Breaking News

ဆိုင်းဗျူ ● တရုတ်ပြည်က ရွေ့ပြောင်းအလုပ်သမားများ၏ ကြေမွသွားသောအိပ်မက်များ

ဆိုင်းဗျူ ● တရုတ်ပြည်က ရွေ့ပြောင်းအလုပ်သမားများ၏ ကြေမွသွားသောအိပ်မက်များ 
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၉

အသက်၂၀ ကျော်အရွယ် ကိုယော်လန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမို့တွင်နေထိုင်သူတစ်ဦးဖြစ်သည်။ မြစ်ကြီးနားမြို့ တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အလုပ်သွားလုပ်ရန် ဆွေမျိုး များ၏ ဆက်သွယ်မှုဖြင့် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ၌ သူနေထိုင်ရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှတဆင့် ဗန်းမော်မြို့နယ်ခွဲ လွယ်ဂျယ် နယ်စပ်ဂိတ်မှဖြတ်ကျော်ကာ တရုတ်ပြည်တွင် သွားရောက်လုပ်ကိုင်လေသည်။

ယူနန်ပြည်နယ် ယဉ်ကျန်းမြို့တို့ရောက်လျှင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် နှစ်ပတ်ကျော်ကြာလုပ်ကိုင်ပြီး လုပ်အားခ နည်းသဖြင့် တစ်ခြားဆောက်လုပ်ရေးကုမ္မဏီသို့ ပြောင်းရွေ့လုပ်ကိုင်လေသည်။ ထိုလုပ်ငန်း၌လည်း လုပ်အားခမရခဲ့ ပေ။ ထိုကုမ္မဏီသို့ဝင်လိုက်သည့်နေ့မှစ၍ ကိုယော်လန်းအတွက် ကံဆိုးမိုးမှောင်ကျခဲ့လေသည်။ အလုပ်ရှင်မှ လုပ်အားခ မပေး ခြင်း စသည့်လုပ်ရပ်များ သူတို့ကို ခေါင်းပုံဖြတ်လာကြသည်။ ကိုယော်လန်းက သူ တရုတ်ပြည်မှာ သူ့လုပ်အားခ မရလိုက် ခံစားချက်ဟာ ဝမ်းနည်းမျှော်လင့်ချက်မဲ့နေကြောင်း မျက်ဝန်းဆီက တွေ့နေရသည်။

"သူဌေးကလည်း သူပိုက်ဆံရှိတယ်။ ဒါပေမဲ့ ကျ နော်တို့ကို လုပ်အားခမရှင်းပေးဘူး။ ကျနော့်လုပ်အားခငွေဆိုရင် ယွမ်၂၀၀၀ ကျော် လောက်ရှိတယ်။ သူဌေးက မပေါ်လာဘူး။ ကျနော်တို့ကို တမင်သက်သက်ရှောင်နေတယ်။ ကျနော်လုပ်ထား တဲ့ လုပ်အားခငွေ သူတို့ဆီက ယူဖို့စောင့်တာ တကယ် ရူးတောင် ရူးချင်လာတယ်" ဟု ကိုယော်လန်းက ပြောသည်။

အခြားသူများလည်း လုပ်အားခ ယွမ်ငွေ တစ်သောင်းကျော် ထိုသူဌေး၌ ယူရန်ရှိလေသည်။ ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများသည် သူတို့လုပ်ထားသမျှငွေမရသဖြင့် တစ်ခါ တစ်ရံ တစ်ပတ် နှစ်ပတ် ခန့်အလုပ်မဆင်းဘဲ အလုပ်ရှင်များကို ဆန္ဒပြကြသည်။ ထိုသို့လုပ်ရပ်မျိုးဖြင့် ဆန့်ကျင်လျှင်လည်း မရရှိကြပေ။ အလုပ်ရှင်များက အချိုသပ်ကာ နည်းမျိုးစုံ ဖြင့် လိမ်လည်ကာ ခေါင်းပုံဖြတ်ကြလေသည်။

"ကျနော်တို့ကို ပေးမယ် ပေးမယ်ဆိုပြီး တစ်လရွေ့ နှစ်လရွေ့ လုပ်ပြီး အချိန်ဆွဲကြတယ်" ကိုယော်လန်းက ဆိုသည်။

တချို့အလုပ်သမားများက နှစ်ပတ်ခန့်လုပ်ပြီး ပိုက်ဆံမရနိုင်မှန်းသိနေသောကြောင့် အလုပ်ထွက်ကာ တခြားလုပ်ငန်းသို့ ပြန်လည် လုပ်ကိုင်သွားခဲ့သည်။ သူတို့မရလိုက်သည့် လုပ်အားခမှာ ယွမ်ငွေ ၄၀၀ ကျော်လောက်ရှိသည်။ မိမိတို့၏ လုပ်အားခ ယွမ်ငွေတစ်ထောင်ကျော်သွားလျှင်လည်း သူဌေးမှ ပေးမည်ဟု နည်းမျိုးစုံပြောနေသောကြောင့် ဆက်လုပ်နေသူ များနှင့် တစ်ထောင်ကျော်ကို အဆုံးရှုံးမခံနိုင်သောကြောင့် ဆက်လက်လုပ်ကိုင်သူများထဲတွင် ကိုယော်လန်းတစ်ဦး အပါ အဝင်ဖြစ်လေသည်။ နှစ်လကျော်လာသော်လည်း ပိုက်ဆံမရသဖြင့် ကိုယော်လန်းတို့အဖွဲ့သည် အလုပ်ရှင်များကို ဆန္ဒပြကြ သည်။

"ကျနော်တို့ သုံးပတ်လောက် အလုပ်မဆင်းဘဲ ဆန္ဒပြကြတယ်။ သူတို့က ထမင်းစရိတ် ရိက္ခာအတွက် တစ်နေ့ကို ယွမ်၂၀ ဖျက်ပေးတယ်။ အဲ့လိုဖျက်ပေးတော့ ကျနော်တို့အတွက် စိုးရိမ်လာတယ်။ ကျနော်တို့လုပ်အားခထဲက ဖျက်ပေးတယ်ဆိုတော့ မကောင်းဘူးဆိုပြီး အလုပ်ပြန်လုပ်ကြတယ်" ဟု ကိုယော်လန်းက ပြောသည်။

ယူနန်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်ရခိုင်ပြည်နယ် ကချင်ပြည်နယ် မန္တလေးတိုင်တို့မှ နိုင်ငံသားများ ပိုမိုပြီး ရွေ့ပြောင်းအလုပ်သမားများအဖြစ် ရွှေလီ ယဉ်ကျန်း ထိန်ချုံး မန်ရှီုမြို့များတွင် လုပ်ကိုင်ကြသည်။ ထိုဒေသမှ တရုတ်ပြည်တွင် လာရောက်လုပ်ကိုင်သူများသည် လမ်းစရိတ် ၁ သိန်းကျော် ကုန်ကျကြောင်းသိရသည်။ ကချင်ပြည်နယ်မှ သွားရောက်လုပ်ကိုင်သူများသည် ၅၀၀၀၀ ကျော် ၁ သိန်းနီးပါးခန့် ကုန်သွားသူများလည်း ရှိသည်။ တစ်ချို့အလုပ်သမားများသည် လမ်း စရိတ်တောင်မရရှိဘဲ အိမ်ပြန်သွားသူများလည်းရှိသည်။ လမ်းစရိတ်ခ ချေးယူမှုတောင် အကြွေးမကြေဘဲ ဒုက္ခရောက်သူ များလည်းရှိသည်။


"တစ်ချို့တွေက မကြုံသေးတော့ တရုတ်ပြည်ကို အလုပ်အရမ်းသွားလုပ်ချင်ကြတယ်။ ကြုံဖူးမှ သိမှာပါ" ဟု ကိုယော်လန်း က ရှင်းပြသည်။

ရွေ့ပြောင်းအလုပ်သမားတို့၏အခက်အခဲတစ်ခုမှာ တရုတ်ပြည်တွင် နေထိုင်ခွင့်လက်မှတ်မရှိသူများသည် ပိုပြီး အလုပ်ရှင်များက ခေါင်းပုံဖြတ်ကြသည်။ ဆိုပါနေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်သူသည် တစ်နှစ်သာနေထိုင်ခွင့်ပြုချက်ရှိပြီး သက်  တမ်းကုန်ဆုံးပါက ပြန်လည်လှောက်ထားယူရသည်ဟု သိရသည်။ နေထိုင်ခွင့်စာအုပ်လျှောက်ထားစဉ် ကုန်ကျစရိတ်မှာ ယွမ်ငွေ ၇၀၀ ထိရှိပြီး ကိုယ်သွားရောက်လုပ်ကိုင်နေသော လုပ်ငန်းရှင်မှ အာမခံပေးပြီး လုပ်ပေးလျှင် ယွမ်ငွေ ၃၀၀ သာ ကုန်ကျကြောင်း သိရသည်။ ပွဲစားမှတဆင့်လုပ်ခိုင်းလျှင် ထိုထက်ပိုကုန်ကျကြောင်း ရွေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

"တရုတ်သူဌေးတွေက သူတို့ဆောက်လုပ်ရေးလုပ်ငန်း ပြီးခါးနီအချိန်ဆိုရင် လုပ်အားခရှင်းမပေးဘဲ နေထိုင်ခွင့်လက်မှက်မရှိတဲ့အလုပ်သမားတွေကို ရဲလက်အပ်လိုက်ကြတယ်" ဟု ကိုယော်လန်းကပြောသည်။

တရုတ်ပြည်နယ်စပ်မြို့များတွင် နေထိုင်ခွင့်လက်မှတ် ပြုလုပ်နေထိုင်မှု အမျိုးအစားကွဲပြားမှုရှိသည်။ ယူနန်ပြည်နယ် ရွှေလီ မြို့တွင် နေထိုင်သူဖြစ်လျှင် ထိုနေရာရှိ သက်ဆိုင်အာဏာပိုင်များထံ နေထိုင်ခွင့်လက်မှက် လျှောက်ထားရယူပြီး မြန်မာပြည်သူများ နေထိုင်ကြသည်။

"ယဉ်ကျန်းမှာ နေထိုင်ခွင့်လက်မှတ်လုပ်တယ်ဆိုရင် အဲ့ဒီယဉ်ကျန်းမှာဘဲသွားလာနေထိုင်ရတယ်။ တခြားမြို့ကိုသွားလာ လုပ်ကိုင်ရင် တရုတ်ရဲတွေက ဖမ်းဆီးတာခံရတက်တယ်" ဟု ယဉ်ကျန်းမြို့တွင်နေထိုင်သူ ရွေ့ပြောင်းအလုပ်သမား ဒေါ်အင်အင်က ဆိုသည်။

ယူနန်ပြည်နယ်တွင် အများဆုံးသွားရောက်လုပ်ကိုင်သည့်နေရာမှာ ဆောင်လုပ်ရေးလုပ်ငန်း၌ဖြစ်ပြီး အခြားအလုပ်များမှာ ပန်းသီးဖာလုပ်တဲ့ကုမ္မဏီ၊ သန်ရှင်းရေးဝန်ထမ်းလုပ်ခြင်း၊ သံတိုသံစရောင်းဝယ်တဲ့လုပ်ငန်း၊ ကြံရိတ်သိမ်းတဲ့လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ ဝင်ငွေအများဆုံးရသည့်လုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည်။ ပန်းရံအလုပ်ဆင်းရာတွင် အလုပ်သမားတို့အတွက် အကာအကွယ်များလည်း ဝယ်ပေးထားခြင်း မရှိကြောင်းသိရသည်။ မြန်မာနိုင်ငံမှပြည်သူများသည် တစ်ဖက်နိုင်ငံတွင် အလုပ်သွားရောက်လာပ်ကိုင်စဉ် ခေါင်းပုံဖြတ်ခံရမှုများကို မည်သို့ ဆောင်ရွက်သင့်ကြောင်းကို မူဝါဒချ   မှတ်သင့်ပေသည်။

အလုပ်သမားများသည် အခက်အခဲဖြစ်လျှင် တိုင်စရာနေရာ ရုံးအဖွဲ့အစည်းမရှိသဖြင့် ပိုပြီးဒုက္ခရောက်ကြရကြောင်းသိရ သည်။ သူတို့အတွက် ထိုဒေသများတွင်အစိုးရမှ ဖြေရှင်းပေးနိုင်မည့် စင်တာများဖွင့်လှစ်ထားရှိပေးရန် မျှော်လင့်နေကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်ချက်တော့ ယခုအတိုင်းဆောင်ရွက်နေပါကြောင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ သို့သော်လည်း မြေပြင်တွင် အဆင်မပြေမှုများကို ကျော်လွှားနိုင်ဖို့အခက်တွေ့နေရကြောင်းသိရသည်။

၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်အဓမ္မခိုင်း စေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား (National Complaints Mechanism –NCM) ထူထောင်ရေးဆောင်ရွက်လျက်ရှိရာ အဆိုပါ ယန္တရား ထူထောင်ဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group- HLWG) မှ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကိုအောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် email လိပ်စာများသို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း သိရသည်။
၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄
mol@mptmail.net.mm , molipoffice@gmail.com , research.org.dol.mm@gmail.com

ခေါင်းပုံဖျက်ခံရသော လုပ်အားခမရသောသူများကိုကူညီပေးဖို့ အဖွဲ့အစည်းများ ထိုင်းနိုင်ငံတွင်ရှိပေမဲ့ ယူနန်ပြည်နယ်ထဲ တွင် မရှိကြောင်းသိရသည်။ ယူနန်အစိုးရမှလည်း ကိုင်တွယ်ဖြေရှင်းမှုမရှိကြောင်း မျက်ကွယ်ပြုကြောင်းသိရသည်။ ထိုသို့ မတရားမှုများကိုသာ လက်ပိုက်ကြည့်နေရလေတော့သည်။ ထိုသို့သော် အလုပ်သမားများနှင်သက်ဆိုင်သော ရုံးများ အဖွဲ့ အစည်းများမရှိသဖြင့် အိမ်သို့ပြန်လာသောအခါ မျော်လင့်ချက်မဲ့စွာဖြင့် ပြန်လာရသည်။ သူတို့သွားစဉ်က အိမ်မက်များဟာ ပျက်ပျယ်သွားခဲ့ရလေသည်။ တစ်ချို့က အိမ်မှာ မီတာဘောက်တပ်ဆင်ဖို့၊ တစ်ချို့က အိမ်ဆောက်ဖို့၊ တစ်ချို့က ကိုယ့်ချစ်သူကို တောင်းရမ်းဖို့ ကွမ်းဖိုးစရိတ်များ၊ တစ်ချို့က ဆိုင်ကယ်ဝယ်စီးဖို့ အမျိုးမျိုးသော အိမ်မက်ကိုယ်စီဟာ လေထဲ ပျောက်သွားခဲ့လေသည်။ မိသားစု မျှော်လင့်ချက် ဇနီးသည်၏ မျှော်လင့်ချက်မိဘများ၏ မျှော်လင့်ချက်လည်း သူတို့ မထမ်းလာနိုင်ခဲ့တော့ပါဘူး။

"ကျနော်ကတော့ အခုချိန်ထိလုပ်အားခရဖို့ မျှော်လင့်နေတယ် wechat အကောင့်ကနေ လွှဲပေးမယ်လို့တော့ ပြောနေတယ်" ဟု ကိုယော်လန်းပြောသည်။

ဆိုင်းဗျူ