသာ မြန်မာ့ နယ်မြေထဲကနေ တရုတ်နယ်ကိုကွေ့ဝင်၊ နောက်ပြီးတော့မှ ဟိုးတစ်ဖက်ကမြန်မာနယ်မြေဆီကို ခရီးရောက်နိုင်တာမျိုးပါ။ ခရီးလမ်းကြောင်းရှည်ပေးရ၊ အချိန်တွေ လစ်ဟင်းရ ဖြစ်ရပါတယ်။

ခရီးလမ်းရဲ့ ကျွန်းထောက်ဂိတ်စခန်းအဖြစ်ရော၊ မွမ်းမံပြင်ဆင်ရမယ့် အခန်းကဏ္ဍအတွက်ပါ ကျွန်မခွန်းမိန် (ကူမင်း)ကို ဗဟိုအဖြစ် ထားလိုက်တယ်။ အခွင့်အရေး နည်းမျိုးစုံသုံးပြီး ဝင်ချည်ထွက်ချည်လုပ်ရတယ်။ စုစုပေါင်း (ငါး)ကြိမ်ရှိတယ်။ နှစ်အနေနဲ့ဆိုရင် ၁၉၉၅ ခုနှစ်၊ နွေဦးကာလကနေ ၁၉၉၈ ခုနှစ် နွေဦး အကုန်ကာလဖြစ်တယ်။ (၃)နှစ် တင်းတင်းရှိပါတယ်။ ရွှေတြိဂံကအကြီးရော၊ သေးသေးငယ်ငယ် ဘိန်းရောင်းဝယ်တဲ့လုပ် ငန်းကိုလုပ်ကိုင်ကြတဲ့ သူတွေနဲ့ရော၊ ရိုးရိုး သာမန်အရပ်သူအရပ်သားတွေရဲ့ အသွင်သဏ္ဍာန်တွေ၊ ယဉ်ကျေးချင်း မတူညီကြတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေရဲ့ မတူကွဲပြားတဲ့ ဟန်ပန်မူယာနဲ့ ပွေလီရှုပ်ထွေးတဲ့ ပဋိပက္ခတွေ ရှိနေပါတယ်။ ကျွန်မစုစည်း သိမ်းဆည်းလိုတာတွေဟာ လက် တွေ့ကျတဲ့ အချက်အလက်တွေမကသေးပါ။ အရမ်းကိုအနှစ်သာရတန်ဖိုးရှိလှတဲ့ဓာတ်ပုံတွေ၊ ဖလင်လိပ်ပေါင်း (၅၀) ကျော် ကျွန်မကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်။ ဒီအချက်အလက်တွေကို အကြောင်းပြုပြီး သင်ခန်းစာရှုသူကလည်း ရွှေတြိဂံကို ကိုယ်တိုင်ကိုယ်ကျ တစ်ခေါက်တစ်ခါ သွားရောက်ခဲ့ရသလို ခံစားမိပါလိမ့်မယ်။




ရည်ညွှန်းချက်စာအုပ်စာရင်း

၁။ စူးကျွတ်လျံရေး (တရုတ်ပြည်မူးယစ်ဆေးဝါးသမိုင်း)
၂။ စူးကျွတ်လျံရေး (တရုတ်ပြည်ဘိန်းသမိုင်း)
၃။ စူးကျွတ်လျံရေး (တရုတ်ပြည်ဘိန်းသမိုင်း)
၄။ (အမေရိကန်) အာဘော်ဖေ့လွေတကျွှ် မိုက်ခါဖိလငြ် လိတက်ရေး (ဟီးရိုး အင်းကန့်လာကာတွင်း)
၅။ အထက်ပါစာအုပ်
၆။ အထက်ပါစာအုပ်
၇။ အထက်ပါစာအုပ်
၈။ (ရာစုခေတ်) ၁၉၉၆ ခုနှစ်၊

(မိုးမခမှတ်ချက် - မန်းဖိုးအေး၏ ဘာသာပြန်အခန်းဆက်ကို ယခင်က မော်ကွန်းမဂ္ဂဇင်းမှာ အခန်းဆက်ဖော်ပြခဲ့ဖူးသည်။ သို့နောက် ထပ်မံမဖော်ပြဘဲ ရပ်ဆိုင်းခဲ့သည်။ ယခု လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေရန် စီစဉ်နေသည်ဟု ကြားသိရသည်။ ထို့ကြောင့် အခန်းဆက်ဖော်ပြမှုကို သည်မျှနဲ့ ရပ်ဆိုင်းလိုက်ပါသည်)