Breaking News

မတ်လ တော်လှန်ရေးမှသည် အာဏာရှင်စစ်တပ်အဖြစ်သို့ အသွင်ပြောင်းလဲခဲ့တဲ့ မြန်မာ့သမိုင်း

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၇ မြင်ကွင်း

(မိုးမခ) မတ် ၂၈ ၊ ၂၀၂၆


မတ်လ တော်လှန်ရေးမှသည် အာဏာရှင်စစ်တပ်အဖြစ်သို့ အသွင်ပြောင်းလဲခဲ့တဲ့ မြန်မာ့သမိုင်း

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်တဲ့ ဂျပန်ကို စတင်တော်လှန်တဲ့ နေ့ကို တော်လှန်ရေးနေ့ အဖြစ် ဆယ်စုနှစ်နဲ့ချီ သတ်မှတ်ကျင်းပခဲ့ကြပေမဲ့ ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းခဲ့တဲ့ နေဝင်း ဦးဆောင်တဲ့ မဆလခေတ်မှာ တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲပြီး သမိုင်းကို ပုံပျက်စေခဲ့တာ ဖြစ်ပါတယ်။ 

ဒီနှစ် မတ်လ ၂၇ ရက်နေ့မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဖို့ အဓိကဆုံးဖြတ်ခဲ့သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ခုရက်ပိုင်းအတွင်း ဖွဲ့စည်းဖို့ ပြင်ဆင်ထားတဲ့ ကြံ့ခိုင်ရေးအစိုးရရဲ့ ခေါင်းဆောင်အဖြစ် ပြောင်းလဲတာဝန်ယူပြီး စစ်တပ်ကို အရပ်ဝတ်ရာထူးနေရာကနေ ထိန်းချုပ်ထားဖို့ ပြင်ဆင်နေတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ 

ယခင်နှစ်တွေတုန်းက ကျင်းပခဲ့တဲ့ တပ်မတော်နေ့မှာ တက်ရောက်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေကို တပ်ချုပ်ရာထူး ယူထားတဲ့ မင်းအောင်လှိုင်ကိုယ်တိုင် လိုက်လံနှုတ်ဆက်ခဲ့ပေမဲ့ ယခုနှစ်မှတော့ ဒု တပ်ချုပ်ကို တာဝန်ပေးပြီး မတက်ရောက်တော့ပါဘူး။ ပြီးခဲ့တဲ့ တပတ်က ခါးရိုး အကြောညှပ်တာကြောင့်  အိန္ဒိယက အထူးကုဆရာဝန်ကြီးတွေ ပါဝင်ပြီး အရေးပေါ် ခွဲစိတ်မှု ခံထားတယ်ဆိုတဲ့တိုင် ခုရက်ပိုင်း အစည်းအဝေးနဲ့ အခမ်းအနားတွေ တက်နိုင်တဲ့အချက်က ထူးခြားမှုတခု ဖြစ်နေပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရ ဖွဲ့စည်းချိန်ကစလို့ စစ်တပ်ရဲ့ ထိပ်ဆုံးခေါင်းဆောင် အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သူ၊ အသက်ပြည့်သည့်တိုင် အငြိမ်းစားမယူပဲ ဆက်လက်တာဝန်ယူ ထိန်းချုပ်ခဲ့သူ၊ စစ်တပ်ကို လက်လွှတ်ဖို့ ဝန်လေးနေခဲ့သူ မင်းအောင်လှိုင်အဖို့ မတ်လ ၂၇ ရက်နေ့ဟာ စိတ်လှုပ်ရှားဖွယ်နေ့ တနေ့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

တဖက်မှာလည်း အကြောင်းကြောင်းကြောင့် မကျင်းပလို့ မဖြစ်ဘဲ ကျင်းပခဲ့ရတဲ့ ပြည်တွင်းစစ်မီးကြားက ရွေးကောက်ပွဲရဲ့ အကျိုးဆက်အဖြစ် ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးရာထူး ဖြစ်တဲ့ သမ္မတရာထူးကိုလည်း တခြားသူ တဦးဦး လက်ထဲ ထည့်ဖို့ထိလောက် သတ္တိမရှိသူ၊ အာဏာလောဘနဲ့ ငမ်းငမ်းတက်နေသူ မင်းအောင်လှိုင် အဖို့ မဖြတ်သန်းလို့ မဖြစ်တဲ့ အဆင့်တဆင့် အပြောင်းအလဲတခုကို ဖြတ်သန်းရတော့မဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မတ်လ ၂၇ ရက်နေ့ညပိုင်းမှာလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ မြန်မာနိုင်ငံသမိုင်းမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ ကြိမ်ဖြစ်တဲ့ မဆလ ခေတ်နဲ့ နဝတ/နအဖ ခေတ်တွေမှာ တာဝန်ယူခဲ့တဲ့ တပ်ချုပ်တွေကို ချီးကျူးစကားလည်း ပြောဆိုသွားခဲ့ပါတယ်။ ၁၉၆၂ မှာ စစ်အာဏာသိမ်းသူ ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကို ဖြိုခွဲကာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးစောမောင် နဲ့ ၄င်းနေရာကို ဆက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အနားယူခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို ၄င်းနဲ့ အနေအထားချင်းတူတဲ့ သဘောမျိုး မှတ်ယူပြီး ချီးကျူးခဲ့တာလို့ ကောက်ချက်ချရပါတယ်။ 

ခေတ်သစ် မြန်မာနိုင်ငံရဲ့ သမိုင်းမှာတော့ စစ်အာဏာသိမ်းမှုတွေကို နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကျဆုံးမှု စတင်တဲ့ အမှတ်အသားတွေအဖြစ် မှတ်ယူထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာ/အကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေမရှာဘဲ စစ်တပ်က အာဏာကို ထိန်းချုပ် သိမ်းယူပြီး အာဏာရှင်စနစ်၊ စီးပွားရေး တံခါးပိတ်စနစ်၊ သယံဇာတ အလွန်အကျွံထုတ်ယူ အသုံးပြုတာတွေနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ပိတ်ပင်ကန့်သတ်ပြီး လက်နက်ကိုင် ပဋိပက္ခကို ပိုမို အရှိန်မြင့်စေတဲ့ စေ့ဆော်မှုတွေ အဖြစ်သာ ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းယူတဲ့အခါတိုင်း စစ်တပ်ရဲ့ ဆင်ခြေက တိုင်းပြည် ချောက်ထဲကျဖို့ လက်တလုံးသာလိုတော့တယ်ဆိုတဲ့ အကြောင်းပြချက်၊ စစ်ထောက်လှမ်းရေးတွေကို အဖျက်အမှောင့်တွေ လုပ်ဆောင်စေပြီး မင်းမဲ့ဝါဒကြီးစိုးနေပြီဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်အာဏာသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းကာ လူထုထောက်ခံမှုရခဲ့တဲ့ မြန်မာစစ်တပ်ဟာ ပြည်တွင်းစစ်ကာလတွေမှာ တိုင်းရင်းသားတွေ အပေါ် နှိပ်စက်သတ်ဖြတ်မှုတွေ၊ အကြိမ်ကြိမ် စစ်အာဏာသိမ်းမှုတွေကြောင့် သမိုင်းမှာ နာမည်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီစံနှုန်း လူ့အခွင့်အရေးတန်ဖိုးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ရင်းနှီးကျွမ်းဝင်တဲ့ စစ်တပ်ဆိုတာထက် ဗမာ့တပ်မတော်ဖွဲ့စည်းမယ့် အမြုတေ ရဲဘော်သုံးကျိပ်နဲ့ ဂျပန်ခေတ် စစ်တက္ကသိုလ်တွေမှာ လေ့ကျင့်ပေးခဲ့တဲ့ ဖက်ဆစ်ဂျပန် စစ်တပ်ရဲ့ အစဥ်အလာ အငွေ့အသက်တွေကို လက်ဆင့်ကမ်း သယ်ဆောင်လာသလား ဆိုတဲ့ ယူဆမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ မြန်မာ့တပ်မတော် အရပ်သားအခေါ်အဝေါ်အရ မြန်မာစစ်တပ်ဟာ ပြည်တွင်းစစ်ပွဲတွေ အတွင်း အရပ်သားတွေကို နှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုနဲ့ ကျေးရွာတွေ ဖျက်ဆီးအဓမ္မရွှေ့ပြောင်းစေတဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့ တပ်တတပ်အဖြစ် လူအများက သတ်မှတ်ခဲ့ကြပြီ ဖြစ်ပါတယ်။ ၁၉၄၉-၁၉၅၂ ခုနှစ် ပြည်တွင်းစစ်ကာလ၊ ၁၉၅၈-၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်နဲ့ အဲဒီနောက် မဆလ ခေတ်၊ နဝတ/နအဖ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုတွေ အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ဆိုတဲ့ ၂၀၁၇ ခုနှစ်လို အချိန်မှာပင်လျင် ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ စစ်တပ် တခုအဖြစ် ICJ နိုင်ငံတကာ တရားရုံးမှာ စွပ်စွဲခံနေရပြီ ဖြစ်ပါတယ်။ ICJ ခုံရုံးမှာ စွဲဆိုခံရမှုဟာ ဥပဒေဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံကို တရားစွဲဆိုခံကြရတာ ဖြစ်ပေမယ့် ကျူးလွန်တဲ့ အဖွဲ့အစည်းက မြန်မာစစ်တပ် ဖြစ်ပါတယ်။ 

အခုလို ခေတ်အဆက်ဆက် စစ်အာဏာသိမ်းတာတွေ လုပ်ခဲ့တဲ့ စစ်တပ်၊ မိမိတို့ နိုင်ငံသားတွေကို စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ စစ်တပ်၊ လက်နက်ကိုင် နဲ့ အရပ်သား မခွဲခြားဘဲ ဗုံးကြဲ တိုက်ခိုက်တာ၊ ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး လက်နက်ကိုင် ပုန်ကန်သူတွေကို အားမပေးနိုင်အောင် လုပ်ဆောင်နေတဲ့ စစ်တပ်တတပ်က ဘာကြောင့် အာဏာ ဆက်လက်တည်မြဲနေသေးတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။ 

အဖြေက တခုတည်း၊ တကြောင်းတည်း ရှိမနေပေမဲ့ အာဏာရှင်စနစ်နဲ့ တသွေးတသံတမိန့်နဲ့ အုပ်ချုပ်နေတဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ အင်အားစုတွေအချင်းချင်း အားကောင်းတဲ့ ညီညွတ်မှု၊ နိုင်ငံရေးအရ ဘုံသဘောတူညီမှု၊ ဘုံအကျိုးစီးပွားတရပ်ကို မရှာဖွေနိုင်ကြသေးတာကြောင့်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

မိမိတို့လူမျိုးစုနယ်မြေ တခုတည်း ထိန်းချုပ်နိုင်ရုံ၊ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတခုတည်း ထိန်းချုပ်ထားနိုင်ရုံမျှနဲ့ ဆယ်စုနှစ်ရှည်ကြာ တည်ရှိနေတဲ့၊ ဗဟိုချုပ်ကိုင်မှုအားကောင်းပြီး အဖွဲ့အစည်းတည်ဆောက်မှုနဲ့ အစိုးရဆိုတဲ့ အနေအထားကို ရထားတဲ့ အာဏာရှင်စစ်တပ်ကို အပြီးတိုင် ဖြုတ်ချနိုင်ဖို့ ခက်ခဲနေဦးမယ် ဆိုတဲ့ သင်ခန်းစာ ကောက်ချက်ကို အရှိတရားတရပ်အဖြစ် နားလည် လက်ခံဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar