Breaking News

မောင်ဥက္ကလာ - သူခိုးကြီးများကောင်းမှု ‘NO’ သာဓု …


မောင်ဥက္ကလာ - သူခိုးကြီးများကောင်းမှု ‘NO’ သာဓု …

(မိုးမခ) မေ ရ၊ ၂၀၁၉


မြတ်ဗုဒ္ဓ စွန့်ခွါသွားသော အလွန်အေးချမ်းသာယာလှပသည့် ရွှေပြည်ကို မောင်ဥက္ကလာ ပြန်ရောက်ခဲ့သည်မှာ မကြာသေး။ မြတ်ဗုဒ္ဓ မိန့်ဆိုခဲ့သလို အလွန်ဉာဏ်ပညာနဲ့ပြည့်စုံ၊ အံ့ဘနန်း ကိုယ်ကျိုးစွန့်၊ ပြည်သူများ တုန်နေအောင်ချစ်တယ်လို့ မိမိကိုယ်ကိုယ် မရှက်မကြောက် ပြောဝံ့သော လူကြီးများ၊ ကြည်ညိုခံချင် ခေါင်းဆောင်ကြီးများ အုပ်ချုပ်မှုအောက်တွင် မောင်ဥက္ကလာတို့ သွေးချင်းပြည်သူများမှာလည်း  စည်းစည်းလုံးလုံး၊  ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင် မအေးအတူ ပူသမျှ မျှဝေခံစား နေကြသည်မှာ အားလုံးအသိ။

မောင်ဥက္ကလာကတော့  ဟို ငပိကျော်စားနေရတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးလို သတ္တိမရှိ။ ခေါင်းဆိတ်မခံ အရေခွံပါးသော ဤတိုင်းဌာနေ ခေါင်းဆောင်ကြီးများကို တစိမ့်စိမ့်ကြည်ညိုသူပါ။

စိုင်းစိုင်းသီချင်းလို ဖုတ်လိုက်ဖုတ်လိုက် ပြတ်တောက်နေသောမီးကို မင်းသားနေတိုး သရုပ်ဖော်ထားတဲ့ ပြည်သူချစ်များပိုင်သော မိုင်တလ်ကြော်ငြာလို “မီး … မီး … မီး” ကို ရွတ်ဆိုရင် ပျက်တာကို ပျက်တယ်လို့မှတ်ပြီး အပူလှိုင်းဖြတ်နေသော အခန်းထဲမှာ နိုင်ဂံခြားမှာ သုံးမကုန်လို့ ပြန်ပါလာတဲ့ အမေရိကန်ဒေါ်လာ တပဲခြောက်ပြားထဲမှ ကောင်းနိုးရာရာ တစ်ဒေါ်လာ၊ ငါးဒေါ်လာ၊ ဆယ်ဒေါ်လာစတဲ့ ငွေစက္ကူတွေကို တယုတယ မီးပူတိုက်နေတုန်း … ဗြုန်းဆို အပြင်က ပြန်ရောက်လာတဲ့ မြေးမငယ်နဲ့ သူ့သူငယ်ချင်း အပေါင်းအဖော်တသိုက်က …

"ဟ ကွက်တိပဲ … အဘမှာရှိတဲ့ အမေရိကန်ဒေါ်လာတွေ - အထူးသဖြင့် တစ်ဒေါ်လာတန်တွေကို သမီးတို့၊ သားတို့ကို ပေးပါ။ မြန်မာငွေနဲ့ လဲချင်တယ်" လို့ …

ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်တဲ့အသံကြောင့် သူတပါးနယ်မြေ၊ အိမ်တွေကို တရားမဲ့ဝင်ရောက်တတ်တဲ့ ဟိုကျေးဇူးရှင်တွေမှတ်လို့ လိပ်ပြာလွင့်မတတ် လန့်သွားတယ်။ အဲ့ဂလောက် သတ္တိကောင်းတာ။

"ဘာလဲ မင်းတို့တွေက ဒေါ်လာဈေးကျနေလို့ မှိုတက်ညစ်ထေနေတဲ့ မင်းတို့ မိုနိုပိုလီ ငွေစက္ကူအစုတ်တွေနဲ့ လဲယူထားပြီး၊ နောက်မှ ဒေါ်လာဈေးတက်ရင် ငါကို ပြန်ရောင်းမလို့လား …"

"အဘကလဲ ဟိုယူနီဖောင်းဝတ် ဘုရား၊ ကျောင်းဒကာ အမည်ခံတွေလို စွပ်စွပ်စွဲစွဲ ပြောပြန်ပြီ … မဟုတ်ပါဘူး … သမီးတို့ သားတို့က ဧရာဝတီမြစ်ကြီးကို ပြန်ရွေး၊ ပြန်ဝယ်မလို့ပါ။ "

"ဟိုက်ရှလပတ်ရေ (ဆြာကွေးလို့ ယောင်ယမ်းမိ) … ဘယ်ဂလို … ဧရာဝတီမြစ်ကြီးကို ဘယ်တုန်းက ဘယ်သူက ဝယ်ယူသွားတာတုန်း။ ဘယ်အကောင်တွေက တပဲခြောက်ပြားနဲ့ ရောင်းစားလိုက်တာကို မင်းတို့က ဘယ်နှစ်ဒေါ်လာနဲ့ ပြန်ဝယ်ရမှာတုန်း။ ကျနော်မျိုးကို နည်းနည်းအလင်းပြပါအုံး။ "

"ဟာ …အဘ - သတင်းစာ၊ ဂျာနယ်တွေ မဖတ်ဘူးလား။ ဘောပွဲကလွဲ … တီဗီသတင်းတွေ၊ ဘာတွေ မကြည့်၊ နားမထောင်ဘူးလား။ မယုံနိုင်စရာ …အဘလုပ်ပုံက .. ဟိုလူကြီးတွေလိုပဲ နိုင်ဂံဂျားတွေ ပြည်ပခရီးတွေ ရှော့ပင်ထွက်သွားကြပြီး ကိုယ့်ပြည်အရေး ဘာမှအလေးမထားကြတဲ့ အဘတို့လို လူကြီးတွေ ဒီနိုင်ငံမှာ များနေလို့ သမီးတို့ ဧရာဝတီမြစ်ကြီး သူများလက်ထဲ ပါသွားတာ။ ဘယ်လောက် ရင်နာဖို့ကောင်းသလဲ။ "

အဲ့ဂလို တယောက်က ဝုန်းကောင်းနေတုန်း … နောက်တယောက် ကြားဖြတ်ဝင်ပြောတာက …

"လောဘတွေလွှမ်းနေတဲ့ ဒို့မြေကို တစ်လက်မမှ မဆုံးရှုံးအောင် ကာကွယ်ပေးနေတယ်ဆိုတဲ့ ဘမျိုးဘိုးတူတွေ ရောင်းတုတ်လိုက်တယ်လို့ ပြောနေကြပေမယ့် ဘယ်သူတွေ လက်ချက်လဲ၊ ဘယ်လောက်နဲ့ဆိုတာကို ပြည်သူတွေ သိစေရမယ်၊ ပြောပြမယ်ဆိုတဲ့ ပြောခဲ့သူလဲ အခုထိ ရေငုံနှုတ်ပိတ် မပြော(ရဲ)သေးဘူး။ စဉ်းစားကြည့်လေ .. နောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို အဘတို့ ဒီလောကကြီးမှာ မရှိတော့ပေမယ့် သက်ရှင်ကျန်နေမယ့် သမီးတို့တွေက ရေမစီး ပျောက်ကွယ်သွားမယ့် မြစ်ချောင်းမဲ့ နိုင်ငံမှာ ကျန်ရစ်ခဲ့ပြီး၊ သမီးတို့ သားသမီးတွေကို ဧရာဝတီဆိုတာကို ဒဏ္ဍာရီဆန်ဆန် ပုံဆွဲပြ ပြောရတော့မယ် အခြေအနေ ဖြစ်တော့မယ်။ သိပ်ဝမ်းနည်းကြေကွဲဖို့ကောင်းတယ်။"

မြန်မာပေါကားတွေထဲကလို အကယ်ဒမီရှော့ခ် မျက်ရည်ဘူးသီးလုံးကျတော့မယ့် ပုံစံနဲ့ ဘယ်ညာ တရစပ်ပစ်ခတ် ထိုးနှက်လိုက်တဲ့ မြန်မာ့အဆင့်မြင့် ဆယ်တန်းစာမေးပွဲကြီးကို ဖြေပြီး တနွေလုံး ဟိုငိုင်ဒီထိုင်၊ ဖုန်းပွတ် တီဗီကြည့် အလုပ်ရှုပ်နေတဲ့ မြေးမငယ်နဲ့ သူ့အပေါင်းပါတို့ရဲ ့ စွပ်စွဲချက်ကို တုံ့ပြန်ဖို့ ပါးစပ်မဖွင့်မီ …

"ဟုတ်တယ် .. အဘအနေနဲ့ သားတို့လို တခါတလေ ဖုန်းလေးဘာလေးပွတ်၊ ဖွဘုတ်လေးဖတ်လေ။ အဲ့ဒါကြောင့် အဘ မသိတာတွေ များနေတာ … ဟိုတလောက ရန်ကုန်မြို ့လယ်ခေါင်မှာရှိတဲ့ ခရိုနီတယောက် အစုရှယ်ယာပါတဲ့ ဟိုတယ်ကြီးမှာ စာရေးဆရာ၊ ဆယ်လီတွေနဲ့ တခမ်းတနား ကျင်းပပြုလုပ်သွားတဲ့ “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ဆွေးနွေးပွဲမျိုးကို စောင့်ကြည့်လေ့လာသင့်တယ်။ ဒီ Case က သားတို့အနာဂတ်၊ သားတို့ဘဝအတွက် အလွန်အရေးကြီးတယ်။ သမီးတို့ဆို အဲဒီနေ့က မြစ်ကြီးကို ပြန်ရွေးပေးမယ့် မင်းသားလေးနဲ့ ဓါတ်ပုံတွဲရိုက်ရတာအမော … "

"OMG … ဟေး အဟုတ်ကြီးလား။ မင်းတို့တွေ တော်တော်လေး သိနေကြပါလား။ ကဲ … ဘုန်းကြီးစာမချတော့ပါနဲ့ … ပြောစရာရှိတာကို တိုတိုတုတ်တုတ်နဲ့ လိုရင်းကိုပြော။ ပြီးတော့ စွန့်လွှတ်မှု အများဆုံး ပုဂ္ဂိုလ်ကြီးတွေရဲ ့ ဂုဏ်သိက္ခာကို ထိရှမယ့် မထီမဲ့မြင် မခံချိမခံသာ အပြောအဆိုမျိုးတွေ မပြောနဲ့ကွာ။ မင်းတို့တွေ မကြောက်မရွံ၊ အကြည်ညိုပျက် ပုတ်ခတ်ပြောရဲပေမယ့် ငါကတော့ ကြောက်တယ်။ ဟိုတုန်းကတော့ ခွန်းကြီးခွန်းငယ် ပြောခဲ့ဖူးပေမယ့် အခုတော့ စကားနည်း ရန်အေးဆိုသလို၊ ပြောမယ်ထင်လို့ အပေါ်တင်ပေးလိုက်တဲ့ လူတွေတောင် ဘာမှမပြောတော့ဘူး။ မင်းတို့လည်း ဟိုပြောဒီပြော လျှောက်ပြောမနေနဲ့ တော်ကြာနေ ခေါင်းဆိတ်မခံတဲ့ မင်းဒဏ်သင့်နေအုံးမယ်။"

"အဘ ပြောတာ ဒီတခါမှန်သွားပြီ … ဒါနဲ့ အဘ က ရွှေပြည်ရိုးရာ ဝါးတားပါတီ ရေပါတီ နှစ်သစ်ကူးပွဲတော်ကို စိတ်မဝင်စား၊ ဒုန်းဒုန်းဒိုင်းဒိုင်း ဆူညံ့သံတွေကို မခံစားချင်လို့ဆိုပြီး တိုင်းတပါး ပုန်းရှောင်ပြေးနေတော့ သင်္ကြန်တုန်းက ဖြစ်သွားတဲ့ ဟိုသတင်းကော ကြားမိ၊ သိလား။ "

"မင်းတို့တွေကလဲ အထင် small လိုက်တာကွာ … အဲ့ဒီသတင်းတော့ သိပါတယ်။ ကြားကြားချင်း ဒေါသဖြစ်၊ ရှက်လိုက်တာ မပြောနဲ့ တိုင်းတပါးက မိတ်ဆွေတွေ မေးပြောမှာကို စိုးရိမ်ကြောက်လို့ အပြင်တောင် မထွက်ရဲ ဖြစ်ခဲ့တယ်။ တော်တော်လေးရုပ်ဆိုးအကျည်းတန်၊ အရှက်အကြောက်ကင်း လုပ်ရပ်တွေပါ။ လူကြီးတွေ လေးလေးနက်နက် မအိပ်မနားစဉ်းစားပြီး ငွေကြေးကုန်ကျခံ ဆင်မြန်းပေးထားတဲ့ ရောင်စုံထီးတွေကို အသိတရားမဲ့ ပရမ်းပတာ ခိုးယူဖျက်ဆီး မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဒီလို မင်းကျင့်တရားဆယ်ပါး၊ သီလဆောက်တည်ပြီး အုပ်ချုပ်လာခဲ့သူတွေရဲ ့ ဆိုဆုံးမကို မနာခံဘဲ လက်တစုပ်စာလူထု ဒီလို အဒိန္နာဒါနာ သူတပါး ဥစ္စာပစ္စည်း ခိုးယူခြင်းမျိုးတွေ ရှောင်ကြည်သင့်ပြီ။ အဲ့ဂလို အများပြည်သူဥစ္စာပစ္စည်း ခိုးယူသူတွေကိုတော့ အပြစ်ကြီးကြီးပေးသင့်တယ်။"

"ဟာ .. အဘကလဲ လုပ်ပြန်ပြီ။ ထီးတွေကို မူးရူးနေတဲ့ လူငယ်တွေက ခိုးယူသွားတာ မဟုတ်ပါဘူး။ အပျော်လွန်ပြီး လက်ကမြင်းကြောထ .. အဲ ဆော်ရီး .. ကန်တော့နော် .. ဖြုတ်ယူဆော့ကစားကြ၊ ဓါတ်ပုံရိုက်ကြတာပါ။ အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးကြတာ မကောင်းပါဘူး။ မလုပ်သင့်ပါဘူး။ ရှုတ်ချပါတယ်။ ဒါပေမဲ့ ဒီ ငမူးငရူးတွေရဲ ့ လုပ်ရပ်က ဟို ဘုရားထီးတွေ၊ ရွှေတွေ၊ သယံဇာတတွေ ခိုးထုတ်ဗြောင်းရောင်းစားကြ၊ လယ်မြေသိမ်းတဲ့ ဘီးလူးစီး၊ သရဲစီး ပုဂ္ဂိုလ်ကြီးတွေလောက် မဆိုးသေးပါဘူး။ အခုလဲကြည့်လေ … ဧရာဝတီမြစ်ကြီးကို ဘယ်သူတွေ ရောင်းတုတ်လိုက်လဲ … အဲဒီ ပုဂ္ဂိုလ်ကြီးတွေနဲ့ အဆွယ်အပွားတွေကို အရေးယူ အပြစ်ပေးတာရှိလား။ သူတို့တွေက စည်စိမ်အပြည့်နဲ့ ဇိမ်ခံကောင်းနေတုန်း …"

"သိပါဘူး .. ကြားမိတာကို ပြောတာပါကွယ်။ ဘုရားရွှေ၊ ထီး၊ သယံဇာတ ခိုးထုတ်ရောင်းစားသူတွေကို ဒို့လည်း မသိဘူး။ ဟိုလူကြီးလား ဒီလူကြီးလား စွပ်စွဲမပြောရဲပါဘူး။ ကဲ … မင်းတို့ ပြောချင်တဲ့ သင်္ကြန်ကာလမှာ ဖြစ်ခဲ့တဲ့ သတင်းက ဘာလဲ … ဟို Global Warming ကမ္ဘာကြီး အရမ်းပူနွေးလာလို့ဆိုပြီး ဟိုဖော်ဒီဖော် လုပ်နေတဲ့ ရုပ်ရှင်မင်းသမီး မော်ဒယ်မလေး ဓါတ်ပုံကိစ္စလား။ ဒို့ကတော့ အသက်ကြီးဆိုတော့ အဲဒီကိစ္စကို အနိစ္စ အမြဲမရှိသဘောနဲ့ ကြည့်မှတ်တယ်။"

"OMG … စိတ်ထိန်းလေ ဘကြီး။ ဘာတွေ လျှောက်ပြောနေတာလဲ … ကလေးတွေကို အဘကြိုက်တာတွေ လျှောက်မပြောနဲ့လေ … ရှက်စရာကြီး … ဒါကြောင့် ဖွာလေးတို့က ပြောနေတာ … မင်းတို့အဘ တရားစခန်း ဝင်ချိန်တန်ပြီလို့။"

"ဟုတ်ပါပြီ … သမီးကလဲ ဒေါသကြီးပဲ။ မင်းတို့က ခေတ်မမီဘူးပြောလို့ သိတာမြင်တာကို ပြောကြည့်တာပါ။ ကဲ ထားတော့ မင်းတို့ပြောမှာကို ပြောကွာ။ နေမြင့်လာတာနဲ့ မီးမလာ လေမတိုက်နဲ့ ရူးချင်လာပြီ။
အဖြစ်က ဒီလို .. ဟိုတခါ အဘ ပြောခဲ့တာ မှတ်မိလားမသိဘူး … အဘတို့ twenty ဝန်းကျင် လူငယ်ဘဝတုန်းက ဟို တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်အောင် စွမ်းဆောင်သွားတဲ့ ဗိုလ်ချုပ်ကြီးခေတ်မှာတောင် သင်္ကြန်ရောက်ရင် အစိုးရကို ဝေဖန်ပြောဆိုကြတဲ့ သံချပ်အဖွဲ့တွေနဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပျော်စရာကောင်းတယ်ဆိုလို့ ဒီနှစ်သင်္ကြန်မှာ သမီးတို့သားတို့ တခါမှ မကြည့်ဘူးတဲ့ သံချပ်ထိုးတာ ကြည့်ကြမယ်ဆိုပြီး ပြေးရှာကြည့်တော့ လေးငါးခြောက်အုပ်စုလောက် ဟိုနားထိုး၊ ဒီနားထိုး လမ်းဘေးကနေ တငေးတမောကြည့် … ကားသံလူသံခွေးသံ ဆူညံ့သံတွေနဲ့ ဘာတွေ သီဆိုထိုးကြဆိုကြသလဲ သေချာမကြားရ၊ မသိပါဘူး။ အဲ့ဂလို သမီးတို့သာ မကြားနားမလည်တာ အဲဒီသံချပ်အဖွဲ့တွေကို  တခုတ်တရ စောင့်နားထောင်သူတွေက ကျောင်းသားလူငယ်အုပ်စုတွေရဲ ့ သံချပ်သီဆိုမှုတွေက သူတို့ဂုဏ်သိက္ခာကို ထိပါးစော်ကားတယ်ဆိုပြီး စိတ်ဆိုးတရားစွဲဆိုလို့ တချို ့တွေဆို အဖမ်းတောင်ခံရတယ်။

"အဲ့ဂလောက်တောင် ဖြစ်သွားလား … "

"အေး .. အဘ ပြောခဲ့သလို … တို့ခေတ်တုန်းက ညပိုင်းဆို သံချပ်အလှပြယာဉ်တွေ ထွက်လာပြီး တမြို ့လုံးမှာရှိတဲ့ ဆုပေးမဏ္တပ်တွေမှာ အပြိုင်အဆိုင် ဆင်နွှဲကြတာကို တွေ့နိုင်တယ်။ ပွဲကြည့်အားပေးသူတွေက အေးအေးဆေးဆေး ထိုင်ခုံတွေမှာထိုင်ပြီး အားပေးကြပေါ့။ အုပ်ချုပ်အစိုးရနဲ့ လူမှု့ဘဝ ကမောက်ကမတွေကို သီချင်းတွေ၊ သံချပ်တွေ၊ သရုပ်ဖော်ပြကွက်တွေနဲ့ လှောင်ပြောင်သရော် ထိုးနှက်ပြောဆိုမှုတွေနဲ့ တကယ့်ကို ပျော်စရာကောင်း။ "

"အဲဒီသံချပ်ထိုးသူတွေကို အစိုးရ၊ တပ်တို့ ရဲတို့က တရားစွဲ၊ တားမြစ်ဖမ်းဆီးချုပ်နှောင်တာ မရှိဘူးလား။ "

"ဟ … ရှိတာပေါ့။ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး အုပ်ချုပ်မင်းမူတဲ့ကာလဆိုတော့ အာဏာရှင်က အာဏာရှင် အလုပ်ကို လုပ်သလို … သံချပ်ထိုးသူတွေကလည်း ဂရုမစိုက်ဘူး။ နောင်လာနောင်ဈေး … တိုင်းပြည်ရဲ ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ဘဝအခြေအနေတွေကို ပြောကြဆိုကြ ထိုးကြတယ်။ ဘာလဲ … မင်းတို့ခေတ်၊ ဒီမိုကရေစီခေတ်ကြီးမှာ လွတ်လပ်စွာ ဟောပြောနိုင်ပြီလို့ ကြွားချင်လို့လား။ "

"အဲ့ဒါကို ပြောချင်နေတာ … လွတ်လပ်ပွင့်လင်းလာပြီဆိိုတဲ့ ဒီမိုခေတ်ကြီးမှာ ဟိုဟာမပြောရ မဆိုရ ကန့်သတ်ပြီး အလွန်ဂုဏ်သရေရှိ ကြည်ညိုစရာကောင်းလှတဲ့ လူကြီးမင်းတွေကို လှောင်ပြောင်ပြောဆိုလို့ဆိုပြီး ဖမ်းဆီးအရေးယူတာ တော်တော်ဆိုးတယ် … စိတ်ပျက်ဖို့ကောင်းတယ်။"

"အဂယ်ကြီးလား … ကြောက်ရွံခြင်းမှ ကင်းဝေး၊ အမှန်တရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြလို့ အားလုံးအထက်မှာရှိတဲ့ လေဒီကြီးက ပြောခဲ့တာကို အဟုတ်မှတ် … ပြောင်းလဲချိန်တန် ဒီမိုခေတ်ကြီးမှာ လွတ်လပ်စွာ ပြောဆိုနိုင်ပြီလို့ ထင်ယောင်ထင်မှားဖြစ်ကာ ပြောမိကြတော့ ဒုက္ခ ဖြစ်ကြပေါ့။ ဟို ပြည်ပြေးနေတဲ့ အဆိုတော်လေး သီချင်း “မေမေနိုင်မှ ဖြစ်မယ် …” ကို သတိရမိတယ် …"

"အဂယ်ပါ … အဘတို့ လူကြီးတွေ အရေခွံပါးချက်ကတော့ ကုရာနထ္ထိ ဆေးမရှိ … အငြိုးကြီးချက်လည်း အံ့ဘနန်း… ထစ်ကနဲဆို ဖမ်းမယ်၊ အပြတ်ရှင်းမယ် တကဲကဲ …"

"ဟုတ်ပါပြီ … အဘတို့ ညံ့ပါတယ်။ ညံ့လို့ပဲ တသက်လုံး ဘယ်သူကိုကျော်မယ်၊ နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ဆို ဘယ်သူ့အထက်ရောက်နေပြီဆိုတဲ့ မစားရ ဝမခမ်း လေလုံးထွားပြီး ကျင်းတူး အောက်ကိုဆင်းနေတာ အတော်ခရီးပေါက်နေပြီ … အဘတို့ ညံ့သလို မင်းတို့တွေ ညံ့ကြရင် မင်းတို့ပြောတဲ့ ဧရာဝတီ မပြောနဲ့၊ လူမျိုးတောင် ရှိမှာ မဟုတ်တော့ဘူး။ ကဲ .. မပြောနဲ့ဆိုပြီး ပြောကြတဲ့ ဒုက္ခရောက်မယ့် စကားတွေလည်း အတော်များနေပြီ။ မင်းတို့ ပြောချင်တာ ဒါပဲလား။ သွားကြတော့ … အဘလည်း လုပ်စရာလေးတွေရှိလို့ လုပ်လိုက်အုံးမယ်။"

"ဆော်ရီး အဘ … သမီးတို့ လာရင်းကိစ္စ ချော်ပြီး … တောင်ရောက်မြောက်ရောက် မဆိုင်တာတွေ ပြောမိသွားတာကို ခွင့်လွတ်ပါ။ သမီးတို့ အဘဆီက တောင်းချင်တဲ့ အကူအညီက အဘပိုင်ဆိုင်တဲ့ တစ်ဒေါ်လာတန်တွေကို ရွှေပြည်စက္ကူငွေနဲ့ လဲပေးပါ။ ပြီးတော့ အဘလည်း ဧရာဝတီမြစ်ကြီး ပြန်ရွေးဖို့ တစ်ဒေါ်လာ အလှုငွေထည့်ပါ။ "

"သြော် … နောက်ဆုံးဘူတာဂိတ်ဆုံးက မင်းတို့တွေ တစ်ဒေါ်လာကိုယ်စီနဲ့ မြစ်ကြီးဧရာကို ပြန်ရွေးယူဖို့ပေါ့။
ကောင်းပါတယ် … ဘယ်လိုပြောရမလဲ … ဒို့တွေအဖြစ်က … ရွာဘုရား စိန်ဖူးတော်ကို ပေါ်တင်ဖြုတ်ယူ ရောင်းတုတ်လိုက်တဲ့ ဘုရားဒကာ သူကြီးလုပ်ရပ်ကို သူ့နှစ်လုံးပူးသေနတ် ကြောက်လို့ မပြောရဲ။ ဟယ် ငါတို့ ဘုရားစိန်ဖူးတော်ကြီး ဘယ်လိုဘယ်ပုံ ပျောက်သွားလဲ မသိဘူးဆိုပြီး ထမင်းရေပူ လျှာလွှဲ ပြောကာ တအိမ်ထောင် တစ်သောင်းနဲ့ စိန်ဖူးတော် ပြန်ဝယ်၊ သူကြီးကို ပြန်တင်ခိုင်းသလို ဖြစ်နေပြီ။
အခုလောက်ဆို … ဘုရားဒကာသူကြီးကတော့ သူ့မယ်မယ်ကြီး ဆံထုံမှာ ဆင်မြန်းထားတဲ့ စိန်ပွင့်ကြီးကို ကွမ်းတမြုံမြုံဝါးကြည့်ကာ ရွာသားတွေရဲ ့ စေတနာ၊ သဒ္ဒါ၊ အလှုဒါနကို သေနတ်ပြောင်းတိုက်၊ သာဓုခေါ်နေမှာကို မြင်ယောင်မိ …
ကဲ … ဒီမှာရှိတဲ့ ဒေါ်လာတန်အချို ့ လဲယူသွားကြကွာ။"

စိတ်ထဲမှာတော့ မင်းတို့လေးတွေရဲ ့ ဖြူစင်တဲ့ လုပ်ရပ်တွေကို သာဓုခေါ်ချင်ပေမယ့် သူခိုးကြီးတွေအခွက် ပေါ်ပေါ်လာလို့ သာဓုအစား မင်းလူကို တမ်းတမိ … ဘာတွေဖြစ်ကုန်ပြီလဲ။