Breaking News

သန်းဝင်းလှိုင် - နိဂုံး - သမ္မတဖြစ်ထိုက်သူ



သန်းဝင်းလှိုင် - နိဂုံး - သမ္မတဖြစ်ထိုက်သူ

(မိုးမခစာအုပ်စင်၊ သန်းဝင်းလှိုင်၏ သူရရွှေမန်းကို လေ့လာခြင်း)
မိုးမခ၊ မေ ၂၂၊ ၂၀၁၉

နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃)၊ ပုဒ်မ ၅၇ ၌ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟူ၍ ပြဋ္ဌာန်းထား သည်။ ထိုနည်းတူစွာ ပုဒ်မ ၅၈ ၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ် အထိပ်နေရာ ရရှိသည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ၅၉ ၌ သမ္မတ၏အရည်အချင်းများကိုလည်း ဤသို့သတ်မှတ်ထားသည်

ပုဒ်မ ၅၉ (က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

ပုဒ်မ ၅၉ (ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

ပုဒ်မ ၅၉ (ဂ) ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

ပုဒ်မ ၅၉ (ဃ) နိုင်ငံတော်အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည့်အမြင်များ ရှိရမည်။

ပုဒ်မ ၅၉ (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ရေ တွက်ရမည်။

ပုဒ်မ ၅၉ (စ) မိမိကိုယ်တိုင်သော်လည်းကောင်း မိမိ၏မိဘ တစ်ပါး ပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံ သား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားပိုင်ခွင့် ရှိသူများ မဖြစ်စေရ။

ပုဒ်မ ၅၉ (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

ထို့ပြင် သမ္မတကို သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်ရမည် ဟူ၍ ပုဒ်မ ၆၀ (က)၌ ပြဋ္ဌာန်းထားသည်။

သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့သည်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။ ယင်းတို့မှာ-

(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစု အဖွဲ့၊

(၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေး ကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် များ အစုအဖွဲ့၊

(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်သည်။

ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲ မှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရပေသည်။

ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး များနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့် အဖွဲ့က စိစစ်ရမည် ဖြစ် သည်။

(၂၀၁၁ ခုနှစ်ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်ဖွဲ့စည်း ပေးခဲ့သော နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) သူရဦးရွှေမန်း (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)

(၂) ဦးခင်အောင်မြင့် (အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ)

(၃) ဦးနန္ဒကျော်စွာ (ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ)

(၄) ဦးမြညိမ်း (အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ)

(၅) ဦးသောင်း (ကျောက်ဆည် မဲဆန္ဒနယ် လွှတ်တော် ကိုယ် စားလှယ်)

(၆) ဦးမျိုးမြင့် (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ လွှတ်တော်ကိုယ်စားလှယ်)

(၇) တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့)

၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ် ဖွဲ့စည်းပေးခဲ့သော နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့မှာ-

(၁) ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)

(၂) ဦးမန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ)

(၃) ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ)

(၄) ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ)

(၅) ဒေါက်တာမျိုးအောင် (ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်)

(၆) ဦးဘမျိုးသိန်း (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) လွှတ်တော်ကိုယ်စားလှယ်)

(၇) တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့)

တို့ ဖြစ်ကြသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတများ ဖြစ်ကြသည့် ဒု သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ ဆန္ဒမဲအများဆုံး ရရှိသူသည် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရပြီး ဒုတိယဆန္ဒမဲရသူသည် ဒုသမ္မတ (၁) အဖြစ်လည်းကောင်း၊ တတိယဆန္ဒမဲ ရသူသည် ဒုသမ္မတ (၂) အဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက်ခံရ မည် ဖြစ်သည်။

သမ္မတ၏ ရာထူးသက်တမ်း

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၃) ပုဒ်မ ၆၁ (က)အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတ အသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့၏လုပ်ငန်း တာဝန်များကို ဆက်လက်ထမ်းဆောင် ခွင့် ရှိသည်။

သို့သော် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက် တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရပေ။ နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ ဟူ၍လည်း ပုဒ်မ ၆၁ (ဃ) အရ သတ် မှတ်ထားသည်။

တစ်ဖန် အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ် တင် မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ် သည်။

ထူးခြားသည်မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရဟူ၍ ပုဒ်မ ၆၂ တွင် ပြဋ္ဌာန်းထားသည်။

တစ်ဖန် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့လျှင် လွှတ်တော်ကိုယ်စားလှယ်ရ အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရ သည့် နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပုဒ်မ ၆၃ တွင် ဖော်ပြထားလေသည်။

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် နုတ်ထွက် ခွင့် ရှိပေသည်။

ဤသို့ ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး နေရာလစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲ အများဆုံး ရရှိသည့် ဒုတိယသမ္မတ (၁) က ယာယီသမ္မတအဖြစ် ထမ်းရွက်ရပေ သည်။

ထိုသို့ သမ္မတရာထူး နေရာလစ်လပ်သွားသည့် အချိန်သည် လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတ ရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရ မည် ဖြစ်သည်။

ယာယီသမ္မတထံမှ အကြောင်းကြားစာကို ရရှိသည့်အခါ လစ်လပ် သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ် တင် မြှောက်ခဲ့သည့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ရေးအတွက် ပြည်ထောင်စု လွှတ်တော်နာယက က ဆောင်ရွက်ပေးရမည် ဖြစ်သည်။

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယ သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ က ဒုတိယသမ္မတ သုံးဦးအနက် မိမိကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံ တော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်သည်။

အထက်ပါ သမ္မတအရည်အချင်း သတ်မှတ်ချက်များရော နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရော သူရဦးရွှေမန်းတွင် ပြည့်စုံနေသောကြောင့် သမ္မတ ဖြစ်ထိုက်ပေသည်။

သို့သော် သူရဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ထောက်ခံမှုမရှိဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရဲမည် မဟုတ်ပေ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်ထားသော သမ္မတ ဦးထင်ကျော်သည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်၍လည်းကောင်း၊ ကျန်းမာရေးကြောင့် လည်းကောင်း၊ တစ်စုံတစ်ခုအကြောင်းကြောင့် ဖြစ် စေ သမ္မတရာထူး လစ်လပ်လျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ မှ ဖြစ်စေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှဖြစ်စေ သူရဦးရွှေမန်း ကို ဒုတိယသမ္မတလောင်းအဖြစ် စာရင်းတင်သွင်းနိုင်ပေသည်။

မည်သို့ဆိုစေ""" လက်ရှိနိုင်ငံရေး အခြေအနေအရ နိုင်ငံရေးရည်မှန်း ချက်ရှိသော တပ်မတော်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းရေးနှုန်း အဆင့်အထိ ထမ်းရွက်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကဲ့သို့ တပ်မတော်အား နိုင်ငံရေးလောက ဖယ်ခွာ၍ နိုင်ငံတော်၏ ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်ကိုသာ စည်းခြားဆောင်ရွက်လိုသော သဘောထား ပျော့ ပြောင်းလာသည့် စစ်ဗိုလ်ချုပ်များကို လက်မ်းကြိုဆို၍ ထိုက်တန်သည့် နေရာ ပေးရမည်မှာ စစ်ရေးရည်မှန်းချက်ရှိသော နိုင်ငံရေးသမားတိုင်း စဉ်းစားရမည့် အဓိကအချက် ဖြစ်နေသည်ကို မမေ့အပ်ပေ။