Breaking News

ဇင်လင်း - ငြိမ်းချမ်းရေးရှိမှ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ပြည် ဖြစ်နိုင်မည်




ဇင်လင်း - ငြိမ်းချမ်းရေးရှိမှ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ပြည် ဖြစ်နိုင်မည်

(မိုးမခ) မေ ၂၁၊ ၂၀၁၉

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးအခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)” ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင် လာရေးအပေါ် တည်မှီနေသည်။ ယခု မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းလျှက်ရှိသည်။ ၂၀၁၆ ခုနှစ် ဧပြီလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန် ယူခဲ့သည့် အချိန်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရားဝင်ပါဝင်လာခဲ့သည်။ ပြည်သူလူထု၏ အခြေခံဘဝ အေးချမ်းသာယာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့်လည်း ကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ(EAOs) မှ အဓိကခေါင်းဆောင်များနှင့်လည်းကောင်း၊ တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (NRPC) တို့က စီစဉ်သော အစည်းအဝေးများတွင် EAOs ခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် က နွေးထွေးစွာ တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ငြိမ်းချမ်း ရေးနှင့်ပတ်သက်သော ချဉ်းကပ်ပုံကို လမ်းပြမြေပုံ (၇)ချက်ဖြင့် လမ်းကြောင်းပြထားသည်ကို တွေ့နိုင်သည်။ 

ယင်း မြေပုံ၌ 
(၁) နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည် သုံးသပ်ခြင်း၊ 
(၂) နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည် ပြင်ဆင်ခြင်း၊ 
(၃) ပြင်ဆင်အတည်ပြုပြီးသော နိုင်ငံရေး ဆွေးနွေးမှုမူဘောင်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခြင်း၊ 
(၄) ၂၁ ရာစုပင်လုံ ညီလာခံ ရလဒ်များကို စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် လက်မှတ်ရေး ထိုးခြင်း၊ 
(၅) ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲခြင်း၊ 
(၆) ပြင်ဆင်ရေးသား အတည်ပြုပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ 
(၇) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများနှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း၊ စသည်ဖြင့် ဖြစ်သည်။


အစိုးရ၏ လမ်းပြမြေပုံအရ ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမည်ဟု ဆို ထားသည်။ ပြင်ဆင်ရေးသား အတည်ပြုပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဟုလည်း ဖေါ်ပြထားသည်။ ထို့နောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများနှင့် အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည့်အကြောင်းလည်း ဖေါ်ပြထားသည်။ ယခုကဲ့သို့ အာဏာရပါတီက ငြိမ်းချမ်းရေး ချဉ်းကပ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျွဲကူးရေပါ ထည့်သွင်း စီစဉ် ဆောင်ရွက်မည်ဆိုသည်ကို တပ်မတော်နှင့် အဓိကအတိုက်အခံပါတီတို့က သဘောမတွေ့ကြပေ။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး ပြဿနာများကို ဖြေရှင်းရာတွင် ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခနှင့် ဘင်္ဂလီပြဿနာတို့နှင့်လည်း မလွှဲမရှောင်သာ ရင်ဆိုင်နေရသည်။ ရခိုင်ဒေသခံ တိုင်းရင်းသား လူမျိုးစုများ၏ အရေး ဆိုမှုများကိုလည်း ကြုံတွေ့နေရသည်။ ၂၀၁၇ ခုနှစ် ဘင်္ဂလီအရေးအခင်းများကြောင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှု ကိုလည်း ခံရသည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး နိုင်ငံရေး ပုံရိပ် ထိခိုက်မှုကို ကာကွယ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အိန္ဒိယ၊ ဂျပန်၊ အာဆီယံနိုင်ငံများနှင့် သံခင်းတမန်ခင်းလမ်းဖေါက်ရသည်။ သို့မှသာ တရုတ်အပေါ် အလွန်အကျွံ အားကိုးနေရမှုကိုလည်း ထိန်းညှိနိုင်မည် ဖြစ်သည်ဟု ယူဆပုံရသည်။ 

အခြားတဖက်တွင်လည်း ငြိမ်းချမ်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို ၃ ကြိမ်တိုင် ကျင်းပခဲ့သည်။ အခြား ဆက်စပ်အစည်းအဝေးများကိုလည်း တက်ရောက်ဆွေးနွေးခဲ့ သည်။

၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သည်။ သို့သော် ယင်း ၅၁ ချက်သည် ထင်ရှားသော အကျိုးရလဒ် တစုံတရာ ဖေါ်ဆောင်ပေးနိုင်ခြင်းမရှိဟု ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ဝေဖန်ဖူးသည်။

လက်ငင်း မြေပြင်အခြေအနေများကို လေ့လာပါက၊ တပ်မတော်နှင့် တိုင်းရင်းသား တပ်ဖွဲ့များ (EAOs) အကြား စစ်ရေး တင်းမာမှုများရှိနေသကဲ့သို့ နိုင်ငံရေးအရ သဘောကွဲလွဲမှုများလည်း ဖြစ်ပေါ်နေသည်။ ယင်းအခြေအနေကို လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်မှု ရှိနေသည်။ တပ်မတော်နှင့် EAOs တို့ အကြား တပ်ပိုင်းဆိုင်ရာ ကတိကဝတ်များ ရှိပြီးဖြစ်သော်လည်း၊ နှစ်ဖက်စလုံး လိုက်နာကျင့်သုံးမှု နည်းနေသည်။ 

ဥပမာအားဖြင့် “အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုး ချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ထိုးစစ်ဆင်ခြင်းများရပ်ဆိုင်းရန်၊” သဘောတူ ကတိပြုထားသော်လည်း နှစ်ဖက်စလုံး ကတိချိုးဖေါက်မှုများ ရှိခဲ့သည်။ ထို့ကြောင့်ပင် ငြိမ်းချမ်းရေး ကြိုးပမ်းနေစဉ်ကာလအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို လေ့လာပါက၊ နယ်မြေချဲ့ထွင်ခြင်း၊ တပ်သားသစ်စုဆောင်းခြင်း၊ အခွန် (ဆက်ကြေး) ကောက်ခံခြင်း၊ သတ်မှတ်နယ်မြေကို ကျော်လွန်ကာ စစ်ရေးလှုပ်ရှားခြင်း၊ စသည်ဖြင့် တွေ့ရသည်။ 

အကျိုးဆက်မှာ ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း၊ ကျည်သင့်သဖြင့် ဒေသခံများ သေဆုံး ဒဏ်ရာရခြင်း၊ နှစ်ဖက် စစ်သည်များ မလိုအပ်ဘဲ သေဆုံးစေခြင်း၊ ဒေသခံပြည်သူတို့၏ အိုးအိမ်ခြံမြေများ ပျက်စီးဆုံးရှုံးစေခြင်း၊ NCA လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ကျဆင်းစေခြင်း၊ အပစ်ရပ်ရေး အလားအလာ ပိုမိုကျဆင်းစေပြီး စစ်ရှိန်ပို၍ မြင့်တက်စေခြင်း၊ စသော ဆိုးကျိုးများ ဖြစ်ပေါ်သည်ကို တွေ့မြင်ရသည်။

သို့ဖြစ်၍ လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး“တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)” ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာရေးကို ဦးတည် ကြိုးပမ်းနေကြောင်း တွေ့မြင်နေရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၌ တစ်ဆို့လျှက်ရှိသော ကိစ္စများကို တွေ့ဆုံ ဖြေရှင်းနိုင်ရန် NCA လက်မှတ်ရေးထိုးထားသော ၁ဝ ဖွဲ့ အပြင်၊ လက်မှတ်မရေးထိုးရသေးသော ညီနောင်တိုင်းရင်းသားအဖွဲ့များလည်း ‘စတုတ္ထပင်လုံ ငြိမ်းချမ်းရေးညီလာခံ’ ၌ ပူးပေါင်းပါဝင် လာစေရန် ကြိုးပမ်းကြဖို့လိုသည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်၌ ထားရှိသည့် “ဘုံသဘောထားများ၊ ဖက်ဒရယ် အခြေခံမူ ဆိုင်ရာ ဘုံသဘောထားများနှင့် NCA ဆိုင်ရာ ဘုံသဘောထားများ” ရရှိရေးကိုလည်း ကြိုးပမ်းသင့်သည်။

လက်ရှိပြုလုပ်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများသည် အဆင့်များလွန်း၍ နိုင်ငံရေးဆွေးနွေးမှု မူဘောင် တင်းကြပ်မှုများ ရှိနေသည်ဟု ဆိုသည်။ သို့ဖြစ်၍ လာမည့် ၂၁ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးပွဲပုံစံများကို ပြောင်းလဲရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ ဆွေးနွေးညှိနှိုင်းသွားမည်ဟု UDDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် ကပြောခဲ့ဖူးသည်။ 

တစ်ဆို့မှု အခက်အခဲများကို ကျော်လွှားရန် တရားဝင် ဆွေးနွေး ပွဲများ မလုပ်မီ ထိပ်ပိုင်းခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ၍ အဆုံးအဖြတ်ပေးရန် လိုသည်ဟု UPDJC ဒုဥက္ကဌ ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ပြောဖူးသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးတွင် အဓိကတစ်ဆို့မှုများကို လေ့လာကြည့်လျှင် တပ်မတော်က သဘော ထား အမြင်၂ ရပ်အပေါ် ခိုင်ခိုင်မာမာရပ်တည်နေသည်ကို တွေ့ရသည်ဟု မွန်ပြည်သစ်ပါတီ NMSP ဒု-ဥက္ကဌ၊ UPDJC အဖွဲ့ဝင် ‘နိုင်ဟံသာ’ က မွန်သတင်းအေဂျင်စီ (MNA)သို့ ပြောဖူးသည်။ 

လုံးဝခွဲမထွက်ရေးမူကို လက်ခံမှသာ တိုင်းရင်း သားများ တောင်းဆိုသည့် ဖက်ဒရယ်အရေးကို လက်ခံဆွေးနွေးသွားမည်ဟု တပ်မတော်က ဆိုသည်။ ယင်းအချက်ကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်ကို လက်မှတ်ရေးထိုးခဲ့သော ရှမ်း၊ ကချင်၊ ချင်း စသည်တို့က လက်ခံရန် လုံးဝ မဖြစ်နိုင်ဟု နိုင်ဟံသာ က ဆိုသည်။ 

တဖက်မှာလည်း ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ တစ်ခွန်းမျှပင် မဆွေးနွေးရသေးဟု ဆိုသည်။ 

တိုင်းရင်းသားတန်းတူရေးအတွက် မည်မျှ အာမခံချက်ရှိသနည်း၊ ဆိုသည်ကို လုံးဝမသိရသေးဘဲ၊ ခွဲမထွက်ရေးမူ ကို လက်ခံစေခြင်းသည် တိုင်းရင်းသားများအား ထွက်ပေါက်မရှိအောင် လမ်းကြောင်း ပိတ်ဆို့ထားသကဲ့သို့ဖြစ်နေသည်ဟု သူကဆိုသည်။ 

သို့သော် ထိုအချက်ကို ကျော်ဖြတ်သွားနိုင်သည့် နည်းလမ်း ရှိသည်ဟု နိုင်ဟံသာကဆိုသည်။ ဆိုလိုသည် မှာ ခွဲထွက်ခွင့်ရှိ/မရှိဆိုသော အချက်ကို လုံးဝထည့်မပြောဘဲ၊ ဖက်ဒရယ်အရေးကိုသာ ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန် လိုအပ်သည်ဟု နိုင်ဟံသာ က သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင် တစ်ခုတည်းသောတပ်မတော်ကိစ္စနှင့် စပ်လျဉ်း၍ ယေဘူယျအားဖြင့် ပြည်ထောင်စုနိုင်ငံတစ်ခုတွင် တစ်ခုတည်း သော တပ်မတော်ရှိခြင်းကို လက်ခံကြောင်း နိုင်ဟံသာ က ဆိုသည်။ သို့သော် ထို တပ်မတော်သည် တိုင်းရင်းသား ပေါင်းစုံရှိသည့် နိုင်ငံတွင် တိုင်းရင်းသား အသီးသီးအတွက် အာမခံချက်ပေးနိုင်သည့် တပ်မတော်ဖြစ်ဖို့လိုသည်ဟု သူက ထောက် ပြသည်။ 

လက်ရှိ မြန်မာနိုင်ငံရှိ တပ်မတော်သည် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် တပ်မတော် မဟုတ်သောကြောင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို အချိန်အခါမရွေး သိမ်းနိုင်သည်ဟု နိုင်ဟံသာက ဆိုသည်။

“တပ်မတော်က ၂၀ဝ၈ အခြေခံဥပဒေကို မပြောင်းလဲချင်တာရယ်၊ ပါးစပ်ကတော့ ငြိမ်းချမ်းရေးဆိုပြီး အမြဲပြောဆိုနေတာပဲ လေ။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် သိပ်အလေးအနက်မထားသလိုပဲ မြင်ရတယ်။ ၂၁ ရာစု ပင်လုံ အောင်မြင် သွားပြီး ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်လိုက်မှာကို မလိုလားသလိုပဲ။ ဒီ ၂၀ဝ၈ ကိုပဲ မလွတ်တန်း ခိုင်ခိုင်မာ ဖက်တွယ်ထားမယ့် သဘော တွေ့ရတယ်။” ဟုလည်း နိုင်ဟံသာ က ပွင့်လင်းစွာ သုံးသပ်ပြောကြားခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးကဏ္ဍ ရလဒ်များ ထွက်နိုင်ရန် အရေးကြီးကြောင်းနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် ဒီဇိုင်းများ ကို ပြန်သုံးသပ်ရန် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့က ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ဒီမိုကရေစီ ဖယ်ဒရယ် ဆိုင်ရာမူဝါဒများ အပြီးသတ်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ဖူးသည်။

ပေါင်းချုပ်သုံးသပ်ရလျှင် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထုတရပ်လုံးက လက်တွေ့ဖြစ်ပေါ်နေသော တိုင်းပြည်၏ အခြေအနေများအရ ငြိမ်းချမ်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် လိုအပ်နေသည်ကို နားလည် သဘောပေါက်ကြဖို့လိုသည်။ စိတ်ရင်းစေတနာ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်ကို ငြိမ်းချမ်းစေလိုလျှင် မည်သည့် အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်မည် ဖြစ်သည်။

၂၇၊ ၇၊ ၂၀၁၇ ရက်နေ့က နေပြည်တော်ရှိ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” ၌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် က အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့လွတ်လပ်ရေးရသွားတဲ့အခါ ဘယ်လိုနိုင်ငံတော်ကြီးကို မျှော်မှန်းသလဲ ဆိုတာ ကျွန်မတို့ရဲ့ နိုင်ငံတော်သီချင်းထဲမှာ ရှင်းရှင်းလင်းလင်း ပါပါတယ်။ ‘တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ’ ကျွန်မသိပ်ပြီး သဘောကျတယ်။ တရားမျှတမှု နဲ့ စတာ၊ လွတ်လပ်ရုံနဲ့ မလုံလောက်ဘူး။ တရားမျှတမှုရှိမှ လွတ်လပ်ရကျိုးနပ်မှာဖြစ်ပါ တယ်။ ‘များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ပြည်’ တဲ့ များလူအားလုံးကနေပြီးတော့ ငြိမ်းချမ်းရမယ်၊ ငြိမ်းချမ်းရေးအရေးကြီးတယ်၊ ခွင့်တူညီမျှသာ ရမယ်။ နိုင်ငံသူနိုင်ငံသားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေရကြရမယ်။” ဟု သူ့အမြင် သူ့ဝါဒကို ဖေါ်ထုတ်ပြောဆိုခဲ့ဖူးသည်။

‘များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ပြည်’ ကို ထူထောင်မည်ဆိုလျှင် စတုတ္ထ ပင်လုံညီလာခံ ဖြစ်ပေါ် လာရေး သက်ဆိုင်သူ Stakeholders အားလုံး အပြန်အလှန် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုသည်။

ဒီလှိုင်းဂျာနယ် အတွဲ(၈) အမှတ် (၁၈)၊ ၂၀-၅-၂၀၁၉ နေ့ထုတ်တွင် ဖေါ်ပြသည့် ဆောင်းပါး