Breaking News

ငြိမ်းဝေ (ကဗျာ့အိုးဝေ) ● လက်ခုပ်သံ တညီတည်းမတီးချင်တဲ့ ကဗျာဆရာမ

ငြိမ်းဝေ (ကဗျာ့အိုးဝေ) ● လက်ခုပ်သံ တညီတည်းမတီးချင်တဲ့ ကဗျာဆရာမ
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၉

ဒီနိုင်ငံရဲ့ ၁၉၅၀ နဲ့ ၁၉၉၀ ကာလလောက်အတွင်း မြန်မာစာပေနယ်ပယ်မှာ ယေဘုယျအားဖြင့် အုပ်စုကြီး သုံးအုပ်စု ကွဲခဲ့ တယ်လို့ ကျနော်ယူဆပါတယ်။

ပထမအုပ်စုက အာဏာရအဆက်ဆက်ကို အတိအလင်းထောက်ခံတဲ့ အုပ်စု၊ နောက်တစ်အုပ်စုက ထောက်ခံတယ်လည်း မဟုတ် မထောက်ခံဘူးလည်းမဟုတ် နေသာသလိုနေတဲ့အုပ်စုနဲ့ နောက်ဆုံးအုပ်စုကတော့ အာဏာရအဆက်ဆက်ကို ဆန့်ကျင်တဲ့အုပ်စုဆိုပြီး သုံးအုပ်စု ရှိခဲ့တယ်လို့ ယူဆရပါတယ်။

ဒီလိုပါပဲ။
တချိန်က ဆိုဗီယက်ရုရှလို့ခေါ်တဲ့ မဟာအင်အားကြီးနိုင်ငံမှာလည်း ၁၉၁၇ ဝန်းကျင်နဲ့ ၁၉၇၀ ဝန်းကျင်အတွင်း (အောက်တိုဘာတော်လှန်ရေးကြီးအတွင်းနဲ့ ကွန်မြူနစ်ခေတ်ဦး) စာပေနယ်ပယ်မှာ ယေဘုယျအားဖြင့် အုပ်စု သုံးအုပ်စုခွဲပြီး ကျနော် မြင်ခဲ့ပါတယ်။

ပထမအုပ်စုက အာဏာရကွန်မြူနစ်အစိုးရကို ထောက်ခံတဲ့အုပ်စု၊ နောက်တစ်အုပ်စုက ထောက်ခံတယ်လည်းမဟုတ် မထောက်ခံဘူးရယ်လို့်လည်းမဟုတ် ကြားသဘောဆောင်တဲ့ (တကယ်တော့ ကြားနေရယ်လို့မရှိပါ။) အုပ်စုနဲ့ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်တဲ့အုပ်စုရယ်လို့ ရှိခဲ့ပါတယ်။

ကျနော်ဟာ
ဒီနှိုင်းယှဉ်ချက်ရေစီးကြောင်းကို ကိုယ့်အယူအဆနဲ့ကိုယ် အမြဲ ဆင်ခြင်ကြည့်ခဲ့ပါတယ်။

အခု တင်မယ့်စာမူဟာ အဲသလို နှိုင်းယှဉ်ဆင်ခြင်ကြည့်ရင်းက ရလာခဲ့တဲ့ ရုရှကဗျာဆရာမတစ်ယောက်အကြောင်းပါပဲ။ စိတ်ကူးပေါ်တဲ့အချိန်တိုင်း မကြာခဏဆိုသလို တင်ပေးခဲ့ဖူးတဲ့ စာမူပါပဲ။ မဖတ်ရသေးသူတွေ ဖတ်ရှုနိုင်ဖို့ အခု ထပ်ပြီး တင်ပေးလိုက်ပြန်ပါတယ်။
======

လက်ခုပ်သံ တညီတည်းမတီးချင်တဲ့ ကဗျာဆရာမ

၁။
ကျွန်တော် ငယ်စဉ်တုန်းက ဆိုဗီယက်ရုရှရုပ်ရှင်ဇာတ်ကားတစ်ခု ကြည့်ဖူးပါတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ မမှတ်မိတော့ ပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကိုတော့ အလျဉ်းသင့်တဲ့အချိန်တိုင်း ပြန်ပြန်ပြီး သတိရနေတတ်ပါတ ယ်။

ဒီဇာတ်ဝင်ခန်းထဲမှာ ဆိုဗီယက်ခေါင်းဆောင်တစ်ဦးက စင်မြင့်ပေါ်မှ စကားပြောပါတယ်။ သူ မိန့်ခွန်းပြောအပြီး ပရိသတ်က လက်ခုပ်သြဘာတီးကြပါတယ်။ ဒါပေမယ့် လက်ခုပ်သံတွေက တစ်ယောက်တစ်ပေါက်တီးကြတာမျိုးမဟုတ်ဘူး။ လက်ခုပ် သံတွေက တစ်သံထဲ ထွက်လာတာ။ ဓါတ်ပုံဆရာကလည်း လက်တွေ ညီညီညာညာမြှောက်လိုက်တာ၊ ပြန်ချလိုက်တာကို အသားပေးပြီး ရိုက်ပြပါတယ်။

ဒီတုန်းက ကျွန်တော်က ကမ္ဘာ့အဖိနှိပ်ခံလူတန်းစားရဲ့ တပ်ဦးနိုင်ငံကြီးအဖြစ် ဆိုဗီယက်နိုင်ငံကြီးကို မော့ပြီး ကြည့်နေခဲ့တဲ့ အချိန် အဲဒီဇာတ်ဝင်ခန်းထဲက လက်ခုပ်တီးတာတွေကိုကြည့်ပြီး ငါတို့ ဆိုဗီယက်ယူနီယံကြီးက ဘယ်လောက်များ ညီညွတ် ကြပါသလဲ၊ ဘယ်လောက်များ စည်းကမ်းရှိလိုက်ပါသလဲဆိုတဲ့ ဂုဏ်ယူခဲ့ပါတယ်။ နောင်နှစ်ပေါင်း အတော်ကြာတဲ့အထိလည်း အဲဒီ ဇာတ်ဝင်ခန်းကို မမေ့နိုင်ပါဘူး။

၂။
၁၉၉၉ ခု၊ သြဂုတ်လ၊ ရုရှနိုင်ငံ မောစကိုမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်။
လက်ခုပ်တစ်ဖေါင်ခန့်အမြင့်မှာ ချိတ်ဆွဲထားတဲ့ တီဗွီမော်နီတာကြီးကို ကျွန်တော် မော့ကြည့်နေမိတယ်။ တီဗွီကြီးရဲ့ ဖန်သား ပြင်ပေါ်က လေယာဉ်ခရီးပြဇယားတွေက ပြောင်းမသွားဘဲ ရပ်နေပါတယ်။ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတုန်း ကျွန်တော့်ဘေး နားက ခရီးသည်တစ်ဦးရဲ့ “တီဗွီကြီးက ပျက်နေတာပဲ” လို့ ဆိုလိုက်တဲ့စကားကြောင့် ကျွန်တော့်မှာ သဘောပေါက်သွားရပါ တယ်။

ဒါနဲ့ပဲ လေယာဉ်လွှဲပြောင်းစီးသူများ နားနေခန်းရဲ့ တဖက်ခြမ်းမှာရှိတဲ့ နောက်ထပ် တီဗွီကြီးဆီ သွားရပြန်တယ်။ အဲဒီ တီဗွီ ကြီးနဲ့ ငါးလှမ်းလောက်အကွာအရောက်မှာတော့ ကျွန်တော့်ခြေလှမ်းတွေဟာ တုန့်ကနဲရပ်သွားရတယ်။ တီဗွီဖန်သားပြင်ကြီး ကို ဘယ်သူကများ ရိုက်ခွဲထားခဲ့တာပါလိမ့်။ တီဗွီကြီးထဲမှာ တုတ်ချောင်းကြီးတစ်ချောင်း ကန့်လန့်ကြီး ရှိနေဆဲပါ။

တီဗွီကြီးတွေပျက်နေတာမို့ လေယာဉ်လွှဲပြောင်းစီးသူများအတွက် ဖွင့်ထားတဲ့ ရုံးခန်းကိုသွားရပါတယ်။ ရုံးခန်းရှေ့မှာ ထုတ် ထောင်လိုက် ပြန်ရုပ်လိုက်လုပ်နေတဲ့ ယာယီကြော်ညာသင်ပုန်းပေါ်က ကိုယ်စီးရမယ့် ဘန်ကောက်လေယာဉ်ခရီးစဉ်ကို တွေ့ရတဲ့အခါကြမှပဲ ကျွန်တော့်မှာ စိတ်အေးလက်အေး ရှိသွားရပါတယ်။

ကျွန်တော့်အဖို့တော့ လေယာဉ်စီးဖို့ရာ ငါးနာရီကျော် ခြောက်နာရီလောက် ထိုင်စေါင့်ရဦးမှာမို့ လေဆိပ်ထဲက ဈေးဆိုင်တွေမှာ အချိန်ဖြုန်းဖို့ စဉ်းစားမိတယ်။ တိတ်ခွေနဲ့ စာအုပ်တွေရောင်းတဲ့စာအုပ်ဆိုင်မှာ ရုရှကဗျာဆရာကျော်တွေဖြစ်ကြတဲ့ “မာယာ ကော်စကီး” နဲ့ “ယက်ဖ်တူရှန်ကို” တို့ရဲ့ ကဗျာရွတ်ထားတဲ့ တိတ်ခွေတွေ ရှိလို ရှိငြား လိုက်မေးပါသေးတယ်။ မေးလို့ မရခဲ့ပါ ဘူး။

ဒီလိုနဲ့ နားလိုက်လျှောက်လိုက်နဲ့ တစ်နာရီလောက် အချိန်ဖြုန်းပြီးတော့မှ လူရှင်းတဲ့ လူသွားလမ်းဘေးတစ်နေရာက ခုံတန်း တစ်ခုမှာ ထိုင်ချလိုက်ပါတယ်။ ကျွန်တော့်လက်ထဲမှာတော့ လမ်းမှာဖတ်ဖို့ ရွေးယူလာတဲ့ ရုရှကဗျာဆရာမ “မာရီနာ စဗက်ထ ရေဗါ ”ရဲ့ လက်ရွေးစင်ကဗျာစာအုပ်က အဆင်သင့်။

‘မာရီနာ’ ရဲ့ ကဗျာစာအုပ်ကို ‘အော်စလို’ မှာနေစဉ်ကတည်းက ကျွန်တော်ဖတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ရုရှနိုင်ငံကို ခဏလေးပဲ ဖြစ်ဖြစ် ရောက်တုန်းရောက်ခိုက် ဒီကဗျာစာအုပ်ကိုပြန်ဖတ်ရင် အရင်ကထက်ပိုပြီး ခံစားနားလည်နိုင်မယ်ထင်လို့ တမင်ရွေး ယူလာခဲ့တာပါ။

စာအုပ်ကိုဖတ်မယ်လုပ်ကာမှပဲ၊ ‘အော်စလို’ မှာရှိစဉ်တုန်းက ထိုင်းမြန်မာနယ်စပ်ကိုပြန်ဖို့ အသိမိတ်ဆွေတစ်ချို့ကို လိုက်ပြီး နှုတ်ဆက်တော့ မိတ်ဆွေ အီရန်အမျိုးသားတစ်ဦးပြောခဲ့တဲ့စကားကို ကျွန်တော့်နားထဲ ကြားလာရပြန်ပါတယ်။ “ငြိမ်း…အော်စလိုမှာ ခြောက်နာရီကြာ လေယာဉ်ထိုင်စောင့်ရမယ် ဟုတ်လား၊ အောင်မယ်လေး…မင်းတော့ စိတ်ညစ်ရတော့မှာပဲ၊ မော်စကိုလေဆိပ်က အိမ်သာတွေ ညစ်ပတ်လိုက်တာ အရမ်းပဲ” လို့ ပြောလိုက်တာ ရှိပါတယ်။

“မော်စကို” မြို့ကို ကျွန်တော်ရောက်သွားတော့ မော်စကို မြို့သူမြို့သားတွေ သူတို့မြို့တော်ရဲ့ မြို့သက်တမ်း “နှစ် နှစ်ရာ ပြည့်” အခမ်းအနားကျင်းပဖို့ စိုင်းပြင်းနေကြတဲ့အချိန်ပါ။ ဒါပေမယ့်လည်း မော်စကိုမြို့ကြီးရဲ့အခြေအနေက အရင်ကနဲ့ မတူ တော့ဘူးလေ။

အခုဆိုရင် ဆိုဗီယက် ရုရှနိုင်ငံကြီး (၁၅) နိုင်ငံ ခွဲထွက်သွားပြီးတဲ့နောက်ပိုင်း၊ ဗဟိုရုရှနိုင်ငံရဲ့အခြေအနေက အတော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ညအချိန် လမ်းမတွေပေါ်တက်လာနေကြတဲ့ လူဆိုးဂိုဏ်းတွေ၊ လူစည်ကားရာ လမ်းမကြီးတွေပေါ်မှာ အုပ်စုလိုက် လိုက်လံတောင်းရမ်းစားသောက်နေတဲ့ သူဖုန်းစားတွေကို သတင်းစာတွေထဲမှာ ကျွန်တော်တို့ ဖတ်ကြရပါတယ်။
ဒီကိုမလာခင်က အော်စလိုမြို့ထုတ်ဝေတဲ့သတင်းစာတစ်စေါင်မှာ တချိန်က ဖွံ့ဖြိုဆဲနိုင်ငံတွေရဲ့ အာရုံကိုဆွဲဆောင်ထားနိုင်တဲ့ “ဒေါက်တာလူမွန်းဘားတက္ကသိုလ်” အကြောင်းဖတ်ရတာ စိတ်မကောင်းစရာပါ။ တက္ကသိုလ်ကို ပိတ်ပစ်လိုက်ရပါပြီ။ ကျောင်းဆရာတချို့ ကျောင်းသားတချို့ အလုပ်လက်မဲ့ဖြစ်ပြီး လမ်းဘေးမှာ ဖြစ်သလို အဖီချနေထိုင်ရတဲ့သတင်းကို ကျွန် တော် ဖတ်ခဲ့ရပါတယ်။

တစ်ပါတီအာဏာရှင်စနစ် သံကွန်ခြာကြီးထဲမှာ နှစ်ပေါင်း (၇၀) ကျော် နေခဲ့ထိုင်ခဲ့ရတဲ့ ရုရှပြည်သူတွေရဲ့ဘဝကို စဉ်းစားရင် တံလျပ်ကိုရေထင်လို့ ရွှေသမင်အလိုက်မှားသူတို့ရဲ့အဖြစ်မျိုးလို့ဆိုရင် ရနိုင်မယ်ထင်ပါတယ်။

အခုလို ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ ရုရှနိုင်ငံကြီးရဲ့အဖြစ်ကို ရုရှစာရေးဆရာ ကဗျာဆရာတချို့က ဒီအတိုင်းထိုင်ပြီး ကြည့်နေခဲ့ကြတာတော့ မဟုတ်ပါဘူး။

ကွန်မြူနစ်အစိုးရလက်ထက်က ပြည်နှင်ဒဏ်ပေးခံရလို့ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း (၂၀) တိတိ ခိုလှုံနေထိုင်ခဲ့ရတဲ့ စာရေးဆရာကြီး “ ဆိုဇင်နစ်ဇင်” ဆိုရင် ‘ ရုရှနိုင်ငံရဲ့လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် မထိန်းမတ်နိုင်ဘူးဆိုရင် ဆယ်စု နှစ်တစ်ခုအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံအဆင့်ကို လျောကျသွားလိမ့်မယ် ’လို့ သတိပေးခဲ့တာပဲ။

လူသွားလမ်းဘေးက ခုံတန်းလျားမှာထိုင်ပြီး ရုရှနိုင်ငံကြီးအကြောင်း စဉ်းစားရင်းက လက်ထဲမှာကိုင်ထားတဲ့ ရုရှကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗါ’ ရဲ့ ကဗျာစာအုပ်ကို ဖတ်ဖို့ကို မေ့နေခဲ့ပါတယ်။ သတိရလို့ စာအုပ်ကလေးကိုလှပ်ပြီး ဖတ်မယ်လုပ်ပြန် တော့ မာရီနာတို့ရဲ့အဲဒီခေတ်ကြီးကို မှတ်ချက်ပေးသွားဖူးတဲ့ ရုရှမဟာကဗျာဆရာကြီး ‘အလက်ဇန်ဒါ ဘလော့’ စကားကို တွေးမိပြီး ကျွန်တော့်မှာ ခဏတော့ ငေးငိုင်သွားရပြန်ရော။ ၁၉၁၇ ခု၊ အောက်တိုဘာ တော်လှန်ရေးကြီး အကြိုကာလ၊ ရုရှနိုင် ငံကြီးရဲ့အခင်းအကျင်းကိုကြည့်ပြီး ကဗျာဆရာကြီး ‘ဘလော့’ က “ကြောက်မက်ဖွယ် နှစ်ကာလများ” ဆိုပြီး မှတ်ချက် ပေးခဲ့ဖူးတာပ။

ဒီတော့မှပဲ ‘မာရီနာ စဗက်ထရေဗာ’ ရဲ့ ကဗျာတွေသာမက သူ့ဘဝကိုပါ ကျွန်တော်တွေးမိလာရတယ်။ အမှန်စင်စစ်တော့ ကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗာ’ က သူ့ကဗျာတွေကို မျက်ရည်တွေ သွေးတွေနဲ့ဖျော်ပြီးမှ ရေးဖွဲ့ခဲ့တာပဲကိုး။ ပြီးတော့ ၁၉၄၁ ခုနှစ်မှာ ‘မာရီနာ စဗက်ထရေဗာ’ က သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားခဲ့တယ်လေ။

၃။
၁၉၁၇ ခု၊ အောက်တိုဘာတော်လှန်ရေးဝန်းကျင်ကာလမှာ ရုရှစာပေလောကအတွင်း တဖြေး တဖြေး ရှေ့တိုးအင်အား ကောင်းလာနေကြတဲ့ စာပေအုပ်စုတွေအနက်က စာပေအုပ်စု (၄) ခုကို ကျွန်တော်စိတ်ဝင်းစားပါတယ်။

တစ်စုက ‘ ဆိုရှယ်လစ် သရုပ်မှန်’ အုပ်စု၊ နောက်တစ်အုပ်စုက ‘သင်္ကေတဝါဒ’ အုပ်စု၊ နောက်ထပ်တစ်အုပ်စုက ‘ အနာဂတ် ဝါဒ’ အုပ်စုနဲ့ နောက်ဆုံးအုပ်စုကတော့ ‘ အက်က်မစ်’ အုပ်စု (ACMEIS) ဖြစ်ပါတယ်။ ဒီစာပေအုပ်စု လေးအုပ်စုအနက်က အက်က်မစ်အုပ်စုကလွဲပြီး ကျန်အုပ်စု သုံးအုပ်စုနဲ့ အကျွမ်းဝင်တဲ့ ကဗျာဆရာတွေ ကဗျာတွေကို ကျွန်တော်ငယ်စဉ်ကတည်း က လေ့လာမှတ်သား စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အက်က်မစ်အုပ်စုကိုကြတော့ အဲဒီအချိန်တုန်းက ဖတ်ရတဲ့ စာတိုပေစတချို့အရသိရတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး တော်လှန်ရေးကြီးကို ဆန့်ကျင်တဲ့ အရင်းရှင်စာပေအုပ်စု ဖြစ်တယ်ဆိုတဲ့အသိနဲ့ အဲဒီ အက်က်မစ်အုပ်စုစာပေတွေကို တို့ထိလို့တောင် မကြည့်ခဲ့မိပါဘူး။

၁၉၉၂ ခုမှာ တော်လှန်ရေးဌာနချုပ်ကြီးဖြစ်တဲ့ ‘မာနယ်ပလော’ ကို ကျွန်တော် ရောက်လာခဲ့ပါတယ်။ အဲဒီတောမှော်ရုံတက္ကသိုလ်ကိုရောက်လာတော့မှ အက်က်မစ်အုပ်စုနဲ့ပတ်သက်တဲ့ ကဗျာတွေ ကဗျာဆရာတွေအကြောင်း ဖတ်ရှုနိုင်ဖို့ အခွင့် အလန်း ရလာခဲ့တာပဲ။ မာနယ်ပလောဆိုတာက ဟိုစဉ်က ပြင်ပကမ္ဘာကြီးနဲ့ဆက်သွယ်လို့ရတဲ့ ပြတင်းပေါက်လေးတစ်ခု သဘော ဖြစ်ခဲ့တာပဲလေ။ အဲဒီအခါကျမှပဲ ကျွန်တော်လည်း အက်က်မစ်အုပ်စုနဲ့ပတ်သက်တဲ့ကဗျာတွေကို ထိထိရောက် ရောက် ဖတ်ရတော့တာပဲ။

ထင်ရှားလှတဲ့ ရုရှကဗျာဆရာမကြီး “အင်နာ အက်ခ်မာ တော်ဗာ” က “ကျမတို့လေးယောက်” ဆိုတဲ့ ကဗျာတစ်ပုဒ် ရေးခဲ့ပါ တယ်။ သူပြောတဲ့ ‘ကျမတို့လေးယောက်’ ဆိုတာ သူအပါအဝင် ကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” ၊ ဒေါက်တာဇီးဗါးဂိုးဝတ္ထုကြီးရေးခဲ့တဲ့ စာရေးဆရာ ကဗျာဆရာ “ဘောရစ် ပက်စတာနတ်” နဲ့ အခု ကျွန်တော်ပြောနေတဲ့ ကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ” တို့ကို ရည်ညွှန်းခဲ့တာပါ။ ဒီလေးဦးဆိုတာက အထက်က ကျွန်တော်ပြောခဲ့တဲ့ “အက်က်မစ်အုပ်စု” ရဲ့ခေါင်း ဆောင်များအဖြစ် အများက အသိအမှတ်ပြုခံရတဲ့ ကဗျာဆရာတွေပါပဲ။

ဒီကဗျာဆရာလေးဦးစလုံး ဘဝတွေ ကျိုးကြေခဲ့ကြရတာကလည်း လက်ကုန်ပါပဲ။ ကဗျာဆရာမ ‘အက်ခ်မာ တော်ဗာ’ ဆိုရင် လင်ဖြစ်သူက တော်လှန်ရေးဆန့်ကျင်သူအဖြစ် သေနတ်နဲ့ပစ်သတ်ခံရ၊ သားဖြစ်သူက ထောင်ထဲမှာ နှစ်တွေအကြာကြီး၊ ပြီးတော့ သူ့ကဗျာတွေကိုလည်း (၁၅) နှစ်လုံးလုံး ပိတ်ပင်ခံခဲ့ရသူပါ။

နောက်တစ်ဦးဖြစ်တဲ့ “အိုစစ် မင်ဒယ်လ်စတန်း” ဆိုရင် ဆိုက်ဗေးရီးယားမဲဇာကို နှစ်ြံကိမ်အပို့ခံရ၊ အဲဒီ မဲဇာမှာပဲ မထင်မရှား သေဆုံးရ။

ကဗျာဆရာ “ဘောရစ် ပက်စတာနတ်” ကြပြန်တော့ ‘ဒေါက်တာ ဇီးဗားဂိုး’ ဝတ္ထုကြီးအပေါ်မူတည်ပြီး စာပေနိုဗယ်လ်ဆုချီးမြှင့် ခံရပြီးကတည်းက လျှို့ဝှက်ပုလိပ်တွေရဲ့စောင့်ကြည့်မှုကို တချိန်လုံးခံရ၊ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဆုရပြီး နှစ်နှစ်အကြာ မှာ ကွယ်လွန်ခဲ့ရပါတယ်။

ကျွန်တော် အခု ထိုင်ဖတ်နေတဲ့ ကဗျာဆရာမ “မာရီနာ စဗက်ထရေဗါ” ကြတော့ ဥပေစ္စစေတကကံနဲ့ပဲ ဆုံးရရှာပါတယ်။

၄။
နိုင်ငံတစ်ခုရဲ့ သမိုင်းအချိုးအကွေ့တစ်ခုမှာ အဲဒီသက်ဆိုင်ရာနိုင်ငံက ကဗျာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ခေတ် ကာ လ၊ အဲဒီအချိုးအကွေ့ရဲ့ ရင်ခုန်သံကို ကဗျာဖွဲ့လေ့ ရှိကြပါတယ်။

ကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ” အနေနဲ့ ဘယ်လိုရင်ခုန်သံကဗျာမျိုးတွေ ရေးဖွဲ့ခဲ့သလဲ။ တကယ်ဆေတာ့ သူက တော်လှန်ရေးကြီးကိုဆန့်ကျင်တဲ့ အရင်းရှင်ရဲ့ သူလျှိုဆိုတဲ့ တံဆိပ်အကပ်ခံရတဲ့သူပါ။ အဖြူနဲ့အနီ ကွဲကြတဲ့ခေတ်မှာ အဖြူ ဖက်ကလူလို့ စွပ်စွဲခံရတဲ့သူပါ။ ဘော်ရှီဗစ်နဲ့ မင်ရှီဗစ် နှစ်မျိုးရှိတဲ့နေရာမှာ မင်ရှီဗစ်ဘက်တော်သားအဖြစ် သတ်မှတ်ခံရသူပါ။ ဇာဘုရင့်ဂိုဏ်းနဲ့ ကွန်မြူနစ်ဂိုဏ်းကွဲတော့ ဇာဘုရင့်ဂိုဏ်းဝင်အဖြစ် အထင်ခံခဲ့ရသူပါ။

တော်လှန်ရေးကြီး အောင်ပွဲခံတဲ့အချိန်မှာတော့ သူလည်း ပြည်ပြေးအဖြစ်နဲ့ ပြည်ပမှာ အချိန်အကြာကြီး။ ဒါပေမယ့် တစ်ဖက် ကပြန်ပြီးစဉ်းစားတဲ့အခါ သူလို အင်မတန်ထက်မြက်တဲ့ကဗျာဆရာမတစ်ဦးက မလွဲမသွေလိမ့်လာနေတဲ့ သမိုင်းဘီးကြီးကို ဘာပြုလို့များ လိမ့်မသွားရအောင် တွန်းထားဖို့ ကြိုးစားခဲ့တာလဲ။ အင်မတန်ရက်စက်တင်းကြပ်လှတဲ့ ဇာဘုရင်စနစ်ကို ကဗျာဆရာမတစ်ယောက်က တကယ်ပဲ ထောက်ခံခဲ့သတဲ့လား။

၁၉၁၇ ခုနှစ်ဝန်းကျင် ရုရှနိုင်ငံကြီးရဲ့အခြေအနေက ခေတ်သစ်တစ်ခုကူးပြောင်းဖို့ တာစူနေတဲ့အချိန်ဖြစ်ပါတယ်။ ဇာဘုရင် စနစ်ကို တူးတူးခါးခါး မုန်းတီးလွန်းတဲ့အတွက် ဇာဘုရင်စနစ်ကိုဆန့်ကျင်တဲ့ ကွန်မြူနစ်စနစ်ကို ရုရှလူထုက ကောက်ကိုင်ခဲ့ကြ တယ်။

မာရီနာကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ သူက ဇာဘုရင်စနစ်ကိုလည်း မုန်းတယ်။ ကွန်မြူနစ်စနစ်ကိုလည်း သံသယရှိတယ်။ ဒါပေမယ့် ဇာဘုရင်အာဏာရှင်စနစ်နေရာမှာ ကွန်မြူနစ်တစ်ပါတီအာဏာရှင်စနစ် အစားထိုးဝင်ရောက်လာတော့မယ်ဆိုတဲ့ ကြည်လင်ပြတ်သားတဲ့ လောကအမြင်ကိုတော့ သူ့ခမျာ မရရှိ မသိရှိနိုင်ပါဘူး။

သူက ခေတ်တစ်ခုရဲ့မိုးကောင်းကင်ကြီး မလွဲမသွေ ကွဲအက်လာနေတဲ့အသံကို နှစ်ပေါင်း (၇၀) စောပြီး ကြားနိုင်ခဲ့တာကလွဲပြီး ကောင်းကင်အသစ်တစ်ခု ဘယ်လိုဖန်တီးရမယ်ဆိုတာ မသိနိုင်ခဲ့ပါဘူး။ ခေတ်ပျက်ရနံ့ကို ရရှိလိုက်လို့ ကယောင်ကတန်း သွေးပျက်ခြောက်ခြားပြီး လိမ့်လာနေတဲ့ သမိုင်းဘီးကြီးကို မျက်စိစုံမှိတ်ပြီး တွန်းထားဖို့ ကြိုးစားခဲ့တဲ့သဘောပါပဲ။

.... ကျွန်မတို့ တစ်ဦးချင်းအနေနဲ့
ဓမ္မတေးကို အစွမ်းကုန် သီကျွေးကြသည့်တိုင်
ကျွန်မတို့
ငရဲဘုံက လွတ်အောင် မပြေးနိုင်ကြပါဘူး။
ဂုဏ်သရေရှိ ညီမတော်တို့
ကျွန်မတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
ကြယ်စုံထွန်းလင်းတဲ့ ညများ
နိဗာန်ဘုံရဲ့ ပန်းသီးတောအုပ်ထဲက
ဂုဏ်သရေရှိ အမျိုးကောင်းသမီးတို့
ကျွန်မတို့ ချစ်ခင်လေးမြတ်ရပါသော ညီမတော်တို့
ကျွန်မတို့အားလုံး
ငရဲဘုံထဲမှာ ရှိနေတယ်ဆိုတာ အသေအချာ တွေ့ကြရလိမ့်။.......

ဒီကဗျာ နှစ်ပိုဒ်ဟာ ကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ”၊ ၁၉၁၅ ခုမှာ ရေးခဲ့တဲ့ “ကျွန်မတို့အားလုံး ငရဲဘုံက ပြေးလို့ မလွတ်နိုင်ဘူး” ကဗျာထဲက ပထမနဲ့ နောက်ဆုံးကဗျာပိုဒ်များပဲ ဖြစ်ပါတယ်။ အောက်တိုဘာတော်လှန်ရေးကြီးမဖြစ်မီ ၂ နှစ် အလိုလို့ ဆိုရမှာပါ။

လူတွေအားလုံး ခေတ်သစ်တစ်ခု၊ ကောင်းကင်သစ်တစ်ခုအပေါ် အာရုံကိုင်းညွတ်နေကြတဲ့အချိန်မှာ ‘မာရီနာ’ က ကောင်း ကင်သစ်နဲ့ ကောင်းကင်ဟောင်းဆိုတာ အတူတူပါပဲဆိုတဲ့သဘောသက်ဝင်တဲ့ကဗျာပါ။ နိဗ္ဗာနတေးဆန်ပေမယ့် သူ့ကဗျာကို သူ့ဘဝနဲ့ကပ်ကြည့်ရင် သူဘာကို ရည်ညွှန်းသလဲဆိုတဲ့အချက်ကို သိနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မာရီနာတစ်ယောက်ကတော့ ကောင်းကင်သစ်အောက် ဝင်မရပ်ဘဲ လွတ်မယ်ထင်တဲ့အရပ်၊ လွတ် မယ်ထင်တဲ့အလုပ်တွေ လုပ်နေခဲ့ပါသေးတယ်။ ပြင်သစ်မှာသွားနေပြီး မော်စကိုကိုပြန်ရောက်တော့ သူ့အရင်ရောက်နှင့်နေတဲ့ သူ့ခင်ပွန်းက သေဒဏ်ကျခံသွားခဲ့ရပြီးပြီ။ သားတစ်ယောက်က မိဘမဲ့ဂေဟာတစ်ခုမှာ ဆုံးပါးသွားခဲ့ရပြီ။

သူရေးတဲ့ကဗျာတွေအားလုံး ဘဝအလွမ်းအမောနဲ့ လွတ်တယ်ရယ်လို့ကို မရှိဘူး။ ဒီလိုနဲ့ ၁၉၄၁ ခု၊ သူ့အသက် (၄၉) နှစ်မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။

ကျွန်တော့်အမြင်မှာတော့ မာရီနာဟာ ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ခဲ့တယ်ဆိုတာ မှန်တယ်။ အဖြူတွေဘက်က ရပ်တည်ခဲ့ တယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဒီလိုဆန့်ကျင်မှုမျိုးက အခွင့်အလမ်းနဲ့ အကျိုးစီးပွားအရ သူရပ်တည်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒီလိုရပ်တည်ခဲ့လို့လည်း သူ့ဘဝတစ်ခုလုံး ပုံအောပေးဆပ်ခဲ့ရတာပဲ။ ဒါဆိုရင် ကျွန်တော့်အမြင်တစ်ခုကို ပြော ကြည့်ချင်တယ်။ “မာရီနာ စဗက်ထရေဗာ” ဟာ အစွန်းတစ်ဘက်ကိုဆန့်ကျင်ရင်း အခြားအစွန်းတစ်ဘက်အတွင်း ခြေကျွံ ကျသွာမျိုးကော မဖြစ်နိုင်ဘူးလား။

ဒါမှမဟုတ်…၊ သူ့ခေတ်သူ့အခါက တခြားလူတွေရဲ့ ရင်ခုန်မှုမျိုး သူ့မှာ မရှိခဲ့တဲ့သဘောလား။ ဒါမှမဟုတ် ကွန်မြူနစ်ခေတ် လူတွေအားလုံးနဲ့ရောပြီး လက်ခုပ်သံကို တစ်သံထဲညီအောင် မတီးချင်ခဲ့သူလား။

၅။
ကျွန်တော် ငယ်စဉ်တုန်းကကြည့်ခဲ့ဖူးတဲ့ ဆိုဗီယက်ရုရှ ရုပ်ရှင်ဇာတ်ကားတစ်ခုထဲက ဇာတ်ဝင်ခန်းတစ်ခုကို ပြန်ပြောချင်ပါ သေးတယ်။

ဒီဇာတ်ဝင်ခန်းထဲမှာ ဆိုဗီယက်ခေါင်းဆောင်တစ်ဦး စင်မြင့်ပေါ်က စကားပြောပြီးတဲ့အခါ ပရိတ်သတ်ကလက်ခုပ်တီးပြီး သြ ဘာပေးကြတဲ့အခန်းကို ကျွန်တော် ပြန်မြင်လာမိပါတယ်။ လက်ခုပ်သံတွေက တစ်သံထဲ။ တစ်ညီထဲ တစ်ညာထဲ။

ဒါပေမယ့် ဒီတစ်ခါ ဒီဇာတ်ဝင်ခန်းကို ပြန်လည်မြင်ယောင်တဲ့အခါ ကျွန်တော့်ခံစားချက်တွေက ပြောင်းပြန်အချိုးကျ ဖြစ်လာခဲ့ ပါပြီ။

လက်ခုပ်တီးတဲ့လက်တွေ တစ်ညီတစ်ညာထဲ မြှောက်လိုက်ပြန်ချလိုက် လုပ်နေတဲ့မြင်ကွင်းကိုမြင်ပြီး ကျွန်တော့်မှာ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်လာရပါတော့တယ်။ လက်ခုပ်သံတွေ တစ်သံထဲ ထွက်ပေါ်လာတာကိုလည်း တုန်လှုပ်လာမိပါတယ်။ ဘုရား…ဘုရား…၊ တန်းစီပြီး လက်ခုပ်တီးနေကြသူတွေဟာ လူသားတွေမှ ဟုတ်ပါလေစ။ စက်ရုပ်တွေများလား…။

ဒီလို ဆက်ပြီးတွေးမိလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထလိုက်ရတဲ့ ဖြစ်ခြင်း။

ငြိမ်းေ၀ (ကဗျာ့အိုးဝေ)

ကိုးကား 
(၁) Selected Poems (Anna Akhmatova)
(၂) Selected Poems (Marina Tsvetayeva)
(၃) Selected Poems (Osip Mandelshtan)
(၄) တောမှော်ရုံလမ်း (မောင်သာနိုး)