Breaking News

မောင်စွမ်းရည် - ဦးသန့်နှင့် ဦးရွှေအုပ်



မောင်စွမ်းရည် - ဦးသန့်နှင့် ဦးရွှေအုပ်

(မိုးမခ) မေ ၇၊ ၂၀၁၉

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ဟာ မူလအလုပ်က အမျိုးသားကျောင်းဆရာပါ။ စာရေး စာဖတ် ဝါသနာပါပြီး ဂန္ထလောကခေတ်၊ ခေတ်စမ်းခေတ်မှာ စာတွေ အတော်ရေးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်များလွန်းလို့နဲ့ တူရဲ့၊ အရေးကျဲသွားခဲ့ပါတယ်။ အလုပ်ကို ဆက်လုပ်ချင်ရင် လုပ်လို့ရသေးပေမယ့် စာရေးချင်လို့ အနားယူခဲ့ပြီး စာနှစ်အုပ် ရေးသွားပါတယ်။ တအုပ်က ‘ကုလသမဂ္ဂမှ မြင်ကွင်း’တဲ့။ နောက်တအုပ်က ‘ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်ပုံလွှာ’တဲ့။ မပြီးလိုက်ဘဲ ကွယ်လွန်သွားခဲ့ရှာပါတယ်။ ပြီးသမျှ ဆက်ထုတ်ဖို့ ကောင်းတာပေါ့။

အင်္ဂလိပ်အမည်နဲ့ မြန်မာစာအုပ်တိုက်တခုက ၂၀၁၆ မှာ ‘ဦးသန့် လက်ရွေးစင်စာများ’ အမည်နဲ့ စာအုပ်တအုပ် ထုတ်ပါတယ်။ ‘ထပ်မံဖြည့်စွက်ခြင်း ဒုတိယအကြိမ်)လို့ ဆိုတာက ၂၀၁၆ မှာပဲ ဒုတိယအကြိမ် ထုတ်ဝေတဲ့ သဘောလား မရှင်းပါ။ စာမူများကို စုဆောင်းစီစဉ်သူများကတော့ စာကြည့်တိုက် ပညာရှင် ဆရာ တပည့် နှစ်ဦး ဖြစ်ပါတယ်။ ဦးသော်ကောင်းနဲ့ မောင်ဇေယျာတဲ့။ အားလုံး ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ စုစုပေါင်း ၄၁ ပုဒ် ပါရှိပါတယ်။ အများဆုံး ရေးခဲ့တာက ကြီးပွားရေးမောင်လှ(နောင် လူထုဦးလှ) ထွက်ခဲ့တဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ ဖြစ်ပါတယ်။ ကျန်တာတွေက ဂန္ထလောက၊ မြန်မာ့အလင်း သတင်းစာ၊ ဒီးဒုတ်သတင်းစာ၊ ဟံသာဝတီသတင်းစာ၊ သူရိယရုပ်စုံမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ နဂါးနီ၊ သွေးသောက် စသဖြင့် စာနယ်ဇင်းအစုံမှာ ရေးခဲ့တာတွေ ဖြစ်ပါတယ်။

တပုဒ်ကတော့  ‘ဦးရွှေအုပ် မျက်နှာ’တဲ့။ အလှည့်ကလေးနဲ့ ရေးထားတာပါ။ ဟာသသဘောလည်း ပါနေပါတယ်။

ကျွန်တော်က အဲဒီဝတ္ထုတိုကလေးကို ကျွန်တော် ဖတ်ဖူးတဲ့ ဦးသန့် ရေး ‘ထူးဆန်းသော ဦးရွှေအုပ်၏ အတ္ထုပ္ပတ္တိ’ ဖြစ်ပါတယ်။ မူလက ဘယ်စာနယ်ဇင်းမှာ ပါခဲ့တာလို့ ဖော်ပြမထားတာ အတော်ပဲ အကျပ်တွေ့ရပါတယ်။ ကျွန်တော် ဖတ်ရတာက ၂၀၀၃ ခုနှစ် ဒီဇင်ဘာထုတ် ‘မိုးသောက်ကြယ်ဂျာနယ်’မှာ ဖြစ်ပါတယ်။ စာမူရှာပေးသူက ကြေးမုံဦးသောင်းတဲ့။ ဆရာအောင်ဗလပေါ့။ ဆရာကတော့ ဘယ်က ရတယ်ဆိုတာ ဖော်ပြမယ် ထင်ပါတယ်။ ကလေးတွေက မဖော်ပြဘဲ ထားလိုက်မိသလား မဆိုနိုင်ပါ။ မူလ ပါခဲ့တဲ့ စာနယ်ဇင်းအမည်ကို ပြောနိုင်သူများက ဖော်ထုတ်ပေးကြပါ။

နောင်အခါ ဦးသန့်ရဲ့ စာပေါင်းစု ထပ်ထုတ်ရင် ထပ်ဖြည့် ဖော်ပြနိုင်ပါလိမ့်မယ်။ ဒီနှစ် ၂၀၁၉ ဟာ ဦးသန့် အသက် တရာ့တဆယ်ပြည့်နှစ် ဖြစ်ပါတယ်။ အမှတ်တရအဖြစ် ‘ထူးဆန်းသော ဦးရွှေအုပ်’ အတ္ထုပ္ပတ္တိကို ပြန်လည်ဖော်ထုတ်ပေးလိုက်ပါတယ်။ သူ့သားမြေးများ ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်။ စီးပွားဖြစ် မဟုတ်ပါ။ ဦးသန့်ဟာ ‘ဦးရွှေအုပ်’ ဆိုတဲ့ နာမည်ကို အစွဲအလမ်းရှိပုံရပါတယ်။ နာမည်က မြန်မာဆန်ပြီး ရိုးရိုးလေးနဲ့ ဆန်းပါတယ်။ မြန်မာဆန်တယ် ဆိုပေမယ့် ရှားပါးနာမည်တခုပါ။ ဦးရွှေအုပ် နှစ်ယောက်ကိုလည်း နှိုင်းယှဉ်ကြည့်ကြစေလိုပါတယ်။

မောင်စွမ်းရည်
၂၂ ဖေဖော်ဝါရီ ၂၀၁၉

(မိုးမခက ဦးရွှေအုပ် ၀တ္ထု ၂ ခု စလုံးကို နက်ဖြန်ကစပြီး တနေ့ တပုဒ် တင်ပေးပါမယ်၊ စောင့်မျှော်ကြပါကုန်)