Breaking News

လှကျော်ဇော - မြန်မာပြည်အတွက် အာဆက်ကပေးမယ့်အကျိုးကျေးဇူးများ


ASEAN leaders are seen on a screen as they attend the 4th Regional Comprehensive Economic Partnership Summit as part of the 37th ASEAN Summit in Hanoi, Vietnam on November 15, 2020. Nguyen Huy Kham/Reuters

လှကျော်ဇော - မြန်မာပြည်အတွက် အာဆက်ကပေးမယ့်အကျိုးကျေးဇူးများ

(မိုးမခ) နိုဝင်ဘာ  ၂၄၊ ၂၀၂၀

(အာဆက် - R-CEP-Regional comprehensive economic partnership - ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစာချုပ်။)

တရုတ်က သံခင်းတမန်ခင်းနည်းလမ်းများနဲ့ အာဏာသိမ်းခြင်း ဆိုတဲ့ အထိတ်တလန့် ခေါင်းစဉ်နဲ့ နိုဝင်ဘာ(၁၅-၁၆)ရက်နေ့များက နိုင်ငံတကာ(အထူးသဖြင့်အနောက်တိုင်း) သတင်းများမှာ သတင်းတပုဒ်တက်လာပါတယ်။

ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ် အာဆက်(ခေါ်) ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ဗီယက်နမ် နိုင်ငံက ဦးစီးပြုလုပ်တဲ့ အာစီယံထိပ်သီးအစည်းအဝေး အမျိုးမျိုးအတွင်း ချုပ်ဆိုလိုက်ပြီ ဆိုတဲ့ သတင်းထွက်ပေါ်လာတာကို အကြောင်းပြုပြီး ဆက်တိုက်ဆိုသလို အဲသလို အရေးအသားတွေ တွေ့လာရတာပါ။

အဲဒီစာချုပ်ကို ချုပ်ဆိုလိုက်တဲ့နိုင်ငံများကတော့ အာစီယမ်(၁၀)နိုင်ငံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ သြစတြေးလျ ၊ နယူးဇီလန်  စုစုပေါင်း (၁၅) နိုင်ငံပါ။ မြေပုံကို ကြည့်ပါဦး။ ဟိုးမြောက်ဖက်မှာ ဂျပန်၊ တောင်ကိုးရီးယား ကစပြီး အလယ်မှာ တရုတ်နဲ့ အာစီယမ်နိုင်ငံတွေ၊ တောင်ဖက်စွန်းမှာ သြးစတြေးလျနဲ့ နယူးဇီလန်။ လူဦးရေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုပမာဏက ကမ္ဘာ့စုစုပေါင်းရဲ့ (၃၀)%။ သဘောကတော့ ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတပုံ ဟာ စုစည်းသွားတဲ့ဈေးကွက်ကြီး ဖြစ်သွားပြီ ဆိုတဲ့ လက္ခဏာပါ။ ဒါက အာရှ-ပစိဖိတ်ဒေသကြီးတခုလုံး မကြာမီ တစုတစည်းတည်းဖြစ်တော့မယ် ဆိုတဲ့ ရှေ့ပြေးနိမိတ်ပုံ ပါပဲ။ ဒါပေမဲ့ ဒါတွေကိုတရုတ် တဦးတည်းက ဦးစီးလုပ်နေတာတော့မဟုတ်ဘူး။

၈ နှစ် နီးပါးကြာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးမှ ဒီလိုစာချုပ် ချုပ်ဆိုနိုင်မှုဟာ နိုင်ငံစုံဝါဒ (ဝါ) ဗဟုစုံဝါဒ (နီုင်ငံကြီးသေးမဟူ တန်းတူအခွင့်အရေးရရှိမှု) နဲ့လွတ်လပ်စွာကုန်သွယ်ရေးများအတွက် အောင်ပွဲ လို့ တရုတ်ဝန်ကြီးချုပ်က မှတ်ချက်ပြုသွားပါတယ်။ (တနည်း ပြောရရင် တဦးတည်းဗိုလ်ကျလွှမ်းမိုးရေးနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ရှုံးနိမ့်သွားပြီ လို့ ဆိုလိုပါတယ်။)

ဒေသတွင်းကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေမှာဖြစ်ပြီး စက်မှုလက်မှုနဲ့ ထုတ်ကုန်ဆိုင်ရာ ကွင်းဆက်ပိုမို အားဖြည့်နိုင်မှာဖြစ်လို့ ကိုဗစ်ကပ်ဘေးတိုက်ဖျက်ရေးနဲ့ အတူ စီးပွားရေးများ နာလန်ထူလာရေးအတွက်လည်းတွန်းအားဖြစ်စေနိုင်ပါတယ်။ စာချုပ် အဖွဲ့ဝင်နိုင်ငံများအတွက်သာမက ဒေသတခုလုံးအတွက်ပါ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းဆော်နိုင်မှာဖြစ်ပါတယ်။

ဒီစာချုပ်ဝင်နိုင်ငံများရဲ့ ထူးခြားချက်ဟာ (ဘက်စုံ နယ်ပယ်စုံ ဥပမာ စီးပွားရေးအဆင့်အတန်း ကျင့်သုံးတဲ့နိုင်ငံရေးစနစ် ဘာသာရေး လူမှုရေး စသဖြင့်) အလွန်ကွဲပြားခြားနားလှတဲ့ နိုင်ငံများ စုစည်းပါဝင်နေမှုပါ။ ဒီစာချုပ်အရ အကောက်အခွန်တွေ လျှော့ချတာ၊ ဈေးကွက်တွေဖွင့်ရမှာ၊ အတားအဆီးပိတ်ဆို့မှုတွေ လျှော့ချရတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ဒါတွေအားလုံးကို ပါဝင်တဲ့နိုင်ငံတွေ တပြေးညီလိုက်နာဖို့မဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့အခြေခံ စီးပွားရေးအဆောက်အအုံ အခြေအနေ အဆင့်အတန်းနဲ့အညီ အဆင့်ရှိစွာ တဖြည်းဖြည်း တိုးလုပ်ဆောင်ဖို့သာဖြစ်ပါတယ်။

ဒီစာချုပ်ဝင်နိုင်ငံများထဲက ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းမှာ ကမ္ဘောဒီးယား၊ လောနဲ့ မြန်မာ ပါဝင်ပါတယ်။ ဒါကြောင့်ဒီ (၃) နိုင်ငံရဲ့ အခြေအနေနဲ့အညီ အခြေခံစီးပွားရေးအခြေအနေတွေကို မြှင့်တင်ပေးဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။

ဥပမာ - ဒီအဖွဲ့ထဲက အဆင့်မြင့်နိုင်ငံများ (ဥပမာ - တရုတ်၊ ဂျပန်) က သူတို့နိုင်ငံစီးပွားရေးကို တဆင့်မြှင့်ဖို့ သူတို့နိုင်ငံက လုပ်အားစိုက် စက်မှုလုပ်ငန်းများ (ဥပမာ - အထည်ချုပ်လုပ်ငန်း) ကို လုပ်အားခပေါတဲ့နိုင်ငံများကိုရွှေ့ပြောင်း ပေးရမှာပါ။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံများအတွက် အရင်းနှီးတွေ နည်းပညာလုပ်ငန်းကျွမ်းကျင်မှုတွေ ဝင်ရောက်သွားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွက်လာပြီး နိုင်ငံတွေရဲ့စီးပွားရေးတွေလည်း တိုးတက်လာနိုင်ပါတယ်။(နိုင်ငံခြားထွက်ပြီး အလုပ်အကိုင်ရှာစရာမလိုတော့ဘူးပေါ့။)

အဲသလို နိုင်ငံများက စီးပွားရေးတိုးတက်လာရင် အလယ်အလတ်လူတန်းစား အလွှာပေါ်လာပြီး တချို့နိုင်ငံတွေမှာ ပုံနေတဲ့ အလတ်လွှာများရဲ့အသုံးအဆောင်ပစ္စည်းတွေ (အခွန်တွေလျှော့ထားတာလည်း ဖြစ်လို့) လေအေးစက်၊ ကွန်ပျူတာအမျိုးမျိုး စတာတွေ ရောင်းထွက် ကုန်ပါလိမ့်မယ်။ ငွေပိုငွေလျှံတွေရှိလာရင် ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒီတော့ ဖွံ့ဖြိုးမှုမြင့်တဲ့နိုင်ငံများအတွက်လည်း အကျိုးရှိတာပေါ့။(အပြန်အလှန် အကျိုးရှိရေး၊ အားလုံးအကျိုးကျေးဇူးတွေကို မျှဝေရရှိရေး ဆိုတဲ့ မူပါ။) ဒါတွေကတော့ ကွင်းဆက်လုပ်ငန်းတွေပါ။

တကယ်တော့ ပါဝင်တဲ့နိုင်ငံများအနေနဲ့ မိမိနိုင်ငံရဲ့အားသာချက် (ဥပမာ - မြန်မာနိုင်ငံဆိုရင် လုပ်အားခဈေးချိုမှု၊သယံဇာတများပေါကြွယ်မှု) ကိုဆုပ်ကိုင်ပြီး ပိုမိုဖွံ့ဖြိုးလာစေဖို့ ဒီကွင်းဆက်အတိုင်း ဝင်ပါပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကို ရှာဖွေနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံများအတွက် အခွင့်ကောင်းပါ။ ဒီလို အပြန်အလှန် တန်းတူညီတူဆွေနွေးပွဲများက ဖွံ့ဖြိုမှုနိမ့်တဲ့နိုင်ငံများရှိလူများကို ပိုမို အမြင်ကျယ်စေပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးစေပါတယ်။ (ဒါဟာ ကမ္ဘာကြီး တန်းတူညီမျှရေး အတွက်အကျိုးရှိပါတယ်။)

ဒိလိုနည်းနဲ့ ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီစွာဆွဲတင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကိုလည်း ရေရှည်ခံနိုင်အောင် ကြိုးပမ်းနိုင်ပါတယ်။

ဒီသဘောတူညီချက်များမှာ ပါဝင်တဲ့အချို့အချက်များဟာ အသစ်အဆန်းတွေဖြစ်ပြီး စိတ်ဝင်စွားဖွယ်တွေပါ။၉၀% နိးပါးရှိတဲ့ ကုန်ပစ္စည်းအရောင်းအဝယ်များမှာ အကောက်ခွန် အဆင့်ဆင့်လွတ်ငြိမ်းခွင့်၊ ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်ခွင့်များ၊ နယ်စပ်ဖြတ်ကျော်လုပ်ဆောင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်သတ်မှတ်ချက်အသစ်များ၊ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များ စတာတွေ ပါဝင်ပါတယ်။။ ဒီလိုနည်းနဲ့ တရုတ်တွေပြောနေတဲ့ ကံတူအကျိုးပေးလူ့အဖွဲ့အစည်း တည်ထောင်ရေး ဆိုတဲ့ အိပ်မက် ကိုအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့လည်း ယူဆလာကြပါတယ်။

ဒါ့အပြင် ဒီစာချုပ်ပါ အချက်များဟာ ဒီနေ့ခေတ်ကာလနဲ့အညီ ဖြစ်တာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက်လည်း အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ကမ္ဘာကြီးဟာပိုမိုမျှတ သဟဇာတဖြစ်လာနိုင်ပါတယ်။

ဒီလို အခွင့်ကောင်းတွေကိုဆုပ်ကိုင်နိုင်ပြီး ပြည်သူတွေအတွက် စဉ်းစားလုပ်ဆောင်ပေးနိုင်ရင်ဖြင့် ဗမာပြည်ကြီးအတွက် အလားအလာကောင်းတွေ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာနိုင်ပါလိမ့်မယ်။

လှကျော်ဇော
၂၁-၁၁-၂၀၂၀