Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၃၀)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၃၀)
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၉
ဦးဝင်းတင်သည် ဦးဝင်းတင်သာဖြစ်၏

(၁)
ကျနော်ဟာ ဆင်းရဲသား တောသားမို့ မီးသွေးခဲနဲ့သာသွားတိုက်ခဲ့ရလို့ သွားတွေကမကောင်းပါ။ သွားနှုတ်ရဖို့ဆို ကြောက် လည်းကြောက် နာလည်းနာတယ်။ စစ်ထောက်လှမ်းရေးရဲ့ ညှဉ်းပန်းနှိပ်စက်ခံရလို့ သွားအကောင်းတွေ အားလုံးကျွတ်ထွက် ကုန်တဲ့ ဦးဝင်းတင်အတွက်တော့ ရင်လည်းနာ စိတ်လည်းနာနာနဲ့ ရေးရတော့မယ်။ ပဒေသာမဂ္ဂဇင်းထဲက ဝင်းဆွေရဲ့ ကဗျာတွေ၊ ပေါ်သစ်ကြောင့် ၁၉၆၈ ခု၊ ဧပြီလက ပါရီရောက်တဲ့အခါ မိုနာလီဇာ ပန်းချီကားကိုကြည့်တတ်လာတယ်။

ကဗျာဆရာ ဝင်းဆွေ၊ ဆောင်းပါးရှင် ဝင်းတင်၊ ကမ္ဘာကျော်စာအုပ်တွေ ဘာသာပြန်ခဲ့သူ စာရေးဆရာ ဝင်းတင် ပန်းချီသုတေ သီ ပေါ်သစ် အားလုံးဟာ သတင်းစာဆရာကြီးပါ။

ဟံသာဝတီ ဦးဝင်းတင်ဆိုတာထက် ပိုသိသူ ဘယ်နှစ်ယောက်ရှိသလဲ။

(၂)
ဟံသာဝတီသတင်းစာ၊ NLD တို့ထက်စောစွာ ဟိုပဝေသဏီကတည်း နာမည်တလုံးနဲ့ နေရာရထားပြီးသူအကြောင်း သိသ လောက်ရေးရင် စာအုပ်အတွဲလိုက်ဖြစ်သွားမယ် ခင်မင်ပေါင်းသင်းလာခဲ့တာကလည်း နှစ် ၅၀ လောက်ရှိပြီကိုး။

သူ့ဆီကကူးလာတဲ့ပိုးနဲ့ ကျနော်သတင်းသမားဖြစ်လာခဲ့ရပြီ။ သူ့ရဲ့လမ်းသစ်ရိပ်သာအိမ်က ဗုဒ္ဓဟူးနေ့မနက် စကားဝိုင်းမှာ တက္ကသိုလ်ထင်ကြီး၊ မြသန်းတင့်၊ မောင်နေဝင်း၊ ချစ်သိန်းဦး (CTO)၊ မောင်ဝံသ၊ ကိုမောင်မောင်ခင် စသူတို့ ဆွေးနွေးကြ ခဲ့တယ်။ ၁၉၆၈ ခု၊ ဦးဝင်တင် ကြေးမုံမှာ အမှုဆောင်အယ်ဒီတာလုပ်နေစဉ် ညတိုင်းလိုလို သွားမေးတယ်၊ သိသင့်တာတွေ သင်ပေး စသဖြင့်မကုန်နိုင်။

သတင်းစာ၊ ဂျာနယ်၊ သတင်းအေဂျင်စီ တဒါဇင်ကျော်မှာ အယ်ဒီတာလုပ်ဖူးခဲ့သူ ဦးဝင်းတင်အဖို့ မြန်မာပြည်ရဲ့ သတင်းစာ ရွှေခေတ် နေဝင်ချိန်လို့ခေါ်ရမည့်ကာလ ၁၉၆၉ ခုလောက်မှာ အခွင့်အလမ်းတခု ပေါ်လာတယ်။ ပြည်သူပိုင်သိမ်းထားတဲ့ ဟံသာဝတီသတင်းစာ မန္တလေးမှာ ပြောင်းထုတ်တဲ့အခါမှာ အယ်ဒီတာချုပ် တာဝန်ယူဖို့ ဦးနေဝင်းဆီက ကမ်းလှမ်းလာတာပါ။ ဦးဝင်တင်ဟာ ပါတီဝင်မဟုတ်ဘူး။ ဦးဝင်တင်နဲ့ ဦးနေဝင်းတို့ကြား သဘောတူညီမှုရဲ့ လိုအပ်ချက်အရ သူချက်ချင်း တင်း ပြည့် ပါတီဝင်၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဖြစ်လာရပုံ ကိုယ်တိုင် ကျနော့်ကို ပြောပြဖူးပါတယ်။

၁၉၇၈ ခု၊ အပိတ်ခံရချိန်အထိ မန္တလေး ဟံသာဝတီဟာ ကျနော်တို့လို သတင်းစာငတ်နေကြသူတွေအတွက်တော့ ကျေနပ် အားရစရာလို့သာ ဆိုရပါ့မယ်။ စိတ်ထင်ရာ ဘာမဆို လုပ်ချင်တိုင်းလုပ်နေတဲ့ ဦးနေဝင်းရဲ့လေးစားမှုရထားလို့လည်း ဦးဝင် တင်က ဟံသာဝတီကို ကျန်သတင်းစာတွေထက် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ တွက်နိုင်ပါလိမ့်မည်။

(၃)
သူ ထောင်ထဲ နှစ် ၂၀ လောက်တိုက်ပိတ်ခံခဲ့ရပုံ ဘာလဲဟဲ့ လူ့ငရဲထဲမှာဖတ်ရပြီ။ စာမဖတ်ရရင် စာမရေးရရင် မနေတတ်တဲ့ ဦးဝင်းတင် အဲဒီအခြေအနေမှာ ကြိုးပန်းပုံက အံ့မခန်းပါ။ သွားအကောင်းတွေ အကုန်လုံးကျွတ်ထွက်ကုန် ပါးရိုက်ခံရ လောက်အောင် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့လို့လဲ၊ ဒါပေမယ့် သူ့ကို လူတွေကချစ်ကြလို့ သူ့အတွက် လုပ်ချင်ရင် ကူညီ သူတွေ အဆင်သင့်။

အဲဒီထဲ ကျနော်လည်း ပါသပေါ့။

ဥပမာ ဗိုလ်ချုပ်ကြီးမောင်အေး သောက်တဲ့ဆေးမို့ ပိတ်ထားတဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရှာဖွေဖမ်းဆီးတဲ့ ကမ္ဘာကျော် Centrum အားဆေး ထောင်ထဲက ဦးဝင်းထံပို့ပေးပုံကိုကြည့်။ ကျနော်နေတဲ့ ဝါရှင်တန်ဒီစီမှာ၊ မြန်မာသံရုံး၊ စစ်သံမှူးရုံးတို့ရှိတာမို့ လျှို့ ဝှက်လမ်းကနေ၊ ရန်ကုန်မြို့ထဲကိုရောက်သွားပြီ။ နောက်အဆင့်ဆင့်နဲ့ သူ့လက်အောက် မန္တလေးဟံသာဝတီမှာလည်း အတူလုပ်ဖူးသူ ကိုရဲထွဋ် (ဗိုလ်တထောင်) ဆီရောက်သွားပြီ။ အဲဒီအချိန် ကိုအုန်းထွန်းမဟုတ်တော့ဘဲ ထောင်ဝင်စာသွား တွေ့နေသူက ကိုမောင်မောင်ခင်ဖြစ်နေပြီ။ သူဆုံနေကျ ကိုစိန်ဝင်း (လူထု) အိမ်မှာ ကိုရဲထွဋ်ပို့ထားတဲ့ Centrum အားဆေး က အသင့်စောင့်နေပြီ။

နောက်တော့ ကိုမောင်မောင်ခင်လာယူကာ ထောင်ထဲပို့၊ ဒီလိုနဲ့ သူသောက်ခဲ့ရတယ်။ ဝမ်းသာပီတိဖြစ်ရသလို စစ်ထောက် လှမ်းရေးဘေး သတင်းသမားအချင်းချင်း စိတ်ထားနဲ့ စွန့်စားမှုအတွက်လည်း ဂုဏ်ယူစရာ မဟုတ်ပါလား။

(၄)
ကျနော် ဘန်ကောက်မှာသတင်းထောက်လုပ်နေစဉ် ကိုခင်သန်း (DVB) ထံက ထောင်တွင်းသံတိုင်ကြား အပြင်ကိုမျှော်ကြည့် နေတဲ့ ဓာတ်ပုံနဲ့ ABSDF ရဲ့ ဒေါင်းအိုးဝေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ဆောင်းပါးရေးနိုင်ခဲ့တာဟာ၊ နောက်ပိုင်း ဝါရှင်တန်ရောက်လာတော့ VOA ကနေ ဦးဝင်းတင်ဂုဏ်ပြုအစီအစဉ် ထုတ်လွှင့်ပေးခဲ့လို့ ရနိုင်ခဲ့တာတွေဟာ ကျနော့ကြိုးပမ်မှု ထက် ဦးဝင်းတင်ရဲ့မျက်နှာကြောင့်ပါ။ လူကိုမသိ သူ့စာကိုသိ၊ လူကိုလည်းမသိ စာကိုလည်းမသိ ဦးဝင်းတင်ဆိုတာနဲ့ပင် လူတွေကခင်ပြီးသားဖြစ်နေတာလေ။

ဦးဝင်းတင်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာတွေနှစ်သက်မယ်၊ ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျမယ်၊ မြန်မာ့ အလင်း ဦးတင်ကို သဘောကျမယ်၊ လူထုဒေါ်အမာကိုလည်း လေးစားမယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ ဘယ် သူရဲ့သြဇာခံမှမဟုတ်ဆိုတာ အခိုင်အမာပြောရဲတယ်။

ကျနော့်ကို ညီငယ်တစ်ယောက်လိုချစ်ခင်လို့ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုမြဲမို့ သူပြောဖူးတာ တစ်သက်မမေ့နိုင်။ ဦး ဝင်းတင် ပြောပုံကြည့်၊ “ သူတပါးထီးရိပ်ခို ဘယ်တော့မှ ကပ်မဆောင်းနဲ့၊ အဲဒီထီးမှားနေရင် ကိုယ်လည်းလောင်းရိပ်မိသွားရော၊ ဘယ်နေရာကမဆို ယူသင့်ယူ တုသင့်တု၊ ဒါပေမယ့် As a writer you must be yourself “သူ့ကိုယ်ပိုင်စကားပါ။ နှစ် ယောက်ချင်းဆို အင်္ဂလိပ်လိုညှပ်ပြောနေကျ။ ပိုတိကျ ပိုမှတ်မိအောင်လေ။

(၅)
သူ့ကျောက်ကပ်ပျက်လို့ ကွယ်လွန်ခါနီး ချောကလက်ပေးတဲ့ကိစ္စ။

ကျနော်ဘဝင်မကျပါ။ ဦးဝင်းတင်သင်ပေးခဲ့တဲ့ ဖြစ်ရပ်များ (Events) ဆက်စပ်ကြည့်တဲ့နည်းနဲ့ လေ့လာကြပါစို့။ သူထောင်က လွတ်လာတဲ့နေ့ အင်းစိန်က ကိုမောင်မောင်ခင်အိမ်သို့ တယ်လီဖုန်းဆက် စကားပြောကြရင်း ဦးဝင်းတင်ပြောပြပုံ နားထောင် ကြည့်၊ “ ပန်းကန်ပြားထဲ ဘာတွေဆိုတာ၊ မကြည့် မသိ၊ နောက်တနေ့ အသက်ရှင်ရေး၊ ရောမွှေစားပစ်လိုက်တယ်” လို့ ပြောသူဟာ ရေမျိုချဖို့ခက်နေချိန် ချောကလက် သတိရနိုင်ပါ့မလား၊ ချောကလက်ကို မေးပါ့မလား၊ ချောကလက်ပေးခိုင်း ပါ့မလား၊ ကျနော်ဟာ ဦးဝင်းတင်ရဲ့ အနားမှာလည်းမရှိ ကိုယ်တိုင်လည်းမကြားတာမို့ အတည်မပြုနိုင်လို့သာ သတင်းသမား လေသံနဲ့ မေးရ တွေးရ ရေးလိုက်ပါရစေ။

(၆)
ကျနော်တို့တသက် မဆလလက် ဝကွက်ထားစဉ် ၁၉၈၈ ခု၊ အရေးအခင်းက မွေးပေးလိုက်တဲ့ အပြောင်းအလဲထဲ၊ သတင်း စာဆရာကြီး ဦးဝင်တင် နိုင်ငံရေးသမားတပိုင်းဖြစ်ကာ NLD ထောင်ရာမှာပါခဲ့ရ၊ သူထောင်ထဲဝင်သွားရစဉ်၊ ကျနော်လည်း တောမှာသွားရှောင်ရ၊ ဘဝပျက်ရ အာဟာရချို့တဲ့ရနဲ့ --နောက်ဆုံး ပြည်ပရောက် တသက်ပြန်မတွေ့ကြလို့ ထင်မှတ် ထားရာက ဦးသိန်းစိန်လက်ထက် အပြောင်းအလဲရှိလာပြန်ပြီ။ ကျနော်လည်း မြန်မာပြည်ဝင်ခွင့် visa ရလို့ ရန်ကုန်ရောက် သွားပြီ။

၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ကျောက်ကုန်းက ကိုအုန်းထွန်းအိမ်မှာ ကိုရဲထွဋ်ပို့လို့ ပြန်ဆုံခွင့်ရလိုက်တော့ လေးယောက်သား ပွင့်လင်းလွတ်စွာ ပြောကြဆိုကြတဲ့ထဲ ...

စောစောပိုင်းတုန်းကလို၊ သတင်းအတတ်ပညာ၊ ပန်းချီ၊စာပေ၊ ခရီးသွားမှတ်တမ်း စတာတွေ ပြန်ရေးဖို့အချိန်ပေးသင့်ကြောင်း အကြံပေးတော့ သူစိတ်ဝင်စားလာပြီ။ အချင်းချင်း ရဲတင်းပွင့်လင်းစွာ ပြောဆိုကြဖို့ အမြဲအားပေးတိုက်တွန်းသူ ဦးဝင်းတင်အား “For the rest of your life , NLD အတွက်ပဲ လုပ်သွားတော့မှာလား“ ဟုမေးဖြစ်သွားပြီ။ သူဘယ်လိုဖြေမလဲ ကျနော်တို့ သုံးယောက်စောင့်နေကြပြီ။ ခဏငြိမ်နေပြီးမှ အေးဗျာ၊ မေးထိုက်တဲ့မေးခွန်း စဉ်းစားသင့်တဲ့ကိစ္စပါ၊ သိကြတဲ့အတိုင်း ကိုယ် စထားခဲ့ဆိုတော့ .... တခြားဧည့်သည်များဝင်လာကြောင့် စကားရပ်လိုက်ရတယ်။ စကားဆက်ဖို့ ထပ်ချိန်းပေမယ့် ပြန်မ ဆုံဖြစ်တော့ဘူး။

အပြန်ကားပေါ်မှာ ဦးရဲထွဋ်က ကျနော့်အား ခင်ဗျားအဲဒီလိုမေးလိုက်တော့ ပညာအုပ်ကြီး (ဦးဝင်းတင်ကို သူတို့အခေါ်) အတော်တုံလှုပ်သွားတယ်။ ပြောချင်နေပုံလည်းရတယ် စသဖြင့်ပြောလာခဲ့တယ်။

(၇)
ဦးဝင်းတင်နဲ့နီးကပ်ခဲ့ပုံ ပြန်ရေးရင်း အမြတ်မထုတ်၊ သူ့ဆီကရထားတဲ့အမြတ်တွေက ကျနော့်အတွက် ဆယ်သက် သုံးမကုန် မို့ပါ။

ဦးနဝေင်းက သူနဲ့စကားထိုင်ပြောနေစဉ်၊ မကြားရလောက်တဲ့ ခပ်လှန်းလှန်းက တိုင်းမှူး ဗိုလ်မှူးချုပ်စိန်လွင် မတ်တတ်ရပ် နေရာပုံကိုကြည့်၊ သူဘာတောင်းခဲ့သလဲ၊ ဘာယူခဲ့သလဲ၊ တိုက် မြေကွက် ပုံနှိပ်စက်၊ ဘာတောင်းတောင်း ရနိုင်တယ်ဆိုတာ သူတို့နှစ်ယောက်သာမက လူတကာအသိ။ တောင်းဖို့ဝေးလို့ တောင်းဖို့ပင် ဦးဝင်းတင် တွေးမိပါလေစ။

အယ်ဒီပေါက်စလေးဘ၀ ရတဲ့လစာနဲ့ ကလေးတွေကို ပညာသင်ပေးနေကျမို့ မထူးဆန်းဘူး။ တကိုယ်ရေ တကာယသမားမို့ အပေါင်းအသင်း သတင်းသမား စာသမားများသာ သူ့မိသားစု၊ လူတွေက သူ့ကိုချစ် သူက လူတွေက သူ့ကိုချစ်၊ အဲဒါ ဦးဝင်းတင်ပါ။ စာဖတ်သူများ တွေးကြည့်ကြဖို့ ...

သူပြောဖူးထာလေး နောက်တစ်ခုခေါင်းထဲဝင်လာပြန်ပြီ။
“လူတယောက်ကိုကြည့်တဲ့အခါ၊ တခြားလူတွေနဲ့ ယှဉ်ကြည့်၊ တွဲကြည့်၊ ခွဲကြည့်၊ ပြီတော့မှ အဲဒီလူကို ကွက်ပြီး သေသေချာချာ ထပ်ကြည့်၊ ကိုအောင်မွန်ရေ ကြည့်တတ်ရင် အဲဒီလူဗိုက်ထဲ အူဘယ်နှခွေရှိသလဲဆိုတာ မြင်နိုင်တယ်ဗျ” အဲဒါကြောင့် Win Tin is just himself and selfless ဦးဝင်းတင်သည် ဦးဝင်းတင်သာဖြစ်၏ လို့ဆိုလိုက်ရကြောင်းပါ။

(ဝန်ခံချက် ။ ။ ကျွန်တော်တွေးမိသလိုရေးပါမည် စာအုပ်ထဲက ကောက်နှုတ်ချက်ပါ)
မောင်အောင်မွန်
ဗာဂျီးနီးယားပြည်နယ်
၂၀၁၉ ခု၊ ဇူလိုင်လ (၂၆) ရက်နေ့