Breaking News

ဇင်လင်း ● ငြိမ်းချမ်းရေးကြိုးပမ်းထားမှုများ သဲထဲရေသွန် မဖြစ်ရေး

ဇင်လင်း ● ငြိမ်းချမ်းရေးကြိုးပမ်းထားမှုများ သဲထဲရေသွန် မဖြစ်ရေး
(မိုးမခ) မေ ၂၈၊ ၂၀၁၉

လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် စိတ်အားထက်သန်လျှက်ရှိသည်။ ဖက်ဒရယ် ပြည်ထောင်စုထူထောင်မည်ဆိုပါက အခြေခံအားဖြင့် ငြိမ်းချမ်းရေး ရှိဖို့လိုသည်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ မူဝါဒများတွင်လည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုထူထောင်မည်ဟု ဆိုထားပြီး အစွမ်းရှိသမျှ ငြိမ်းချမ်းရေး အတွက် အားထုတ်လုပ်ဆောင်နေကြချိန်ဖြစ်သည်။ လက်နက်မကိုင်နိုင်သော သာမန် ပြည်သူများအကြား အထူးသဖြင့် တိုင်းရင်းသားဒေသရှိ ပြည်သူများ မလုံမခြုံ နေထိုင်နေကြရပြီး၊ လုပ်ကိုင်စားသောက်ရေးအတွက်လည်း အာမခံချက် မရှိ သလို ခံစားနေရကြရသည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့် ပြဿနာကြောင့် အိုးမဲ့ အိမ်မဲ့နှင့် အလုပ်လက်မဲ့ အလွန်များ နေသည်။ ထိုတိုင်းရင်းသားပြည်သူလူထု၏ ဘဝများမှာ နီးရာဓါးကို ကြောက်နေရပြီး၊ အချိန်မရွေးခေါ်လျှင် သွားကြရသည်။ ခိုင်းလျှင်လည်း ငြင်းဆန်မရသည့် အခြေအနေဖြစ်သဖြင့် မလုပ်ချင်သော်လည်း လုပ်ကြရသည်ဟု ဆိုသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တန်းတူအခွင့် အရေးမရှိဖြစ်နေပြီး၊ တဆက်တည်းတွင် လွတ်လပ်ရေးလည်း ဆုံးရှုံးနေကြရသည်။

လွတ်လပ်ရေးမရှိ၊ လွတ်လပ်ခွင့်မခံစားရဟု ပြည်သူတို့ထင်မြင်ယူဆလာလျှင် အုပ်ချုပ်သူ အစိုးရအနေဖြင့် ထိုကိစ္စကို အရေးကြီးကိစ္စဟု သတ်မှတ်ဖြေရှင်းပေးဖို့အလွန်အရေးကြီးသည်။ ဘာကြောင့် အလွန်အရေးကြီးသနည်းဆိုလျှင် လွတ် လပ်ခွင့်ကို တန်းတူမခံစားရဘဲ၊ လွတ်လပ်ခွင့်ဆုံးရှုံးနေပြီဟု ထင်မြင်သူများလာပါက၊ လက်နက်ကိုင်ထကြွမှုများ ဖြစ်ဖို့ နီးစပ်သောကြောင့်ဖြစ်သည်။ နစ်နာမှုများလာပါက၊ ဖြေရှင်းမရဖြစ်လာခဲ့လျှင်၊ လက်နက်စွဲကိုင်တိုက်သည့်နည်းကလွဲ၍ မရှိဆိုသည်မျိုးဖြစ်လာတတ်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေကလည်း လက်နက်မရှိလျှင် စကားပြောခွင့် မရသလို ဖြစ်နေသည်။ လက်နက်ကိုင်တပ်ဖွဲ့မရှိသော လူမျိုးစုများ ပြောရေးဆိုခွင့်တွင် အမြဲတမ်း တပန်းရှုံးနေသည်ဟု မြင်လာနိုင် သည်။  ထို့ကြောင့် ထိုအယူအဆမျိုး ပေါ်ပေါက်မလာစေရန် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် (Freedom of Expression) ကို မြှင့်တင်ပေးရန် အစိုးရများတွင် တာဝန်ရှိသည်။ မြေယာပိုင်ဆိုင်ခွင့်နှင့်တကွ လွတ်လပ်စွာတန်းတူ လုပ်ကိုင်စားသောက်ခွင့် လည်း ဖေါ်ဆောင်ပေးဖို့လိုသည်။

၂၀၁၉ ခုနှစ် မတ်လ ၅  မှ ၇ ရက်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထား သည့် NCA-S-EAO များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အထူး အစည်းအဝေးပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးမှ အချက် ၈ ချက်ပါ ထုတ်ပြန်ကြေညာချက်ကို မတ်လ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက် အမှတ်စဉ် ၇ တွင်ဖေါ်ပြထားသော အချက်သည် အရေးကြီးသည်။ အစိုးရနှင့် တပ်မတော်တို့ အလေးထားစဉ်းစား ရမည့် အချက်လည်းဖြစ်သည်။ “NCA-S-EAO အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များ အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ မည်သည့် သက်ဆိုင်သူကိုမျှ ချန်လှပ်မထားသော အခြေခံမူ (Non-Exclusive Principle) ကို တစိုက်မတ်မတ် ကိုင်စွဲကြိုးပမ်းသွားမည် ဖြစ်သည်။” ဟု ဖေါ်ပြထားသည်။  ယင်းကြေညာချက်တွင် လွှတ် တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ကြိုဆိုထောက်ခံထားသည်။
 
ဆိုလိုသည်မှာ NCA-S-EAO အဖွဲ့အစည်းများ၏ ရပ်တည်ချက်သည် အစိုးရနှင့် အမြင်ကွာဟမှု ကြီးကြီးမားမားမရှိဟု ဆို နိုင်သော်လည်း တပ်မတော်နှင့် အမြင်သဘောထား ညှိနှိုင်းရန် ခက်ခဲသည့် အနေအထားဟု ဆိုနိုင်သည်။ အထူးသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ခိုင်ခိုင်မာမာ ကာကွယ်လျှက် အထိမခံဖြစ်နေသဖြင့် လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံမှုက အဖုအထစ်ဖြစ်လာမည်လားဟု စဉ်းစားစရာ ဖြစ်နေသည်။ ထို့ပြင် NCA လမ်းကြောင်းပေါ်၌ UPDJC နှင့် JMC အဖွဲ့များတွင် တပ်မတော်ကိုယ်စားလှယ်တို့က အမြဲတမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်ကလည်း မျှတမှုမရှိဟု ယူဆပုံရသည်။ KNU နှင့် RCSS/SSA တို့ တရားဝင်ဆွေးနွေးပွဲများမှ ယာယီ ထွက်ခွာမှုသည် မည်သည့်အကြောင်းကြောင့်နည်းဆိုသည်ကို အဖြေရှာကြည့်ရန်လည်း လိုသည်။

နောက်ထပ်ထည့်သွင်း စဉ်းစားရမည့် အချက်မှာ အဆိုပါ ကြေညာချက်ပါ အမှတ်စဉ် ၆ ဖြစ်သည်။ “NCA ကို အခြေခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် ဆန့်ကျင်မှုဖြစ်စေသည့် လွှတ်တော်မှ ရေးဆွဲပြဋ္ဌာန်း ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ (၂၀၁၂) နှင့် ၎င်းကိုပြင်ဆင်သည့် ဥပဒေ(၂၀၁၈) ကဲ့သို့ သော ဥပဒေများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သဟဇာတဖြစ်စေရန်အတွက် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေးကိုလည်း တိုက်တွန်းပါသည်။ နောင်တွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် ဆန့်ကျင်သည့် အလားတူ ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်ခြင်း မပြုပါရန် အလေးအနက်တိုက်တွန်းပါသည်။” ဟု ကြေညာချက် အမှတ် စဉ် ၆ ၌ ဖေါ်ပြထားသည်။

KNU အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့သည် NCA သဘောတူညီချက်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ သို့သော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့အကြား NCA စာ ချုပ်ပါ အချက်အချို့အပေါ် သဘောထားကွဲလွဲမှုရှိသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့က  ပြော ကြားထားသည်။ တပ်မတော်နှင့် NCA စာချုပ် ပါဝင်လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အကြား လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုများ ရှိနေသေးသည်။ ပြည်သူလူထုဆန္ဒရှိသည့် ငြိမ်းချမ်းရေး မျှော်လင့် ချက်များ မပျက်စီးရေးကို သတိပြု ထိန်းသိမ်းကြဖို့ လက်နက်ကိုင်နှစ်ဖက်လုံးတွင် တာဝန်ရှိသည်။ JMC-U အရပ်သားကိုယ်စား လှယ်များက သံသယ နည်းအောင် ဆောင်ရွက်ကြရန် တိုက်တွန်းနေသည်ဟု ဆိုသည်။ JMC ကို NCA သဘောတူစာချုပ်အရ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) နှင့် အရပ်သားကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေစဉ် လက်နက်ကိုင်ပဋိပက္ခများ မပေါ်ပေါက်ရေး ပူးတွဲထိန်းသိမ်း စောင့်ကြည့်ရန်နှင့် ပဋိပက္ခများပေါ်ပေါက်ခဲ့ပါက အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် အဓိကလုပ်ငန်းတာဝန်အဖြစ် သတ်မှတ် ထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့သော NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့NCA-S EAO  ထိပ်သီးညီလာခံ တတိယမြောက်နေ့တွင် သဘာပတိဖြစ်သူ ရခိုင်အမျိုးသားလွတ် မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ် သမိုင်းရှည်ကြာခဲ့သည်ကို သင်ခန်းစာ ယူ၍ “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်” များအပေါ် အခိုင်အမာရပ်တည် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် သည်ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခဲ့သည်မှာ လေးနှစ်နီးပါးရှိပြီဖြစ်သော်လည်း ‘ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု’ တည်ဆောက်ရေးပုံစံတစ်ခုမျှကိုပင်  မဖေါ်ထုတ်နိုင်သေးခြင်းသည် အားနည်း ချက်ဖြစ်နေသောကြောင့် တည်ဆောက်ရေးဆိုင်ရ ပုံစံတစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန်  ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က  မေ ၁၆ ရက် သဘာပတိ မိန့်ခွန်းပြောကြားရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု NCA-S-EAO ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် လက်ရှိ ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် NCA စာချုပ်ပါ အချက်များနှင့် အညီဆက် လက် ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများနှင့် NCA စာချုပ်ကို ပြင်ဆင်ဖြည့်စွက်ပြီးမှ အစိုးရ၊ တပ်မတော်နှင့် ကတိ ကဝတ် ပြုပြီး တစ်ဆင့်ချင်း ရှေ့ဆက်လိုသည့် အဖွဲ့များရှိနေသဖြင့် လက်ရှိထိပ်သီးအစည်းအဝေးတွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အပစ်ရပ်အဖွဲ့များအပြင် NCA လက်မှတ်မရေးထိုးရသေးသည့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ခေါင်းဆောင်တချို့လည်း လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည်တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ကြောင်း Network Media Group သတင်း၌ ဖေါ်ပြသည်။
လွန်ခဲ့သည့် ၂ဝ၁၉ မတ်လ ၅ ရက်မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သော NCA လက်မှတ်ထိုး (၁ဝ) ဖွဲ့ ခေါင်းဆောင်များတက်ရောက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးအပြီးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းပြောခဲ့စဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ် ဆို့နေခြင်းမှာ ‘ခွဲမထွက်ရကိစ္စ’ နှင့် ‘တခုတည်းသောတပ်မတော်’ ကိစ္စများကြောင့်ဖြစ်ဟု ပြောကြားခဲ့သည်။ ခွဲမထွက်ရ ကိစ္စသည် NCA စာချပ်တွင်မပါဝင်ဟု သူက ဆိုသည်။ ခွဲမထွက်ရကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်၏စိုးရိမ်ပူပန်မှုကို နား လည်ကြောင်း၊ လက်ရှိအနေအထားတွင် ခွဲထွက်ခွင့်တောင်းဆိုမှုမရှိသဖြင့် စိုးရိမ်ရန်မလိုကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောခဲ့ဖူးသည်။

လက်ငင်း မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်များကိုလေ့လာကြည့်လျှင် ‘ဝ’ အဖွဲ့(UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) သည် NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စကို ယခုအခိျန်အထိ သဘောမတူသေး။ ‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) အနေဖြင့်  ပြည် ထောင်စုမှခွဲထွက်မည်မဟုတ်ဟုကတိပြုသော်လည်း NCA သဘောတူစာချုပ်လက်မှတ်ထိုးရန် ယခုအထိ ငြင်းပယ်နေဆဲရှိသည်။

ဧပြီ ၃ဝ တွင် ယာယီအပစ်ရပ် သက်တမ်းကုန်ပြီဖြစ်၍ တပ်မတော်က နောက်ထပ် အပစ်ရပ်သက်တမ်း ၂ လတိုးပေးခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် စစ်မျက်နှာ၌ စစ်ဘောင် ပိုမိုကျယ်ပြန့်လာနေသောကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာ မ ကောင်းဟု ဝေဖန်သုံးသပ်နေကြသည်။ လက်ရှိ တိုက်ပွဲအခြေအနေများများကို လျော့ပါးအောင်မလုပ်နိုင်လျှင် အပစ်ရပ် ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်ရန် အခွင့်အလမ်းနည်းပါးလျှက်ရှိသည်။ တပ်မတော်က  ရခိုင်စစ်မျက်နှာ၌ အပစ်ရပ် ကြေညာလိုသည့်သဘောထားမရှိပါက၊ မြန်မာ့နိုင်ငံရေးရာသီဥတုသည် ဆက်လက်မှုန်မှိုင်းနေဦးမည်။ ဤပုံအတိုင်းဆိုလျှင် တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖေါ်ရေး လုပ်ငန်းစဉ်နှင့်တကွ စတုတ္ထအကျော့ ၂၁ ရာစုပင်လုံညီလာခံဖြစ်မြောက်ရေး အလားအလာ မှေးမှိန်နေဖွယ်ရှိသည်။ EAOs အားလုံး NCA စာချုပ် လက်မှတ်ရေး ထိုးစေလိုလျှင် အစိုးရနှင့်တပ်မတော်တို့က ယခုထက်ပို၍ သဘောထားကြီးရပါမည်။ AA အပါအဝင် တိုင်းရင်းသား လက် နက်ကိုင်အားလုံး အကြုံးဝင်သည့် Nationwide Ceasefire ထပ်မံကြေညာသင့်သည်။ ရခိုင်ပြည်နယ်တိုက်ပွဲများကို အချိန် မဆွဲဘဲ ချက်ချင်းရပ်ပစ်ရပါမည်။ သို့မဟုတ်လျှင် စစ်ရှိန်မြင့်လာပြီး၊ ငြိမ်းချမ်းရေးကြိုးပမ်းထားမှုများ သဲထဲရေသွန် ဖြစ်သွား နိုင်ပါသည်။