Breaking News

ထွန်းဝင်းငြိမ်း ● ဇူလိုင် ၇ ရက်၊ ၇ ရက် ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ်နီ

ထွန်းဝင်းငြိမ်း ● ဇူလိုင် ၇ ရက်၊ ၇ ရက် ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ်နီ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၉

‘ဇူလိုင် ၇ ရက် ၇ ရက် ဇူလိုင်မမေ့နိုင်တဲ့ ကျောင်းသားသမိုင်းထာဝစဉ်နီ...’ ဆိုတဲ့စာသားဟာ ၇ရက်ဇူလိုင် အရေးတော်ပုံကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတပုဒ်ထဲက စာသားတကြောင်းပါ။ ဟုတ်ပါတယ်။ ‘ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက် ဇူလိုင် အရေးတော်ပုံကြီး’ ဟာ ဗမာပြည်ရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ၊ ကျောင်းသားသမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့၊ မေ့ဖျောက် ချန်လှပ်ကျော်လွှားသွားလို့မရနိုင်တဲ့ အမြဲနီနေမယ့်အရေးတော်ပုံ မှတ်တိုင်ကြီးတခုပါပဲ။

ဗမာပြည်လွတ်လပ်ရေးမကြေညာနိုင်ခင် ကိုလိုနီခေတ်တလျှောက်ကို ခဏထား၊ လွတ်လပ်ရေးကြေညာပြီးစခေတ်တ လျှောက်အတွင်းမှာကို ကျောင်း သားလှုပ်ရှားမှုသမိုင်းကြောင်း တလျှောက်မှာ အရေးအခင်းနဲ့ အရေးတော်ပုံတွေပေါ်ပေါက်ခဲ့ တာ အရေအတွက် တော်တော်များများ (ဥပမာအားဖြင့် အောက်တိုဘာ ကျောင်း တလပိတ်အရေးတော်ပုံ၊ ဟယ်ရီတန် အရေးအ ခင်းစသည်ဖြင့်.. စသည်ဖြင့်) ရှိခဲ့ပါလျက် တနိုင်ငံလုံး လှည်းနေ လှေအောင်းမြင်းဇောင်းမကျန်ပါ ဝင်ဆင်နွှဲခဲ့ကြတဲ့ ၁၃၅၀ ပြည့် အရေးတော်ပုံ (ရှစ်လေးလုံးအရေးတော်ပုံကြီး)’ မတိုင်ခင်အထိအတွင်း၊ ဗိုလ်နေဝင်းစစ်အာဏာရှင် အုပ်စိုးမှု ခေတ်တလျှောက်အတွင်းမှာကို တခြားသောအရေအတွက်မနည်းလှတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားအ ရေး အခင်းတွေတော်တော်များများ (ဥပမာအားဖြင့် ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု၊ ဦးသန့်ဈာပနအရေး အခင်း၊ ၇၅ ဇွန် (၆) ကျောင်းသားသပိတ် စသည်ဖြင့်..စသည်ဖြင့်) ရှိပေါ်ပေါက်ခဲ့ပါလျက် ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက်ဇူလိုင် အရေးတော်ပုံကြီးဟာ တခြားသော ကျောင်းသားအရေးအခင်း၊ အရေးတော်ပုံတွေထက်ကို ပိုမိုစူးရှပေါ်လွင်ပြီး ပိုမိုထူးခြားတဲ့ အနက် အဓိပ္ပါယ်တွေရှိနေတယ်လို့ ယူဆမိပါတယ်။

ဘာကြောင့်လဲ၊ ဘယ်လိုတွေဖြစ်ပျက်ခဲ့ကြတယ်၊ ဘယ်လိုတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရတယ်၊ စစ်အစိုးရဟာ ဘယ်လိုတွေ မိုက်မိုက်ရိုင်းရိုင်း ယုတ်မာရမ်းကားခဲ့တယ်ဆိုတာ တွေနဲ့ ပတ်သက်ပြီး အဖြစ်အပျက်ရဲ့ ဖြစ်စဉ်တွေအကြောင်း ကို မှတ်တမ်းတင်ကြ၊ ပြောကြ ဆိုကြ ရေးသားခဲ့ကြတာတွေကတော့ ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးတဲ့တိုင်အောင် တော်တော် များများရှိနေပြီဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဒီအရေးတော်ပုံကြီးရဲ့ ထူးခြားတဲ့ဝိသေသတွေကို ဒီနေရာမှာ နိုင်ငံရေးဘက်ကနေပဲ ရှုမြင်ပုံဖော်ကြည့်ချင်ပါတယ်။

၇ရက် ဇူလိုင်အရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦးစတင်တိုက်ပွဲ ဆင်ခဲ့တဲ့အရေးတော်ပုံဖြစ် တယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို မြေမြှုပ်သြင်္ဂိုဟ်ပစ်ပြီး လက်နက်နဲ့အကြမ်းဖက်အာဏာသိမ်းယူကာ ဗိုလ်နေဝင်းခေါင်း ဆောင်တဲ့ စစ်အုပ်စုဟာ ၁၉၆၂ မတ်လ ၂ ရက်မှာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို စတင်ထူထောင်လာရာမှာ စစ်အစိုးရရဲ့တရားမျှတမှုလုံးဝမရှိတဲ့ အမိန့်အာဏာတွေကို ရဲရဲရင့်ရင့် ပြန်လည်တုံ့ပြန်ဆန့်ကျင် ကန့်ကွက်ပြသကြရာက စစ်အာဏာရှင် ရူးတွေရဲ့ ကြိုတင်အစီအစဉ်ရှိရှိ ယုတ်မာရက်စက်မှုတွေကြောင့် ဒီအရေးတော်ပုံကြီးဖြစ် ပေါ်လာခဲ့ရတာဖြစ်တယ်။

စစ်တပ်အာဏာသိမ်းတက် လာပြီး လေးလကျော်ကျော်လေး အကြာမှာပဲ ဒီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ရတာဖြစ်တဲ့အတွက် ဒီအရေးတော်ပုံကြီးဟာ ဗမာပြည် စစ်အာဏာရှင်စနစ်ကို ဗွေဆော် ဦးဆန့်ကျင်အန်တုပြခဲ့တဲ့၊ တော် လှန်တဲ့အရေးတော်ပုံကြီး ဖြစ်တယ်။ သမိုင်းဝင်အရေးတော်ပုံ ကြီးဖြစ်သွားတယ်။

ဒီအရေးတော်ပုံကြီးဟာစစ် အစိုးရရဲ့ မဆလဆိုရှယ်လစ်မျက်နှာဖုံးကို ပထမဆုံးဆွဲချွတ်ပြလိုက်နိုင်တဲ့ အရေးတော်ပုံကြီးဖြစ် တယ်။ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အစိုးရဟာ အာဏာသိမ်းတက်လာပြီးမကြာမီ ရှိနေတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်း အင်အားစုတွေအပါအဝင် ပြည်သူလူထုတရပ်လုံးကို လိမ်လည်လှည့်ဖြားနိုင်ဖို့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆိုရှယ် လစ်စနစ်ကို တည်ဆောက်ဖို့ဆိုပြီး ၁၉၆၂ ဇူလိုင် ၄ ရက်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) ကို စတင်ထူထောင်ခဲ့ရာမှာ မဆလပါတီစတင်ထူထောင်ပေါ်ပေါက်လာပြီး ၃ ရက်အကြာမှာ ‘၇ ရက် ဇူလိုင် အရေးတော်ပုံကြီး’ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်နေဝင်းစစ်အစိုးရဟာ မဆလပါတီကို ထူထောင်လိုက်ပြီး ‘‘ခေတ်ပြောင်းတော်လှန်ရေး ကြီးကို ဆင်နွှဲမယ်၊ သာယာဝပြော သောလူ့ဘောင်သစ်ကြီးကို မရောက်ရောက်အောင် သွားမယ်။ စာနာမှု၊ ညှာတာထောက်ထားမှု စသည့်ကောင်းမြတ်သော တရားနှင့် ဗြဟ္မစိုရ်တရားများထွန်းကားနိုင်တဲ့ လူ့ဘောင်သစ်ကြီးဆီ ချီတက်သွားရောက်မယ်’’ လို့ တဖက်က ကြွေးကြော်မြည် ဟည်းပြနေတုန်းမှာပဲ အပြစ်မဲ့တဲ့ နိုင်ငံအညွန့်အဖူး ကျောင်းသားတွေကို သွေးချောင်းစီးအောင် ရက်ရက်စက်စက်သတ် ဖြတ် ကျူးလွန်ပြလိုက်တာဖြစ်တဲ့အတွက် စစ်အစိုးရရဲ့ ကြွေးကြော်နေချက်တွေဟာ ဗလာစကားတွေသာဖြစ်တယ်။ လက် တွေ့ကတော့ လူသတ်သမားတွေသာဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုဖြစ်သွားပြီး စစ်အစိုးရရဲ့ မဆလမျက်နှာ ဖုံးစွပ်ကို ဆွဲချွတ်ပြလိုက်သကဲ့သို့ ဘွားဘွားကြီးပေါ်လွင်သွားစေခဲ့တယ်။

ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ စစ်အစိုးရရဲ့ မဆလဆို ရှယ်လစ်အတုအယောင်မျက်နှာ ဖုံးအောက်က အစွယ်ပြူးပြူး၊ သွေးစိမ်းရှင်ရှင်တကယ့်ဘီလူး ရုပ်အစစ်အမှန်ကို ဆွဲချွတ်ပြသလိုက်နိုင်တဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ သမိုင်းမှာ တော်လှန်သူလား၊ ဖောက်ပြန်သူလား စည်းခြားမှတ်တမ်းတင်ပေးနိုင်ခဲ့တဲ့အရေးတော် ပုံဖြစ်တယ်။ စစ်အစိုးရဟာ ဒီ လောက်ရက်ရက်စက်စက် သတ် ဖြတ်နှိပ်ကွပ်ပြခဲ့တာ လက်တွေ့ မျက်တွေ့မြင်နေရတာတောင်၊ တဖက်က ဆိုရှယ်လစ်အနံ့ပေးထားမှုကြောင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအလိုရမ္မက် မျှော်လင့်ချက်တွေကြောင့်သော် လည်း ကောင်း အမှန်တရားကို မမြင်နိုင်ဘဲ ဒါမှမဟုတ် မျက်ကွယ်ပြုခဲ့ကြရင်း သဘောထားမမှန်ကြသူတွေ၊ ရပ်တည်ချက် မခိုင်မာခဲ့ကြသူတွေ၊ စံသွေခဲ့ကြသူတွေ အထင်အရှားပေါ်ပေါက်လာခဲ့ကြရာမှာ ‘ဒီအရေးတော်ပုံကြီးအပေါ် ဘယ်လိုသ ဘောထားသလဲ၊ သဘောထားမလဲ’ ဆိုတာ အရေးပါတဲ့ မှတ်ကျောက်မေးခွန်းတခုဖြစ်လာခဲ့ရပါတယ်။

တစုံတရာ တိုးတက်ပါတယ်၊ တိုးတက်တဲ့လက်ဝဲဝါဒကို လက်ခံကိုင်စွဲပါတယ်လို့ ဆိုခဲ့ကြတဲ့ ပမညတအဖွဲ့ကြီးထဲက ပမ ညတ ခေါင်းဆောင်ကြီးတ ယောက်ဟာ ဒီအရေးတော်ပုံကြီး ပြီးစ ဒီအရေးတော်ပုံကြီးအပေါ် ဘယ်လိုသဘောထားမလဲလို့ ပြောဆိုဆွေးနွေးကြတဲ့ ပမညတ အစည်းအဝေးပွဲတခုအတွင်း မှာ ‘‘ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရ ဟာ ဆိုရှယ်လစ်ရေးဆီရှေးရှုပြီး ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း သွားဖို့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီ ၇ ရက် ဇူလိုင်အရေးအခင်းဟာ ဆိုရှယ်လစ်သန္ဓေသားကို သားလျှောအောင် လုပ်တဲ့လုပ်ရပ်’’ လို့ဆိုလိုက်တော့ ဒီအရေးတော်ပုံ ကြီးရဲ့ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ပြခဲ့ဲတဲ့ ဦးခင်မောင်မြင့် (ပြည်သူ့တိုးတက် ရေးပါတီ) က ချက်ချင်းကန့်ကွက် ခဲ့ရင်း ‘‘သခင်...ရဲ့ ဒီသဘောထား ပြောကြားချက်ကို မှတ်တမ်းတင်ပေးပါ လုံး၀ လက်မခံနိုင်ပါဘူးလို့’’ တုံ့ပြန်ချေပခဲ့ရပါတယ်။

ဒီအရေးတော်ပုံကြီးအပေါ် အဲဒီလို မတူကွဲပြားစွာ သဘောထားခဲ့ကြသူတွေရဲ့ ဖြစ်စဉ်တွေကနေ မဆလ (၂၆) နှစ်တာ ကာ လအတွင်း ဘယ်သူတွေ ဘယ်လို ဖြစ်သွားကြသလဲဆိုတာ ဇာတ်ပေါင်းကြည့်လိုက်မယ်ဆိုရင် အရေးတော်ပုံကြီးအပေါ် သ ဘော ထားမမှန်ကန်ခဲ့သူတွေဟာ မဆလရဲ့ ခွေးကတက်ရင်းက ပုဂ္ဂိုလ်တွေ၊ မဆလရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ အဖြစ် သမိုင်းမှာ မျက်နှာမလှ ဇာတ်သိမ်းသွားကြရပြီး အရေးတော်ပုံကြီးဘက်က ရပ်ခံရပ်တည် ဖော်ပြသွားခဲ့ ကြသူတွေ ကတော့ မဆလစစ်အစိုးရကို ဆက်လက်ဆန့်ကျင် အန်တုသွားခဲ့ကြရင်း သူရဲကောင်းတွေ၊ တော်လှန်သူတွေအဖြစ် ကမ္ပည်း မော်ကွန်းတင်သွားခဲ့ကြ တာတွေ့နိုင်ပါတယ်။

ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ သမိုင်းမှာ တော်လှန်သူလား၊ ဖောက်ပြန်သူလား စည်းခြားသတ်မှတ်ပေးလိုက်တဲ့၊ သမိုင်း အချိုးအကွေ့တခုရဲ့ မှတ်ကျောက်တခုသဖွယ်လည်း ဖြစ်ခဲ့ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ ခွပ်ဒေါင်းတွေရဲ့ တောင်ပံခတ်သံတ ဖျပ်ဖျပ်ကို တကျော့ပြန် တကျော့ပြန် အဖန်ဖန် အထပ်ထပ် အမြဲမပြတ်စေနိုင်လောက်အောင် ပဲ့တင်ဆောင်နိုင်စွမ်းအား အလွန်ကြီးမားလှတဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။

ဗမာပြည် ကျောင်းသားလှုပ် ရှားမှုသမိုင်းမှာ အမှန်တရားအ တွက်၊ ပြည်သူလူထုအတွက်၊ ကျောင်းသားထုရဲ့ တရားမျှတတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် ဖောက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည်တွန်းလှန်ဆန့်ကျင်အန်တု တိုက်ပွဲ ဆင်ခဲ့ကြတဲ့ ဂုဏ်ပြောင်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသာ်းတိုက်ပွဲတွေ၊ အရေးတော်ပုံနဲ့ အရေးအခင်းတွေ ခေတ် တိုင်းလိုလို ပေါ်ပေါက်ခဲ့တာ တော်တော်များ များရှိခဲ့ပါတယ်။

အားလုံးဟာ သူ့ခေတ် သူ့ကာလအလျောက် သူ့အတိုင်းအတာနဲ့သူ မော်ကွန်းတင် ကမ္ပည်းထိုးထားရမယ့် အရေးပါတဲ့ တိုက် ပွဲတွေချည်းဖြစ်ပါတယ်။ ဒီအထဲမှ ၇ ရက် ဇူလိုင်အရေးတော်ပုံကြီးရဲ့ ထူးခြားချက်ကတော တော်လှန်တဲ့ ကျောင်းသားထု ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကို စူးဝင်နေပြီး၊ ဒီနေ့ဒီရက် ဒီအချိန် ရောက်လေတိုင်း ‘ဆဲဗင်း ဇူလိုင်၊ ဆဲဗင်း ဇူလိုင်’ ဆိုတဲ့အသံဟာ တိုက်ပွဲခေါ်သံပမာ ပဲ့တင်ထပ်နေစေခဲ့တာ ‘ကျောင်းသားမျိုးဆက် အဆင့်ဆင့်မှသည် ကနေ့ထက် တိုင် အောင်ပါပဲ။

နှစ်စဉ်နှစ်တိုင်းလိုလိုမှာ ‘၇ ရက် ဇူလိုင်လှုပ်ရှားမှုတွေ’ အသွင် အမျိုးမျိုးနဲ့ ရှင်သန်ပေါ်ပေါက်နေ လေ့ရှိပြီး ခွပ်ဒေါင်းတောင်ပံ ခတ်သံ တဖျပ်ဖျပ်ကို တကျော့ပြန် တကျော့ပြန် ပြန်လည်ကြားရ နားထောင်ရလေ့ရှိပါတယ်။

ဒီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ နောက်ပိုင်းကစပြီး နှစ်စဉ် နှစ်တိုင်းလိုလို ပုံသဏ္ဌာန်အမျိုး မျိုးနဲ့ နေရာအမျိုးမျိုးကနေ အထိမ်းအမှတ်ပြုကြ၊ သတိတရရှိနေစေခဲ့ကြတာ သိကြတဲ့အတိုင်းပါပဲ။ ၁၉၇၇ ဇူလိုင် ၇ ရက်တုန်းကဆိုရင် ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင်ဦးတည်လှုပ်ရှားခဲ့ကြဖူးတာတွေရှိသလို အဲဒီ တုန်းက တိုးတက်တဲ့စီးပွားရေးတက္ကသိုလ်ကျောင်းသားများကနေ စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကို အနက်ရောင် အဖုံးကြီးနဲ့ပဲ ထုတ်ဝေခဲ့တာတွေလည်း ရှိပါတယ်။

၁၉၇၈ ထဲမှာလည်း စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်းကနေ ၇ ရက် ဇူလိုင် နှစ်ပတ်လည် လှုပ်ရှားမှုအဖြစ် ‘၇ ရက် ဇူလိုင်’ နေ့မှာ အစီအစဉ်ရှိရှိ တိုက်ပွဲခေါ်သံပေးပြီး သပိတ်ပေါ်အောင် ဖောက်ခွဲလှုပ်ရှားပြခဲ့ကြရင်း မဆလ စစ်အစိုးရရဲ့ ဖမ်း ဆီး ထောင်ချခံခဲ့ရသူတွေလည်း ပေါ်ပေါက်ခဲ့ရဖူးပါတယ်။

ဒီအရေးတော်ပုံကြီးပေါ် ပေါက်ခဲ့တာ နောက်နှစ်ဆိုရင် နှစ် (၅၀) တင်းတင်းပြည့်တော့မှာဖြစ်ပါတယ်။ ၁၉၆၂ ၇ ရက် ဇူလိုင် တုန်းက လူမဖြစ်ခဲ့ကြသေးတဲ့ အသက် (၅၀) အောက် ကျောင်းသားလူငယ်မျိုးအဆင့်ဆင့်တွေအတွင်းမှာရော ကနေ့မှာ ကျောင်းသားအဖြစ် ဖြတ်သန်းနေကြရသူ လက်ရှိမျိုးဆက် ကျောင်းသားလူငယ်တွေအတွင်းမှာပါ ‘၇ ရက် ဇူလိုင်’ ‘ဆဲဗင်း ဇူလိုင်’ ဆိုတဲ့အသံကို ကြားလိုက်ရလေတိုင်း တရားမျှတမှုကို လိုလားတဲ့၊ နိုးကြားတဲ့ ကျောင်းသားမှန်သမျှ ရင်ခုန်လှုပ် ရှားကြရတုန်း၊ ခွပ်ဒေါင်းသွေးတွေ တရိပ်ရိပ်မြင့်တက်နိုးကြွလာရတုန်းဖြစ်သလို ခွပ်ဒေါင်းတောင်ပံခတ်သံ တဖျပ်ဖျပ်ကို အ တိတ် တောစပ်ကနေ ပစ္စုပ္ပန်မြေအထိ ကြားနေ မြင်နေ လှုပ်ရှားနေကြရတုန်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီအရေးတော်ပုံ ကြီးဟာ (ရှစ်လေးလုံး အရေး တော်ပုံကြီးကလွဲရင်) ခွပ်ဒေါင်းတောင်ပံခတ်သံ တဖျပ်ဖျပ်နဲ့ အ ထပ်အထပ် အဖန်ဖန် ပဲ့တင်သံလှိုင်းအား အမြင့်မားဆုံးသော အရေးတော်ပုံကြီးလို့လည်း သတ်မှတ်ဂုဏ်ပြုချင်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ ဖောက်ပြန်တဲ့ မဆလစစ်အာဏာ ရှင်တသိုက်ကို နောက်ဆုံးထွက် သက်အထိ သွေးပျက်ချောက်ချား နေအောင် အဆက်မပြတ် စွဲချက်တင်ရင်း အစဉ်မပျက် အရိုးတွန်သံပေးနေခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ် အာဏာရှင်အစိုးရဟာ တရားမျှတတဲ့ ကျောင်းသားထုအခွင့်အ ရေးတွေအတွက် ဥပဒေဘောင်အတွင်းကနေ အေးချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေအပေါ် ရက် ရက်စက်စက် သွေးချောင်းစီးအောင် သတ်ဖြတ်ဖြို ခွင်းပြလိုက်တဲ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အစဉ်အ လာကြီး ခဲ့တဲ့ ကျောင်းသားထုရဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ‘ဗကသ’၊ ‘တကသ’၊ ‘ရကသ’ တွေကိုလည်း အပြီးတိုင် ဖျက်သိမ်းချေမှုန်းပစ် နိုင်ဖို့ အစီအစဉ်ရှိရှိနဲ့ လက်တွေ့အကောင်အထည်ဖော်ပြလိုက်တာဖြစ်သလို သမိုင်းတလျှောက် ကိုလိုနီအုပ်စိုးသူတွေလက် ထက်ကတောင် မတို့မထိဝံ့ခဲ့တဲ့ သမိုင်းအစဉ်အလာ ကြီးမားလှတဲ့ ‘ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး’ ကိုပါ မိုက် မိုက်ရိုင်းရိုင်းနဲ့ ဒိုင်းနမိုက်ကပ်ပြီး ဖြိုချဖျက်ဆီးပစ်ခဲ့ပါတယ်။

ဗမာပြည်သမိုင်းမှာ အုပ်စိုးသူ အဆက်ဆက် ဘယ်သူမှမလုပ်ဝံ့ခဲ့တာတွေကို ကောက်ကောက်ကျစ်ကျစ် ယုတ်ယုတ်မာ မာနဲ့ ပေါ်ပေါ်ထင်ထင်ရမ်းကားပြခဲ့တာပဲဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ မဝေးလှတဲ့ မြန်မာ့အသံ အသံလွှင့်ရုံထဲမှာကို တော်လှန်ရေး ကောင်စီဝင်တွေရော ရဲချုပ်ပါ ပါ ဝင်တဲ့ ‘အမိန့်ပေးကွပ်ကဲရေးရုံး’ ဖွင့်လှစ်ထားပြီး တိုက်ရိုက်အ ကောင်အထည်ဖော်လုပ်ဆောင်ခဲ့ ကြတာဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားတွေကို ပစ်သတ်၊ ၈ ရက်နေ့ မနက်အစောကြီးမှာပဲ သမဂ္ဂအဆောက်အအုံကြီးကိုပါ အုတ်ပုံတစပြင်ဖြစ်အောင် လုပ်ပြီးပြီးချင်း အဲဒီမနက်ပိုင်းမှာပဲ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းရဲ့ ‘ဓားဓားချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ’ ဆိုတဲ့ ရိုင်းပျမောက်မာလှတဲ့ စိန်ခေါ်သံမိန့်ခွန်းကြီးကို ရေဒီယိုကနေ အသံလွှင့် ကြေညာ ခဲ့ပါတယ်။ နောက်တရက်မှာတော့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းဟာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်အောင်ကြီး ကို ယာယီတာဝန်လွှဲအပ်ပေးခဲ့ပြီး နိုင်ငံခြားကို အပန်းဖြေခရီးထွက်သွားလိုက်ပါတော့တယ်။

အဲဒီလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုပါ တစစီဖြစ်အောင်လုပ်ဆောင်ပြခဲ့ကြကာ အောင်မြင်စွာရှင်းလင်းပစ်လိုက်နိုင်ပြီးပြီအဖြစ် အဲဒီတုန်းက တော်လှန်ရေးကောင်စီ တအုပ်စုလုံး ချိုကြွမောက်မာ ဝမ်းသာအူမြူးခဲ့ကြပေမယ့် ကာလသိပ်မကြာခင်မှာပဲ သမဂ္ဂကြီးရဲ့ အရိုးတွန်သံတွေကို အဆက်မပြတ်လိုလို ကြားလာရပြီးတဲ့နောက်၊ ဥက္ကဋ္ဌကြီးဆိုသူ ဗိုလ်နေဝင်းကိုယ်တိုင် ချောက်ချားသွေးပျက်လာခဲ့ရပါ တော့ တယ်။ သမိုင်းဝင်အဆောက် အအုံကြီးဖြစ်တဲ့ ‘သမဂ္ဂကြီး’ ကို ဖျက်ဆီးခဲ့သူ ‘သမိုင်းတရားခံ’ အ ဖြစ်ကနေ ရုန်းထွက်နိုင်ရေးအ တွက် ၁၉၆၈-၆၉ ဝန်းကျင်မှာ ဗိုလ်နေဝင်းဟာ ‘၇ ရက် ဇူလိုင် အရေးတော်ပုံကာလ’ က ‘ကွပ်ကဲရေးအဖွဲ့’ မှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြသူတွေ တချို့ကိုခေါ်ယူပြီး ‘လှဟန်လာဦး’ ‘စောမြင့်လာဦး’ ‘ကျော်စိုးလာဦး’ ဆိုပြီး ခေါ်ယူကာ ‘‘အဲဒီနေ့က အဖြစ် အပျက်မှာ မင်းတို့ပါဝင်ခဲ့သမျှ ရေးကြစမ်း’’ ဆိုပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ တဦးချင်းဆိုင်ရာ ‘တင်ပြချက်’ တွေကို ရယူထားရတဲ့ အထိ ကိုယ်လွတ်ရုန်းနိုင်ဖို့ ပြင်ဆင်လာခဲ့ရပါတော့တယ်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းအဖွဲ့မှာ ဒုတိယခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင် ကြီး) ကလည်း နောက်ပိုင်းမှာ သမဂ္ဂအဆောက်အအုံကြီးကို ဖြိုတဲ့ကိစ္စမှာ သူမဟုတ်၊ ဥက္ကဋ္ဌကြီးလည်း မဟုတ်တန်ရာ ဗိုလ် ကျော်စိုးလုပ်လိုက်တာဖြစ်မယ်ဆိုတဲ့ သဘောမျိုး ဟိုလိုလို ဒီလိုလို ဆင်ဝှေ့ရန်ရှောင်စကားတွေ ပြောဆိုလာခဲ့ပြီး သမိုင်း တရားခံအဖြစ်ကနေ ရုန်းထွက်နိုင်ရေး ကြိုးစားလာတဲ့အထိ ‘လိပ်ပြာလန့်’ လာတာ တွေ့ရပါတယ်။ ‘၇ ရက် ဇူလိုင်’ရဲ့ အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့ အရိုးတွန်သံတွေက ဘယ်လောက်ထိအောင်များ မြည်ဟည်းရိုက်ခတ်ပြီး စစ်အာဏာရှင် တသင်း ကို သွေးပျက်ချောက်ချားအောင် အဆက်မပြတ် ထိုးနှက်ထုပုတ်နေသလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီးဗိုလ်နေဝင်းဟာ ၁၉၈၈ ခုနှစ် ဇူလိုင်လထဲမှာပဲ ရာဇပလ္လင်ပေါ်ကဆင်းပေးကြောင်း ထုတ်ဖော်ကြေညာလိုက်ရတဲ့ နောက်ဆုံးနုတ်ထွက် မိန့် ခွန်းထဲမှာအထိတောင် ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စဟာ သူ့အမိန့်ပေးခဲ့တာ မဟုတ်ပါဘူး’’ လို့ အထိတ်တလန့် ရှင်းလင်း တင်ပြရင်း ကိုယ်လွတ်ရုန်း နိုင်ဖို့ ကြိုးစားသွားခဲ့တာ တပြည် လုံး ကြားလိုက်ကြရပါတယ်။

အဲဒီမဆလရဲ့ နောက်ဆုံး အရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်းက လွန်ခဲ့တဲ့အချိန်ကာလတခု တုန်းကတည်းက အဲဒီကိစ္စနဲ့ပတ် သက်ပြီး ကွပ်ကဲရေးအဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ဗိုလ်လှဟန်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်စောမြင့်တို့ကို သီးသန့်ခေါ်ယူပြီး ‘‘အဲဒီနေ့ က အဖြစ်အပျက်မှာ မင်းတို့ပါဝင်ခဲ့ကြသမျှ သိသမျှ ရေးကြစမ်း’’လို့ ခိုင်းပြီး တင်ပြချက်တွေ ရယူထားတာရှိကြောင်း ထုတ်ဖော်ပြောဆိုရင်း သမဂ္ဂကြီးကို ဗုံးနဲ့ခွဲခဲ့တဲ့ အဓိကတရားခံဟာ ဗိုလ်အောင်ကြီးပဲဖြစ်တယ်လို့ ဖော်ညွှန်းပြောဆို သွားခဲ့ ပါတယ်။ အဲဒီကာလမတိုင်ခင်ကတည်းကစပြီး သမဂ္ဂရဲ့ အရိုးတွန်သံ လာမှာမှန်းသိနေတဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ် အောင်ကြီးကလည်း ဗိုလ်နေဝင်း ထုတ်ဖော်မပြောဆိုမီကာလကတည်းက ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပြီး ဖြိုဖျက်ခဲ့တဲ့ကိစ္စမှာ သူမဟုတ်ရကြောင်း၊ ဥက္ကဋ္ဌကြီးလည်း ဟုတ်ဟန်မတူ၊ ဗိုလ်ကျော်စိုးပဲ လုပ်လိုက်တာဖြစ်မယ်’’ ဆိုတဲ့သဘောမျိုး၊ ထမင်း ရည်ပူ၊ လျှာလွှဲပြတဲ့ ကိုယ်လွတ်ရုန်းမှုတွေကို တိုးတိုး တဖုံကျယ်ကျယ်တမျိုး ပြောဆို ကြိုးစားနေခဲ့ရတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။

ဗိုလ်နေဝင်းကတော့ ‘ဓား ဓားချင်း၊ လှံလှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာကိုတောင် သူ့အပြောအရကတော့ ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကို တာဝန်ယူတဲ့အနေနဲ့ပြောရတာ’ အဖြစ် ပုံဖော်ရှင်းလင်းသွားခဲ့ပါတယ်။ အမှန်ကတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးဟာ သမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ဗုံးနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့ အယုတ်တမာအမှုကြီးမှာ တယောက် က ‘တတရားခံ’ ဆိုရင် ကျန်တယောက်က ‘နံပါတ် ၂ တရားခံ’ ပါပဲ။ သမိုင်းတရားခံတွေအဖြစ်ကတော့ ပြေးမလွတ်ပါ။ ဒါတွေကနေ ဘာကိုဖော်ပြနေသလဲဆိုတော့ မတရားမှု ယုတ်မာမှုကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဘီလူးကြီးတွေဟာ နောက်ဆုံး အချိန်အထိ ဒီအရေးတော်ပုံကြီးရဲ့ အရိုးတွန်သံတွေကို အဖန်ဖန်အထပ်ထပ် ကြားနေရရင်း အသေအလဲ ခုခံကာကွယ် ငြင်း ဆန်နေရရင်း အဆက်မပြတ်သွေးပျက် ချောက်ချားနေခဲ့ရတယ်ဆိုတာကို ဖော်ပြနေတာပါပဲ။ နောက်ဆုံးထွက်သက် တွေအထိလည်း သွေးပျက် ချောက်ချားသွားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလအတွင်းတုန်းကလည်း မဆလနောက်ဆုံး သမ္မတကြီးလုပ်ခဲ့တဲ့ ဒေါက်တာမောင် မောင်က တိုက်ပွဲဝင်ကျောင်းသားထုကို လေပြည်ထိုးပြတဲ့အနေနဲ့ ‘‘ကျောင်းသားသမဂ္ဂအဆောက်အအုံ’’ ကို ပြန်လည် ဆောက်လုပ်ဖို့ အတူလက်တွဲပြီး ပျော်ပျော်ပါးပါး ပန္နက်ချရအောင်’’ လို့ မရဲတရဲ သွေးတိုးစမ်းကြည့်ခဲ့ဖူးပါသေးတယ်။ ကျောင်းသားတွေကို သတ်ဖြတ်ပြီး လက်မှာသွေးအထပ်ထပ် စွန်းနေသူတွေနဲ့အတူ လက်ရှိလည်း အသတ်ခံနေဆဲဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ ဘယ်လိုလုပ်ပြီး ပျော်ပျော်ပါးပါး အုတ်မြစ်ချ ပန္နက်ရိုက်ပြနိုင်ပါ့မလဲ။

ဒေါက်တာမောင်မောင်ရဲ့စကားဟာ အကောင်းဆုံးပြက်လုံးတစလိုပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါကလည်း ဘာကိုဖော်ပြနေသလဲဆိုတော့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိစ္စဟာ အာဏာရှင်ဖောက်ပြန် ရေးသမား အုပ်စိုးသူတွေရဲ့ ရင် တွေထဲမှာလည်း လုံးဝဖျောက်ဖျက်ပစ်လိုက်လို့ မရတဲ့ကိစ္စကြီးအဖြစ် ဆန့်ကျင်ဘက်ကနေ အသိအမှတ်ပြုထားရရင်း အမြဲလိုလို ချောက်ချားသွေးပျက်နေရတဲ့သဘော၊ တနေ့နေ့မှာ မုချကို မလွဲှမသွေ ပြန်လည်ပေး ဆပ်ရမယ့် ‘သွေးကြွေး-သမိုင်းကြွေး’ ရှိနေတာကို လက်ခံအသိအမှတ်ပြုထားလိုက်ရတဲ့သဘောလို့ ယူဆချင်ပါတယ်။

၇ ရက် ဇူလိုင်အရေးတော် ပုံကြီးဟာ နောက်နှစ်မှာဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ပါတော့မယ်။ တော်လှန်တဲ့ ကျောင်းသားလှုပ် ရှားမှု၊ ကျောင်းသားသမိုင်းနဲ့ ဆက်စပ်နေတဲ့၊ ကျောင်းသားတွေရဲ့ အရေးတော်ပုံနဲ့သပိတ်တွေကို သင်္ကေတပြုအမှတ် အသားပြုပြီး ဖော်ပြကြည့်မယ်ဆိုရင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေးခေတ်ကာလတုန်းကတော့ ၁၉၃၆ ကျောင်းသားသပိတ်ကြီးရဲ့ အမှတ်အသားဟာ ကိုနု၊ ကိုအောင်ဆန်း ၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံကြီးရဲ့ အမှတ် အသားဟာ ကိုဗဟိန်း (သခင်ဗဟိန်း)၊ ကိုလှရွှေ (ဒေါက်တာလှရွှေ) လို့ ဆိုကြပါတယ်။

ဒီလိုဆိုရင် ဗမာပြည်လွတ်လပ်ရေးကြေညာပြီးနောက်ပိုင်း စစ်အာဏာရှင်အုပ်စိုးမှု ဆန့်ကျင်ရေးတိုက်ပွဲတွေအတွင်းက ၁၉၆၂၊ ၇ ရက် ဇူလိုင်အရေးတော်ပုံကြီးရဲ့ အမှတ်အသားဟာ ဘယ်သူတွေဖြစ်မလဲ။

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ တဦးချင်းအမြင်အရ ၁၉၆၂၊ ၇ ရက် ဇူလိုင်အရေးတော်ပုံကြီးရဲ့အမှတ်အသားကတော့ ကိုသက် (ဗကသ)၊ ကိုဗဆွေလေး (တကသ) လို့ပဲ ဆိုလိုက်ချင်ပါတယ်။ သတ်မှတ်လိုက်မိပါတယ်။

နောက်ထပ် အမြဲလိုလို အမှတ်ရနေသင့်တာတခုကတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ ကြားက မြောင်းမြသားတက္ကသိုလ် ကျောင်းသား ‘ကိုကျော်ဝင်း’ ဟာ သူ့ခန္ဓာကိုယ်ပေါ်က စီးကျလာနေတဲ့ သွေးတွေနဲ့ကို မန္တလေးဆောင်နံရံပေါ်မှာ ရေးထိုးပြသွားခဲ့တဲ့ ‘‘၇ ရက် ဇူလိုင်မမေ့ကြနဲ့’’ ဆိုတဲ့ သွေးသစ္စာကမ္ပည်းစာတန်းလို့ပဲ ဆိုလိုက် ချင်ပါတယ်။ ။

၆၂ မျိုးဆက် 
၆၊ ၇၊ ၂၀၁၁