Breaking News

အေးငြိမ်း ● ညာတာ ပါတေး (၂)

အေးငြိမ်း ● ညာတာ ပါတေး (၂)
(မိုးမခ) မေ ၂၁၊ ၂၀၁၉

ယခု ကျွနု်ပ်က လခနှစ်မျိုးနှင့် တွက်ပြပါမည်။

ပထမတစ်ခုမှာ အခြေခံလစာ - ၆ဝဝ၊ ခံစားခွင့် ၃၂ဝ၊ ဖြတ်တောက်တောက်တာ လုံးဝမရှိ။ (ပုံ (၁) တွင်ကြည့်ပါ)


တစ်နှစ်တွင် ရက်သတ္တပတ် ၅၂ ပတ်ရှိ၏။

ထို့ကြောင့် တစ်နာရီစာလုပ်အားခကို အောက်ပါအတိုင်း တွက်ရပါမည်။ ဤသည်မှာ ကျွန်တော်က အကြောရှည်ပြီး ကိုယ့် ဘာသာ ပုံသေနည်းထုတ်ထားတာမဟုတ်မူ၍ MOM ကတွက်ပြထားသည့်အတိုင်း တွက်တာသာ ဖြစ်ပါသည်။ (ပုံ (၂) တွင် ကြည့်ပါ)


တစ်နာရီစာလုပ်အားခ = (အခြေခံလစာ x ၁၂) / (၄၄ x ၅၂)

တစ်နာရီစာလုပ်အားခ = (၆ဝဝ x ၁၂) / (၄၄ x ၅၂) = စင်းဒေါ်လာ ၃.၁၅
တစ်ရက်လုပ်အားခ = ၃.၁၅ x ၈ နာရီ = ၂၅.၁၇

(မှတ်ချက် -  (၁) ရက်လုပ်အားခဆိုသည်မှာ အခြေခံလစာကို ၃ဝ ဖြင့် စားထားတာမဟုတ်ပါ။)

(၄) လခတွက်ခြင်း
၂ဝ၁၉ ခုနှစ်မေလတွင်
စနေ - ၄ ရက်
တနင်္ဂနွေ - ၄ ရက်
အများပြည်သူရုံးပိတ်ရက် - ၂ ရက် ( May Day နှင့် Vesak Day)
မေလတွင် ၃၁ ရက်ရှိရာ စနေ၊ တနင်္ဂနွေ၊ အများပြည်သူရုံးပိတ်ရက်များနုတ်လိုက်လျှင် -

ကျန် တနင်္လာမှ သောကြာနေ့ထိ နေ့များမှာ (၃၁ - ၁ဝ = ၂၁ ရက်) ဖြစ်ပါသည်။

အကယ်၍ မေလ၊ ၂ဝ၁၉ တွင် အောက်ပါအချိန်များအတိုင်း အလုပ်ဆင်းရသည် ဆိုပါစို့။

တနင်္လာမှ သောကြာ - နေ့စဉ် မနက် ၈ နာရီမှ ညနေ ၇ နာရီထိ (သာမန် - ၈ နာရီ နှင့် အချိန်ပို ၂ နာရီ)
စနေနေ့ - မနက် ၈ နာရီမှ ညနေ ၅ နာရီထိ (သာမန် - ၄ နာရီ နှင့် အချိန်ပို ၄ နာရီ)
တနင်္ဂနွေ - မနက် ၈ နာရီမှ ညနေ ၅ နာရီထိ (အချိန်ပို ၈ နာရီ)
အများပြည်သူရုံးပိတ်ရက် - အလုပ်မဆင်းရပါ။ (ထိုနှစ်ရက်အတွက် တစ်ရက်လျှင် ၈ နာရီစာ ရရပါမည်။)

တနင်္လာမှ စနေထိ အချိန်ပိုလုပ်အားခမှာ တစ်ဆခွဲ (x ၁.၅) ဖြစ်၏။
တနင်္ဂနွေ အချိန်ပိုလုပ်အားခမှာ နှစ်ဆ (x ၂.ဝ) ဖြစ်၏။

ထို့ကြောင့် လခကို အောက်ပါအတိုင်း တွက်နိုင်ပါသည်။ ပုံ (၃) တွင်ကြည့်ပါ။


တနင်္လာမှ သောကြာ - သာမန်လုပ်အားခ = ၂၁ x ၈ x ၃.၁၅ = ၅၂၉.၂ဝ
တနင်္လာမှ သောကြာ - အချိန်ပိုလုပ်အားခ = ၂၁ x ၂ x ၃.၁၅ x ၁.၅ = ၁၉၈.၄၅
စနေနေ့ - သာမန်လုပ်အားခ = ၄ x ၄ x ၃.၁၅ = ၅ဝ.၄ဝ
စနေနေ့ - အချိန်ပိုလုပ်အားခ = ၄ x ၄ x ၃.၁၅ x ၁.၅= ၇၅.၆ဝ
တနင်္ဂနွေ - အချိန်ပိုလုပ်အားခ = ၄ x ၈ x ၃.၁၅ x ၂.ဝ= ၂၁ဝ.၆ဝ
အများပြည်သူရုံးပိတ်ရက် = ၂ x ၈ x ၃.၁၅ = ၅ဝ.၄ဝ
----------------------------------------------------------------------------
မေလ၊ ၂ဝ၁၉ အတွက် လုပ်အားခ စုစုပေါင်း = ၁၁ဝ၅.၆၅
လစဉ် ခံစားခွင့် = ၃၂ဝ.ဝဝ
---------------------------------------------------------------------------
မေလ၊ ၂ဝ၁၉ အတွက် ထုတ်ရမည့်လခ = ၁၄၂၅.၆၅
---------------------------------------------------------------------------

++++++++++++++++++++++++++++++++++++++++++++

ဒုတိယတစ်ခုမှာ အခြေခံလစာ - ၁၆ဝဝ၊ ခံစားခွင့်၊ ဖြတ်တောက်တောက်တာ လုံးဝမရှိ။ (ပူးတွဲပါပုံ (၄) တွင် ကြည့်ပါ)


တစ်နာရီစာလုပ်အားခ = (၁၆ဝဝ x ၁၂) / (၄၄ x ၅၂) = စင်းဒေါ်လာ ၈.၃၉
တစ်ရက်လုပ်အားခ = ၈.၃၉ x ၈ နာရီ = ၆၇.၁၃

ထို့ကြောင့် လခကို အောက်ပါအတိုင်း တွက်နိုင်ပါသည်။ ပုံ (၅) တွင်ကြည့်ပါ။



တနင်္လာမှ သောကြာ - သာမန်လုပ်အားခ = ၂၁ x ၈ x ၈.၃၉ = ၁၄ဝ၉.၅၂
တနင်္လာမှ သောကြာ - အချိန်ပိုလုပ်အားခ = ၂၁ x ၂ x ၈.၃၉ x ၁.၅ = ၅၂၈.၅၇
စနေနေ့ - သာမန်လုပ်အားခ = ၄ x ၄ x ၈.၃၉ = ၁၃၄.၂၄
စနေနေ့ - အချိန်ပိုလုပ်အားခ = ၄ x ၄ x ၈.၃၉ x ၁.၅ = ၂ဝ၁.၃၆
တနင်္ဂနွေ - အချိန်ပိုလုပ်အားခ = ၄ x ၈ x ၈.၃၉ x ၂.ဝ = ၅၃၉.၉၆
အများပြည်သူရုံးပိတ်ရက် = ၂ x ၈ x ၈.၃၉ = ၁၃၄.၂၄
-------------------------------------------------------------------------------
မေလ၊ ၂ဝ၁၉ အတွက် ထုတ်ရမည့်လခ = ၂၉၄၄.၈၉
-----------------------------------------------------------------------------

ဤမျှဆိုလျှင် အသင် အမျိုးကောင်းသားကလေးများသည် မိမိတို့လခကို မိမိတို့ ဘယ်ကဲ့သို့ ကြည့်ရမည်။ လခကို မည်ကဲ့သို့ တွက်ရမည်ဆိုသည်ကို အခြေခံမျှ နားလည်သွားလောက်ပါပြီ။ ဤမျှနားလည်လျှင်ပင် အတော်အကျိုးများမည်ဖြစ်၏။

ထို့ထက် လခကို မှန်မှန်ကန်ကန်ရနိုင်ရန် မိမိအလုပ်လုပ်ချိန်များကို မှတ်တမ်းတင်ထားရပါမည်။ ဗလာစာအုပ်တစ်အုပ်ဝယ်၍ အောက်ပါအတိုင်း ဇယားဆွဲပါ။ အလုပ်ကပြန်ရောက်ရောက်ချင်း ဖေ့စ်ဘုတ်ကြည့်တာ၊ ရေးချိုးတာ၊ ထမင်းချက်/စားတာ ဘာဆို ဘာမှမလုပ်သေးဘဲ ထိုဇယားကို အရင်ဖြည့်ပါ။ စင်ကာပူကို ပိုက်ဆံရှာရအောင်လာတာဖြစ်၍ လုပ်ခမှန်မှန်ကန်ကန် ရရန် အလုပ်ချိန်နာရီများမှန်ကန်ရေးမှာ အလွန်အရေးကြီးပါသည်။

မေလ၊ ၂ဝ၁၉ အလုပ်ဆင်းချိန်မှတ်တမ်း ပုံ (၆) တွင်ကြည့်ပါ။

နာရီစုစုပေါင်း = ပုံမှန်နာရီပေါင်း + အချိန်ပိုနာရီ (၁) X ၁.၅+ အချိန်ပိုနာရီ (၂) X ၂.ဝ
ထိုနာရီစုစုပေါင်းကို တစ်နာရီလုပ်အားခဖြင့် မြှောက်လိုက်လျှင် မိမိထုတ်ရမည့်လခ ရပါပြီ။

အကယ်၍ ရုံးကပေးသည့် လစာပြေစာဖြတ်ပိုင်းတွင် ဖော်ပြထားသည့် အလုပ်ချိန်နာရီများမှာ မိမိမှတ်တမ်းတင်ထားသည့် အလုပ်ချိန်နာရီများနှင့် ကွဲလွဲနေပါက ရုံးသို့ပြန်ပြောပါ။ မိမိမှတ်တမ်းများကို ပြသလျက် အဘယ်ကြောင့် ကွဲလွဲနေရသည်ကို မိမိကြီးကြပ်ရေးမှူးအား ခေါ်ပြီး ရှင်းခိုင်းပါ။

အကယ်၍မှ ရုံးက သဟောက်သဟာလုပ်လျှင်ဖြစ်စေ၊ မည်သည့် ဖြေရှင်းချက်မှ မပေးလျှင်ဖြစ်စေ။ ၎င်းတို့ဖြေရှင်းပေးသည်ကို မကျေနပ်လျှင်ဖြစ်စေ MWC (Migrant Workers' Centre) သို့တိုင်ပါ။ ဖုန်းနံပါတ် - ၆၅၃၆ ၂၆၉၂။ လိပ်စာမှာ - 579, Serangoon Road, Singapore 218193 ဖြစ်ပါသည်။

အောက်ပါဗီဒီယိုကလစ်လေးကိုကြည့်ပါ။ ဗဟုသုတရပါသည်။

https://www.youtube.com/watch?v=l7-_IRbqJ-Q

(၅) နိဂုံး
IPA letter ပေါ်တွင် လခ ၁၆၀၀ ဟု ရေးထားသူကို အေးဂျင့်က တစ်နေ့လျှင် ၂၁ ကျပ်ရမည်ဟု ပြောလိုက်သည် ဆို၏။ ကုမ္ပဏီကလည်း လခ ၁၆၀၀ ပေးမှာမဟုတ်ဘဲ အေးဂျင့်ပြောသလို တစ်နေ့ ၂၁ ကျပ်သာ ပေးမည်ပြောသည်ဟု ထိုသ ကောင့်သားကလေးက ညှိုးငယ်စွာနှင့် ပြောပါသည်။ ဤသည်ကိုမှ ညာတာပါတေးဟုမခေါ်လျှင် အဘယ်ကို ခေါ်ရပါမည်တုံး။

ကျွနု်ပ်ကတော့ သူ့ကို အကယ်၍ IPA letter ထဲမှာ ဖော်ပြထားသည့်လခကို မပေးခဲ့ပါက MOM ဒါမှမဟုတ်၊ MWC ကို သွားတိုင်ဖို့ ပြောလိုက်ပါသည်။ သို့သော် သူပြောရဲမှာမဟုတ်ကြောင်း သူ့မျက်လုံးများက ဖော်ပြနေပါသည်။

အဲဒီလိုတိုင်လိုက်လို့ ပြန်လွှတ်နေမှ ခက်နေပါအုံးမယ်ဗျာဟု မဝံ့မရဲ ဆိုရှာ၏။

ညာတာပါတေးကိစ္စမှာ ဤလခကိစ္စတစ်ခုတည်းတင်မဟုတ်ပါ။
ကန်ထရိုက်စာချုပ်ကို ညာတာပါတေး သည်။
အချိန်ပိုကြေးကိုလည်း ညာတာပါတေး သည်။
လျော်ကြေးကိစ္စ၊ ဆေးကုသသည့်ကိစ္စကိုလည်း ညာတာပါတေးသည်။
ပီပီအီးကိုလည်း ညာတာပါတေးသည်။

ဤ ညာတာပါတေးများကို တစ်ပုဒ်ချင်း ရေးသားတင်ပြသွားပါမည်။

လူအချင်းချင်း ညာတာပါတေးခြင်း ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၀ မေလ၊ ၂၀၁၉

*ကော့စွန်းဆိုသည်မှာ မလေးဘာသာစကားဖြစ်ပြီး သုညဟု အဓိပ္ပါယ်ရပါသည်။