Breaking News

အေးငြိမ်း - ရှေးထုံးဆိုသော်လည်း ပယ်သင့်ကပယ်ရလိမ့်မည် ဆိုခြင်းအကြောင်း



အေးငြိမ်း - ရှေးထုံးဆိုသော်လည်း ပယ်သင့်ကပယ်ရလိမ့်မည် ဆိုခြင်းအကြောင်း

(မိုးမခ) မေ ၁၇၊ ၂၀၁၉
(သူ့ဖေစ့်ဘွတ်က ယူပါတယ်)
ကျွနု်ပ်တို့ငယ်စဉ်က ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေးသုံးကိုလည်း မလွယ်နှင့် ဟူသော ဆုံးမစကားကို လေ့လာမှတ်သားခဲ့ရ၏။ သို့သော် တိုးတက်ပြောင်းလဲလာသောခေတ်တွင် အချို့သော ရှေးထုံးများ၊ ရှေးလူကြီးသူမတို့၏ အယူအဆများမှာ ခေတ်မမီတော့ ကြောင်း၊ တစ်နည်းအားဖြင့် မမှန်ကန်တော့ကြောင်း တွေ့ရလေ၏။ ထိုအယူအဆများထဲမှ တစ်ခုအကြောင်း ဖော်ထုတ် ဆွေးနွေးပါမည်။ ကျွနု်ပ် ယခင်အခါများက ပြောသကဲ့သို့ ဤသည်မှာ ကျွနု်ပ်၏ ကိုယ်ပိုင်အယူအဆသာဖြစ်၍ မိတ်ဆွေများကို သဘောတူရမည်ဟု မဆိုလို။ မိတ်ဆွေတို့ သဘောမတူ။ ကန့်ကွက်ပါသည်ဆိုလျှင်လည်း ကျွနု်ပ်အနေနှင့် ဘာမှပြောစရာ မရှိပါ။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါ၏။

အချိန်အခါအလျောက် အခြေအနေ၊ အကြောင်းချင်းရာတို့သည် ပြောင်းလဲလျက်ရှိရာ အနှီ ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေးသုံးကိုလည်း မလွယ်နှင့် ဟူသော စကားကိုယ်နှိုက်ကပင်လျှင် ချို့ယွင်းချက်၊ အားနည်းချက် ရှိနေပေသည်။ ပရမတ္ထသစ္စာ တရားလေးပါးကလွဲ၍ မည်သည့်အရာသည် အမြဲမှန်နေပါသည်ဟု ဆိုနိုင်ပါသနည်း။

မြန်မာတို့တွင် ဆုံးမစကားပေါင်း မြောက်များစွာရှိသည့်အနက် တစ်ခုမှာ "ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယ အရွယ် တရားရှာ" ဟု ဖြစ်၏။ ဤဆုံးမစကားမှာ ယခုခေတ်နှင့် ကိုက်ညီပါသေးသလော။ အနည်းငယ် ဆန်းစစ်ကြည့်ပါအံ့။

ယခုခေတ်မှာ life long learning ခေတ် ဖြစ်၏။ ပညာကို တောက်လျှောက်၊ တစ်ဘဝလုံး၊ မသေမချင်း ဆည်းပူးနေကြရန် နှိုးဆော်ထား၏။

ကျွနု်ပ်ငယ်စဉ်က ပညာရှာခြင်းကိစ္စမှာ ကျောင်းပြီးသွားလျှင် ပြီးဆုံးသွားပြီဟု သည်လိုပင် မှတ်ယူထားခဲ့ကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ သို့သော် တပြေရပ်ခြား၊ တိုင်းတစ်ပါးတွင် အခြေချနေထိုင်ရသည့်အခါ ထိုအယူအဆမှာ တက်တက်စင် လွဲနေကြောင်း ကိုယ်တွေ့သိခဲ့ရ၏။ ပညာဟူသည် မည်သည့်အခါမှ ရှာမှီးလို့ မကုန်ခမ်းနိုင်ပါတကား။

စင်ကာပူမှ လူများမှာ အလုပ်လုပ်ရင်း ပညာသင်၊ ပညာသင်ရင်း အလုပ်လုပ်နေကြလေသည်။ နည်းပညာများသည် အမြဲတိုးတက် ပြောင်းလဲနေသည်ဖြစ်ရာ မိမိသာ မလေ့လာပါက နေ့တိုင်း ခေတ်နောက်ကျနေဖွယ်ရာရှိ၏။ ခေတ်ပေါ်နည်းပညာနှင့် စက်ပစ္စည်း များကို ခေတ်ပေါ်ကလေးများက ကျွနု်ပ်တို့ထက် ပို၍နားလည် တတ်ကျွမ်းသည်ဆိုသည်ကို ငြင်းလို့မရ။ ကျွန်တော်သည်ပင် အသက် ၁၂ နှစ်သားမျှရှိသေးသော သားဖြစ်သူကို မကြာခဏ မေးမြန်းရ၏။ ကျွနု်ပ်ထက် သားက ပိုသာသည့်အချက်မှာ သူက ကျွနု်ပ်မေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြခြင်း ဖြစ်၏။

စင်ကာပူ၌ Safety Officer လိုင်စင်ကို သက်တမ်းတိုးလိုလျှင် ဆောင်းပါးများရေးခြင်း၊ ဟိုအသင်း ဒီအသင်းဝင်ခြင်း၊ ကွန်ဖရင့်များ တက်ခြင်း၊ သင်တန်းများတက်ခြင်း စသည်တို့လုပ်ရ၏။ ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေများကို မျက်ခြေမပြတ်သိနေအောင်၊ မိမိအရည်အသွေးကို အမြဲတောက်ပြောင်နေအောင် သင်တန်းများ မတက်မနေရ တက်ဖြစ်အောင် ဖန်တီးပေးထားခြင်း ဖြစ်၏။ ထို့ကြောင့် ကျွနု်ပ်တို့မှာ သင်တန်းများ တက်ချင်သည်ဖြစ်စေ၊ မတက်ချင်သည်ဖြစ်စေ တက်ကိုတက်ရလေသည်။

ထို့ပြင် ကျွနု်ပ်မှာ သင်တန်းဆရာလည်း ဖြစ်ပေသေးရာ သင်တန်းဆရာလိုင်စင် သက်တမ်းတိုးရေးအတွက် CPD (Continuing Professional Development) အစီအစဉ်များကိုလည်း သွားတက်ရသေး၏။ တစ်နှစ်လျှင် အနည်းဆုံး ၁၀ နာရီ တက်ရ၏။ ကျွနု်ပ်ကတော့ စိတ်လည်းဝင်စားသည်ဖြစ်ရာ အားတိုင်းသွားတက်ပါသည်။ မနှစ်က ၂၅ နာရီလောက် တက်ဖြစ်သည်။ (ထမင်းလည်းကျွေးသလို ကော်ဖီကောင်းကောင်းလည်း အလကားသောက်ရတယ်။ တန်သဗျို့။) IAL (Institute for Adult Learning) တွင် အသင်းဝင်ထားပါက ထို CPD Programme များကို အခမဲ့တက်လို့ရသည်။ အကန့်အသတ်မရှိ။ အဟောဝတ၊ ကောင်းလေစွ။ အသင်းဝင်ကြေးမှာလည်း သက်သာပါသည်။ ၂ နှစ်ကိုမှ ၆၀ ပဲပေးရ၏။

ဤဝပ်ရှော့များသို့ လာသူများမှာလည်း လူငယ်တစ်ယောက်မှ မပါ။ အားလုံး အသက် ၃၅ နှစ်ကျော်မှသည် အသက် ၆၀ ကျော်များချည်းဖြစ်၏။ အားလုံးက အလုပ်လုပ်နေကြသူများ၊ အတွေ့အကြုံရှိပြီးသားဆိုတော့ သူတို့ဆီက ပညာများစွာရသည်။ ဤသည်ကို peer learning ဟု ခေါ်၏။ သင်တန်းများကို အလုအယက်တက်နေကြသူ မြန်မာပြည်မှ လူငယ် လုံမငယ်အပေါင်းကို လက်မှတ်ရရုံထက် ပညာရဘို့ရည်ရွယ်ပြီး သင်တန်းတက်ကြပါဟု ဤနေရာမှ တိုက်တွန်းလိုက်ပါ၏။

သို့အတွက် ပထမအရွယ်မှာ ပညာရှာ ဟူသည့်စကားမှာ အလုံးစုံမမှန်တော့ဘဲ တစိတ်တပိုင်းသာ မှန်ပါတော့သည်။ အဲလေ ပထမ အရွယ်မှာ ပညာရှာဘို့တော့ မဖြစ်မနေလိုသပေါ့။ အနို့ အဲသည် ဗုံမဟုတ်၊ ပတ်မဟုတ်အရွယ်မှာ ပညာမသင်လို့ လဖက်ရည်ဆိုင် မှာ စားပွဲသွားထိုးရမှာလား။ ဘာသွားလုပ်ရပါမည်နည်း။

နောက်ပြီး ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုတာလည်း အလုံးစုံမမှန်ပါ။
ယခု ဖေ့စ်ဘုတ်ကို ထူထောင်သည့် ဇူဇကာပုဏ္ဏား (ဟုတ်ပေါင်) ဇူကာဘတ်မှာ ဒုတိယအရွယ်ထိ စောင့်နေတာမဟုတ်။ ကျောင်းသား အရွယ်ကတည်းက စီးပွားစရှာခဲ့တာဖြစ်သည်။ ဒုတိယအရွယ်မတိုင်မှ သူဌေးကြီးဖြစ်နေခဲ့ပြီ။
ဘီလ်ဂိတ်သည်လည်း အလားတူပင် ဖြစ်၏။ ကျောင်းသားအရွယ်ကတည်းက စီးပွားရှာဘို့ လမ်းစပျိုးခဲ့တာဖြစ်သည်။

ကျွနု်ပ်သာ ဘွဲ့ရသည်ထိစောင့်နေ။ ဝေလေလေဖြင့် ၄ နှစ်လောက် အချိန်ဖြုန်း။ ရှေးလူကြီးများစကားကို မတော်လှန်ဝံ့သဖြင့် ဒုတိယအရွယ်ကျမှ စတင်စီးပွားစရှာခဲ့ရတာ ဖြစ်၏။ သို့တိုင် စီးပွားရှာသည်ဟု ပြောလို့ရတာမဟုတ်။ မငတ်ရုံတမယ် မနည်း လူးကာလွန့်ကာဖြင့် လှုပ်ရှားခဲ့ရတာဖြစ်၏။ ပိုက်ဆံလေးဘာလေးရလို့ လူလူသူသူ နေနိုင်သည့်အခါတွင်မတော့ တတိယအရွယ်သို့ ချဉ်းကပ်နေချေပြီ။

တကယ်တော်တည့်ထက်မြက်သူများသည် ပထမအရွယ်ကတည်းက စတင် စီးပွားရှာခဲ့ကြလေသည်။ ယခုခေတ်မှာတော့ ဒုတိယအရွယ်မှာ စီးပွားရှာပြီး တတိယအရွယ်မှာ အေးအေးလူလူ ဘုရားနှင့်တရားနှင့် မနေနိုင်။ ပထမအရွယ်မှာ စီးပွားရှာ၊ ဒုတိယ အရွယ်မှာ စီးပွားရှာ။ တတိယအရွယ်၏ ဒုတိယဝေဒနာ (ဟုတ်ပေါင် မှားကုန်ပြီ) တတိယအရွယ်မှာလည်း စီးပွားရှာ။ အရွယ်သုံးပါး မရွေး စီးပွားရှာနေကြရလေသည်။ စင်ကာပူမှလူများကတော့ အသက် ၇၀ လောက်ထိ (အချို့ ၇၀ ကျော်သည်ထိ) အလုပ်လုပ်ကြ လေသည်။

အဲလေ မြန်မာပြည်မှ လူတချို့လည်း ပင်စင်သက်ကျော်သည်ထိ အလုပ်လုပ်ကြပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ့နေရာ၌ လူစားထိုးရန် သူ့လောက်တော်သူမရှိသောကြောင့် (အဟိ၊ ငါမရီချင်ဘူး အာတီးရာ) သူ့ခင်မျာ နားချင်ရှာလျက်နှင့် နားဖော်မရ။ မြန်မာနိုင်ငံကြီးတော့ ငါမကယ် သေဖွယ်ရာရှိသည်ဟု နိုင်ငံ့အကျိုးမျှော်ကိုးကာ အလုပ်လုပ်နေရရှာလေသည်။ သာဓု၊ သာဓု၊ သာဓု။ မောင်မင်းကြီးသား ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။ အနာမျိုး ၉၉ ပါး ကင်းပါစေ။

နောက်ပြီး တတိယအရွယ်မှာ တရားရှာ ဆိုတာကရော။
ဤသည်မှာလည်း မဖြစ်စလောက်သာ မှန်ပါသည်။
ဘုန်းကြီးများဟောတာကိုလည်း ကြားခဲ့ဖူး၏။
ဟဲ့၊ တရားထိုင်တာကို အိုတဲ့ထိ စောင့်မနေကြနဲ့ဟဲ့။ အိုလာတဲ့အခါ ဟိုနားကနာ၊ ဒီနားကနာ နဲ့ အနာရောဂါတွေနှိပ်စက်တာနဲ့ တရားရဘို့မလွယ်ဘူး။ ငယ်တုံးရွယ်တုံး တရားရှာထားကြ။
သို့ဆိုလျှင် တတိယအရွယ်မှာ တရားရှာ ဆိုတာမှန်ပါသလား။
အလုံးစုံမမှန်ပါဟု ဆိုရပါမည်။

တရားဓမ္မဆိုတာ သိမ်မွေ့သည်။ ခက်ခဲနက်နဲသည်။ ထို့ကြောင့် တရားဓမ္မကိုလိုက်စားလိုလျှင် ငယ်နုစဉ်အခါ၊ ဉာဏ်ရွှင်တုံးအခါ လိုက်စားမှ ကောင်းသည်။ ခက်ခဲသိမ်မွေ့သည် တရားများကို နားလည်နိုင်စွမ်းရှိမည်။

မြတ်စွာဘုရားကိုပင်ကြည့်ပါ။ အသက် ၆၀ ကျမှ တောထွက်တာမဟုတ်။ အရွယ်ကောင်းမှာ တရားရှာတာဖြစ်သည်။ တောထွက်တော့ အသက် ၂၉ နှစ်။ နေလည်းတက်တုံး။ ဒါးလည်း ထက်တုံး အရွယ်။
ကျွန်ုပ်တို့က ဤသည်ကို နမူနာယူရမည်။

ကျွနု်ပ်အနေနှင့် အမှန်ကိုပြောရပါမူ ငယ်ရွယ်စဉ်ကဖတ်ခဲ့သော တရားဓမ္မစာပေများနှင့် ကြီးကာမှဖတ်သော တရားဓမ္မစာပေများကို နှိုင်းယှဉ်ကြည့်လိုက်ပါက ကြီးခါမှဖတ်သည့်စာအုပ်များမှာ ငယ်စဉ်ကဖတ်ခဲ့သည့်စာအုပ်များ၏ ထက်ဝက်တောင်မရှိပါ။ ယခု သိထားသည့်အသိများမှာ ငယ်စဉ်က ဖတ်မှတ်လေ့လာခဲ့လို့ သိခဲ့သည့်အသိများက များလေသည်။

ယခုအခါ ကလေးများကို ငယ်စဉ်ကတည်းက တရားထိုင်သည့် အလေ့အကျင့် မွေးမြူပေးနေကြပြီ။
နိုင်ငံခြားမှာဆို ကလေးတွေကို ကျောင်းမှာ တရားထိုင်နည်းသင်ပေးကာ အချိန်တစ်ခုပေး၍ တရားထိုင်စေသည် ဆို၏။
ဤသို့တရားထိုင်စေခြင်းဖြင့် အာရုံစူးစိုက်မှုပိုကောင်းလာသည်။ ကိုယ်ရည်ကိုယ်သွေး ပိုတက်လာသည်။

သို့အတွက် အထက်ပါ "ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာ" ဆိုသည့်စကားမှာ ယခုခေတ်တွင် အလုံးစုံ မမှန်နိုင်တော့ပြီဟု ဆိုလို၍ရပါသည်။ ယခုခေတ်တွင်မူ ပညာရှာခြင်း၊ ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းခြင်း၊ တရားဓမ္မကို လက်တွေ့ လိုက်နာကျင့်သုံးခြင်းတို့ကို တစ်ဆင့်ချင်း၊ တစ်ပိုင်းချင်း ကျင့်သုံးနေ၍ မရစကောင်းတော့။ (လူအထင်ကြီး အောင် အင်္ဂလိပ်လိုညှပ်ပြောရလျှင်) ပယ်ရယ်လယ်လီးကျင့်သုံးရမည် ဖြစ်လေ၏။ ရတာလေးနှင့် ဝအောင်စားပြီး ရှိတာလေးနှင့် လှအောင်ဝတ်နေလို့ ကတော့ သူများတွေ ၂၂ ရာစုရောက်သည့်တိုင် ကိုယ်က ၁၉ ရာစုမှာ ပျော်မွေ့နေရလိမ့်မည်။

သို့ဆိုလျှင် ပညာ၊ ဥစ္စာ နှင့် တရားဓမ္မကို မည်ကဲ့သို့ တစ်ချိန်တည်း၊ တပြိုင်နက်တည်း ကျင့်သုံးပါမည်နည်း။
ထိုသုံးခုကို သွားမရောပါနှင့်။ အကန့်လိုက်ထားပါ။ ပညာသင်ယူနေသည့်အချိန်တွင် ပညာကို စူးစူးစိုက်စိုက် လေ့လာသင်ယူပါ။
တရားပေစာ လေ့လာသည့်အချိန်တွင် တရားပေစာကို စူးစူးစိုက်စိုက် အာရုံထားလေ့လာပါ။ အားလပ်သည့်အချိန်တိုင်း တရားထိုင်ပါ။ မည်မျှ အလုပ်များနေသည်ဖြစ်စေ အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး တရားထိုင်ပါ။ တရားထိုင်ခြင်းသည် စိတ်တည်ငြိမ်မှုကို ပေးသည်။ စိတ်ဂယောက်ဂယက်မဖြစ်တော့ပြီဆိုလျှင် အလုပ်ကို ပိုမိုအာရုံစူးစိုက်နိုင်သည်ဖြစ်၍ ပိုပြီး အလုပ်ပြီးသည်။ စာပေလေ့လာလျှင်လည်း ပိုမှတ်မိလွယ်သည်။ ထို့ကြောင့် ပညာနှင့် တရားဓမ္မကို တွဲထားသင့်သည်။ ပညာနှင့် တရားဓမ္မကို တွဲထားခြင်းအားဖြင့် အကျိုးပိုများသည်။

သို့ဆိုလျှင် ဥစ္စာကိုရော။
ကျွနု်ပ်ကား ဥစ္စာရှာသည့်နေရာတွင် အတော်ညံ့ဖျင်းသူတစ်ယောက် ဖြစ်၏။
ကျွနု်ပ်လုပ်သည့်ကိစ္စမှန်သမျှ အမြတ်အစွန်းမြက်မြက်ကလေး ရလိုက်တာရယ်လို့ တစ်ခါမှ မရှိခဲ့စဖူး။
အကုန် အလွဲလွဲအချော်ချော်နှင့် အိတ်ထဲက အလုံးလိုက်အခဲလိုက် ထွက်သွားတာသာ ဖြစ်သည်။
ကျွနု်ပ်ကား လခစားအလုပ်နှင့်သာ တန်သူဖြစ်၏။
ထို့ကြောင့် ဥစ္စာရှာရေးကိုမူ ကျွနု်ပ်အနေနှင့် အကြံမပေးတတ်ဟု ဝမ်းနည်းစွာပြောရပါမည်။

ဟိုတစ်နေ့က ကုဋေရှစ်ဆယ်သူဌေးသား အကြောင်း ဖွဲ့ဆိုထားသည့် ဆားတုံဆရာတော်၏ ကဗျာကို ဝေဖန်ထားတာ ဖတ်မိပါ သည်။ ပို့စ်ရှင်ကို ကျွနု်ပ်မသိပါ။ သို့သော် အတော်လေးစားစရာကောင်းသည့် အတွေးအခေါ်ရှင် ဖြစ်ပါသည်။ အခြားသူများ မတွေးမိသည်ကို ၎င်းကတွေးပြထားသည်။

သူဌေးသားက ပညာမတတ်တော့ သူများတွေ ညာတာပါတေးနှင့် သူပိုင်ပစ္စည်းတွေကို အကုန်ဖြောင်ပစ်တာ ခံရသည်။ နောက်ဆုံး သူတောင်းစားဖြစ်သွားသည်။ ပို့စ်ပိုင်ရှင်က ကဗျာတွင်ပါသည့် "နင်သာလူမိုက် ဒုစရိုက်ဟု" ဆိုသည်ကို ဝေဖန်ထား၏။

သူပညာမတတ်တာသည် ဒုစရိုက်ဟုတ်ပါသလား။ တကယ့် ဒုစရိုက်သားများကား မည်သူတို့နည်း။ အနှီသူဌေးသား၏ ပစ္စည်းများကို ဖြောင်ပစ်သူများ မဟုတ်ပါလား။ သို့နှင့်တောင် သူ့ပစ္စည်းတွေကိုလည်း ညာတာပါတေးနှင့် လိမ်ညာယူကြသေး သည်။ တောင်းစားသည့် သူ့ကိုလည်း ရိုက်ပုတ်ကာ နှင်ထုတ်သေးသည်။ အနှီလူများ၌ နှလုံးသား မရှိတော့ပြီလော။ လူ့ကျင့်ဝတ် ဆိုသည်မှာ အဘယ်နည်း စသဖြင့် ဝေဖန်ထား၏။

၎င်း၏ အယူအဆကို သူများတွေကြိုက်ကြိုက်မကြိုက်ကြိုက်။ ကျွန်တော်ကတော့ ကြိုက်ပါသည်။ ဆရာတော်က ပညာမရှိခြင်း၏ အပြစ်ကို ဦးစားပေးဖောြ်ပထားသော်လည်း နည်းနည်း အစွန်းရောက်သွားသည်ဟု မြင်ပါသည်။

နောက်တစ်ခု။

လွန်ခဲ့သော နှစ်အနည်းငယ်က မင်းတုန်းမင်းနှင့် ငါးခြောက်တစ်ပြား ဆောင်းပါးအကြောင်းကို ဝေဖန်ထားသူတစ်ယောက် ပေါ်လာပါသေးသည်။ သူ့နာမည်ကို ကျွန်တော်မမှတ်မိတော့ပါ။

၎င်းက ဆရာတော်သည် ငါးခြောက်ပြားပျောက်ခြင်းကြောင့် ငလွင် (မင်းတုန်းမင်းအလောင်းအလျာ) ကို သေရာပါသည့်ထိ ဒဏ်ရာရအောင် ရိုက်ခြင်းမှာ မတရား။ ဆရာတော်က ငလွင်ကဲ့သို့ မင်းဖြစ်မည့်သူက ငါးခြောက်ပြားလေး တစ်ပြားကိုတောင်မှ မပျောက်အောင် မထိန်းနိုင်လျှင် အဘယ်ကဲ့သို့တိုင်းပြည်ကို အုပ်ချုပ်မည်နည်း ဟု အကြောင်းပြသည်။ ပို့စ်ပိုင်ရှင်ကမူ သည်အကြောင်းပြချက်မှာ ယုတ္တိမတန်။ ဆရာတော်မှာ သူအင်မတန် ကြိုက်နှစ်သက်လှသော ငါးခြောက်ပြား ပျောက်ခြင်းအတွက် အစားမာန်တက်ခါ ငလွင်ကို ရိုက်ခြင်းသာဖြစ်သည် ဟု ဝေဖန်သည်။ ၎င်းဝေဖန်ချက်ကို ကျွန်တော် အတော်သဘောကျမိ၏။

မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို ကျောင်းစာအနေနှင့် သင်ခဲ့ရစဉ်ကလည်း ကျွန်တော် မနှစ်သက်ခဲ့ပါ။ ငါးခြောက်တစ်ပြားလောက် ပျောက်သည်နှင့် ကျောမှာ သေရာပါသည်ထိ ရိုက်တာ တရားပါရဲ့လား။ သည်ကဲ့သို့ ရိုက်လိုက်သည်နှင့် မင်းတုန်းမင်းအလောင်းအလျာသည် နောက်ထပ် ငါးခြောက်ပြားများ မပျောက်အောင် စောင့်ရှောက်သွားလိမ့်မည်ဆိုတာ သေချာပါရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့မိပါသည်။ သို့သော် ကျွနု်ပ်တို့မှာ မိဘနှင့် ဆရာ့စကားကို မြေဝယ်မကျ နားထောင်ရမည် ဆိုသည့် အတွေးအခေါ်လောင်းရိပ်အောက်တွင် လွတ်လပ်စွာ တွေးခေါ်မှုတို့ ပျောက်ဆုံးကုန်ရသဖြင့် ကျွနု်ပ်၏ သံသယများမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ရသည်။ ကျွနု်ပ်တို့က ဤကဲ့သို့ ထင်ပါသည်ဟု ဆရာဆရာမများကို ပြန်ပြောလျှင်လည်း ၎င်းတို့အနေနှင့် လက်ခံလိမ့်မည်ဟု ကျွနု်ပ်မယုံကြည်ပါ။

သို့မို့ကြောင့် လွတ်လပ်စွာ တွေးခွင့်ရလာသည့် မိမိအယူအဆကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရလာသည့်၊ မည်သည့် လောင်းရိပ်အောက်မှာမှ မနေလိုသူများ ပေါ်ထွန်းလာသည့်အခါ ယခင်က တရားသေယူဆထားသည်များမှာ ယခုအခါ မှန်ချင်မှ မှန်ပါတော့မည်။ လူကြီးများအနေနှင့်လည်း လူငယ်တို့၏ အတွေးအခေါ် အယူအဆများကို လေးစားရမည်။ တန်ဘိုးထားရမည်။ ဒါ ရှေးထုံးကွဟု တရားသေ ဆုပ်ကိုင်ထားလို့မရ။ ပြောင်းသင့်က ပြောင်းရမည်။ ပြင်သင့်က ပြင်ရမည်။ တိုးတက်မှုကို လိုလားသူသည် ပြုပြင်ပြောင်းလဲရမှာကို ကြောက်နေလို့မရ။

နိဂုံးချုပ်ရလျှင် ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့ ဆိုသည့်စကားမှာ အခါခပ်သိမ်း မမှန်ပါကြောင်း။

(လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၅ မေ၊ ၂၀၁၉ နေ့လည် ၁၁း၅၆ နာရီ