Breaking News

မောင်စွမ်းရည် - ကဗျာဆရာကြီး မင်းသုဝဏ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်

(Thet Aung/AFP via Getty Images)


မောင်စွမ်းရည် - ကဗျာဆရာကြီး မင်းသုဝဏ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၉

ကဗျာဆရာကြီး မင်းသုဝဏ်၊ ရန်ကုန်တက္ကသိုလ်မှာ ဆရာ လုပ်စမှာပဲ ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာတို့ သပိတ်မှောက်ကြတာနဲ့ ကြုံပါတယ်။ ကျောင်းသားသပိတ်စခန်းက ရွှေတိဂုံဘုရားမှာ ဖြစ်ပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရားမင်းသုဝဏ်၊ ခေတ်စမ်းကဗျာဆရာ ခေါင်းဆောင် နှစ်ဦးက ကျောင်းသားတွေ သပိတ်မှောက်တဲ့နေရာကို သွားပြီး အားပေးစကား ပြောကြားကြပါတယ်။ သပိတ်မှောက်ကျောင်းသူ မအမာက သူ့ရဲ့ အမှတ်တရစာအုပ်ကလေးထဲမှာ အမှတ်တရ ရေးပေးခဲ့ပါ ဆိုလို့ ဆရာတို့က စာတိုစာစလေးတွေ ရေးပေးခဲ့ရတယ်။

လွတ်လပ်ရေးရခါနီး အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီးတာဝန် ယူရတော့ အစည်းအဝေး တွေမှာ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ မောင်ထင် စတဲ့ စာရေးဆရာတွေနဲ့ အတွင်းဝန်ရုံးမှာ ဆုံတတ်တယ်။ လူကြီးထဲကတော့ ဒီးဒုတ်ဦးဘချို ပါတာပေါ့။ အဲဒီလို ဆုံကြတော့ အတွင်းဝန်ရုံး ဝရန်တာမှာ ထွက်ရပ်ပြီး အညောင်းဖြေကြရင်း ထွေရာလေးပါး စကားတွေ ပြောကြတော့ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်လည်း မြန်မာပြည် လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်ပြီး ဆရာတို့နဲ့အတူ စာရေးမယ်လို့ ပြောဖူးသတဲ့။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝမှာ သမဂ္ဂခေါင်းဆောင်အဖြစ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင် အရွေးခံရတော့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ပေးတာ ခံရတယ်။ သူ့ကို ကျောင်းထုတ်တာက သူ တာဝန်ခံတဲ့ တ.က.သ အသံ အိုးဝေမဂ္ဂဇင်းမှာ တက္ကသိုလ် အာဏာပိုင် တဦးကို ပုတ်ခတ်ရေးသားတဲ့ ‘ငရဲခွေးကြီး လွတ်နေပြီ’ ခေါင်းစဉ်နဲ့ အင်္ဂလိပ်ဘာသာ ဆောင်းပါးရေးသူ တရားခံကို မဖော်ထုတ်လို့ အပြစ်ပေးတဲ့အနေနဲ့ ကျောင်းထုတ်ခဲ့တာပဲ။ ဒီအကြောင်းကို မြန်မာလူမျိုးတိုင်း သမိုင်းဖြစ်ရပ်တခုအနေနဲ့ သိပြီးသား ဖြစ်နေကြတာ များပါ တယ်။ ဒီအချက်ကို ပြန်လည်တင်ပြရတာက ဗိုလ်ချုပ်အောင်ဆန်းဟာ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် တာဝန်ပေးလောက်အောင် စာပေလိုက်စားသူအဖြစ် ကျောင်းသားလောကမှာ သိနေကြပြီ ဆိုတာ သတိပြုမိစေချင်လို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရချင်လို့ နိုင်ငံရေးကို ခေတ္တ ဝင်ပြီး တာဝန်ထမ်းဆောင်တဲ့သဘောပါပဲ။ 

အိုးဝေမဂ္ဂဇင်းနဲ့ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းဟာ ကျောင်းသားတွေရဲ့ မဂ္ဂဇင်းတွေပါ။ ဒီမဂ္ဂဇင်း နှစ်ခုလုံးမှာ ဆရာမင်းသုဝဏ် ကဗျာတွေ ရေးခဲ့တာကို ဆရာ့ရဲ့ ကဗျာပေါင်းချုပ်တွေမှာ ကြည့်ရင် သိနိုင်ပါတယ်။ ဆရာက သူ့ကဗျာတွေကို လုံးချင်းစာအုပ် အဖြစ် စုပေါင်းမထုတ်ခင်မှာ မူလက ဘယ်စာစောင်တွေမှာ ဖော်ပြခဲ့တယ် ဆိုတာကို စနစ်တကျ အမှတ်အသား ထည့်ရေးပေးလေ့ရှိပါတယ်။ တက္ကသိုလ် မဂ္ဂဇင်းတွေမှာ ဆရာတို့ မပြတ် ရေးကြပါ တယ်။ ကျောင်းသားတွေ တည်းဖြတ်ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာလည်း ဗြိတိသျှအစိုးရ လက်ထက် မှာ အစိုးရ အမှုထမ်းဆရာတွေ ဝင်ရေးလေ့ရှိပါတယ်။ စစ်အစိုးရလက်ထက်မှာတော့ မလွယ်ဘူး ပေါ့။ 

ဦးအောင်သင်းတောင် သူ့တပည့်တွေ ထုတ်တဲ့ နံရံကပ်စာစောင်မှာဆို ထင်ပါရဲ့။ ပုံနှိပ်စာ မဟုတ်ဘူး။ အဲဒီမှာပင် ရေးမိလို့ အရေးယူခံရတယ်လို့ ကြားဖူးလိုက်ပါတယ်။ ကျွန်တော်တို့မှာ ခေတ်မှာ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းကို အစဉ်အလာအရ အစိုးရ အသိအမှတ်ပြု စာနယ်ဇင်း တွေမှာတော့ ဆရာတွေ ဝင်ရေးကြပေမယ့် ‘အိုးဝေ’လို ကျောင်းသားထုတ်မှာ မရေးရဲကြရှာပါ။

ဆရာမင်းသုဝဏ် ‘ဗိုလ်အောင်ကျော် နတ်သံ’ ဆိုတဲ့ ကျောင်းသား အာဇာနည်ဟာ အင်္ဂလိပ် လက်ထက်မှာ အင်္ဂလိပ်အစိုးရရဲ့ ပုလိပ်တွေက နံပါတ်တုတ်နဲ့ ရိုက်လို့ ကျဆုံးခဲ့ရသူပါ။ ဒါပေမဲ့ ဦးအောင်ဆန်း အကြောင်းကိုသာ မလွှဲသာလို့ ခွင့်ပြုရပေမယ့် ကျောင်းသားကဏ္ဍကို ဖော်ထုတ်ရင် သိပ်မကိုက်ချင်သူပါ။ ဒါတောင် ဗိုလ်နေဝင်းခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို ကျောင်းနံရံ၊ ရုံးနံရံတွေက ဖြုတ်ချခဲ့လိုက်ပါသေးတယ်။ ဆရာကြီးမင်းသုဝဏ်ကတော့ ဗိုလ်ချုပ်တို့ အကြောင်းကို ကြုံသလို ရေးပါတယ်။ ‘အိုးဝေ’ ဆိုတာလည်း ကျောင်းသားသမဂ္ဂရဲ့ ‘ဒေါင်း’ကို ရည်ညွှန်းတာပါပဲ။ ‘အိုးဝေ’ကဗျာတွေကို ကျောင်းသားမဂ္ဂဇင်း တော်တော်များများမှာ မကြာခဏ ရေးဖွဲ့ထည့်သွင်း ဖော်ပြခဲ့ဖူးတာ တွေ့ရပါတယ်။ (နောက်တကြိမ် ကြုံကြိုက်တဲ့အခါ အိုးဝေကဗျာ တွေချည်း ဖော်ပြပါဦးမယ်။)

ဒီလို အကြောင်းအရာတွေကို ကျွန်တော် ဘာကြောင့် ဖော်ထုတ်ရေးသားနေတာလဲလို့ မေးစရာပါ။ ခေတ်စမ်းစာဆိုတဦးအကြောင်းကို ခု ကျွန်တော် ရေးတာက သူများတွေ မရေးသေးတဲ့ ရှုထောင့်က ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်ပြိုင် လူငယ်ကဗျာဆရာတချို့က ခေတ်စမ်းစာဆို၊ ခေတ်စမ်းစာပေ အကြောင်းကို ကျွန်တော်တို့ သုံးသပ်ချက် ရေးရင် ခေတ်စမ်းစာဆိုတွေဟာ အင်္ဂလိပ်အစိုးရကို တိုက်ခိုက်တဲ့ ကဗျာမျိုးတွေ ရဲရဲမရေးခဲ့ဘူး။ ဒါကြောင့် အမွှမ်းတင် ရေးနေစရာ မလိုဘူး။ သူတို့ဟာ ‘အနုပညာသည် အနုပညာအတွက်’ ဆိုတဲ့ စာပေဂိုဏ်းက ပုဂ္ဂိုလ်တွေပါလို့ ဆိုလေ့ရှိပါတယ်။ ခေတ် လူငယ်တေွက အစိုးရကို တိုက်ခိုက်ရေးတာမျိုး ဖြုတ်ဟ၊ ချဟ၊ တော်လှန်ကြ စသဖြင့် တိုက်ရိုက် ကြုံးဝါး ကြိမ်းမောင်းတာမျိုးပါ။ တချို့က ‘ဆဲသံ’တောင် ပါလို့။ ကဗျာမဆန်လှပါဘူး။ ဆန္ဒပြ ကြွေးကြော်သံများအဖြစ် တန်ဖိုးထားစရာ ဖြစ်ပေမယ့် စာပေသမိုင်းက အစဉ်ပါဝင်တည်တံ့နိုင်မယ့် ကဗျာမျိုးတွေတော့ မဟုတ်ပါဘူး။

ဆရာကြီးမင်းသုဝဏ်က ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ပတ်သက်တဲ့ ကဗျာကို ဆရာကြီးရဲ့ ‘အင်းယားကန်သို့ အိုကူးတို့’ ကဗျာပေါင်းချုပ်ထဲမှာ တွေ့နိုင်ပါတယ်။

အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို
မကွက်မညှာ၊ စွန့်ကြရှာသည်
ဇာနည်နွယ်ဖွား၊ သူတို့အားလျှင်
ညွှတ်တွားသမှု၊ အလေးပြု၍
သာဓုနုမော်၊ ကောင်းချီးခေါ်သည်
ခြောက်ဖော်နတ်က ကြားစေသော်ဝ်။

(၄၊ ၁၊ ၅၃)

နောက်တပုဒ်ကတော့ ဂျပန်က ဗမာလူငယ်တွေ ထုတ်ဝေတဲ့ အမှတ်စဉ် ၈၄၊ ၂၀၀၈ ဖေဖော်ဝါရီ ၁၁ ရက်ထုတ်၊ အာဟာရစာစောင်မှာ တွေ့လို့ ကျွန်တော် ဖြတ်ယူထားတဲ့ ကဗျာပါ။ သူတို့က ဆရာ့ဆီကို တောင်းလို့ ဆရာက အသစ်ရေးပေးထားတာလား၊ တခြား စာနယ်ဇင်းတခုက ကူးယူဖော်ပြတာ လား ဆိုတာ ရေးမထားပါ။ စာစောင်ကတော့ ‘ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၃ နှစ်မြောက် မွေးနေ့အတွက်’လို့ ရည်ညွှန်းထားပါတယ်။ အဲဒီကဗျာက တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

(အတိတ်နှင့် ပစ္စုပ္ပန်)
မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။

မသိ၍ထင်
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး။
မိုးပေါက်လို အစဉ်ကြည်တို့။
နေခြည်ကို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။

မင်းသုဝဏ်

(ဆရာကြီးက ဘာပဲရေးရေး၊ ရက်စွဲတပ်နေကျပါ။ ဒီကဗျာမှာ ရက်စွဲမပါတာက တနေရာရာမှာ တယောက်ယောက် ဖြုတ်ခဲ့လို့ ဖြစ်မယ် ထင်ပါတယ်။ တခါတရံ စာစီသမားကလည်း နေရာမဆံ့လို့ ဖြုတ်ခဲ့တတ်တယ်။ ဒီကဗျာမှာ အောက်က နေရာအကျယ်ကြီး။ မင်းသုဝဏ်ရဲ့ နာမည်ကို ရိုက်ထား တာကလည်း အကြီးကြီး ရှိတယ်။ မဆံ့လို့ ရက်စွဲဖြုတ်ခဲ့တာ ဟုတ်ဟန်မတူပါ။ ဒီကဗျာ ကျွန်တော် ယူထားတဲ့ အာဟာရစာစောင်(ဂျပန်)ကို ကြည့်ပြောတာ ဖြစ်ပါတယ်။)

ဆရာကြီးမင်းသုဝဏ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို အလွန်လေးစားခင်မင်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကာလမတိုင်ခင်ကတည်းက ဆရာကြီးဟာ တပို့တွဲ ရောက်တိုင်း ထမနဲပွဲ လုပ်လေ့ရှိ ပါတယ်။ စာပေသမား တပည့်တွေနဲ့ အလွန်စည်ကားပြီး ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ဆရာကြီးကို ဗိုလ်နေဝင်းက ငြူစူတာကို သိတော့ တချို့ အစိုးရဝန်ထမ်း တပည့်တွေ ဆရာကြီး မင်းသုဝဏ်ရဲ့အိမ် မလာရဲကြတာ တော်တော်များပါတယ်။ မန္တလေးက ဆင်းလာကြတဲ့ စာပေသမားတွေထဲက တင်မိုး၊ မောင်စွမ်းရည်တို့ဟာ အစိုးရဝန်ထမ်းတွေ ဖြစ်ပေမယ့် ဝန်ထမ်း မဟုတ်တဲ့ မောင်သာနိုး၊ မောင်မိုးသူတို့နဲ့အတူ မပျက်မကွက် လာကြပါတယ်။ ဆရာကြီး ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် အိမ်က ထမနဲပွဲလာတဲ့ လူသိုက်က အမြဲလာပါတယ်။ ဆရာမင်းသုဝဏ်က ထမနဲပွဲ နီးရင် “မောင်စွမ်းရည်၊ ၃၃ လမ်း စာရေးဆရာတွေ စည်ကားချိန် သွားပြီး ဗျိုးဟစ်ချေကွာ”လို့ ခိုင်းတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သူ ရန်ကုန်မှာ နေပြီ ဆိုကတည်းက ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ ထမနဲပွဲရော၊ ဆရာကြီးမင်းသုဝဏ်ရဲ့အိမ်က ထမနဲပွဲကိုရော လာရောက်လေ့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လှုပ်ရှားမှုထဲကို ဝင်လာတော့ ဆရာကြီးမင်းသုဝဏ်က ကမာရွတ် မြို့နယ်က ဝင်ရောက်အရွေးခံလို့ အမတ်ဖြစ်ခဲ့ဖူးပေမယ့် စစ်တပ်က ထပ်ပြီး အာဏာသိမ်းလိုက်ပြန် တော့ ဆရာကြီးမှာ လွှတ်တော်မဲ့အမတ် ဖြစ်ခဲ့ရရှာပါသေးတယ်။ အဲဒီကာလမှာ ဆရာကြီးကို ကျွန်တော်တို့ ဝန်းရံကြပါတယ်။ နုနုရည်(အင်းဝ)တို့တောင် ပါလိုက်ပါသေးတယ်။ ဆရာကြီး နိုင်ငံရေးထဲ ဝင်လာတာဟာ ဘယ်သူက ဝင်ပါပါလို့ ပြောလို့ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က လည်း မပြောပါ။ ဆရာကြီးက ဘာပြောတယ် မှတ်လဲ။

“ငါ့သူငယ်ချင်းရဲ့သမီးက နိုင်ငံရေး လှုပ်ရှားနေတော့ ငါတို့က ဒီအတိုင်း ကြည့်နေလို့ ဘယ်ဖြစ်မလဲကွာ” လို့ ကျွန်တော်တို့ကို ပြောပြခဲ့ပါသေးတယ်။ တင်မိုးက အဲဒီစကားကို ဆရာကြီး ‌ပြောချိန်မှာ မရှိတော့ပါဘူး။ ကျွန်တော်က ဆရာကြီးရဲ့ စကားကို ပြန်ပြောရပါတယ်။ ဒီတော့ တင်မိုးက ဆရာမင်းသုဝဏ်နဲ့ သခင်အောင်ဆန်းတို့က “သူငယ်ချင်း မဟုတ်ပါဘူး။ ဆရာ တပည့်ပါ”တဲ့။ တင်မိုး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာ ပြောတာက ‘သူငယ်ချင်း’တဲ့။

ဆရာကြီး အမတ်ဖြစ်ချိန်မှာ လွှတ်တော်ကို စစ်တပ်က ‘မလွှတ်’လို့ မတက်လိုက်ရပေမယ့် နောက် တကြိမ် ရွေးကောက်ပွဲမှာတော့ ဆရာကြီးရဲ့သား ဦးထင်ကျော် အမတ်ဖြစ်ရုံမက သမ္မတ ဖြစ်လိုက်ပါ သေးတယ်။ ဆရာကြီးနဲ့ ဆရာကြီးကတော်တို့ကတော့ မကြုံတွေ့လိုက်ရဘူး ထင်တယ်။ ကျွန်တော်တို့ကတော့ ခေတ်အဘိုးကြီးများ ဖြစ်လို့ သတင်းစာ၊ ရေဒီယို၊ တီဗွီ စတဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုပဲ အသုံးပြုပြီး ပြည်တွင်း ပြည်ပ သတင်းတွေကို အဆက်မပြတ်အောင် ငယ်ကျင့် အတိုင်း ကြည့်ရှုလေ့လာပါတယ်။ နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်အခါသမယမှာ ကျွန်တော်တို့ ကိုယ်တိုင် သက်ကြီးဝါကြီး စာရင်းဝင် ဖြစ်နေသလို ဒေါ်အောင်ဆန်းစုကြည်လည်း ကျွန်တော်တို့ ထက် အသက်ငယ်ပေမယ့် ကန်တော့ခံ သက်ကြီးဝါကြီး စာရင်းဝင် ဖြစ်နေပါပြီ။ ဒီအချိန်မှာ လက်ရှိ သမ္မတကြီးနဲ့ သမ္မတဟောင်းဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ ဖြစ်သူ နှစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ကြတာကို နှစ်စဉ် တွေ့မြဲတိုင်း တွေ့ရတဲ့အခါ အထူးဝမ်းမြောက်ဝမ်းသာ ပီတိဖြာရပါတယ်။

ဒီအခါမှာ ဆရာကြီး မင်းသုဝဏ် ရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးဖွဲ့ပေးဖူးတဲ့ ကဗျာ လေးကိုလည်း အထူးသတိရမိလို့ ဆရာကြီးရဲ့ ကဗျာပေါင်းချုပ်စာအုပ်မှ အတွင်းဖုံးမှာ ကျွန်တော် ဖြတ်ကပ်လုပ်ထားတာလေးကို ပြန်လှန်ကြည့်မိပါတယ်။ ဒီကဗျာလေးကလည်း ပုံနှိပ်စာအုပ်တွေထဲ မှာ မတွေ့ဖူးသေးလို့ ပြန်လည်တင်ပြလိုက်ပါတယ်။ ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ပြင်ပမှာ (နယူးယောက်နဲ့ တိုကျို) ထုတ်ဖော်တင်ပြလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကဗျာ၊ ပန်းချီ (အိမ်တွင်းမှု သိပ္ပံ၊ အချုပ်အလုပ်၊ အချက်အပြုတ်) စတာတွေကို ဝါသနာပါသူ ဖြစ်ပါတယ်။ ဒီကဗျာလေးတွေကို သူကိုယ်တိုင်တချို့ တွေ့ပါလိမ့်မယ်။ တွေ့ရင် အမြတ်တနိုး သိမ်းဆည်းထားတာဖြစ်ပါတယ်။ တင်မိုး၊ ကြည်အောင်(ကိုလေး) စတဲ့ ကဗျာဆရာတွေနဲ့ အလွန်ရင်းနှီးပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကတော့…

မွေးနေ့ဆုတောင်း

ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင်၊ ရွှင်ရွှင်ဖို့။
ဒေါင်းပျိုအိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။

မင်းသုဝဏ်

(၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၄၅ နှစ်မြောက် မွေးနေ့အတွက် စပ်ဆိုခဲ့သည်။)

ဒီကဗျာမှာ ‘ရဲဇာနည်’၊ ‘တို့အရှင်’ ဆိုတဲ့ ဝေါဟာရများ အသုံးပြုထားတာကိုလည်း အထူးသတိပြုစေ ချင်ပါတယ်။

မောင်စွမ်းရည်
အောက်တိုဘာလ ၁၈၊ ၂၀၁၉
နယူးယောက်