Breaking News

ဇင်လင်း ● လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနေသရွေ့ အမျိုးသားရင်ကြားစေ့ရေး ခက်ခဲနေဦးမည်

ဇင်လင်း ● လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနေသရွေ့ အမျိုးသားရင်ကြားစေ့ရေး ခက်ခဲနေဦးမည် 
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၉

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်သည့် ပြည်တွင်းစစ်ကာလ တစ်လျှောက်တွင် စစ်ရေး ပဋိပက္ခ ဖြစ်ပွားရာ ဒေသများအတွင်းရှိ တိုင်းရင်းသားလူမျိုးများသည် လက်နက်ကိုင်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်း မျိုးစုံဖြင့် တွေ့ကြုံ ခံစားနေကြရသည်။ ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ယေဘုယျ ဆန်းစစ်ကြည့်လျှင် ဒေသခံတိုင်းရင်းသားများ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ရာ နေရာဒေသများမှ ဖယ်ရှားခံရပြီး အဓမ္မ ရွှေ့ပြောင်းနေရာချ ထားခံရမှုများသည် အများဆုံးဖြစ်နေသည်။ အကျိုးဆက်မှာ ၂၀၁၈ ခုနှစ်   ဒီဇင်ဘာလအထိ            ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့်        ကရင်နီတိုင်းရင်းသားအများစု နေထိုင်သည့်ဒုက္ခသည်စခန်းများ၌ ဒုက္ခသည် တစ်သိန်းနီးပါး (၉၇,၀၀၀)ခန့်ရှိ နေကြောင်း The Border Consortium အဖွဲ့၏ ဒီဇင်ဘာ ၂၀၁၈ အစီရင်ခံစာအရ သိရသည်။ အလားတူ  ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်၊ တအာင်း (ပလောင်)နှင့်         ရှမ်း IDP ဦးရေ တစ်သိန်းခြောက်ထောင် (၁၀၆,၀၀၀) ခန့်၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ကရင်နှင့် မွန်တိုင်းရင်းသားအများစုဖြစ်သည့် IDP ဦးရေ နှစ်သိန်းရှစ်သောင်းခန့် (၂၈၀,၀၀၀)ခန့်    ရှိနေကြောင်းလည်း အဆိုပါအစီရင်ခံစာ၌ ဖေါ်ပြသည်။ လတ်တလောသတင်းများအရ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့အကြား တိုက်ပွဲများကြောင့် ယခုအချိန်အထိ စစ်ဘေးဒုက္ခသည် ဦးရေ ငါးသောင်းကျော် ရှိလာကြောင်း သတင်းများက ဆိုသည်။

ထိုပြင် အရပ်သားများ နေထိုင်ရာ ဒေသများတွင် စစ်ဆင်ရေးများ လုပ်ခြင်းကြောင့်လည်း အခြားသော ပုံသဏ္ဍာန်များဖြင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ဖြစ်ပွားရသည်။ ဥပမာအားဖြင့် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် အဓမ္မစစ်မှုထမ်းခိုင်းခြင်း (ကလေးစစ်သားကိစ္စအပါအဝင်)များ ဖြစ်ပွားခဲ့သည်။ ဒေသခံများ ပိုင်ဆိုင်သော သီးနှံများ၊ စိုက်ခင်းများ မြေယာအိုးအိမ် များသိမ်းယူခံရခြင်း၊ တရားဥပဒေစိုးမိုးမှု၏ မျက်ကွယ်ဖြစ်နေသဖြင့် မတရားဖမ်းဆီချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင် အကြမ်းဖက်ခံရမှုများ အပါအဝင် အခြား လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံချက်များအရ သိရှိခဲ့ရသည်။ ယင်းသို့သော ဖြစ်ရပ်များကြောင့် အသက်ရှင် ရပ်တည်နေထိုင်ရေး အန္တရာယ်ရှိလာ သဖြင့် နေရင်းဒေသ ရပ်ရွာများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသည်။ တစ်နည်းအားဖြင့် ထွက်ပြေးတိမ်းရှောင်ရသူ IDP များ နေရပ်ပြန်ရန် ကြောက်ရွံ့နေသည့် ကိစ္စသည် လက်ရှိ စစ်ရေးပဋိပက္ခများကြောင့်ချည်း မဟုတ်ဘဲ လူ့အခွင့် အရေး ချိုးဖောက်မှုအမျိုးမျိုးကြောင့်လည်း ဖြစ်သည်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နေသည့် ခေါင်းဆောင်များ သိရှိထားသင့်သည်။

အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်ပြဿနာသည် အလွန်ကြီးမားသော စိန်ခေါ်မှု ဖြစ်နေသည်။ မြေပိုင်ဆိုင်ခွင့် ပုဒ်မ(၃၇) ကြောင့် လက်ရှိအခြေအနေတွင် နိုင်ငံသားများ/တိုင်းရင်းသားများ မြေပိုင်ဆိုင်ခွင့်မရှိ ဖြစ်နေသည်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ‘ဆလိုင်းကျဲအိုဘိခ်ထောင်’ က ဧရာဝတီသတင်းတွင် ဆောင်းပါးရေးသား တင်ပြထားသည်ကို ဖတ်ရသည်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်တွင် ချုပ်ဆိုသော ၂၁ ရာစုပင်လုံ၏ ပြည်ထောင်စု သဘော တူ စာချုပ်အပိုင်း(၁) ၌ နိုင်ငံသားတိုင်း မြေယာပိုင်ဆိုင်ခွင့်ကို ထည့်သွင်းထားပြီး ဖြစ်သော်လည်း NLD အနေဖြင့် ဆွေးနွေး ရပ်တည်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ ရှမ်းပါတီက ပြည်နယ်သားများ ပိုင်ဆိုင်မှုဟု တင်ပြပြီး မွန်ပါတီက တိုင်းရင်းသားပြည်သူလူထုသည် ပိုင်ရှင်ဟု အသီးသီးတင်ပြကြ၍ တိုင်းရင်းသားများ အနေဖြင့် နိုင်ငံသား မြေပိုင်ဆိုင်ခွင့် သက်သက်မဟုတ်ဘဲ တိုင်းရင်းသား မြေပိုင်ဆိုင်ခွင့်ကိုပါ အာမခံရလိုသည်ဟု ဆိုသည်။

မကြာသးမီက တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်များသည် သက်ဆိုင်ရာ တပ်ဖွဲ့များအချင်းချင်းအကြား ထိတွေ့တိုက်ခိုက်မှု လျော့ကျသွားစေနိုင်သော်လည်း  စစ်ဘေးတိမ်းရှောင်ရသူ IDP များ နေရပ်ဒေသသို့ ပြန်ရောက်ပါက လုပ်ကိုင်စားသောက်စရာ မြေယာမရှိဖြစ်နေသည်။ ထို့ပြင် အပစ်ရပ်ရုံဖြင့် ဒေသခံများ၏ လုံခြုံရေးအတွက် လုံလောက် သော အာမခံချက် မရှိသေးသည်ကိုလည်း ဘက်အသီးသီးမှ ခေါင်းဆောင်များ သတိချပ်စေလိုသည်။ ယခင် စစ်အစိုးရများ ရေးဆွဲခဲ့သော ဥပဒေများထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း တစ်ခု အပါအဝင်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးအခြေအနေများ ဖန်တီးရန်အတွက်လည်း အတားအဆီးများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိသည်။ စစ်ဘေးတိမ်းရှောင်ရသူ IDP များ နေရပ်ပြန်ရေး ဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါ အဝင် ပြည်တွင်းဥပဒေများသည် IDP များအား အကာအကွယ် ပေးနိုင်ခြင်းမရှိဟု ဆိုသည်။  IDP များအနေဖြင့် ၎င်းတို့ ခံစားခဲ့ရသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမျိုးများ ထပ်မံ မခံရစေရန် ဥပဒေစိုးမိုးမှု အကာအကွယ် ထူထောင် ပေးရန် လည်း လိုသည်။ ယခင်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအားလည်း ဥပဒေက မျက်ကွယ်ပြုမထား ဘဲ၊ ဖေါ်ထုတ်အရေးယူခြင်းဖြင့် ဥပဒေစိုးမိုးမှုအပေါ် ပြည်သူအများယုံကြည်မှု မြင့်မားလာစေရန် ဆောင်ရွက်သင့်သည်။   

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (International Convenant on Economic, Social and Cultural Rights - ICESCR)ကို မြန်မာနိုင်ငံက အတည် ပြု လက်မှတ်ရေးထိုးခဲ့သည်။ အလားတူ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး ဆိုင်ရာ သဘောတူစာချုပ် (Convention For the Elimination of all Forms of Discrimination againt Women - CEDAW) နှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Child - CRC) တို့တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် ထိုစာချုပ်များကို လိုက်နာရန် တာဝန်ရှိသည့်အလျောက်  မြန်မာ နိုင်ငံရှိ နေရပ်ပြန်လိုသူ/စစ်ဘေးရှောင် IDP များအတွက်ပါ အကြုံးဝင်သည်။ သို့ဖြစ်၍ သင့်လျှော်သည့် လူမှု အဆင့် အတန်းဖြင့် နေထိုင်ပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ မြေယာနှင့် စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင် တန်းတူ ဆက်ဆံမှုများ ပါဝင်သည့် အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုအား ပပျောက်စေသည့် မူဝါဒများကို မြန်မာ အစိုးရအနေ ဖြင့် ရေးဆွဲ အကောင်အထည်ဖော်ရန် တာဝန်ရှိမှု စသည်တို့ ပါဝင်သည်။

ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ပဋိပက္ခလွန်ကာလ ပြန်လည်တည်ဆောက်ခြင်း အစရှိ သည့် အဆင့်အားလုံးတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်ရန်၊ ထိုဖြစ်စဉ်များအားလုံးတွင် လိင်ကွဲပြားမှုအပေါ် အခြေခံ သည့် ရှုထောင့်ကို ထည့်သွင်းရန်၊ မုဒိမ်းမှု၊ လိင်နှင့် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အခြားပုံစံဖြင့် အကြမ်းဖက်မှုများမှ အမျိုးသမီးများအား ကာကွယ်ပေးသည့် အထူးနည်းလမ်းများ ဆောင်ရွက်ရန်အတွက်ဖြစ်သော “အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅” ကို အကောင်အထည် ဖော်ရန်လည်း မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နေသော ကိုယ်စားလှယ်များ အထူး သိရှိထားသင့်သည်။

မကြာသေးမီ ဇူလိုင် ၂၆ရက် ညနေက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့်  ငြိမ်းချမ်းရေးကိစ္စနှင့် စပ်လျဉ်း၍ အလေးထားပြောကြားခဲ့သည်ကို တွေ့ရသည်။ အစိုးရတာဝန်ယူချိန်မှ စတင်၍ နိုင်ငံအတွက် အဓိက လိုအပ် ချက်ဖြစ်သည့်   အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း  ပြန်လည် သုံးသပ်ကြည့်ရာ၌ များစွာရုန်းကန်နေရဆဲရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြောင်း ၇ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင် ကြားစေ့ရေး  နှစ်ခုစလုံးကို ကိုင်တွယ်ရပြီး ဝန်ကြီးဌာန၏  အရေးကြီးဆုံးလုပ်ငန်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

‘‘နှစ်ခုစလုံးကို ကိုင်တွယ်ရတဲ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့ စပြီးလုပ်တဲ့အခါမှာ အဓိက အားဖြင့် ပြည်တွင်းရေးပဲဖြစ်ပါတယ်။ ကျွန်မတို့ အချင်းချင်းအကြားမှာ ရင်ကြားစေ့ဖို့အတွက်၊ ငြိမ်းချမ်းရေးရနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မထင်မှတ်ဘဲ အများကြီးပိုပြီးတော့ ရုန်းကန်ရပါတယ်။ အများကြီး ပိုပြီးအားထုတ်ရပါတယ်။ မထင်မှတ်တဲ့ ဘက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရတဲ့ အခြေအနေ တစ်ခု ကို ရောက်လာပါတယ်။’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတာဝန်ယူပြီးနောက်၂၀၁၆ တွင် မထင်မှတ်ဘဲ ရခိုင်ကိစ္စ ပေါ်ပေါက်လာခဲ့ သည်။ ထို့ပြင် ARSA နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ပြဿနာများ ပိုကြီးသွားပြီး စိန်ခေါ်မှုများ ပိုမိုကြီးထွား လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက် မှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန် အစိုးရ လက်ထက်က NCA လုပ်ငန်းစဉ်များ ကို ဆက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ NCA လက်မှတ်ထိုး EAO အဖွဲ့များ တိုးလာရေး၊ NCA အရဆောင်ရွက်သည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်း ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းခဲ့သည်ကိုလည်း တွေ့ရသည်။

အစိုးရသက်တမ်း ၃ နှစ်အတွင်း NCA လက်မှတ်ထိုးအဖွဲ့ ၂ ဖွဲ့တိုးလာခဲ့ပြီး၊ လက်မှတ်ထိုး EAO အဖွဲ့ ၁၀ ဖွဲ့အထိ ဖြစ်လာ သည်။ လက်ရှိအစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံအစည်းအဝေး ၃ ကြိမ်ကျင်းပခဲ့ပြီး သမိုင်းတွင် တစ်ကြိမ်မျှ မရှိခဲ့သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအကြား  တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သဖြင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅၁ ချက် သဘောတူညီမှု ရရှိခဲ့သည်။

သို့သော် တပ်မတော်က ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ အဆိုပြုလာခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ NCA ဆိုင်ရာ တရားဝင် အစည်းအဝေးများ ရပ်တန့်နေခဲ့သည်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပါအဝင် နိုင်ငံရေး ဆွေးနွေး ပွဲများ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

မကြာသေးမီ ဇူလိုင်၂၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်များနှင့်ပတ်သက်၍ သတင်း ထောက် တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် - နိုင်ငံရေးမှ တပ်မတော်ဆုတ်ခွာရေးသည် လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းမှသာ ဖြစ်လာနိုင်ပြီး ယင်းအခြေအနေ ရောက်လာရန်မျှော်လင့်နေကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ကြောင်း တွေ့ရသည်။ ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာအရ အာဏာရ NLD ပါတီအပါအဝင် လွှတ်တော်တွင်း နိုင်ငံရေး ပါတီများက လွှတ်တော်၌ တပ်မတော်သားများ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချရန်၊ လုံးဝပါဝင်ခြင်း မပြုရန်စသဖြင့် အကြံပြုချက်များ တင်သွင်းထားကြောင်း ၇ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။

မြန်မာနိုင်ငံ၌ လက် နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၂၀၁၈ နှစ်ကုန်ပိုင်းအထိ လေးသိန်းခွဲကျော်ရှိကြောင်း စစ်ရှောင် ပြည်သူများအရေး ဆောင်ရွက်သော အရပ်ဖက်အဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်း ထုတ်ပြန် သည့် ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ - မြန် မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ နှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများ’ ဇွန်လ ၂၀ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအစီရင်ခံစာ၌
စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်တစ်ခု ဖော်ဆောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို တပ်မတော်က အားပေးထောက်ခံရန်နှင့် နိုင်ငံရေးတွင် တပ်မတော် ပါဝင်မှုကို ရုပ်သိမ်းရန် တိုက်တွန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ(EAOs) အနေဖြင့်လည်း IDP ဒုက္ခသည်များ၏ အိုးအိမ်မြေယာနှင့် ပိုင်ဆိုင်မှု အခွင့်အရေးများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့် အစိတ်အပိုင်းအဖြစ် ထည့်သွင်းဆွေးနွေး အကောင် အထည် ဖော်ရန်နှင့် တိုင်းရင်းသားအဖွဲ့များအချင်းချင်းအကြားဖြစ်စေ၊ အခြားအဖွဲ့များနှင့် ဖြစ်စေ၊ အပြန်အလှန်ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်ကြဉ်ရန်၊ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး အတူတကွ လက်တွဲဆောင်ရွက်ရန် စသည်ဖြင့် ယင်းအစီရင်ခံစာ၌ အကြံပြုထားသည်။

လက်ရှိတွင် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေသည်။ ငြိမ်းချမ်းရေး နီးလျှက်ဝေးရသည့် အကြောင်းရင်း များအနက် အစိုးရနှင့် တပ်မတော်တို့အကြား မူဝါဒဆိုင်ရာ သေနင်္ဂဗျူဟာများ ကွာဟနေခြင်းလည်း ပါနိုင်သည်။ ဘုံ သဘောတူ ဆုံးဖြတ်ချက်များချနိုင်ရန် ပြန်လည် သုံးသပ်ဖို့သင့်သည်။ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထ အကြိမ် ကျင်းပနိုင်ရေးအတွက်  အဓိက ဆွေးနွေးဖက်များဖြစ်သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် EAOs အဖွဲ့များအနေဖြင့် NCA စာချုပ်နှင့်အညီ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ အစည်းအဝေးများအပါ အဝင် ညီလာခံလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းကြဖို့လိုနေသည်။စတုတ္ထ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံး ပြန်လည်ကျင်းပနိုင်မှသာ IDP ဒုက္ခသည်များအရေး ဖြေရှင်းပေးရန် လမ်းစပေါ်နိုင်မည် ဖြစ်သည်။ ပြည်တွင်းစစ်ပွဲများ၏ ထုတ်ကုန်ဖြစ်နေသည့် IDP ဒုက္ခသည်များအရေးနှင့် မြေယာအဓမ္မ သိမ်းယူမှုပြဿနာများကို မဖြေရှင်းနိုင်သရွေ့အမျိုးသားရင်ကြားစေ့ရေး ခက်ခဲနေပေဦးမည်။

 ၂၀၁၉ သြဂုတ်လ ၃ ရက်နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့် ဆောင်းပါး။