စစ်ကိုင်းငလျင် ၁ နှစ်ပြည့်ချိန်မှာ နာလန်မထူနိုင်သေးတဲ့ ပြည်သူလူထု
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၈ မြင်ကွင်း
(မိုးမခ) မတ် ၂၉ ၊ ၂၀၂၆
စစ်ကိုင်းငလျင် ၁ နှစ်ပြည့်ချိန်မှာ နာလန်မထူနိုင်သေးတဲ့ ပြည်သူလူထု
ယမန်နှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမထိုးမီ ၁၀ မိနစ်ခန့်မှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မိနစ်အနည်းငယ်မျှ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးက ထောင်နဲ့ချီတဲ့ လူတွေကို သေဆုံးစေသလို နောက်ထပ် ထောင်နဲ့ချီတဲ့သူတွေ ထိခိုက်ဒဏ်ရာရ ခဲ့ကြပြီး မိသားစုဘဝ၊ စီးပွားရေး နဲ့ လူမှုရေး၊ ဘာသာရေးနယ်ပယ်တွေ အားလုံးကို ထိခိုက်ပျက်ယွင်းစေခဲ့တာ ဖြစ်ပါတယ်။
ဘူမိဗေဒပညာရှင်တွေက စစ်ကိုင်းပြတ်ရွေ့လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ မြောက်နဲ့ တောင်တန်းနေတဲ့ ပြတ်ရွေ့ကြောကြီးက ဧရာဝတီမြစ်နဲ့ ယှဥ်ပြီး အထက်နဲ့ အောက်တည်ရှိတာ ဖြစ်ပါတယ်။ လူတွေရဲ့ ယဥ်ကျေးမှုတွေက မြစ်ဝှမ်းတွေမှာ စိုက်ပျိုးအသက်မွေးပြီး မြစ်တွေကို ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းအဖြစ်အသုံးပြုကြတာကြောင့် ရှေးခေတ်အဆက်ဆက် မြစ်တွေရဲ့ ကမ်းနဘေးတွေမှာ မြို့တွေတည်ခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာလည်း မြို့တွေနဲ့ ယဥ်ကျေးမှုတွေက ဧရာဝတီမြစ်နဘေး တလျှောက်မှာ တည်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ မြစ်တလျှောက်ရှိနေတဲ့ ဖွံ့ဖြိုး စည်ပင်နေထိုင်ကြတဲ့မြို့တွေနဲ့ စစ်ကိုင်းပြတ်ရွေ့က ကပ်လျှက်တည်ရှိနေကြတာပါ။
ဒီလို သမိုင်းနဲ့ချီပြီး အခြေတည်နေထိုင်ခဲ့ကြတဲ့ အနေအထားက နှစ် ၈၀/၁၀၀ ဝန်းကျင်မှာ တကြိမ်ပြင်းထန်စွာ လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ကြီးတွေနဲ့ သဘာဝဘေးကျရောက်တဲ့ အခါ ဒီဒေသတွေမှာ နေထိုင်ကြတဲ့ လူထုတွေ အနေနဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ခံစားကြရတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်တဲ့ ငလျင်ကြီးရဲ့ သေဆုံးပျက်စီးမှု အကြီးမားဆုံးခံစားကြရတဲ့မြို့က မန္တလေးမြို့ ဖြစ်ပါတယ်။ လူဦးရေသိပ်သည်းမှု အထပ်မြင့်အဆောက်အဦတွေများပြားခြင်းက လူထိခိုက်သေဆုံးမှုများရတဲ့ အဓိက အကြောင်းအချက်တွေ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် မြို့ပြစီမံခန့်ခွဲမှု၊ မန္တလေးလို စစ်ကိုင်းပြတ်ရွေ့နဲ့ နီးကပ်နေတဲ့ မြို့ကြီးမှာ ငလျင်ဒဏ် ခံနိုင်ရည်ရှိတဲ့ အဆောက်အဦတွေ ဖြစ်ဖို့ စည်းကမ်းကြပ်မတ်မှုမျိုး မရှိသလို၊ လူထုတွေအနေနဲ့လည်း ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်နိုင်လောက်တဲ့ ငွေကြေးအင်အား မရှိကြတာကလည်း အကြောင်းအချက် တခုဖြစ်နိုင်ပါတယ်။
ဒီအခြေအနေတွေက ၂၀၂၅ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးမှုများပြားစေခဲ့တာလည်း ဖြစ်ပါတယ်။ အဆောက်အဦတွေ ပြိုကျပြီးထိခိုက်သေဆုံး ကြရသလို ထိခိုက်ဒဏ်ရာရာမှု ကြီးကြီးမားမား မရှိသည့်တိုင် အပျက်အစီးကြား ပိတ်မိပြီး အချိန်မှီ မကယ်ထုတ်နိုင်တာကြောင့် သေဆုံးကြရသူတွေလည်း ရှိခဲ့တာပါ။
မတ်လ ၂၈ ရက်နေ့ ငလျင်က မန္တလေး၊ စစ်ကိုင်းမြို့တွေသာမက ကျောက်ဆည်၊ ဝမ်းတွင်း၊ မြစ်သား၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော်၊ ပျဥ်းမနားနဲ့ အင်းလေးဒေသတွေကို ကြီးမားတဲ့ သေဆုံး၊ ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ငလျင်ဘေးအန္တရာယ်က ကြိုတင်မသိရှိနိုင်တာကြောင့် အသိပေးတာ နှိုးဆော်တာတွေ မလုပ်နိုင်ပေမယ့် ငလျင်အန္တရာယ်ကျရောက်တဲ့အခါ သေဆုံးမှု နဲ့ ပျက်စီးမှုနည်းပါးအောင် ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ဆောင်နိုင်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ အန္တရာယ်ရှိတဲ့ အဆောက်အဦတွေကို စစ်ဆေးပြီး အသုံးပြုခွင့်တားမြစ်တာ၊ အဆောက်အဦ ဆောက်လုပ်ရာမှာ လိုက်နာရမယ့် စံနှုန်းတွေကို ငလျင်ဘေးကျရောက်နိုင်ခြေမြင့်တဲ့ ဒေသတွေမှာ ကြပ်မတ်တာ၊ ရုတ်တရက်ကျရောက်လာချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးအတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားတာတွေ လုပ်ခဲ့ရင် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
ယမန်နှစ်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးမှာ မန္တလေးမြို့က စကိုင်းဗီလာ ကွန်ဒိုအဆောက်အဦ တနေရာထည်းတင် လူဦးရေ ၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။ အပျက်အစီးတွေ အကြားကနေ အသက်ရှင်လျှက်ကယ်တင်နိုင်သူ အရေအတွက်တချို့ ရှိခဲ့ပေမယ့် သေဆုံးသူအများစုက လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိတာ ကြောင့် သေဆုံးခဲ့ကြရတာ လို့ ကောက်ချက်ချနိုင်ပါတယ်။
အာဏာသိမ်းစစ်အစိုးရ အနေနဲ့ အထောက်အကူပြုပစ္စည်းကိရိယာတွေနဲ့ အတွေ့အကြုံရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ အချိန်မှီကယ်ဆယ်ရေး မလုပ်ဆောင်နိုင်ပါဘူး။ ပြည်တွင်းက မီးသတ်တပ်ဖွဲ့ နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေက အရေးပေါ် ကယ်ဆယ်ရေးလုပ်ဆောင်နိုင်သလောက် လုပ်ဆောင်ပေမယ့် ခေတ်မှီနည်းပညာ ပစ္စည်းတွေနဲ့ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့ လူရှိမရှိ ရှာဖွေတာမျိုး၊ အပျက်အစီးတွေကို ဖြတ်တောက်ဖယ်ရှားတဲ့ ပစ္စည်းကိရိယာလိုမျိုးတွေ မပြည့်စုံတာကြောင့် ထိရောက်မှု အားနည်းတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို အကူအညီတောင်းခံခဲ့ရာက ငလျင်လှုပ်ပြီး နာရီ အတန်ကြာမှာ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ပထမဆုံးရောက်လာပြီး မန္တလေး၊ နေပြည်တော်တို့မှာ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အပျက်အစီးအောက်မှာ ထိခိုက်သေဆုံးသူတွေသာမကပဲ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးရုံဖွင့်လှစ် ကုသပေးတာမျိုးမှာလည်း မြန်မာနိုင်ငံမှာ အားနည်းမှုတွေ ရှိနေတာကြောင့် ထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးသူတွေလည်း ထပ်မံရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်၊ ပျဥ်းမနားတို့မှာ ပျက်စီးထိခိုက်မှုအများဆုံးဖြစ်စေခဲ့တဲ့ ငလျင်ဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၁ ဘီလျံခန့်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ပြည်တွင်းစစ်မီးကြောင့် နကိုကတည်းက ထိခိုက်နေပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ၂.၅ ရာနှုန်း စီးပွားရေးကျုံ့ သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ငလျင်လှုပ်ခတ်ပြီး ၃ လအကြာမှာ ခန့်မှန်းခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်း ထွက်ရှိတဲ့ အစီရင်ခံစာမှာတော့ ၂ ရာနှုန်းလောက်သာ စီးပွားရေးကျုံ့မယ့် လက္ခဏာတွေ့ရကြောင်း ဖေါ်ပြခဲ့ပါတယ်။
အစီရင်ခံစာတွေ နိုင်ငံတကာရဲ့ အကဲဖြတ်မှုတွေ အပြင် ငလျင်ဒဏ်ကိုဆိုးရွားစွာခံစားခဲ့ကြရတဲ့ ဒေသတွေက မြေပြင်မှာ တွေ့ကြုံနေကြရတဲ့ အခြေအနေတွေက ငလျင်ကြီးလှုပ်ပြီးနောက် ၁ နှစ်ပြည့်လာသည့်တိုင် နလံမထူနိုင်သေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ငလျင်ဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံအချို့က ကူညီတဲ့ ကူညီငွေတွေက အရေးပေါ်ကာလ အတွက်ကူညီငွေအများစု ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး အတွက် ကူညီငွေက ကူညီငွေအားလုံးရဲ့ အနည်းငယ်မျှသော အစိတ်အပိုင်းသာဖြစ်ပါတယ်။
ငလျင်ဘေးကြောင့် သေဆုံးရသူတွေအတွက် ထိခိုက်ဒဏ်ရာရသူတွေအတွက် ပူဆွေးသောက ရောက်နေကြရချိန်မှာပဲ ပျက်စီးသွားတဲ့ နေအိမ်တွေ၊ ဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ကို ဘယ်လိုပြန်ထူထောင်မလဲ ဆိုတဲ့ ပူပင်သောက နဲ့ ငလျင်ဘေးမှာ ရှင်ကျန်ရစ်ခဲ့သူတွေ ကြုံတွေ့ကြရပြန်တာ ဖြစ်ပါတယ်။
ငလျင်ဘေးပြန်လည်ထူထောင်ရတဲ့ အခြေအနေက အဖက်ဖက်က အားနည်းချက်တွေ၊ စိမ်ခေါ်မှုတွေ အပြည့်နဲ့ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဒဏ်၊ တလွဲစီမံခန့်ခွဲမှုကြောင့် ငွေကြေးဖောင်းပွပြီး နေအိမ်၊ လုပ်ငန်းတွေ ပြန်လည်ဆောက်လုပ်ဖို့ ဆောက်လုပ်ရေး ပစ္စည်းတွေ အဆမတန် စျေးမြင့်တက်နေတဲ့ အနေအထားအောက်မှာ ပြန်လည်ထူထောင်ကြရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ကတော့ ငလျင်ဘေးက ၄င်းတို့ကို တရားဝင် အဆက်အဆံမလုပ် အသွားအလာမလုပ်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို လာရောက်ပြီး ငလျင်ကယ်ဆယ်ရေး ကိစ္စ၊ အရေးပေါ် အကူအညီကိစ္စတွေ ဆွေးနွေးကြတာဟာ သံတမန်ရေးအရ အမြတ်ထွက်မှု တခု ဖြစ်ခဲ့ပါတယ်။ ငလျင်ဘေးကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ပြန်ပြီးတက်ရောက်ခွင့် မရသည့်တိုင် အာဆီယံနိုင်ငံ ခေါင်းဆောင်တချို့နဲ့ ဆက်ဆံရေးလမ်းကြောင်းတချို့ ပြန်ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထု အနေနဲ့တော့ စစ်ကိုင်း ငလျင်ဘေးကျရောက်ခြင်းဟာ နူရာဝဲစွဲ လဲရာသူခိုးထောင်း စကားပုံနဲ့သာ တင်စားပြောဆိုရမယ့် အနေအထားဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးကြောင့် ထိခိုက်ပျက်စီး သေဆုံးနေကြရချိန် ငလျင်ဘေးအန္တရာယ် ထပ်မံကျရောက်စေခြင်းက ဆုတ်ယုတ်ပျက်စီးနေတဲ့ စီးပွားရေး ၊ လူမှုရေး၊ နိုင်ငံရေးတွေကို ထပ်ပြီး ထိခိုက်ပျက်စီးစေကာ ဒုက္ခသံသရာထဲ လည်ပတ်ရမယ့် အနေအထားမျိုး ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar