Breaking News

မာန်သီဟထွန်း – ဆေပီယန်စ် (၂၃) – တိတ်ဆိတ်မှုခန်းဆီး၏ နောက်ကွယ်




မာန်သီဟထွန်း – ဆေပီယန်စ် (၂၃) – တိတ်ဆိတ်မှုခန်းဆီး၏ နောက်ကွယ်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) မေ ၁၇ ၊ ၂၀၁၉ 
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens -23

ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ရှင်သန်မှုဘဝအခြေအနေ တော်တော်များများကို ပြန်လည်တည်ဆောက်ရတာခက်ခဲတယ်ဆိုရင် တစ်ခုချင်းအသေးစိတ်တွေကို ပြန်လည်ဆက်စပ်တည်ဆောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဖို့များပါတယ်။ နီယန်ဒါသာလ်တို့ နေထိုင်တဲ့တောင်ကြားကို ဆေပီယန်စ်အုပ်စုတစ်စု ပထမဆုံးရောက်လာပြီး နောက်နှစ်တွေမှာ ရင်သပ်ရှုမောစရာကောင်းတဲ့ သမိုင်းဒရာမာဇတ်လမ်းတစ်ခုကို မြင်တွေ့ခဲ့ရမှာပါ။ ကံမကောင်းစွာနဲ့ပဲ အဲဒီလိုဆုံတွေ့မှုနဲ့ပတ်သက်ပြီး ရုပ်ကြွင်းအရိုးစုအနည်းငယ်နှင့် လက်တဆုပ်စာ ကျောက်လက်နက်ပစ္စည်းတွေကလွဲပြီး ဘာမှကျန်ရစ်ခဲ့ခြင်းမရှိပါဘူး။ အဲဒီပစ္စည်းတွေဟာလည်း ပညာရှင်တွေရဲ့ အပတ်တကုတ်လေ့လာစူးစမ်းမှုအောက်မှာ အသံတိတ်လို့သာ နေပါတယ်။ အဲဒီပစ္စည်းတွေကနေ အဲဒီခေတ်လူသားတွေရဲ့ ခန္ဓာဗေဒ၊ နည်းပညာ၊ စားသောက်မှုပုံစံ နှင့် သူတို့ရဲ့ လူမှုဖွဲ့စည်းတည်ဆောက်ပုံတွေကိုပါ လေ့လာလို့ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက အိမ်နီးချင်းဆေပီယန်စ်အုပ်စုတွေ အချင်းချင်း နိုင်ငံရေးမဟာမိတ်ဖွဲ့ကြတာမျိုး စတာနဲ့ပတ်သက်ပြီး ဘာမှပြောပြနိုင်တာ မရှိဘူး။ ဒါ့အပြင် အဲဒီမဟာမိတ်အဖွဲ့ကို ကောင်းချီးပေးတဲ့ သေလွန်သူတို့ရဲ့ ဝိညာဉ်တွေအကြောင်း၊ ဝိညာဉ်တွေဆီကနေ ကောင်းချီးတွေအသေအချာရရှိဖို့ ရိုးရာပယောဂဆရာတွေကို ဆင်စွယ်ပုတီးတွေ တိတ်တခိုးပေးရတာ စတဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ဘာမှပြောမပြနိုင်ပါဘူး။

ဒီတိတ်ဆိတ်မှုခန်းဆီးက နှစ်ထောင်သောင်းနဲ့ချီတဲ့ သမိုင်းများကို ဖုံးကွယ်ထားပါတယ်။ အဲဒီထောင်စုနှစ်တွေမှာလည်း စစ်ပွဲတွေ၊ တော်လှန်ရေးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ နက်နဲသိမ်မွေ့တဲ့ ဒဿနသီအိုရီတွေ၊ ဘယ်လိုမှနှိုင်းယှဉ်လို့မရတဲ့ အနုပညာမဟာလက်ရာတွေ ရှိခဲ့မှာပါ။ ရှာဖွေစားသောက်သူတွေမှာလည်း လူဇင်ဘတ်နိုင်ငံဝက်လောက် ကျယ်တဲ့အင်ပါယာကိုအုပ်စိုးတဲ့ သူတို့ခေတ်ရဲ့ အလုံးစုံအောင်နိုင်သူ နပိုလီယန်၊ ဆင်ဖိုနီသံစုံတီးဝိုင်းတွေမရှိပေမယ့်လည်း ပုလွေသံနဲ့ လူတွေကို မျက်ရည်ကျလောက်အောင် ဖျော်ဖြေခဲ့တဲ့ သူတို့ခေတ်ရဲ့ ပါရမီရှင်ဘေထိုဗင်တွေလည်း ရှိခဲ့မှာပါ။ ပြီးတော့ မိုးမြေစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာထက် ဒေသတွင်းက ဝက်သစ်ချပင်ကြီး ပြောသမျှစကားကို ထုတ်ဖော်ပြောဆိုတဲ့ တန်ခိုးကြီးယဇ်ပုရောဟိတ်တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ခန့်မှန်းခြေ သက်သက်တွေသာ ဖြစ်ပါတယ်။ တိတ်ဆိတ်မှုခန်းဆီးဟာ ထူထဲလှတဲ့အတွက် အသေးစိတ်အဖြစ်အပျက်တွေကို ဖော်ပြဖို့ထားဦး ခုလိုအဖြစ်တွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ဟုတ်မဟုတ်ဆိုတာတောင် ကျွန်တော်တို့ သေချာမသိပါဘူး။

ပညာရှင်တွေဆိုတာ သင့်တင့်လျောက်ပတ်တဲ့ အဖြေမျိုးသူတို့ပြန်ပေးနိုင်မယ့် မေးခွန်းမျိုးကိုပဲ မေးတတ်ကြတယ်။ စောစောကအရာတွေကို သိရှိထောက်လှမ်းနိုင်တဲ့ သုတေသနနည်းပညာများ ရှာဖွေမတီထွင်နိုင်သေးသ၍ ရှေးခေတ်ရှာဖွေစားသောက်သူတွေ ဘာကိုသက်ဝင်ယုံကြည်ခဲ့ကြတယ်၊ ဘယ်လိုနိုင်ငံရေးဒရာမာတွေ ကြုံတွေ့ခဲ့ကြရတယ်ဆိုတာကို ကျွန်တေ်ာတို့ ဘယ်တော့မှ မသိနိုင်ဖို့များပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုအဖြေမှ ပြန်မရနိုင်တဲ့မေးခွန်းတွေကို မေးဖို့ဆိုတာလည်း လိုအပ်ပါတယ်။ သို့မဟုတ်ရင် နှစ်ပေါင်း ၇၀,၀၀၀ စာ လူသားသမိုင်းမှာ နှစ်ပေါင်း ၆၀,၀၀၀ လောက်ကို ကျွန်တော်တို့ မျက်ကွယ်ပြုလိုက်ပြီး ‘အဲဒီခေတ်ကလူသားတွေဟာ အရေးပါတာဆိုလို့ ဘယ်အရာမှမလုပ်ခဲ့ကြဘဲ အသက်ရှင်ရုံသာ ရှင်ခဲ့ကြတယ်’ ဆိုတဲ့ ဆင်ခြေပေးရုံသာ ရှိတော့မှာပါ။

အမှန်တကယ်ပြောရရင် သူတို့ဟာ အရေးကြီးတဲ့အရာတော်တော်များများကို လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် သူတို့ဟာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးကို လူအများစုနားလည် သဘောပေါက်ထားတာထက် အမျာကြီးပိုပြီး ပုံသွင်းခဲ့ကြတယ်။ ဆိုက်ဘေးရီးယား ရေခဲပြင်ဒေသ၊ သြစတေးလျ အလယ်ပိုင်းသဲကန္တာရ၊ အမေဇုန်အမြဲစိမ်းတောအုပ်ကြီး စတဲ့ နေရာတွေကို သွားရောက်လည်ပတ်ကြတဲ့ တောင်တက်သမားတွေက လူသားတွေနဲ့ထိတွေ့ခြင်းလုံးဝမရှိသေးတဲ့ နေရာဒေသအသစ်စက်စက်တွေကို ရောက်သွားတယ်လို့ ထင်ကြတယ်။ ဒါဟာ လွဲမှားတဲ့ စိတ်ကူးယဉ်သက်သက်တစ်ခုပါ။ အထူထပ်ဆုံးသောတောအုပ်ကြီးတွေ၊ လူသူအရောက်ပေါက် အကင်းမဲ့ဆုံးဖြစ်ပါတယ်ဆိုတဲ့တောကန္တာရတွေဟာ ရှာဖွေစားသောက်သူတွေ ကျွန်တော်တို့ရှေ့ အရင်ရောက်ပြီးသားနေရာတွေဖြစ်ပြီး အဲဒီဒေသတွေကို ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ကြပြီးသားပါ။ နောက်လာမယ့်အခန်းမှာ ပထမဆုံးသော စိုက်ပျိုးရေးရွာမတည်မှီ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ကို ရှာဖွေစားသောက်သူတွေက ဘယ်လိုပြန်လည်ပုံသွင်းပြောင်းလဲစေခဲ့တယ်ဆိုတာကို ရှင်းပြထားပါတယ်။ ပုံပြင်တွေပြောတဲ့ အလေ့အထရှိတဲ့ ဒီလှည့်လည်သွားလာတဲ့ ဆေပီယန်စ် အုပ်စုတွေဟာ တိရိစ္ဆာန်သဘာဝလောကကြီးက ထုတ်လုပ်ဖူးသမျှတွေထဲမှာ အရေးအကြီးဆုံး နှင့် ဖျက်ဆီးမှုစွမ်းအားလည်း အကြီးဆုံးဖြစ်တယ် ဆိုတာပါပဲ။

အခန်း ၄
ရေလွှမ်းမိုးခြင်း

စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး မဖြစ်ခင်က အာရှ-အာဖရိကတိုက်ကြီးပေါ်မှာပဲ လူသားမျိုးစိတ် အားလုံးနေထိုင်ခဲ့ကြတယ်။ ရေတစ်ကမ်း နှစ်ကမ်း လက်ပစ်ကူးပြီးသော်လည်းကောင်း၊ လက်တန်းဖောင်တွေပြုလုပ်ပြီးသော်လည်းကောင်း ကျွန်းအချို့ပေါ်တွင် အခြေချခဲ့ကြတယ်ဆိုတာလည်း မှန်ပါတယ်။သည်။ ဥပမာ အင်ဒိုနီးရှားက ဖလော်ရက်စ်ကျွန်းပေါ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈သိန်းခွဲစပြီး လူသတ္တဝါတွေစတင် အခြေချနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း လူသတ္တဝါတွေဟာ ပင်လယ်ပြင်ကျယ်ကြီးထဲကို စွန့်စားသွားလာတာမျိုး မပြုလုပ်နိုင်ခဲ့ကြပါဘူး။ အမေရိကတိုက်၊ သြစတေးလျတိုက် စတဲ့နေရာတွေကို ဘယ်သူမှ မရောက်ခဲ့သလို ဝေးလံခေါင်သီတဲ့ ကျွန်းတွေဖြစ်တဲ့ မဒါဂတ်စ်ဂါ၊ နယူးဇီလန်၊ ဟဝိုင်အီ စတဲ့နေရာတွေကိုလည်း ဘယ်သူမှ မရောက်ရှိခဲ့ကြပါဘူး။

ဒီပင်လယ်ပြင်ကြီး ကာဆီးထားမှုက လူသတ္တဝါတွေကိုသာမက အခြားသော အာရှ-အာဖရိကရှိ တိရိစ္ဆာန်တွေ၊ အပင်တွေကိုပါ ပြင်ပကမ္ဘာကို ရောက်မသွားစေအောင် တားဆီးထားခဲ့တယ်။ ရလဒ်အနေနဲ့ သြစတေးလျ နှင့် မဒါဂတ်စ်ဂါ လို ဝေးကွာလှတဲ့ကျွန်းတွေက သက်ရှိသတ္တဝါတွေဟာ နှစ်သန်းပေါင်းများစွာ သီးသန့်ဆင့်ကဲပြောင်းလဲခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့သဘာဝနှင့်ပုံပန်းသဏ္ဍာန်တွေဟာ သူတို့နဲ့ဝေးကွာတဲ့အမျိုးတွေဖြစ်တဲ့ အာရှ-အာဖရိကမှာ ရှိတဲ့သက်ရှိတွေနဲ့ လုံးဝကွဲပြားနေပါတော့တယ်။ ကမ္ဘာဂြိုဟ်ကြီးဟာ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်ဂေဟစနစ်အမျိုးမျိုးနဲ့ ခွဲခြားထားသလိုဖြစ်ပြီး ဂေဟစနစ်တစ်ခုချင်းစီဟာလည်း သီးသန့်ကွဲပြားတဲ့ အပင်တွေ၊တိရိစ္ဆာန်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတယ်။ သို့ပေမယ့်လည်း အဲဒီလိုစုံလင်ကြွယ်ဝလှတဲ့ ဇီဝသက်ရှိသတ္တဝါအမျိုးမျိုးကို ဆေပီယန်စ်တို့က မကြာခင်အဆုံးသတ်ကြတော့မှာပဲ ဖြစ်ပါတယ်။

စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးနောက်ပိုင်းမှာ စုပေါင်းလုပ်ဆောင်တတ်ခြင်းစွမ်းရည်ဆိုတဲ့ နည်းပညာအသစ်ကို ဆေပီယန်စ်တွေ ရခဲ့ကြတယ်။ ဒါ့အပြင် အာရှ-အာဖရိက ကနေခွဲထွက်ပြီး ပြင်ပကမ္ဘာကို အခြေချစေမယ့်အမြော်အမြင်တွေပါ ရရှိလာခဲ့နိုင်ပါတယ်။ ပထမဆုံး အောင်မြင်မှုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ လောက်က သြစတေးလျတိုက်ကို နယ်ချဲ့နိုင်ခဲ့ခြင်းပဲဖြစ်တယ်။ ဒီအရာကို ရှင်းပြဖို့ ကျွမ်းကျင်သူတွေ တော်တော်အခက်တွေ့ကြပါတယ်။ သြစတေးလျသို့ရောက်ဖို့ လူသားတွေအနေနဲ့ ပင်လယ်ရေလက်ကြား တော်တော်များများကို ဖြတ်ကျော်ရမှာဖြစ်ပြီး တစ်ချို့ဟာ ကီလိုမီတာ ၁၀၀ ကျော် ကျယ်ပါတယ်။ သြစတေးလျတိုက်ပေါ် ရောက်သွားတဲ့အခါမှာလည်း နေ့ချင်းညချင်းပဲ လုံးဝအသစ်ဖြစ်တဲ့ ပတ်ဝန်းကျင်ဂေဟစနစ်နှင့် အသားကျအောင် ရှင်သန်ခဲ့ရပါတယ်။

ယုတ္တိအကျဆုံး သီအိုရီအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ လောက်မှာ (အာရှတိုက်နှင့်ကင်းကွာပြီး ကျွန်းအချင်းချင်းလည်း ရေလက်ကြားကျဉ်းတွေပဲ ခြားနေတဲ့)အင်ဒိုနီးရှားကျွန်းစုမှာ နေထိုင်တဲ့ ဆေပီယန်စ်တွေဟာ ပထမဆုံးသော ပင်လယ်ရေကြောင်းသွားလာတဲ့ လူ့အဖွဲ့အစည်းတွေအဖြစ် တိုးတက်လာခဲ့ကြတယ်။ သူတို့ဟာ ပင်လယ်ထဲသွားလာမယ့်ယဉ်တွေကို ဘယ်လို တည်ဆောက်ရမယ်၊ မောင်းနှင်ရမယ် ဆိုတာကို သိရှိလာခဲ့တယ်။ ဒီလိုနဲ့ ရပ်ဝေးကိုသွားတဲ့ တံငါသည်တွေ၊ ကုန်သည်တွေ၊ ရှာဖွေသူတွေ ဖြစ်လာကြတယ်။ အဲဒီအရာတွေက လူသားတွေရဲ့ လူနေမှုဘဝနှင့် လုပ်ဆောင်နိုင်စွမ်းရည်တွေကို အတိုင်းအဆမရှိ ကြီးမားလှတဲ့ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တယ်။ ပင်လယ်ထဲမှာ သွားလာကြတဲ့ ပင်လယ်ဖျံ၊ လင်းပိုင်၊ ပင်လယ်နွား စတဲ့ နို့တိုက်သတ္တဝါတွေအားလုံးဟာ ရေထဲမှာသွားလာနိုင်တဲ့ ခန္ဓာကိုယ်တွေ၊ အထူးအင်္ဂါများရရှိလာဖို့ နှစ်ကုဋေချီကြာအောင် ဆင့်ကဲပြောင်းလဲခဲ့ရတယ်။ အာဖရိကတိုက်က ဆဗားနားမြက်ခင်းမှာ နေထိုင်ခဲ့ကြတဲ့ လူဝံတွေရဲ့ သားစဉ်မြေးဆက်တွေဖြစ်တဲ့ အင်ဒိုနီးရှားက ဆေပီယန်စ်တွေကတော့ ခန္ဓာကိုယ်မှာရေယက်များ ပေါ်လာဖို့၊ ဝေလငါးတွေလို နှာခေါင်းတွေ ဦးခေါင်းထိပ်ကိုရောက်လာတဲ့အထိ စောင့်ဆိုင်းဖို့မလိုဘဲ ပစိဖိတ်ရေကြောင်းသွားလာသူတွေ ဖြစ်လာကြတယ်။ အဲဒီလို ကိုယ်တွင်းအင်္ဂါတွေပေါက်လာဖို့ စောင့်နေမယ့်အစား သူတို့လုပ်ခဲ့တာကတော့ လှေတွေတည်ဆောက်ပြီး အဲဒီလှေတွေကို ဘယ်လိုပဲ့ကိုင်မောင်းနှင်ရမယ်ဆိုတာ လေ့လာသိရှိလာတာပဲ ဖြစ်တယ်။ ပြီးတော့ ဒီစွမ်းရည်တွေကပဲ သူတို့ကို သြစတေးလျတိုက်ရောက်အောင် အခြေချနိုင်စေခဲ့တာပဲ ဖြစ်တယ်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။
https://www.dailymail.co.uk/…/Migrants-India-settled-Austra…
https://www.dailymail.co.uk/…/DNA-rewrite-story-Australia-s…