Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁ရက် မြောက်နေ့ မြင်ကွင်း ...

Photo Mizzima, Mandalay, fallen mural 

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) မတ် ၃၊ ၂၀၂၁

ပို့စ်တင်တဲ့အချိန်က မတ်လ ၄ ရက် ရောက်သွားပါပြီ။ သို့သော် မှတ်တမ်းအရတော့ မတ် ၃ လို့ပဲ ထားလိုက်ပါတယ်။

မတ်လ ၃ ရက်နေ့ မြန်မာနိုင်ငံအနှံ့အပြားမှာ မြန်မာပြည်သူတွေက အာဏာရှင်ပြုတ်ကျရေးအတွက် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ သပိတ်မှောက် စစ်ကြောင်းတွေ သပိတ်စခန်းတွေ နဲ့ ပြန်လည် ထွက်ပေါ်လာပါတယ်။ စစ်တပ်က ညကတည်းက ရပ်ကွက်တွေထဲ ဝင်ရောက်ပြီးတော့ အရပ်သားနေအိမ် ကား ပစ္စည်းတွေကို ဖျက်ဆီး ထုရိုက်သွားကြပါတယ်။ ညဘက်မှာ သေနတ်တွေ ပစ်ခတ်တာ ခြိမ်းခြောက် ဆဲဆိုတာတွေလည်း လုပ်သွားကြပါတယ်။ မနက်ခင်းမှာ စစ်တပ်နဲ့ ရဲက အင်အားပြပြီး လမ်းပေါ်မှာ နေရာယူထားပြီး လူစုစုမြင်တာနဲ့ သေနတ်နဲ့ ပစ်ခတ်တာကို လုပ်ပါတယ်။ သို့သော် ပြည်သူတွေက သပိတ်မှောက်လူငယ်တွေ ကျောင်းသားတွေနဲ့အတူ ရပ်ကွက်အလိုက် လမ်းအလိုက် ပြန်လည်စုဝေးပြီး စစ်တပ်ကို ပိတ်ဆို့ ဖြတ်တောက် ဆန္ဒပြ ကန့်ကွက် တိုက်ပွဲဝင်ကြပါတယ်။ လူစုပြီ ဆိုတာနဲ့ စစ်တပ်ဟာ ရန်သူတွေကို ချေမှုန်းသလိုမျိုး လက်နက်မဲ့ပြည်သူတွေကို ဝင်ရောက် စီးနင်း ပစ်ခတ် ဖမ်းဆီးတာ လုပ်ပါတယ်။ ဖမ်းဆီးခံရသူတွေကို လမ်းမှာတင် ရိုက်နှက် ကန်ကြောက်တာတွေ ကျုးလွန်ပြီး အချို့ကို လမ်းပေါ်မှာပဲ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ ဒါတွေအားလုံး ပြည်သူတွေ အားလုံးဆီမှာ မှတ်တမ်းရှိပါတယ်။ သပိတ်စစ်ကြောင်းတွေ ချီတက်ခွင့် မရတော့ ရပ်ကွက်တွေဟာ သပိတ်စခန်းတွေ ခုခံရေးစခန်းတွေ ဖြစ်ကုန်ပါတယ်။

အဆိုးဆိုးဖြစ်ရပ်တွေကတော့ စစ်ရာဇဝတ်မှုလို့ မှတ်တမ်းတင်ရမယ့်ဖြစ်ရပ်ပါ။ ရန်ကုန် မြောက်ဥက္ကလာမြို့နယ်မှာ ပြည်သူတွေကို စစ်တပ် (တပ်မ ၇၇ လို့ မှတ်ချက်ပေး) က စက်သေနတ်တွေ လက်နက်အင်အား အလွန်အကျွံသုံးပြီး ပစ်သတ် ခြေမှုန်းတာ ဖြစ်ပါတယ်။ လူအနည်းဆုံး ၂၀ သေဆုံးပြီး လမ်းပေါ်မှာတင် ဖမ်းမိသူကို စစ်တပ်က ပစ်သတ်တယ်လို့လည်း သတင်းတွေ ထွက်ပါတယ်။ အဲဒါကို မှတ်တမ်းယူထားပြီး ကယ်ဆယ်ရေးလုပ်တဲ့ နာရေးကူညီမှုအသင်း ရန်ကုန်ရှိရာ ဌာနကို ညနေခင်းမှာ စစ်တပ်က အကြမ်းဖက်စီးနင်းပြီး အဆောက်အအုံ ကား ရုံးပစ္စည်း ကွန်ပြူတာ အကုန် ဖျက်ဆီး သိမ်းယူသွားပါတယ်။ ဌာနက လက်နက်မဲ့ ဝန်ထမ်းတွေကို ရက်ရက်စက်စက် ရိုက်နှက်စော်ကားသွားတာတွေကို ရုပ်သံမှတ်တမ်းတွေကနေ တွေ့ရပါတယ်။ မန္တလေး မုံရွာမှာ လူငယ်တွေကို လမ်းပေါ်မှာ စစ်တပ်ကနေ စနိုက်ပါတွေ သုံးပြီး အဝေးကနေ ချောင်းမြောင်းပစ်ခတ် လုပ်ကြံသတ်ဖြတ်ပါတယ်။ အခြားနယ်မြို့တွေမှာလည်း စစ်တပ်နဲ့ ရဲက စစ်သွေးကြွအကြမ်းဖက်သမားတွေလို လူထုကို သတ်ဖြတ် နင်းချေနေတာတွေ ကြားသိရပါတယ်။ အဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်ကျောက်မြောင်းမှာတင် လူငယ် ၂၀၀ ကျော်တယ် ဆိုတော့ ရန်ကုန်တမြို့တည်းမှာ ထောင်ချီပြီး ဖမ်းဆီးခံရတယ် ခန့်မှန်းပါတယ်။ မြန်မာတပြည်လုံး လူ ၅၀ သေဆုံးတယ်လို့ ခန်မှန်းပါတယ်။

အဲသည်လို သပိတ်တိုက်ပွဲရှိတဲ့နေရာတွေဟာ ငရဲပြည်လို ဆူပွက်နေ လူအသက်တွေ သေကျေနေပေမယ့် ငြိမ်သက်နေတဲ့ နေရာတွေ ရှိနေပါတယ်။ အဲသည်နေရာတွေမှာ လူထုက စစ်တပ်ဝင်မလာနိုင်အောင် အတားအဆီးတွေ အကာအကွယ်တွေ စောင့်ကြည့်နေတာတွေ စုပေါင်းပြီး ပြုလုပ်ထားပါတယ်။ လူငယ်တွေ တောင်းဆို ညွန်ကြားသလို မျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆံအကာအကွယ်တွေ ကိုယ့်ကိုယ်ကိုခုခံဖို့ လက်နက်ကိရိယာတွေကို ဒေသခံတွေက ပြင်ဆင်ပေးထားတာကို တွေ့ကြရပါတယ်။ စစ်တပ်က ဖြတ်သန်းသွားရင်လည်း သပိတ်တိုက်ပွဲဖြိုခွင်းခံထားရတဲ့နေရာတွေကို နည်းမျိုးစုံနဲ့ သူတို့က သတင်းပို့ကြပါတယ်။ ရပ်ကွက်တွေထဲကနေ ခံစစ်တွေ ခုခံစစ်တွေ သပိတ်တိုက်ပွဲဖော်ဆောင်တာတွေ လုပ်ရတာဆိုတော့ အချင်းချင်း ညီညွတ်မှုတွေ ရှိနိုင်သလို၊ အမြင်မတူကြတာ ငြင်းခုံကြတာတွေလည်း ရှိနိုင်ပါတယ်။ ပြီးတော့ စစ်တပ်ဘက်တော်သား ဒလန်တွေ သတင်းပေးတွေ လှုံဆော်သူတွေကိုလည်း ပိုပြီး သတိထားမိနိုင်တယ်လို့ ပြောကြပါတယ်။ ကျောက်မြောင်းမှာ အဖြိုခွဲခံရတော့ လိုက်ဗ်မလွှင့်နဲ့ဆိုပြီး သတင်းသမားတွေကို လိုက်တားဆီးသူတွေဟာ ရပ်ကွက်ထဲကလူတွေ မဟုတ်ဘူးလို့ မှတ်ချက်ချပါတယ်။ သပိတ်တိုက်ပွဲဝင်သူတွေက အနည်းဆုံး ၅ ယောက် တစု တွဲပြီး ရင်ဆိုင်ကြတာက ပိုထိရောက်တယ်၊ တဦးချင်းဆီ လက်ဆင့်ကမ်း ညှိနှိုင်းနေတာထက် အချိန်ကုန်သက်သာတယ်လို့လဲ ပြောကြပါတယ်။

မတ်လ ၃ ရက် သွေးမြေကျမှုဟာ အရင်ရက်တွေထက် ပိုဆိုးလာပါတယ်။ လူထုကြီးထဲမှာ လူငယ်တွေကတော့ နောက်တွန့်သွားမယ့်ပုံ မရပါဘူး။ လူကြီးတွေထဲက အများစုသော မိဘတွေ ဦးလေးအဒေါ်တွေကလည်း ဒီတခါရှုံးရင်တော့ လူစဉ်မှီတဲ့နိုင်ငံမဖြစ်တော့ဘူးလို့ သဘောထားပါတယ်။ နက်ဖြန်အတွက်ကိုလည်း သင်ခန်းစာတွေ ယူပြီး ၄၃၂၁ သပိတ်တိုက်ပွဲဖော်ကြဖို့ ကြွေးကြော်သွားကြပြီး ဖြစ်ပါတယ်။

သပိတ်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို ကြည့်လိုက်ရင် သူတို့စိတ်သူတို့သဘော သူတို့အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး တိုက်ပွဲဝင်နေကြတာပါ။ သူတို့အပြောအရဆို YouTube ကြည့်ပြီး ပြင်ဆင်စရာတွေ ကာကွယ်စရာတွေ လုပ်ကြတယ်လို့ ပြောတယ်။ အွန်လိုင်းပေါ်မှာလည်း Milk Tea Alliance လိုမျိုး လူငယ်မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ပြီး တိုင်ပင်နေကြတာပဲ။ လူငယ်တွေထဲက နဲနဲအသက်ကြီးသူ ၂၅-၃၀ ဝန်းကျင်က CDM ထောက်ပံ့တာတွေကို လုပ်ကြတယ်။ ၂၅ အောက်က ဖိုက်တာတွေပေါ့။ ဆက်သွယ်ရေးတပ်သားတွေလည်း ပါတယ်။ သူတို့က အစပိုင်းမှာ Hong Kong, Taiwan, Thailand ကို ကြည့်တယ်။ ထိုင်းနဲ့ ဟောင်ကောင်က လူငယ်တွေက အခုဆိုရင် မြန်မာ ဂျန်းဇီတွေကို အလေးပြုနေရပြီ။ စစ်တပ်က သူတို့ဆီကထက် ရက်စက် ယုတ်မာ ကြမ်းတမ်းတယ်။ လူ့အသက်ကို စစ်သွေးကြွအကြမ်းဖက်သမားတွေ သတ်သလို သတ်ပြတ်နေတာ သူတို့တိုင်းပြည်မှာ မရှိဘူးလေ။ အခုတော့ လူငယ်တွေက သူတို့တိုင်းပြည်ဟာ ယူကရိမ်းပြည်တွင်းစစ် ၂၀၁၄ တုန်းကလိုလားလို့ ချိန်တွက်ကြည့်နေကြပြီ။ စနိုက်ပါတွေနဲ့ လက်နက်မဲ့ပြည်သူတွေကို ပစ်သတ်တာမျိုးက ယူကရိမ်းမှာ ဖြစ်ခဲ့တာကိုး။ Context တွေကို လူငယ်တွေက နှိုင်းယှဉ်စဉ်းစားနေတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လူထုအုံကြွမှုဟာ အရှေ့ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက လူထုအုံကြွမှုတွေနဲ့လည်း တွဲကြည့်ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဖြစ်စဉ်တွေကို ငြင်းပယ်ပြီး အာဏာရှင်တွေ အာဏာလုကြ လူထုက မခံမရပ်နိုင်လို့ အုံကြွကြ၊ လမ်းပေါ်မှာ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ပြီး တော်လှန်ရေးကို ချိုးနှိမ်၊ နိုင်ငံတကာက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မကူနိုင် ဆိုတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

သို့သော် အခုမြန်မာပြည်မှာက CRPH လှုပ်ရှားမှုရှိတယ်။ ပြည်ပက ပိတ်ဆို့အရေးယူထားတာ ရှိတယ်။ ခုထိ မြန်မာစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုသေးဘူး။ လူထု၏ အထွေထွေသပိတ် အရှိန်ကောင်းနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားလုံးဆီမှာ မှတ်တမ်းရှိတဲ့အပြင် UN, US, EU, UK တို့က အရေးယူနိုင်ဖို့ ကြိုးစားနေတာကို မြင်နေရတယ်။ မြန်မာပြည်ပြင်ပက မြန်မာတွေကလည်း ခုထိ တသားတည်း မြန်မာပြည်နဲ့အတူ ရပ်တည်နေကြပါတယ်။ စစ်တပ်က ခုချိန်မှာ အချိန်ဆွဲတာ၊ ဖြိုခွဲတာ နဲ့ သွေးခွဲတာကို ကျင့်သုံးနေတာကို လူတွေက ရိပ်မိနေကြပါတယ်။

CRPH ကတော့ ခုချိ်န်မှာ မြေပြင်ကအခြေအနေနဲ့ ကိုက်ညီတဲ့ စမ်းစစ်မှုတွေလုပ်ပြီး ခေါင်းဆောင်မှုတွေ သတင်းစကားတွေ ပေးဖို့ လိုမယ် ထင်ပါတယ်။ အခု CRPH ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကတော့ (၁) ဆန္ဒပြပါ (ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်) (၂) CDM ဆက်လုပ်ရင်း မိမိ ရုံးဌာနအလိုက် အစုအဖွဲ့ကို ထူထောင်ပါ၊ စုဆောင်းပြင်ဆင်ပါ၊ မိမိတို့နဲ့ ဆက်သွယ်ပါ။ (၃) CRPH အစိုးရက ရုံးပိတ်ရက် ၁၀ ရက် ကြေညာမည်၊ မလိုက်နာသူတွေက CDM ဆန့်ကျင်သူ၊ ပြည်သူအစိုးရကို မလိုက်နာသူအဖြစ် သဘောထားမည် လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေး အခွန်ကိစ္စနဲ့ ပတ်သက်ပြီးလည်း CRPH က ပြည်သူများ အခွန်ဆောင်ရန် မလိုတော့ဟု ထုတ်ပြန်လိုက်ပါတယ်။ အခွန်ဆောင်နေလို့ရှိရင် စစ်အကြမ်းဖက်အုပ်စုအကျိုးစီးပွားကို ထောက်ပံ့ရာ ရောက်တယ်လို့ ဆိုပါတယ်။ ထို့အပြင် CRPH ကိုထောက်ခံဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှာ ဒေသန္တရအုပ်ချုပ်ရေးအာဏာရှိတယ်။ စုပေါင်းအားနဲ့ ကာကွယ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။ အမေရိကန်လိုပြောရင် deputize လုပ်တယ်ပေါ့။ နောက် Mizzima အင်တာဗျူးမှာ NLD CRPH အဖွဲ့ဝင် ဦးရည်မွန်က ပြောရာမှာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့အထိ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ ရှေ့ဆက်မယ့်လမ်းတွေအတွက်လည်း တိုင်းရင်းသားတွေ မျိုးဆက်သစ်တွေဆီက သဘောထားတွေ မျော်လင့်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ဖြစ်လိမ့်မယ်လို့ မျော်လင့်ပါတယ်။