Breaking News

မိုးမခ စာအုပ်အညွှန်း - သက်ဝေ -ရန်ကုန်အက်ဆေး


မိုးမခ စာအုပ်အညွှန်း 

ရန်ကုန်အက်ဆေး
 သက်ဝေ
(မိုးမခ)၊ စက်တင်ဘာ(၂၀)၊ ၂၀၁၉  


အိပ်မက်ဆိုတာ အလွမ်းတွေကနေ မြစ်ဖျားခံလာခဲ့တာပဲ။ အလွမ်းရဲ့ ထုထည်တွေ တဖြည်းဖြည်းနဲ့ သိပ် သည်းထူထဲလာတဲ့အခါ ပုံသဏ္ဍာန် တစ်ခုခုအဖြစ်နဲ့ ဖွဲ့တည်ပြီး စိတ်ထဲ၊ အတွေးထဲ၊ နှလုံးသားထဲကို တိတ်တိတ်ဆိတ်ဆိတ် တိုးဝင် ရိုက်ခတ်လာတတ်ပါတယ်။ အဲဒီအခါမှာ သိစိတ်က ဖြစ်စေ၊ မသိစိတ်က ဖြစ်စေ စွဲလမ်းတမ်းတရင်း အိပ်မက်တွေအဖြစ် မက်မြင်လာတတ်ကြပါတယ်။ အဲဒီလို အိပ်မက်တွေထဲ မှာမှ "ရန်ကုန်" လို့အမည်ရတဲ့ ဘယ်တော့မှမဆုံးနိုင်တဲ့အလွမ်းအိပ်မက်ရှည်တစ်ခုကို မေတ္တာပေါင်းကူး စာပေရဲ့ စိတ်ကူးအစီအစဉ်နဲ့ အက်ဆေးစာစုတွေအဖြစ် လှလှပပရေးသီဖွဲ့ရင်း ကျွန်မတို့ မက်မြင်ခွင့် ကြုံရပါတယ်။
 
"ရန်ကုန်အက်ဆေး" လို့ ရိုးရိုးရှင်းရှင်း အမည်ပေးထားတဲ့ အဲဒီစာအုပ်လေးထဲမှာ ဝါရင့် ကလောင်ရှင် ဆရာကြီး ဆရာမကြီးတွေ အပါအဝင် စာရေးသူ ငါးဆယ့်ကိုးယောက်က သူတို့ ရှင်သန်ကြီးပြင်းလာခဲ့ တဲ့ ခေတ်ကာလတွေနဲ့ သူတို့ ဖြတ်သန်းလာခဲ့ကြတဲ့ ဘဝအတွေ့အကြုံတွေအလိုက် ရန်ကုန်ကို အိပ်မက် တွေ အစီအရီ မက်ထားခဲ့ကြပါတယ်။ သူတို့ ရန်ကုန်ကို ဘယ်လို အိပ်မက်တွေ မက်ထားသလဲ၊ သူတို့ရဲ့ ရန်ကုန်အိပ်မက်မှာ ဘာတွေပါဝင်သလဲ ဆိုတာကို အက်ဆေးတစ်ပုဒ်ချင်းစီတိုင်းမှာ ရသတစ်မျိုးစီနဲ့ တွေ့မြင်ခံစား ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ အက်ဆေးတွေကို ရန်ကုန်မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ရန်ကုန်ကို ရင်းနှီးကျွမ်းဝင် ချစ်ခင်ခဲ့ကြသူများ၊ ရန်ကုန်နဲ့ အလှမ်းဝေးလို့ ရန်ကုန်ကို ထဲထဲဝင်ဝင် မရင်းနှီး မသိကျွမ်းခဲ့ကြသူ စိမ်းသက်ခဲ့ကြသူများ၊ ရန်ကုန်ကို ချစ်လျက်နဲ့ ဝေးခဲ့ကြရလို့ ရန်ကုန်ကို သတိတရ လွမ်းဆွတ်နေကြဆဲ ရန်ကုန်ချစ်သူများ အပါအဝင် ရန်ကုန်မှာနေရင်း ရန်ကုန်နဲ့ ဝေးနေသူများ၊ ရန်ကုန်ကို သိသော မသိသော၊ ချစ်သော မချစ်သော၊ ရန်ကုန်နဲ့ အနီး အဝေးမှ စာဖတ်သူများ အားလုံးအတွက် ရည်ရွယ်ပါတယ်။ အဲဒါတွေအပြင် ဟိုးတုန်းက ရန်ကုန်ကို မသိလိုက်မမီလိုက်သူများအတွက်လည်း ဒီရန်ကုန်အက်ဆေးတွေကို လှပတဲ့ အိပ်ရာဝင်ပုံပြင်ရှည်တစ်ပုဒ်အဖြစ် ခံစားဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ စာချစ်သူအားလုံးအတွက် စိတ်ကျေနပ်မှုတစုံတရာကို ဒီအက်ဆေးတွေက ယူဆောင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်အက်ဆေး စာအုပ်ထဲက ကျွန်မဖတ်မိသလောက် နှစ်သက်တဲ့အက်ဆေးတစ်ချို့ကို စာမြည်းအဖြစ် မျှဝေခွင့်ပြုပါ။

*
ရန်ကုန်လွမ်းချင်း (မေသီတာဝင်း)*

ဘဝမှာ အတိတ်တွေများလာပြီး အနာဂတ်တွေ နည်းလာတဲ့ အရွယ်ရောက်တော့လို့ အစချီထားတဲ့ စာကြောင်းလေးက ကျွန်မကို အရင်ဆုံး ဆွဲဆောင်ပါတယ်။ ကျွန်မတို့တွေ တစ်ရက်ပြီး တစ်ရက် ရှင်သန် နေထိုင်ရင်း အတိတ်တွေ တဖြည်းဖြည်း များလာပြီး အနာဂတ်တွေ နည်းလာနေပြီဆိုတာ စာရေးသူနဲ့ အတူ သတိထားမိသွားတယ်။ သီချင်းအသစ်တွေ နားထောင်ပေမယ့်လည်း နှုတ်ဖျားက တီးတိုးဆိုညည်း မိရင် သီချင်းအဟောင်းတွေချည်းပဲဖြစ်နေတတ်သလို ရန်ကုန်ရဲ့ ပုံရိပ်သစ်ကိုမစိမ်းပေမယ့် ပုံရိပ်ဟောင်း မှာ တဝဲလည်လည်ဖြစ်ရ၊ ရန်ကုန်ရဲ့ ပုံရိပ်ဟောင်းကို လွမ်းတမ်းတရတဲ့ အကြောင်း စီကာရီကာ ဖွဲ့သီ ထားတာကို ဒီအက်ဆေးလေးမှာ တွေ့နိုင်ပါတယ်။

စာရေးသူက သူကြီးပြင်းခဲ့တဲ့ အချိန်ကာလက ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေ၊ လှည်းတန်းစျေး၊ ကြည့်မြင် တိုင် ညစျေး၊ ရွှေတိဂုံဘုရား၊ တော်လှန်ရေးပန်းခြံ၊ ကန်တော်ကြီး စတဲ့ အထင်ကရနေရာတွေ။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့၊ အာဇာနည်နေ့ စတဲ့ အထိမ်းအမှတ်ပွဲတော် နေ့တွေ၊ နောက်ပြီး ပျော်စရာကောင်းတဲ့ ရာသီအလိုက် ပွဲတော်တွေထဲက ကဆုန်ညောင်ရေသွန်းပွဲ၊ သင်္ကြန်ပွဲ၊ သီတင်းကျွတ် တန်ဆောင်တိုင်ပွဲ အစရှိတာတွေကို သတိရချင် လွမ်းဆွတ်ချင်စရာဖြစ်အောင် မျက်စိထဲ မြင်ယောင်လာနိုင်အောင် အသေးစိတ် ခြယ်မှုန်း ရေးဖွဲ့ထားပါတယ်။

အဆုံးသတ်မှာတော့တစ်စုံတစ်ခုဟာ အစကတည်းက မရှိခဲ့ရင် တမ်းတစရာ မရှိဘူး။ ရှိပြီးမှ မရှိတော့တဲ့ အခါ အမှတ်တရ အလွမ်းဆိုတာ ဖြစ်လာတော့တယ် လို့ ရေးထားတာလေးကလည်း ရန်ကုန်လွမ်းချင်းလေး ကို ပိုပြီး ပီပြင်လာစေပါတယ်။ မမေသီတာဝင်းကို Facebook ပေါ်မှာ ဖတ်ခွင့်ရတဲ့ သူ့ကဗျာလေးတွေကနေ တဆင့် ကျွန်မရင်းနှီးခဲ့ရပါတယ်၊ တိုတိုရှင်းရှင်း၊ ကျစ်လစ်တဲ့ရေးဟန်နဲ့ ချစ်စရာကဗျာလေးတွေကို သဘော ကျနှစ်ခြိုက်မိတာကြောင့် ရန်ကုန်အက်ဆေး စာအုပ်ရရချင်း အရင်ဆုံး ရှာဖတ်ဖြစ်တဲ့ အက်ဆေးပိုင်ရှင် လည်း ဖြစ်ပါတယ်။ ဖတ်နေချိန်မှာရော ဖတ်ပြီးသွားချိန်မှာပါ တကယ်လွမ်းရလို့ စာရေးသူကို ကျေးဇူး တင်မိစေတဲ့အက်ဆေးတစ်ပုဒ်ပါ။

*
၁၉၈၀ ရန်ကုန် (Kyaw Lion)*

ဒုတိယတစ်ပုဒ်အနေနဲ့ ကျွန်မ ဖတ်ဖြစ်တာက "၁၉၈၀ ရန်ကုန်" လို့ အမည်ရတဲ့ အက်ဆေးပါ။

ဒီတစ်ခါတော့ အက်ဆေးရဲ့ ခေါင်းစဉ်က ကျွန်မကို စတင် ဆွဲဆောင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၈၀ ခုနှစ်များဆီက ရန်ကုန်ဟာ ကျွန်မအတွက် အမှတ်ရစရာတွေ အများကြီးရှိခဲ့ပြီး ကျွန်မနဲ့ လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်မှုရှိခဲ့လို့ပါပဲ။ စာရေးသူ Kyaw Lion ရဲ့ လက်ရာ အက်ဆေးက အနည်းငယ် ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ၁၉၈၀ နှစ်များဆီက ရန်ကုန်ရဲ့ အထင်ကရပုံရိပ်တွေကိုတော့ ပီပီပြင်ပြင် ထင်ဟပ်နိုင်စွမ်းရှိခဲ့ ပါတယ်။

ကြေးအိုးတစ်ပွဲ လေးကျပ်ခွဲ - ၃၅လမ်း၊ ၃၆လမ်း နဲ့ ရွှေတောင်တန်း
လက်ဖက်ရည်တစ်ခွက် တစ်ကျပ်
ဘားလမ်း မုတ်ဆိတ်၊ ရွှေလမင်း၊ ဒဂုံ နဲ့ လက်ရွေးစင်၊ ရေကျော်က မောင်အေး စမူဆာ
မုန့်ဟင်းခါးအကြော်နဲ့ တစ်ကျပ်ခွဲ - တင်တင်အေး နဲ့ မြောင်းမြဒေါ်ချို
လွစ္စလမ်း ရွှေလှေကား၊ ရှားမီး၊ ရသာ နဲ့ ပြည်သူ့မုန့်တိုက်
အအေးဆို ဖူဂျီ နဲ့ကိုတင်အုန်း - စတော်ဘယ်ရီလက်ဖျော် - လေးကျပ်
သူ့သမီးအငယ်ငမ်းတာ - ဖရီး Free ***

သူ့သမီးအငယ် ငမ်းတာ - ဖရီး Free ဆိုတဲ့နေရာမှာ ကျွန်မ အသံထွက် ရယ်မောမိပါတယ်၊ ကြံကြံဖန်ဖန်

ပြီးတော့
ယင်းမာက အခွေဝယ် Hitachi - တစ်ဆယ်ကျပ်
တေးသံသွင်းဆိုင်တွေက တက္ကသိုလ်၊ သမ္မတ၊ စိုးစံ၊ ရွက်ဝါ၊ စင်ကာပူ၊ အာရုဏ်ဦး၊ တေးပုလဲ
သီချင်းစာအုပ် - ငါးမူး တဲ့။

ကြည့်ပါဦး၁၉၈၀ ရန်ကုန်ရဲ့ တကယ့် ပုံရပ်စစ်တွေ။ ကျွန်မတို့ အတူတူဖြတ်သန်းလာခဲ့ကြတဲ့နေ့ရက်တွေ အချိန်ကာလတွေ၊ ခေတ်တွေ စနစ်တွေ။ ဒါတွေကြောင့်မို့ ဒီအက်ဆေးကို ကျွန်မ ငြိတွယ် မိပြန်တယ်။ ပြီးတော့ စာရေးသူက သူ့ရဲ့ ဖုန်းနံပါတ်လည်း ရေးပေးထားသေးတယ်

ဖုန်းနံပါတ်က လုံး - ၅၂၅၀၇ (ကျနော်တို့နံပါတ်) ဖုန်းတစ်ခါဆက် တစ်ကျပ် တဲ့။ မှတ်ရလွယ်တဲ့ ဂဏန်း ငါးလုံးနဲ့ ဖုန်းနံပါတ်လေးတွေ။ ကျွန်မ ပိုက်ဆံတစ်ကျပ်ကိုင်ပြီး အဲဒီဖုန်းနံပါတ်ကို ဆက်ကြည့်ချင်စိတ် ဖြစ် သွားခဲ့ပါတယ်။ ငယ်ဘဝတွေဟာ ပြည့်စုံကြွယ်ဝလှတယ် မဟုတ်ပေမယ့် တစ်ခါတစ်ခါကျတော့ တကယ်ပဲ ပြန်လည် တမ်းတလွမ်းမောချင်စရာပါ။

နောက်ဆုံးမှာတော့ စာရေးသူဟာ သူ့ရဲ့ အက်ဆေးကို ပျော်ခဲ့ရတဲ့အပျော် - တစ်သက်တာ တန်ဖိုး မဖြတ် နိုင် (Priceless…!!!!) လို့ ရေးပြီး အဆုံးသတ်လိုက်ပါတယ်။ သူက အဲဒီလို အဆုံးသတ်လိုက်ပေမယ့် စာဖတ်သူ တွေရဲ့ အတွေးတွေကတော့ ဘယ်နည်းနဲ့မှ အဆုံးသတ်နိုင်ဦးမှာမဟုတ်ပါဘူး။၊ ၁၉၈၀ နှစ်များ ဆီက ရန်ကုန် ရဲ့ ခေါ်ဆောင်ရာနောက်ကို တကောက်ကောက် လိုက်ပါစီးမျောနေမိဦးမှာ သေချာပါတယ်။

*
သိုးမည်းဘူတာရုံ၏ (မင်းချောမြင့်)*

ဆယ်တန်းအောင်ပြီးသား လူငယ်လေးတစ်ယောက်ရဲ့ ရန်ကုန်အိပ်မက်နဲ့ ရင်ဖွင့်ညည်းတွားသံတွေ ရော ယှက်ဝေစည်နေတဲ့ အက်ဆေးတစ်ပုဒ်၊ အဝေးပြေးကားဂိတ်တွေရဲ့ ဂိတ်ဆုံးတွေဟာ အမြဲတမ်း ရန်ကုန် ဖြစ်နေတတ်တယ်၊ ရန်ကုန်ဟာ မျှော်လင့်ခြင်းလား လို့ သူက မေးခွန်းထုတ်ပါတယ်။ ရန်ကုန်ကို ရောက်လာ ခဲ့ခြင်းဟာ အနာဂတ်တစ်ချို့ကို မေးမြန်းချင်လို့၊ ဘဝဆိုတာကို ပြန်လည်သင်ယူဖို့ လို့ တွေး ထားတယ်တဲ့။ ဒီအက်ဆေးလေးကို အမှတ်မထင်ဖတ်လိုက်မိရာကနေ ကျွန်မစိတ်ထဲကို စစဆုံးဆုံး ဝင်ရောက်ငြိတွယ် သွားခဲ့ပါတယ်။ အိပ်မက်တွေကို ပွေ့ပိုက်လို့ ရန်ကုန်ကို ရောက်လာခဲ့တဲ့ လူငယ်တစ်ယောက်ကို ရန်ကုန်ဟာ ဘယ်လို ကြိုဆိုသလဲ၊ သူ့ဘဝနဲ့ သူ့ရဲ့ အနာဂတ်ကို ရန်ကုန်က ဘယ်လိုဖန်တီးလိုက်သလဲ၊ ရန်ကုန်မှာ သူ ပေးဆပ်ခဲ့ရတာ ဘာတွေလဲ၊ ရန်ကုန်ကနေ သူရသွားတာ ဘာတွေ လဲ... အက်ဆေးထဲက ဇာတ်ကောင် နေရာမှာ အတူတူ ဝင်ရောက်ခံစားကြည့်စေချင်ပါတယ်။

နာမည်ကျော်လှတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို တက်ချင်ခဲ့သူ၊ ဆရာမင်းလူရဲ့ စာထဲက ဇာတ်ကောင်တွေ လို လှုပ်ရှားချင်ခဲ့သူ၊ ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလို ကျောင်းနံရံမှာ ဒေါင်းအလံ စိုက်ချင်ခဲ့သူ၊ ဒါပေမယ့် အဲဒီ အိပ်မက်တွေဟာ ရန်ကုန်ကို စရောက်တဲ့နေ့မှာတင် မှိန်ဖျော့နေခဲ့ပြီ တဲ့။

တစ်ချို့နေ့တွေမှာ ဘုရားကို စိတ်လိုလက်ရ ရှိခိုးရင်း၊ မှိုတက်နေတဲ့ လူနေမှု အသိုင်းအဝိုင်းလေးထဲမှာ ကျောတစ်ချစာ နေရာငယ်လေးတစ်ခုအတွက် ရုန်းကန်လှုပ်ရှားရင်း၊ မိုးခါးရေ ဆိုတာကို ခေတ်နဲ့ တစ်ပြိုင် နက်ထဲ သောက်ချရင်း၊ အမှန်တရားနဲ့ အသိတရားတွေကို မသိကျိုးကျွန်ပြုရင်း၊ ငွေကြေးနဲ့ဘဝကို ရောဂါဖြစ်တဲ့အထိ လဲလှယ်ရင်း၊ ရန်ကုန်မြို့ကြီးထဲမှာ မောဟိုက်နွမ်းလျလာခဲ့ပုံတွေ၊ ရန်ကုန်ဟာ အင်ဂျင် တစ်လုံးပဲသူ ဆက်လက် လည်ပတ်လို့ရအောင် ဘဝများစွာဆီက စွမ်းအင်တွေကို စုတ်ယူနေတယ် လို့ နာနာကျင်ကျင် ရေးဖွဲ့ထားပါတယ်။

စာရေးသူဟာ နောက်ဆုံးမှာတော့ လူငယ်တစ်ယောက်ရဲ့ ရန်ကုန်ရဲ့ဘဝကို အထပ်ခိုးလေးထဲမှာ ခေါက် သိမ်း၊ တရားဓမ္မကို စာအုပ်ထဲ ခေါက်သိမ်း၊ ဘဝကို ဆေးစာရွက်ထဲမှာ ခေါက်သိမ်း၊ နာကျင်မှုတွေ နာရီတွေ သံယောဇဉ်တွေ မေတ္တာတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေအားလုံးကို သူ့နေရာနဲ့သူ နေရာတကျ ခေါက်သိမ်းအပြီး မှာ သူ့ရဲ့ အက်ဆေးကို

အင်ဂျင်တစ်လုံး ဖြစ်သည်။
ကျွန်တော်ဟာ ရန်ကုန်ကြောင့် အသက်ရှင်နေရခြင်း ဖြစ်သည်။ ဆေးစာရွက်ကလေးတောင် နွမ်းသွားပြီ။လို့ အဆုံးသတ်လိုက်ပါတယ်။

ကျွန်မ ဒီ့ထက်ပိုပြီး မပြောပြချင်တော့ပါ။ ကိုယ်တိုင် ဖတ်ကြည့်ပါ။ ခံစားကြည့်ပါ။ ဒါတွေဟာ ရန်ကုန်မှာ တကယ်ပဲ ရှိနေတဲ့၊ တကယ်ပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘဝအစစ်တွေလို့ ကျွန်မလိုပဲ လက်ခံနိုင်ကြဖို့ မျှော် လင့်နေပါ့မယ်။

*
၃၃ လမ်းကျဉ်းလေး (ခင်လွန်း)*

ကျွန်မငယ်ငယ်က စာစောင်တွေ မဂ္ဂဇင်းတွေထဲမှာ ရင်းရင်းနှီးနှီး ကြားဖူးခဲ့သော်လည်း အပြင်မှာ တစ်ကြိမ် တစ်ခါမှ မရင်းနှီးဖြစ်ခဲ့တဲ့ "လေထန်ကုန်း" ဆိုတဲ့ နေရာလေးအကြောင်းကို ဒီအက်ဆေးလေးကတစ်ဆင့် ပြန်လည်ရင်းနှီးခွင့် ရခဲ့ပါတယ်။ စာရေးသူ ခင်လွန်းက လေထန်ကုန်းကို အခုလို ပုံဖော် ရေးဖွဲ့ပါတယ်။

"
မြစ်များ ချောင်းများသည် ခရီးမိုင်ပေါင်းများစွာကို မောကြီး ပန်းကြီး ဖြတ်သန်းလာခဲ့ကြရင်း ပင်လယ်ထဲ သို့ စီးဝင်ပေါင်းစည်းလာကြသည့်ပမာ အနယ်နယ် အရပ်ရပ်မှ စာသမား ကဗျာသမား ပန်းချီဆရာ ဂီတ တပ်မက်သူ... စသည် စသည်တို့သည် လေထန်ကုန်းသို့ တသွင်သွင်စီးဝင်လာတတ်သည်မှာ အမျှင်ပြတ် သည်မရှိ..." တဲ့။ ဒီလိုလေး ဖတ်လိုက်ရ ကြားလိုက်ရတာနဲ့ကို ဒီအက်ဆေးက ဒီနေရာလေးက စိတ်ဝင်စား စရာ ကောင်းလှပြီ။

လေထန်ကုန်းကို ရောက်လာကြတဲ့ အနုပညာသည်တွေရဲ့ စကားဝိုင်းတွေကို အသေးစိတ် ရေးဖွဲ့ထားပုံဟာ ကိုယ်ပါ အဲဒီ ဆရာ ဆရာမတွေ အနားကို ရောက်သွားသလို ခံစားရစေပါတယ်။ လေထန်ကုန်းရဲ့ ရင်ခုန်သံ၊ လေထန်ကုန်းရဲ့ နမိတ်ပုံ၊ လေထန်ကုန်းရဲ့ သင်္ကေတ၊ လေထန်ကုန်းရဲ့ ခေတ်ပြိုင်ခံစားစီးဆင်းမှုဒီနေရာ လေးမှာ သူရဲကောင်းတွေ မျက်ရည်ကျခဲ့ရ၊ ဒီနေရာလေးမှာပဲ သူရဲကောင်းတွေ အော်ဟစ် ရယ်မောခဲ့ကြ။ ဒီနေရာလေးမှာ ပင်လယ်လိုပေါင်းစည်းပြီး ပင်မသွေးကြောတွေလို ခက်ဖြာပျံ့နှံ့သွားကြ။ ထမင်းမေ့ ဟင်း မေ့ ငွေကြေး ဥစ္စာ ရုပ်ဝတ္ထုပစ္စည်းတွေကိုမေ့၊ အိမ်မေ့ ယာမေ့ ဇနီးမယား သမီးသားတို့ကိုပါ မေ့နေစေတဲ့ အထိ လေထန်ကုန်းမှာ သူတို့တတွေ လှပစွာဆင်းရဲခဲ့ကြတယ် တဲ့။ ဒီလိုနဲ့ သူတို့အနုပညာတွေနဲ့ သူတို့ကိုယ် သူတို့ ထွန်းညှိခဲ့ကြ၊ လောကကို ထွန်းညှိခဲ့ကြတဲ့ နေရာလေး။ ၃၃ လမ်းထိပ်က ရေတမာပင်ရိပ်လေး၊ လေ ထန်ကုန်းလို့ ဖွဲ့သီပါတယ်။
ဒါဟာ လေထန်ကုန်းပဲ...

ကဗျာဆရာ အောင်ဝေးက အစ၊ မောင်ချောနွယ်ဆရာအောင်ချိမ့်၊ ပန်းချီမုတ်သုန်အလယ်၊ ဆရာကြီး ဒဂုန် တာရာ မြသန်းတင့်တို့အဆုံး၊ အနုပညာသမားတွေအားလုံးရဲ့လေထန်ကုန်း။ ညနေ ညနေတွေဆိုရင် အားလုံး ရီဝေဝေ။ ညနေခင်း ရင့်အိုလာပြီဆိုရင်တော့ အသွင်တူငှက်တွေ အုပ်စုဖွဲ့ ပျံသန်းကြသလို အလျှိုလျှို ထွက် သွားကြလို့ ရေးဖွဲ့ထားပုံဟာလည်း လေထန်ကုန်းရဲ့ ညနေ အိမ်ပြန်ချိန်မြင်ကွင်းကို အသက်ဝင်ထင်ရှား မြင်သာလှပါတယ်။ ညနေ ညနေတွေဆိုရင် အားလုံး ရီဝေ ရီဝေ။

တဖြည်းဖြည်းနဲ့ အချိန်ကာလများ လူပုဂ္ဂိုလ်များ ခေတ်များ ရွေ့လျားအဲဒီနေရာလေးက အတိတ်မှာ မှုန်ရီလို့ကျန်နေခဲ့။ လွမ်းဖွယ်အတိတ်၊ ချစ်သူတို့ရဲ့ ပုံရိပ်တွေ….

ကြယ်တွေ ကြွေသွားကြတယ်ဆိုပေမယ့် သူတို့ရဲ့ အလင်းရောင်တွေဟာ နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့စမြဲပဲ လေဆိုတဲ့ အဆုံးသတ်လေးမှာ စာရေးသူနဲ့အတူ ကျွန်မ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့တဲ့ နေရာလေးကို ပုံဖော်မြင်ယောင်ကြည့်ရင်း လိုက်ပါလွမ်းမောရပါတယ်။

ဒါတွေတင်မက

လင်းအောင်ဆွေရဲ့အဓိပတိစစ်တမ်း”
မောင်ရစ်ရဲ့ရန်ကုန်ကို ဗဟိုပြု၍ စဉ်းစားနေထိုင်ခဲ့ခြင်းများ”
ဘလက်ချောရဲ့ရောက်တဲ့အရပ်မှာ ပျော်အောင်နေ”
ကျော်ဇောခိုင်ရဲ့ရန်ကုန်”

လွင်မောင်မောင်ရဲ့တစ်ယောက်ယောက်တော့ မှတ်မိလိမ့်မယ်” အက်ဆေးတွေအပါအဝင်
ဆရာနိုင်ဝင်းသီရဲ့ငြိမ်သက်ခြင်း၏အခြားတစ်ဖက်မှာ”
ဆရာမကြီး ဝင်ဒီလောရုံရဲ့မှော်ရုံတော”အစရှိတဲ့ အက်ဆေးတွေဟာလည်း စာဖတ်သူတွေရဲ့ စိတ်ထဲမှာ စွဲငြိထင်ကျန်စေမယ့်အက်ဆေးကောင်းလေးတွေ ဖြစ်ပါတယ်။

အိပ်မက်တစ်ခုဟာ ကိုယ်တကယ် မက်မြင်ဖူးမှသာ ကောင်း မကောင်း၊ လှမလှ သိနိုင်မယ်လို့ ဆိုကြတယ်။ ဒါကြောင့်  ဖြစ်နိုင်ရင် အခု ရန်ကုန်အိပ်မက်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ မက်ကြည့်ကြစေချင်တယ်။ ကိုယ့်အိပ်မက်ထဲက ရန်ကုန်နဲ့ ကျွန်မတို့တတွေ မက်ဖူးတဲ့ရန်ကုန်ဘယ်နေရာမှာ ထပ်တူကျသလဲဘယ်နေရာမှာ ဘာတွေကွာခြားသလဲ ဘာတွေ ပြောင်းလဲသွားပြီလဲအစရှိသဖြင့် အေးအေးဆေးဆေး အတွေးနယ်ချဲ့ကြည့်ရအောင်ပါ။

အဖုံးပန်းချီကို ဆရာထွန်းဝေမြင့်က ရေးဆွဲပေးထားပြီး မြင်တွေ့နေကျ ရန်ကုန်မြင်ကွင်းမျိုးနဲ့ မတူတဲ့ ကွဲပြားခြားနားတဲ့ရန်ကုန်ကို သူ့ရဲ့စုတ်ချက် အထူအပါးအောက်မှာ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။
အတွင်းထဲမှာလည်း အတိတ်ကရန်ကုန်ကိုလွမ်းမောသွားစေမယ့်ရှားပါးဓာတ်ပုံများကို မြင်ရတွေ့ရပါ လိမ့်မယ်။

စာအုပ်တန်ဖိုး  ၆၀၀၀ ကျပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လထဲမှာ ဖြန်ချိခဲ့တဲ့အက်ဆေး စာအုပ်သစ် တစ်အုပ်ပါ။


သက်ဝေ
(
၁၉-၀၈-၁၉)