Breaking News

မယ်ခွေရေ… အမျှ အမျှ



မယ်ခွေရေ… အမျှ အမျှ

ဦးဝင်းဖေ(မြန်မာစာသင်ရိုးအတွင်းရေးမှူး၊ အငြိမ်းစား)
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၉

ကျောင်းသားတွေကို သင်ကြားပို့ချသော စကားပြေ၊ ကဗျာတို့ကို ရွေးချယ်ရာမှာ (၁) စာပေဂုဏ်မြောက်မှု၊ (၂) မြန်မာ့ရိုးရာ ယဉ်ကျေးမှုရှုထောင့်က ကြည့်ရင်လည်း ပြယုဂ်နမူနာဆောင်နိုင်တဲ့ ဓလေ့တခု ဖြစ်ဖို့၊ (၃) အရေးအဖွဲ့မှာလည်း ဘာသာစကား တင်ပြမှုအတွက် အဆင့်အတန်း ကိုက်ညီမှုရှိဖို့ စသဖြင့် ကြည့်ရှုသုံးသပ်ပြီးမှ ရွေးချယ် ပြဋ္ဌာန်းရတဲ့ သဘော ရှိပါတယ်။

ကျောင်းသုံးပြဋ္ဌာန်းတဲ့ ပညာရှင်အဖွဲ့မှာ စာပေပညာ ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ်ကြီးတွေနဲ့ ပညာရေး သဘောတရားအရ ကြည့်တတ် မြင်တတ်တဲ့ ပညာရှင်ကြီးတွေ ပါဝင်ပါတယ်။ ဒါကြောင့် မယ်ခွေကို ဖြုတ်ပယ်မယ်ဆိုရင် မယ်ခွေကဗျာကို ရွေးချယ်ပြဋ္ဌာန်းခဲ့တဲ့ ပညာရှင်ကြီးတွေရဲ့ မျက်နှာကို ကြည့်ရပါမယ်။ ဖြုတ် ဖြုတ် ဆိုတာနဲ့ ရုတ်တရက် ချက်ချင်း သေချာမစဉ်းစားဘဲတော့ မဖြုတ်သင့်တာ အမှန်ပါ။ ဖြုတ်တာလည်း တဦး တယောက်တည်းက မလုပ်ရပါ။ အဖွဲ့ရှိပါတယ်။

ဒီကဗျာလေးကို ကျွန်တော်က ကျောင်းသားအမြင်နဲ့ရော ဆရာအမြင်နဲ့ရော သင်ရိုးအဖွဲ့ဝင် (မြန်မာစာသင်ရိုးလက်ထောက်) တယောက်အနေနဲ့ရော ထိတွေ့လာခဲ့တာ တသက်လုံးပဲ ဆိုကြပါစို့။ ဒါပေမဲ့ ကျွန်တော် တခါမှ ဒီကဗျာဖတ်ပြီး ဆေးလိပ်သောက်ချင်လိုက်တာလို့ ဆန္ဒမဖြစ်ပေါ်ခဲ့ဖူးပါ။ ဒီနေ့အထိ အသက် ရှစ်ဆယ်ကျော်ပါပြီ။ ဆေးလိပ်မသောက်ပါ။ မြင်းခြံမှာ ဆေးလိပ်ခုံတွေကြားထဲ နေလာတော့လည်း ဆေးလိပ်မကြိုက်ခဲ့ပါ။ ဒါကြောင့် ဆေးလိပ်နဲ့ ကဗျာနဲ့ မဆိုင်ဘူး ထင်ပါတယ်။

ဆေးလိပ်သောက်တဲ့ ဓလေ့ဆိုတာ ကျန်းမာရေးကို ဘယ်လိုမှ ကျေးဇူးမပြုပါ။ ဘေးလူတွေကိုလည်း အနှောင့်အယှက် ဖြစ်စေတဲ့အပြင် ဆေးလိပ်မီးကနေ ပြာသာဒ် မီးလောင်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဆေးလိပ်ဓလေ့ကို လုံးဝ ဖယ်ရှားနိုင်ရင် အကောင်းဆုံးပါ။ လွယ်လွယ်စဉ်းစားရရင် ဆေးလိပ်မရှိ၊ ဆေးလိပ် မသောက်ပါဘူး။ ဆေးလိပ် မရှိအောင် (၁) ဆေးလိပ်ခုံတွေပိတ်၊ (၂) စီးကရက်စက်ရုံ (အစိုးရပိုင်)တွေ ပိတ်ပစ်။ (၃) ဆေးရွက်တွေ မစိုက်ဘဲ စားရ ဝတ်ရတဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတွေ စိုက်ပေါ့။ အပြောကတော့ လွယ်ပါတယ်။ အရေးအကြီးဆုံးက ဆေးလိပ်ကဗျာကို ဖယ်ရှားခြင်းပါပဲ။ ပညာရေးရှုထောင့်က ကြည့်ရင်ဖြစ်စေ၊ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဖြစ်စေ ဒီမယ်ခွေကဗျာ ပယ်ဖျက်မှုက နောက်ဆုံးမှ လုပ်ချင်ရင် လုပ်ရမယ့် ကိစ္စပါ။ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ ခေါက် ဆိုတာလိုပါပဲ။

ဒါကတော့ မယ်ခွေ ကဗျာ တပုဒ်တည်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါ့ထက် ကြီးကျယ်တဲ့ ကိစ္စကို ပညာရေး နားမလည်သူ အာဏာရှင် ဝင်စွက်လို့ ဒုက္ခရောက်ခဲ့တာကို အများပြည်သူ သိရအောင် တိုင်တည်ပြောဆိုချင်ပါတယ်။

၁၉၈၀-၉၀ အချိန်လောက်က ဖြစ်ပါတယ်။ ကျောင်းသုံးမြန်မာစာကို မြန်မာစာသင်ရိုးအဖွဲ့ ဖွဲ့ပြီး စီစဉ်ဆုံးဖြတ်ရပါတယ်။ မြန်မာစာပါမောက္ခ ဦးအောင်ကြီး ပညာရေးတက္ကသိုလ်နဲ့ အခြေခံပညာ ထက်၊ လယ်၊ မူ ဆရာတွေ၊ ကိုယ်စားလှယ်တွေ ပါရပါတယ်။ မူလတန်းဆရာအတတ်သင်နဲ့ အလယ်တန်းဆရာအတတ်သင် ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း ပါဝင်ရပါတယ်။ အဲဒီကာလက မြန်မာစာပါမောက်က ဒေါ်စီစီဝင်းတို့၊ ဦးဘိုသင်းတို့ ဖြစ်ပါတယ်။ ဒေါ်အုန်းခင်(နွယ်စစ်တွေ)၊ ဒေါ်ခင်မာလွင်၊ ဦးဝင်းဖေတို့က တယောက်ပြီး တယောက် သင်ရိုးလက်ထောက် (သင်ရိုးအဖွဲ့ အတွင်းရေးမှူး)အဖြစ် တာဝန်ယူခဲ့ကြပါတယ်။ ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဌာန၊ ပါမောက္ခကတော့ ဦးသန်းထွတ်ပါ။ ပညာရေးသုတေသနဌာနက ဌာနခွဲမှူးက ဦးဘကောင်းလည်း ပါဝင်ပါတယ်။ ပညာရေးဝန်ကြီးက စစ်ဗိုလ်ပါ။ နိုင်ငံတော်အကြီးအကဲက အာဏာရှင် ဗိုလ်ချုပ်နေဝင်းပါ။

အဲဒီကာလက ဆယ်တန်း၊ ဆယ့်တတန်း လုပ်မယ်၊ ဆယ့်နှစ်တန်း လုပ်မယ် ဆိုတာကို သူတို့ ပါးစပ်ဖျားကပဲ အကြိမ်ကြိမ် ပြောင်းလဲ မိန့်ဆိုခဲ့ကြပါတယ်။ ဒါကြောင့် သင်ရိုးအဖွဲ့များက ပြဋ္ဌာန်းချက်၊ ပြဋ္ဌာန်းစာအုပ်တွေ အကြိမ်ကြိမ် ပြောင်းလဲပြင်ဆင်ကြရပါတယ်။ အထိခိုက်ခံရဆုံးနဲ့ ဝင်ရောက်စွက်ဖက်ခံရဆုံးက မြန်မာစာသင်ရိုးအဖွဲ့ပါပဲ။ လူတိုင်းက မြန်မာစာကို တတ်တယ်၊ သိတယ် ထင်ကြတာကိုး။ ဗိုလ်နေဝင်းက ဘုန်းကြီးလူထွက်ကိုး။ မြန်မာစာ တတ်တယ် ထင်လို့ မြန်မာသဒ္ဒါ ရေးခိုင်းခဲ့ဖူးသေးတယ်။ ဘုန်းကြီး ဆိုတာ ပါဠိပဲ ကျက်မှတ်လာရတာ။ မြန်မာစာကို သေချာ သင်ကြရတာမှ မဟုတ်ဘဲ။ ပါဠိသဒ္ဒါနဲ့ မြန်မာသဒ္ဒါကလည်း တခြားစီပဲ။ ဘာသာစကားချင်းက လုံးဝ ခြားနားတာ သူမှ မသိဘဲ။ (မြန်မာသဒ္ဒါစာအုပ်က ခုထိ ကောင်းကောင်းမရှိသေးပါ။)

ကျောင်းသုံးစာအုပ်တွေ ပြုစုတာမှာ အစောဆုံးပြီးတဲ့ အဖွဲ့ကို ဆုချမယ်၊ ဘာညာနဲ့ လေလည်ပြထားတာလည်း ရှိတော့ အားလုံး ကြိုးစားလိုက်ကြတာ မြန်မာစာအဖွဲ့က ပင်ရင်းမြန်မာစာအတွက်ရော၊ စိတ်ကြိုက်မြန်မာစာအတွက်ရော အားလုံး အစောကြီး ပြီးသွားခဲ့ပါပြီ။ ဆယ့်တတန်းအတွက်ပါ ပြီးသွားပါပြီ။ ပြီးလည်းပြီးရော ဆယ့်တတန်း မဟုတ်တော့။ ဆယ်တန်းအတွက်သာ ပြုစုပါတဲ့။ ဒါလည်း မလွယ်ဘူး၊ ထက် အောက် ညှိထားတာဆိုတော့ ဆယ့်တတန်းကို ပါးစပ်နဲ့ ဖြုတ်လိုက်ရုံနဲ့ မပြီးဘူး။ အားလုံး ပြန်ညှိပြီး လိုတိုးပိုလျှော့ လုပ်ရတယ်။ ပြီးလည်း ပြီးရော ဗိုလ်နေဝင်းက ‘မြန်မာစာပြဋ္ဌာန်းစာများကို ကွယ်လွန်ပြီး နှစ်ပေါင်း နှစ်ဆယ်ကြသော စာရေးဆရာတို့၏ စာများသာ ပြဋ္ဌာန်းရမည်’တဲ့။ လွယ်လွယ်ပြောရရင် ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့စာတွေ မပါတော့ဘူးပေါ့။ အလွန်ဆုံး ပါနိုင်တာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ စာတွေပဲ ရှိတော့တာပေါ့။

ဗိုလ်နေဝင်းရဲ့ အကြောင်းပြချက်က အောက်တန်းကျပြီး ပညာရှင် စာရေးဆရာတွေကို စော်ကားရာကျပါတယ်။ သဝန်တိုရာလည်း ကျပါတယ်။ စပြီး ပြဿနာတက်တာက သူ့မြေးမှာ သင်ရတဲ့ ကကြီး ကန်စွန်းပင်၊ ရေမှာရွှင်၊ ခ ခရမ်းသီး ဓားနဲ့လှီး စတဲ့ သင်ပုန်းကြီးလင်္ကာကားချပ်ကြီးပါပဲ။ ဗိုလ်နေဝင်းက အများသိကြတဲ့အတိုင်း သူ့ကို တက္ကသိုလ်က ကျောင်းထုတ်ခဲ့ဖူးတော့ တက္ကသိုလ်ဆရာတွေ၊ ဦးဖေမောင်တင်က အစ သူ့တပည့်တွေအားလုံးအပေါ်မှာ အာဃာတထားပါတယ်။ ဆရာကြီးမင်းသုဝဏ်ကို အဘိဓာန်ကျမ်းပြုတာ နှေးလို့တဲ့။ ‘မကျက်တကျက် ပေါင်မုန့်’လို့ ပြောပြီး အလုပ်ဖြုတ်ပစ်ခဲ့ပြီလေ။

တကယ်တော့ မြန်မာပြည်မှာ အဘိဓာန်ပညာ၊ ဘာသာသိပ္ပံ (Lexicography Linguistics) ကို စနစ်တကျ သင်ယူတတ်ကျွမ်းသူ ဆိုလို့ ဆရာကြီးမင်းသုဝဏ်(တဦးတည်း)ပဲ ရှိတာ သူ မသိရှာဘူး။

ဆရာမင်းသုဝဏ်တို့ရဲ့စာတွေ မပါဖို့ အရေးပဲ အာရုံစိုက်မိတာကိုး။ ဒါကြောင့် ကွယ်လွန်ပြီး အနှစ် နှစ်ဆယ် ကြာတဲ့ ပညာရှင်တွေရဲ့စာကိုသာ ပြဋ္ဌာန်းရမယ်လို့ အမိန့်ချတာ။ အကြောင်းပြချက်က သင်ရိုးအဖွဲ့ ပညာရှင်တွေက သူတို့စာအုပ်ကို သူတို့ဘာသာ ပြဋ္ဌာန်းပြီး စီးပွားရှာ(လုပ်စားကြ)မှာ စိုးလို့တဲ့။ တကယ်တော့ ထိပ်တန်းပညာရှင်ကြီးတွေမှာ (သူ့လို)အောက်တန်းကျတဲ့အတွေး မရှိကြပါဘူး။ တခြားလူတွေ မရေးနိုင်ရင် ပြဋ္ဌာန်းဖို့ လိုအပ်တဲ့ စာတွေကို အဲဒီပညာရှင်ကြီးတွေက ကိုယ်တိုင် ရေးသား ပြုစုပေးရတာပဲ ရှိပါတယ်။ ခုခေတ်မှာ သင်ရိုးအဖွဲ့တွေ ဖွဲ့ပြီး အဖွဲ့နဲ့ ပြဋ္ဌာန်းကြရတာ များပါတယ်။

မြန်မာစာသင်ရိုးမှာ ဆယ့်တတန်းအတွက် ကဗျာစပ်နည်း စာအုပ် ပါပေမယ့် စာအုပ် မရှိဘူး။ အဖွဲ့နဲ့ ပြုစုလို့လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် တက္ကသိုလ်ကျောင်းသုံးစာအုပ် ပြုစုရေးအဖွဲ့မှာလည်း ပါဝင်တဲ့ ကဗျာဆရာကြီး ဦးတင်မိုးကို တဦးတည်း ပြုစုပေးဖို့ မေတ္တာရပ်ခံ တာဝန်ပေးခဲ့ရဖူးပါတယ်။ ဦးတင်မိုးက နာမည်မခံဘဲ ပြုစုပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆယ့်တတန်း ပြန်ဖြုတ်လို့ ဒီစာအုပ်ကလေး သိန်းချီ ပုံနှိပ်ပြီးမှ မသုံးလိုက်ရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်နေဝင်း အမိန့်နဲ့ ခေတ်စာတွေ မပါသလောက် ဖြစ်သွားခဲ့ပါတယ်။

အခြေခံပညာ ဆိုတာ ‘ခေတ်စာ’၊ ‘ခေတ်စကား’ကိုသာ အဓိကထားပြီး သင်ရတာပါ။ စာကြီး ပေကြီးတွေ သင်ဖို့ မဟုတ်ပါ။ တက္ကသိုလ်မှာတောင် စိတ်ကြိုက်မြန်မာစာလို အတန်းများမှာသာ ရှေးက စာကြီးပေကြီး၊ ဂန္ထဝင်စာပေတွေကို သင်ရတာပါ။ အခြေခံပညာရဲ့ သင်ရိုးရည်ရွယ်ချက်ကို မသိစေဘဲ အားမနာပါးမနာ စော်ကားပုတ်ခတ်ပြီး စွက်ဖက်တော့ ရှေးစာတွေချည်းလိုလို ဖြစ်ကုန်ပါတယ်။

ခုလည်း ဗိုလ်နေဝင်း လက်ထက်က စာတွေကိုပဲ ဆက်လက်ပြဋ္ဌာန်းနေပုံရပါတယ်။ ဒီလိုဆို အခြေခံပညာမှာ ပြဋ္ဌာန်းချက်စာအုပ်တွေကို ခေတ်မီအောင် ပြန်ပြန်နိုင်မယ်။

အခြေခံပညာ ဆရာကြီးများ ခင်ဗျာ… ရှေးစာတွေချည်း ဖြစ်နေရင် ပြန်ပြင်ကြဖို့ ကြိုးစားပါ။ စေတနာနဲ့ အကြံပေးတာပါ။

ခုအခါ ပညာရေးတက္ကသိုလ်က မြန်မာစာသင်နည်း ပါမောက္ခ ဦးသန်းထွတ် ရှိနေပါသေးတယ်။ မရှင်းလင်းရင် ဆရာကြီးဦးသန်းထွတ်ကို မေးမြန်းပြီး မြန်မာစာသင်ရိုးကို ပြင်သင့်၊ မပြင်သင့် ဆွေးနွေးကြည့်ကြပါ။ ကွယ်လွန်ပြီးတဲ့ နှစ် နှစ်ဆယ်ကျော် စာရေးဆရာဆိုရင် ခေတ်မမီပါ။ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သိပ္ပံမောင်ဝလောက်ပဲ ခေတ်မီတော့တယ်။ ပြင်သင့်ရင် ပြင်ကြရမှာပါ။ ပြောရရင် ကျောင်းသားတွေ နစ်နာပါတယ်။ ဒါမျိုးကို လုပ်ရမှာပါ၊ မယ်ခွေထိတော့ မီးပွင့်သွားတာပေါ့၊


ဦးဝင်းဖေ
(မြန်မာစာသင်ရိုးအတွင်းရေးမှူး၊ အငြိမ်းစား)