Breaking News

ကိုသန်းလွင် ● ပလေတိုးနစ် အချစ်

ကိုသန်းလွင် ● ပလေတိုးနစ် အချစ်
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၉

(၁) 
ရန်ကုန်ကထွက်လာခါစက မိုးမလင်းသေး။ မန္တလေးကို  လေးနာရီလောက်မှာရောက်သည်။ စစ်ကိုင်းကိုကူး ရွှေဘိုကိုရောက် တော့ ညကိုးနာရီခန့် ရှိပါပြီ။ ခင်းဦးမြို့လယ်က အစ်ကိုတို့ အိမ်ကိုရောက်တော့ ည ၁၁ နာရီခန့် ဖြစ်ပါသည်။ ကျွန်တော်သည် အမေ၏မောင်ဆုံးသည်ဟု မက်ဆေ့ချ်ရသောကြောင့် ကားမောင်းပြီး လာခဲ့ရခြင်းဖြစ်ပါသည်။ သည်ဦးလေးနဲ့က ရင်းနှီးသည်။ အမေတို့ ဆွေမျိုးသားချင်းများမှာ မကျန်တော့။ သူတို့ ညီအစ်ကိုမောင်နှမတွေထဲမှာ သူကအငယ်ဆုံး နောက်ဆုံးဖြစ်သည်။

အသုဘအိမ်မှာ ထုံးစံအတိုင်း ညဉ့်လုံးပေါက် ဖဲကစားကြမည့်သူတွေရှိသည်။ ကျွန်တော့်အစ်ကိုဖြစ်သူမှာ ဝမ်းနည်းကြေ ကွဲဟန်မရှိပါ။ အသက်က ကိုးဆယ့်လေးနှစ်ဆိုတော့ သည်ခရီးကို သွားရသည်က ကောင်းပါသည်။ ဆရာဝန်ပင် အချိန် မမှီလိုက်။ မောသည်ဆို၍ ဆရာဝန်ခေါ်၊ ဆရာဝန်ရောက်တော့ လူနာမှာ အသက်မရှိပြီ။

(၂) 
အကိုဖြစ်သူကို နှုတ်ဆက်၍ ကျွန်တော့အိမ်ရှိရာကို လာခဲ့သည်။ အိမ်ကို သည်အတိုင်းပိတ်ထားသည်မှာ ကြာပါပြီ။ တူမတွေ က တခါတရံ လာကြည့်စောင့်ရှောက်သည်သာ ရှိသည်။ အိမ်မှာက လူမနေပါ။ ရီရီတိ့ုအိမ်ဘက်ကို ကြည့်မိပါသည်။ အိမ် ချင်းက မဝေးပါ။ ကျွန်တော်တို့နေအိမ်မှဆိုသော် လေးငါးအိမ်ကျော်လိုက်လျင် ရီရီတို့အိမ်ရောက်သည်။ အခုရီရီတို့ မရှိကြ တော့ပြီ။ မဝေးလှသောမြို့တစ်မြို့မှာ ဆရာဝန်အလုပ်နှင့်နေသည်ဟုတော့ သိရပါ၏။ ရီရီ အခုအိမ်ထောင်ကျပြီ။ ကလေး တွေပင် ကြီးကုန်ပြီ။

ရီရီကို အမေဆုံးတုန်းက နောက်ဆုံးတွေ့လိုက်ရသည်။ အမေဆုံးတော့ ကျွန်တော်က အိမ်မှာမရှိ။ အမေရှိရာကို ကိစ္စကုန်ပြီးမှ ရက်လည်ဖို့ ရောက်ရသည်။ အမေကိုနောက်ဆုံးအချိန်မှာ ကျွန်တော် မတွေ့လိုက်ရ။ အမေသည် မေမြို့ဆေးရုံကို ဆေးရုံ တက်ဖို့သွားသည်။ ဆေးရုံမှာ ပထမညအိပ်ရင်း နိုးမလာတော့ခြင်းဖြစ်သည်။ ကျွန်တော်က အမေ့ရက်လည်ကို ခင်ဦးမှာ ဆွမ်းကျွေးဖို့ ရောက်ရပါသည်။ ရီရီကို လူအုပ်ကြားမှာတွေ့လိုက်ရသည်။ ဘာကိုမှ မမေးလိုက်ရ။ နုတ်ဆက်ရုံ၊ ပြုံးပြရုံသာ။

ရီရီတို့အိမ်မှာ အုတ်နှင့် အခိုင်အခန့် ဆောက်ထားခြင်းဖြစ်သည်။ လမ်းပေါ်က မြင်ရသည့်တံခါးကို ဖွင့်လိုက်လျင် ကျွန်တော် သွားလျင် ထိုင်နေကြနေရာကို မြင်ရမည်။ အခုတော့ အိမ်ရှေ့မှာ ဒန်းတစ်စီးဆင်ထားသည်ကို တွေ့ရသည်။ အိမ်အပြင်မှ ကြည့်လိုက်လျင် ရီရီတို့ရှိတုန်းကလိုမဟုတ်တော့ ပြောင်းလဲနေပြီ။

ရီရီကို ဆရာဝန်ဖြစ်မှကျွန်တော်သတိထားခဲ့မိခြင်းဖြစ်ပါသည်။ သူက ကျွန်တေ့်ထက်ကျောင်းမှာ တစ်နှစ်နောက်ကျသည်။ ကျွန်တော်က ရန်ကုန်မှာ ကျောင်းတက်ရတာမို့ မန္တလေးမှာ ဆေးကျောင်းတက်နေသော ရီရီထံသို့ လမ်းမကြုံနိုင်။ တစ်ခေါက် နှစ်ခေါက် ရောက်သည်ထင်ပါ၏။ မြို့မှာ တက္ကသိုလ်ကျောင်းသားတွေအတွက် ပစ္စည်းတွေထုတ်ရတော့ ကျွန်တော်က တာ ဝန်ခံထုတ်ရသည်။ ပစ္စည်းတွေပို့ရန် ရီရီအိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးသည် ထင်ပါ၏။

ရီရီကို အားကိုးလာရသည်မှာ ကျွန်တော့် မိခင်ကြီး မကျန်းမာ၍ ဖြစ်ပါသည်။ အမေက အသက် (၆၀) မှာ ပင်စင်ယူရသည်။ ပင်စင်မယူမှီ ကျောင်းသွား၊ ကျောင်းတက် ဈေးသွား၊ ဈေးဝယ်နှင့် သွားသွားလာလာ အမေကျန်းမာသည်ဟု ထင်ရသည်။ ပင်စင်ယူပြီးသည်နှင့် အမေ့ကျန်းမာရေးမှာ သိသိသာသာကြီး မကောင်းသည့်ဘက်သို့ ပြောင်းလာသည်။ အမေက ဆေး လိပ်ကြိုက်သည်။ နဂါးဆေးလိပ်ကို တစ်နေ့ လေးငါးလိပ်သောက်သည်။ နှလုံးက အားနည်းလာသည်။ တစ်ခါတစ်ရံ အိပ်ရာ ထဲလဲပြီဆိုလျှင် ဆရာဝန်ကို ပြေးခေါ်ရသည်။

ကျွန်တော်က ရေနံဝန်ထမ်းဖြစ်ရာ ရေနံမြေရှိရာကို တစ်လသွား၊ လေးဆယ့်ငါးရက် နှစ်လတစ်ခါ အိမ်ကို ခွင့်ပြန်ရသည်။ ကျွန်တော်ပြန်ရောက်တော့ ရီရီနှင့်အမေတို့က ဆရာဝန်နှင့် လူနာဖြစ်နေကြပြီ။ အမေမှာ ဆရာမကြီးဖြစ်ရာ ရီရီကို စာသင် ပေးရဖူးသည်။ ဆရာတပည့်ဖြစ်၍ ရင်းနှီးပြီးသား။ ရီရီအိမ်ကို ဆရာဝန်ပင့်ဖို့ သွားရသည်။ ဆေးအိတ်ကိုယူ၍ ဆရာဝန်နှင့်အတူ ဘေးကလိုက်ရသည်။ အိမ်ချင်းက မဝေးသည့်အတွက် ဆရာဝန်ခေါ်ရတာ အခက်အခဲမရှိပါ။

ဆရာမရောက်လာလျှင် ရင်းနှီးပြီးသားလူနာအဖို့ ထူးထူးထွေထွေ စမ်းသပ်မနေရပါ။ အားဆေးသွင်းရင်း ခဏနေလျှင် အမေ မောတာပျောက်သွားသည်။ အမေနှင့် စကားစမြည်ပြောရင်း ကျွန်တော်တို့ကလည်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း တစ်စ တစ်စ ရင်းနှီးလာကြသည်ထင်ပါသည်။ ကျွန်တော်မရှိလျင်တော့ အကို၊ အမ တွေက တာဝန်ယူ၍ ဆရာဝန်ပင့်ရသည်။ ကျွန်တော်ရှိလျင်ကတော့ ကျွန်တော်က ဆရာဝန်ပင့်သောတာဝန်ကို ယူရသည်။

ရီရီကို ပထမဆုံးလက်ဆောင်ဝယ်ပေးဖူးသည်မှာ အလျားအလွန်တိုသော နားကြပ်တစ်ခုဖြစ်ပါသည်။ ဝယ်မိ ဝယ်ရာဝယ် သွားတာ၊ တွေ့ရာဝယ်သွားရတာဆိုတော့ နားကြပ်က အလျားမရှည်။ လူနာကိုစမ်းသပ်ဖို့ကျတော့ ဆရာမသည် နားကြပ် ကတိုတော့ လူနာနှင့် နီးနေသည်။ ဘာမသိ ညာမသိ ဝယ်သွားမိသောလက်ဆောင်ကို တစိုက်မတ်မတ် သုံးရှာပါသည်။ ကျွန်တော်က သူကပြောထားဖူးတာမို့ ရီရီကို နားကြပ်ကိုကိုင်ပြီးထွက်လာတိုင်း မျက်နှာပူရသည်။

ဓါတ်ပုံရိုက်ပေးရတာကတော့ အကြိမ်ကြိမ်။ ဟိုတုန်းကဓါတ်ပုံရိုက်ရသည်မှာ အခုလိုမဟုတ်။ ဓါတ်ပုံကို ဖလင်တွေနှင့် ရိုက်ရ သည်။ ဖလင်ကုန်သွားပြီဆိုလျှင် ဆေးဖို့ နိုင်ငံခြားကိုပို့ရသည်။ နိုင်ငံခြားကပြန်လာမှ ဓါတ်ပုံကိုရသည်။ ကျွန်တော်ရိုက်ပေး သောဓါတ်ပုံများမှာ သူသနပ်ခါးလိမ်းရာ မှန်မှာ၎င်း၊ အိမ်ခန်းအဝင် တံခါးမှာ၎င်း အိမ်ရာဘေးကစဉ်လေးပေါ်မှာ၎င်း နေရာ အနှံ့ တွေ့နိုင်ပါသည်။

သူ့အိမ်ကို အလည်သွားလျှင် မအားဘူးဆိုသည်မှာ မရှိ။ ကျွန်တော်ထိုင်မိလျှင် အဖေက၎င်း၊ အမေက၎င်း တစ်ခု ခုပြောဆိုပြီး အိမ်အလည်သွားသလိုလို၊ လုပ်စရာရှိ၍  ထွက်သွားတာလိုလိုနှင့် ပျောက်သွားတတ်သည်။ တစ်ခါ တစ်ရံ တစ်အိမ်လုံးမှာ ကျွန်တော်တို့နှစ်ယောက်ဘဲ ကျန်တတ်သည်များ ရှိတတ်သည်။ သူ့မောင်တစ်ယောက်နှင့် ကျွန်တော်မှာ အရပ်အမောင်းကမတိမ်းမယိမ်းသာကွာသည်။ ပုဆိုး၊ အင်္ကျီကို အရောင်စုံအောင် ဝယ်ပေးတတ်သည်။ သူ့မောင်ဝတ်၍ရသည်ဆိုလျှင် ကျွန်တော်နှင့်တော်သည်ကများသည်။

သူတို့အိမ်မှာ ဘယ်သူမှ မစီးသောကားတစ်စီးရှိသည်။ ကားကဟောင်းလှပြီ။ တစ်ခါက သူမောင်နှင့်သူ့ကားကိုခေါ်ကာ ကျွန်တော်ရွှေဘိုမှာ ကိစ္စတစ်ခုဆောင်ရွက်ရန်အတွက် ယူသွားဖူးသည်။ု သူတို့အိမ်ကကားကို ဝယ်ထားပြီး မစီးကြပါ။ ခင်ဦး လိုမြို့မှာ ကားကလည်းမလိုပါ။ ကားက ဘရိတ်လည်းမကောင်း၊ ဂီယာကလည်း ဝင်ချင်မှဝင်သည်။ စက်နှိုးဖို့ကို ရှေ့က တစ်ယောက်က စက်နှိုးတံဖြင့် လှည့်ပေးရသည်။

တစ်ခါက ကျွန်တော်အလုပ်ရှိရာသို့အပြန် ရီရီ မန္တလေးအထိ လိုက်လာဖူးသည်။ ရွှေဘိုက သူငယ်ချင်းကားကိုယူ၍ လိုက် လာခြင်းဖြစ်ပါသည်။ မန္တလေးမှာ မန္တလေးတောင်၊ ဘုရားကြီး၊ နန်းတော်ရာ စသည်ဖြင့် စုံအောင်လည်ကြသည်။ တကဲ့ချစ်သူ တွေအလား ပျော်စရာကောင်းလှပါသည်။ ပျော်လည်းပျော်မိကြပါသည်။ ချစ်သည်ဆိုသောစကားကိုကား မပြောမိကြသေး။

တစ်ကြိမ်တွင် အိမ်အပြန်မှာ အမေနှင့်အတူ ရေချိုးနေသော ရီရီကိုတွေ့ရသည်။ ကျွန်တော်တို့အိမ်ရှေ့က ချိုးရေကန်မှာ ရေချိုးနေတာကို တွေ့ရခြင်းဖြစ်ပါသည်။ ကျွန်တော့်ကိုမြင်တော့ ရီရီက အေးအေးဆေးဆေး။ ကျွန်တော်က အံ့အားသင့် နေ သည်။ အမေနှင့် တဖြည်းဖြည်းရင်းနှီးလာနေတာကို ကျွန်တော်သဘောကျပါသည်။ သို့ပေမယ့် ကျွန်တော့်အကြောင်းတွေ၊ အိမ်မှာနေပုံတွေကို သိနေမှာဘဲဟု သဘောပေါက်ရပါသည်။

ကျွန်တော် ခုနှစ်တန်း ရှစ်တန်းအရောက်မှာကျောင်းကအပြန် ဘုန်းကြီးကျောင်းဝင်းထဲမှအပြန်တွင် ကျောင်းသူတသိုက်က တောင်းဆိုသဖြင့် ပန်းခူးပေးဖူးသည်။ ထိုစကားဝါပန်းကလေးများကို တယုတယ စာအုပ်ကြားမှာ သိမ်းထားတာကို ပြဖူး သည်။ ကျွန်တော်က မယုံနိုင်။ မေ့မေ့လျော့လျော့ဖြစ်နေပြီ။

တခါတုန်းကလည်း ကျွန်တော်က ပြောမထားဘဲ အိမ်ကိုပြန်သွားရဖူးသည်။ အိမ်မှာ စားစရာအဆင်သင့်ကမရှိ ရီရီက ခေါက် ဆွဲဆိုင်ကစားစရာတွေကို ဆရာဝန်မကြီးဖြစ်လျက် သွားပြီးဝယ်ပေးရှာသည်။ အမေ့မှာ ဝမ်းမနာရဘဲ သမီးတစ်ယောက် ရလိုက်သလို၊ ကျွန်တော်ကလည်းညီမလေး တစ်ယောက်ကောက်ရလိုက်သလိုဘဲ ဖြစ်ပါသည်။

ကျွန်တော်တို့အိမ်အတွင်းမှာ မန်လကာပင်ကြီးရှိသည်။ အသီးသီးလျင် အပြွတ်လိုက်သီးသည်။ ရီရီက စားချင် သည်ဆို သောကြောင့် အပင်ပေါ်တက်ခါ ခူးပေးဖူးသည်။ အခုအခါ မာလကာပင်ကြီး မရှိတော့ပါ။ သို့ပေမဲ့ သူထိုင်သွားသည့်နေရာ ကျွန်တော်သစ်ပင်ပေါ်တက်သည့်နေရာ၊ ထိုနေရာများကို ယခုအခါအတိအကျ ပြနိုင်သည်အထိ ကျွန်တော့်စိတ်ထဲမှာ မှတ် မှတ်ရရ ကြီးဖြစ်နေပါသည်။

(၃)
ကျွန်တော်သည် အဖေနှင့်အမေကို နေ့တိုင်းသတိရပါသည်။ အခုအမေ့အိမ်ပြန်ရောက်တော့ ပို၍သတိရမိသည်။ အမေ့ကို သတိရတိုင်း ရီရီ ပါလာတတ်သည်။ ရီရီကို တွေ့ဖို့ဟူ၍ကျွန်တော်မကျိုးစားမိ။ အသဲနှလုံးထဲမှာတော့ ရီရီသည်နေရာယူပြီးသားဖြစ်နေပါပြီ။ နေရာယူထားသည်ကို ဖယ်ထုတ်ဖို့ကြိုးစားတိုင်း ရင်မောခဲ့ရပါသည်။ နေရာဟောင်းမှာ သူမလာဘူးဟု သိနေသော်လည်း တွေ့မှာလေလားဟု စိတ်စောခဲ့ရပါသည်။

အခုခေတ်မှာ ဖေ့စ်ဘွတ်၊ အင်စတန်ဂရမ်တို့ဖြင့် အဆက်အသွယ်မှာလွယ်ကူလှသော်လည်း ဟိုတုန်းက တစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရေးမှာ ခက်ခဲလှပါသည်။ စာကထည့်လိုက်ပြီးဆိုလျှင် ရောက်ချင်မှ ရောက်သည်။ ရောက်ဖို့ကလည်း တစ်ပါတ်လောက်စောင့်ရသည်။ ကျွန်တော် စာနှစ်စောင် သုံးစောင် ထည့်ပါသည်။ စာကပြန်မလာ။ အိမ်ကိုလည်း နှစ်ခေါက် သုံးခေါက်ရောက်သည်။ ကျွန်တော်ရောက်တော့ ရီရီတို့ ပြောင်းသွားကြပြီ။

ရီရိရှိရာမြို့ကိုတော့သွားဖို့ ကျွန်တော်မကြိုးစားမိပါ။ များပြားလှသော ကိစ္စများကြောင့်၎င်း၊ အနေဝေးသွားသောကြောင့် စိမ်းသွားကြတာကတစ်ကြောင်းဖြစ်ပါသည်။ အိမ်နဲ့ဝေးပြီဆိုတာနှင့် ရီရီနှင့်လည်း ဝေးရတော့သည်။

ကျွန်တော်က ချစ်သူခင်သူ ပေါများသူတစ်ယောက်ဖြစ်ပါသည်။ မိန်းကလေးသူငယ်ချင်းများကလည်း များသည်။ ကျွန်တော် သည် အိမ်ကိုမပြန်တော့ဘဲ ပျော်သလိုသာနေရပါသည်။ အမေမရှိကတည်းက အိမ်ကိုမရောက်ဖြစ်တော့ပါ။

အခုအနှစ် ၃၀ ကျော်ကာမှ အိမ်ကိုမထင်မှတ်ဘဲရောက်ရခြင်းဖြစ်ပါသည်။ မထင်မှတ်ဘဲ လမ်းခွဲခဲ့ကြဘူးသော သူငယ်ချင်း ကိုတွေ့လိုလှပါသည်။ သို့ပါသော်လည်း အခြေအနေတွေကဝေးခဲ့ကြပါပြီ။ ရီရီကလည်း တစ်အိုး တစ်အိမ် ထူထောင်နေပြီဟု လည်းကြားရပါ၏။ သို့သော်ငယ်ငယ်က ကျွမ်းဝင်ခဲ့ဖူးသောသူကိုတွေ့လိုသည်။ ရီရီသည် ငယ်ငယ်တုံးကလိုမဟုတ်တော့ သည်မှာက သေချာပါသည်။

အချစ်ဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်ကြပါသည်။  “ပလေတိုးနစ်အချစ်” ကို သူသိစေချင်ပါသည်။

ကိုသန်းလွင်
၂၀၁၉ ခု ဇူလိုင်လထုတ် မဟေသီမဂ္ဂဇင်း