Breaking News

ဧရာ (မန္တလေး) ● ရှင်ဒေဝဒတ်ကို ခေါင်းဆောင်တင်လိုကြသူများ

ဧရာ (မန္တလေး) ● ရှင်ဒေဝဒတ်ကို ခေါင်းဆောင်တင်လိုကြသူများ
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၉

ရှင်ဒေဝဒတ်ဟာ မတရားသဖြင့် စွတ်စွဲအပြစ်တင်ခံရတဲ့ သူတော်စဉ်တစ်ပါးလို့ ယူဆတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ တကယ်လည်း ရှင်ဒေဝဒတ်က ကြည်ညိုထိုက်တဲ့ သူတော်စဉ်တစ်ပါး ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဣဿာ မစ္ဆရိယ လာဘ သက္ကာယတွေရဲ့ လွှမ်းမိုးမှုကြောင့် အဇာတသတ်နဲ့ ပူးပေါင်းခဲ့တယ်။ အာဏာကို ဖြတ်လမ်းနည်းနဲ့ လိုချင်တဲ့ အဇာတသတ်ကလည်း ရှင်ဒေဝဒတ်ကို ဆရာတင်ခဲ့တယ်။

အဇာတသတ်နဲ့ ဒေဝဒတ်က အကြမ်းဖက်မှု၊ အကောက်ကြံမှုတွေနဲ့ အာဏာကိုတည်ဆောက်ဖို့ ကြိုးပမ်းတယ်။ မြတ်စွာ ဘုရားရှင်ကတော့ အကြမ်းမဖက်ဘဲ ဝိနည်းဥပဒေလို့ခေါ်တဲ့ အာဏာစက်နဲ့ တုန့်ပြန်ခဲ့ပါတယ်။

ဒေဝဒတ်ကို ကိုးကွယ်သူတွေကတော့ ဘုရားရှင်က အာဏာစက်နဲ့ ပကာသနီယကံပြုခဲ့တာကို မတရားသဖြင့် စွတ်စွဲ အပြစ် တင်တယ်လို့ ယူဆကြမှာပါပဲ…။

****

ရှင်ဒေဝဒတ်ကို ခေါင်းဆောင်တင်လိုကြသူများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ရှင်ဒေဝဒတ်ဟုဆိုလျှင် ရဟန်းဆိုးတစ်ပါးဟု ဗုဒ္ဓဘာသာအများစုက လက်ခံထားကြသည်။ ငါးရာငါးဆယ် ဇာတ်ပေါင်းခန်း တို့ကို ကြည့်လိုက်လျှင်လည်း လူဆိုးလူမိုက် အများစုသည် ဒေဝဒတ် အလောင်းလျာ ဖြစ်နေတတ်ပါသည်။ မြတ်စွာဘုရားကို လုပ်ကြံသတ်ဖြတ်ရန်၊ သံဃာကို သင်းခွဲရန် ကြိုးပမ်းခဲ့သည့် ရှင်ဒေဝဒတ်ကို ရဟန်းဆိုးတစ်ပါး အဖြစ် သတ်မှတ်ကြခြင်းသည် လွန်သည်ဟု မဆိုနိုင်။ သို့သော် Reginald Ray ၏ Buddhist Saints in India (1994) စာအုပ်တွင် ရှင်ဒေဝဒတ်အား မတရားသဖြင့် “အပြစ်တင်ခံရသည့် သူတော်စဉ် တစ်ပါး (A Condemned Saint)” အဖြစ် ရေးသားထားကို တွေ့ရသည်။ ထိုစာအုပ်ကို ဖွင့်ဖတ်ရန်ပင်မလိုဘဲ “ဘယ်လိုများတွေးပြီး ရေးလိုက်ပါလိမ့်” ဟု ဝေဖန်ချင်ကြပါလိမ့်မည်။ သို့သော် လောက တွင် မိမိက လူယုတ်မာတစ်ဦးဟု မြင်ထားသူကို အခြားသူများက သူတော်စဉ်တစ်ဦး အဖြစ် မြင်ကောင်း မြင်နိုင်ပါသေးသည်။

အေဒီ ၄၀၄-ခုနှစ်ခန့်က မဇ္ဈိမဒေသသို့ ဘုရားဖူး ခရီးသွားခဲ့သည့် တရုတ်ရဟန်းတော် ဖာဟီယန် (ဖာရှန် Faxian) ၏ မှတ်တမ်းအရ ထိုစဉ်က သာဝတ္ထိမြို့ အနီးတွင် ဒေဝဒတ်၏ နောက်လိုက် ဂိုဏ်းသား ရဟန်းများကို ရှိနေသေးကြောင်း၊ ထိုရဟန်းများသည် ရှေးဘုရား သုံးဆူကို ကိုးကွယ်ကြသော်လည်း သကျမုနိဘုရားကို မကိုးကွယ်ကြောင်း ဆိုသည်။ အေဒီ ၆၃၆-ခုနှစ်ခန့်က မဇ္ဈိမဒေသသို့ ဘုရားဖူးသွားခဲ့သည့် တရုတ်ရဟန်းတော် ရွှန်ကျန် (Xuanzang) ကလည်း အင်္ဂတိုင်းမှ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းတွင် ရှင်ဒေဝဒတ်၏ အဆုံးအမအတိုင်း နို့ထွက် အစားအစာများကို ဘုဉ်းမပေးကြဟု မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းအတော်ကြာသည့်တိုင် အိန္ဒိယတွင် ရှင်ဒေဝဒတ်ကို ခေါင်းဆောင်တင်လို သူများ ရှိနေခဲ့ကြောင်း သမိုင်းအထောက်အထား အချို့ပင် ဖြစ်သည်။ ရှင်ဒေဝဒတ် နောက်လိုက်များသည် ရှင်ဒေဝဒတ် ချမှတ်ခဲ့သည့် လမ်းစဉ်များအပေါ် ရိုးသားယုံကြည်စွာ လိုက်နာကြသူများလည်း ဖြစ်နိုင်သည်။ ထိုလမ်းစဉ်ကို အကြောင်းပြ၍ လာဘသက္ကာယကို ရှာမှီးလိုသူများလည်း ဖြစ်နိုင်ပါသည်။

လူတစ်ဦးအား လူဆိုး လူကောင်း ခွဲခြားသတ်မှတ်ရခြင်းသည် လွယ်သည့်ကိစ္စမဟုတ်။ ပုထုဇဉ် လူသားတစ်ဦးသည် ရာခိုင်နှုန်းပြည့် ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်မနေနိုင်သလို၊ ရာနှုန်းပြည့် လူယုတ်မာ တစ်ဦးလည်း ဖြစ်နေလိမ့်မည် မဟုတ်။ ဇာတ်တော်များနှင့် ရှင်ဒေဝဒတ်၏ နောက်ပိုင်းဘဝကိုသာ ရင်းနှီးသူတို့က ဒေဝဒတ်ကို မွေးရာပါ လူယုတ်မာ တစ်ဦးအဖြစ် အလွယ်တကူ သတ်မှတ်ကြပါလိမ့်မည်။ လလိတဝိတ္ထာရ၊ ဒိဗျာဝဒါန စသည့် သက္ကတဗုဒ္ဓဝင် ကျမ်းစာများတွင်ဆိုလျှင် ဒေဝဒတ်နှင့် သိဒ္ဓတ္ထမင်းသားတို့ိသည် ငယ်စဉ်ကပင် ပြိုင်ဖက်များဖြစ်ကြောင်း ဇာတ်လမ်းဆန်ဆန် သရုပ်ဖော်ထားပါသည်။

သို့သော် ပါဠိစာပေများအရ အစောပိုင်းကာလ ဒေဝဒတ်ကို လူဆိုး လူမိုက်တစ်ဦး အဖြစ် သတ်မှတ်၍ မရ။ ဒေဝဒတ်သည် အာနန္ဒာ၊ အနုရုဒ္ဓါစသည့် အခြားသော သာကီဝင်မင်းသားများနှင့် အတူ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၍ ပုထုဇဉ်အဖြစ်ဖြင့်ပင် ဈာန် တန်ခိုးဣဒ္ဓိပါဒ်များ ရခဲ့သူ ဖြစ်သည်။ အရှင်သာရိပုတ္တရာ ကိုယ်တိုင်က ရှင်ဒေဝဒတ်သည် ဘုန်းတန်ခိုးကြီးသူ ဖြစ်ကြောင်း ဖော်ထုတ် ချီးမွမ်းခဲ့ဖူးသည်။ ထို့အပြင် ရှင်ဒေဝဒတ် ဟောသည့် တရားတစ်ပုဒ်ကိုလည်း အရှင်သာရိပုတ္တရာက ထောက်ခံချက်ပေးဖူးသည်။ နောင်မှသာ ရှင် ဒေဝဒတ်သည် ဣဿာမစ္ဆရိယနှင့် လာဘသက္ကာယကို အကြောင်းပြုကာ လမ်းမှားသို့ လျှောက်ခဲ့ခြင်း ဖြစ်သည်။

သံဃာကို ခေါင်းဆောင်၍ ဘုရားတစ်ဆူလုပ်ရန် အကြံဆိုး ဖြစ်လာသောအခါ ရှင်ဒေဝဒတ်၏ ဈာန် အဘိညာဉ် တန်ခိုးများလည်း ပျက်စီးသွားတော့သည်။ ကျူသီးသည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ယုတ်မာသော စိတ်အကြံက ဒေဝဒတ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ သံဃာကို ခေါင်းဆောင်လိုသည့် အကြံဆိုးကို ထင်ထင်ရှားရှားပင် ထုတ်ဖော် ပြောဆိုလာတော့သည်။ ထိုအခါတွင် ရှင်ဒေဝဒတ်အား သံဃာအဖွဲ့အစည်းက ပကာသနိယကံပြုကာ “ရှင်ဒေဝဒတ်သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ အမူအကျင့်ပြောင်းသွားပြီ ဖြစ်ကြောင်း၊ ရှင်ဒေဝဒတ် ပြုမူပြောဆိုသည်တို့သည် ဘုရား၊ တရား၊ သံဃာနှင့် မသက်ဆိုင်တော့ကြောင်း” ကို ရာဇဂြိုဟ်မြို့၌ လှည့်လည် ကြေညာစေသည်။ ယခင်က ရှင်ဒေဝဒတ်အား ထုတ်ဖော် ချီးမွမ်းခဲ့ဖူးသော အရှင်သာရိပုတ္တရာသည် ထိုသို့ကြေညာရန်အတွက် အစောပိုင်းတွင် ဝန်လေးနေခဲ့သည်။ ယခင်က အမှန်အတိုင်း ထုတ်ဖော် ချီးမွမ်းခဲ့သလိုပင်၊ ယခုကဲ့သို့ ရှင်ဒေဝဒတ် မူပြောင်းသွားသည့် အခါတွင်လည်း အမှန်အတိုင်းပင် ထုတ်ဖော်ကြေညာရန် ဘုရားရှင်က တိုက်တွန်းရသည်။ အကယ်၍သာ ဤနေရာတွင် ပြတ်သားမှု မရှိဘဲ ဆိတ်ဆိတ်နေခဲ့ပါက၊ ရှင်ဒေဝဒတ် ကျူးလွန်မည့် မကောင်းမှုများသည် ဘုရား၊ တရား၊ သံဃာ၏ ဂုဏ်သိက္ခာကို ထိခိုက်လာမည်ဖြစ်သည်။ နောင်တွင် ရှင်ဒေဝဒတ်သည် အဇာတသတ်ကို မြှောက်ပင့်၍ ဖခင်ကို သတ်ကာ မင်းအာဏာကို ရယူစေခဲ့သည်။ ဘုရားရှင်အားလည်း လုပ်ကြံသတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

အကြမ်းနည်းဖြင့် သံဃာကို ဦးစီးနိုင်ရန် ကြိုးပမ်းမှုများ မအောင်မြင်တော့သောအခါ၊ မြို့သူမြို့သားများ၏ အကြည်ညိုပါ လျော့ပါးသွားလေသည်။ ထိုအခါတွင် မြို့သူမြို့သားများ၏ ကြည်ညိုမှုကို ပြန်လည်ရယူရန်နှင့် သံဃာထုကို စည်းရုံးနိုင်ရန်အတွက် ရှင်ဒေဝဒတ်သည် အနုနည်းကို ပြောင်း၍ ကျင့်သုံးသည်။ သံဃာကို သင်းခွဲ၍ သီးခြား ဂိုဏ်းထူထောင်ရန် အားထုတ်သည်။ အောက်ပါ စည်းကမ်းချက် ၅-ချက်ကို ရဟန်းတို့ အသက်ထက်ဆုံး လိုက်နာရမည့် စည်းကမ်းချက်များအဖြစ် ပြဌာန်းပေးရန် ဒေဝဒတ်က ဗုဒ္ဓထံ တောင်းဆိုသည်။

(၁) မြို့ကျောင်းရွာကျောင်းတွင် မနေဘဲ တော၌သာ သီတင်းသုံးရန်၊
(၂) ပင့်ဖိတ်သော ဆွမ်းကို မစားဘဲ ဆွမ်းခံ၍သာ စားရန်၊
(၃) ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို မဝတ်ဘဲ ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံရန်၊
(၄) အမိုးအကာရှိသောကျောင်းတွင် မနေဘဲ သစ်ပင်ရင်း၌သာ သီတင်းသုံးရန်၊
(၅) အသားငါး မစားဘဲ သက်သတ်လွတ် ဆွမ်းကိုသာ စားရန် ဟူ၍ ဖြစ်သည်။

သို့သော် ရှင်ဒေဝဒတ် တောင်းဆိုသည့် စည်းကမ်းချက်များကို ဗုဒ္ဓက ပယ်ချခဲ့သည်။ ရဟန်းဂေါတမက လက်မခံသော်လည်း ထိုစည်းကမ်းချက်များကို မိမိတို့ လိုက်နာတော့မည်ဟု ရှင်ဒေဝဒတ်က ကြေညာကာ သံဃာထုကို သင်းခွဲသည်။ မသိနားမလည်သော ရဟန်းငယ်များနှင့် ရာဇဂြိုဟ် မြို့သူမြို့သားအချို့က ရှင်ဒေဝဒတ် နောက်သို့ ပါသွားကြသည်။

စင်စစ် ရှင်ဒေဝဒတ် တောင်းဆိုသည့် စည်းကမ်းချက် ၅-ချက်သည် အလွန် ကောင်းမွန်သည့် စည်းကမ်းချက်များ ဖြစ်သည်။ ပထမ ၄-ချက်သည် ရဟန်းတော်တို့ ကျင့်သုံးရန် ခွင့်ပြုထားခဲ့သည့် ဓူတင်အကျင့် လေးပါးပင် ဖြစ်သည်။ ထိုဓူတင် အကျင့်များကို အလိုနည်းခြင်း၊ ကိလေသာ ခေါင်းပါးခြင်း၊ ဒါယကာတို့က ပြုစု မွေးမြူလွယ်ခြင်း စသည့် ဂုဏ်များဖြင့် ဘုရားရှင်က ချီးမွမ်းတော်မူ လေ့ရှိသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဘုရားရှင်က ငြင်းပယ်ခဲ့ပါသနည်း။ ကောင်းပင် ကောင်းငြားသော်လည်း မဖြစ်မနေ လိုက်နာရန် လိုအပ်ခြင်း မရှိ၍ ဖြစ်သည်။ သဒ္ဓါတရား ထက်မြက်၍ စွမ်းနိုင်ပါက ဓူတင်အကျင့်များကို လိုက်နာနိုင်သည်။ အကယ်၍ ကျန်းမာရေးကြောင့် ဖြစ်စေ၊ အခြား အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ ဓူတင်အကျင့်များကို မလိုက်နာနိုင်သော်လည်း တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်သည်သာ ဖြစ်သည်။ မဖြစ်မနေ လိုအပ်ခြင်း မရှိပါဘဲ ဝိနည်း ဥပဒေတရပ်အနေဖြင့် သတ်မှတ်လိုက်ပါက ကောင်းကျိုးထက် ဆိုးပြစ်က ပိုများနေပါလိမ့်မည်။

သို့သော် အသိဉာဏ် နည်းပါးသူများ၊ အဂတိမကင်းသူများကမူ ဤအချက်ကို နားလည်သဘောပေါက်မည် မဟုတ်။ ရှင်ဒေဝဒတ်ကိုပင် ပို၍ ကြည်ညို အားကျနေကြပါလိမ့်မည်။ ထို့ကြောင့်ပင် ဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ရာချီသည့်တိုင် အိန္ဒိယတွင် ရှင်ဒေဝဒတ် ဂိုဏ်းသား ရဟန်းများ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့က ရှင်ဒေဝဒတ် ကျူးလွန်ခဲ့သည်ဆိုသည့် အပြစ်များအား အပြစ်ဟု မမြင်ကြ။ အဇာတသတ်အား မြှောက်ပင့်ပေးခြင်း၊ ဗုဒ္ဓအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် ဇာတ်လမ်းများသည်လည်း သူတို့ဆရာ ရှင်ဒေဝဒတ်ပေါ် အပြစ်ပုံချရန်အတွက် ပါဠိတော်များတွင် ထိုးဇာတ်အဖြစ် ဖန်တီး ထည့်သွင်းထား သယောင်ပင် ယူဆခဲ့ကြပေလိမ့်မည်။

ထို့ကြောင့်ပင် Ray က ယင်း၏ Buddhist Saint in India စာအုပ်တွင် ရှင်ဒေဝဒတ်အား အာရညက ဆောက်တည်သည့် သူတော်စဉ်တစ်ပါး အဖြစ် ရေးသားခဲ့ခြင်း ဖြစ်သည်။ စင်စစ် ရှင်ဒေဝဒတ် အဆိုတင်သွင်းခဲ့သည့် စည်းကမ်းချက်များကို အပေါ်ယံမျှကြည့်၍ ရှင်ဒေဝဒတ်သည် သူတော်စဉ်တစ်ပါး ဟုတ်-မဟုတ်ကို အလွယ်တကူ ဆုံးဖြတ်၍ မရ။ ရှင်ဒေဝဒတ်၏ လုပ်ရပ်များ၊ ထိုစည်းကမ်းချက်များ၏ နောက်ကွယ်မှ အကြံအစည်များကို အဂတိကင်းကင်း ပိုင်းခြားဝေဖန်နိုင်မှသာ ရှင်ဒေဝဒတ်သည် ရဟန်းဆိုးတစ်ပါး ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ပါလိမ့်မည်။ ထို့အပြင် ရှင်ဒေဝဒတ် သူတော်စဉ် ဖြစ်ခဲ့သည့် အစောပိုင်းဘဝကာလနှင့် ဣဿာမစ္ဆရိယ၊ လာဘသက္ကာယ လွှမ်းမိုးခံရသည့် ရဟန်းဆိုးဘဝ နောက်ပိုင်းကာလတို့ကိုလည်း ရောထွေးခြင်း မပြုဘဲ ကွဲပြားပြတ်သားစွာ နားလည်ရန် လိုအပ်ပါသည်။

ဧရာ (မန္တလေး)

စာညွှန်း။
၁။ ဝိနည်း စူဠဝါ သံဃဘေဒကက္ခန္ဓ
၂။ အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ကကုဓထေရသုတ် (အံ.၅.၁၀၀)
၃။ အင်္ဂုတ္တရနိကာယ် နဝကနိပါတ် သိလာယူပသုတ်(အံ.၉.၂၆)
၄။ Ray, Reginald, Buddhist Saints in India. Oxford University Press, 1994
၅။ Max Deeg, The Sangha of Devadatta: Fiction and History of a Hearsay in the Buddhist Tradition, 1999.
၆။ Bhikkhu Sujato, Why Devadatta was No Saint