Breaking News

ကျော်ဟုန်း ● စည်း ၃ တန်

ကျော်ဟုန်း ● စည်း ၃ တန်
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၉

ယင်က ပျား ဟန်ဆောင်
ကျီးကန်းက ဥသြ ပုံဖမ်း
ဒါဟာ
အလုံပိတ်ခြင်ထောင်ထဲက
ဆိတ်ဖလူးပန်းရနံ့လိုပဲ
အဆိပ်တွေ၊ အဆိပ်တွေ။

ဘဝတိုတိုလေးမှာ
တနပ်စာအတွက် ဖြစ်ဖြစ်
တသက်စာအတွက် ဖြစ်ဖြစ်
အစာအိမ်အတ္တသာ ရှိသူတွေဟာ
မိခင်ဗိုက်ကို ခွဲထွက်လာတဲ့
မြွေပွေးပေါက်လို အဆိပ်ပြင်းတယ်။

ဓမ္မက 
နောက်ဆုံး နိုင်တာပဲတဲ့
အရင်ဆုံး ခံရတာလည်း ဓမ္မပဲ။

ဓမ္မရာယ်ကို
ဓမ္မစည်းနဲ့ မကာကွယ်ရင်
အင်ပါယာဖြစ်ပါစေ
တဲဖြိုသလို လွယ်သွားမယ် မှတ်။

တွဲသွားလို့ မရရင်
ခွဲခြားပစ်လိုက်
မြွေပွေးပေါက်ကို ခါးမှာ မပိုက်နဲ့
ပျားအုံမှာ ယင်ဥမခံနဲ့
ဥသြအသံမထွက်ရင် ကျီးကန်းပဲ။

ကျော်ဟုန်း
၂၀၁၉-၀၆-၀၂