Breaking News

ဖလော်ဒါဟန် - ငလျင်တစ်နှစ်ပြည့်မှ တစ်နေ့တာ ဆီတန်းဘဝသို့

ဖလော်ဒါဟန် - ငလျင်တစ်နှစ်ပြည့်မှ တစ်နေ့တာ ဆီတန်းဘဝသို့

မိုးမခ ၊ မတ် ၂၉ ၊ ၂၀၂၆


တစ်နှစ်ပြည့်ခဲ့ပါပြီ။

ကျွန်မ တစ်နှစ်ပြည့်ခရီးရဲ့ မနက်အရုဏ်လေးမှာ ဆိုက်တွဲလေးငှားပြီး တောအရိပ်ကနေ အဝေးပြေးလမ်းကြီးပေါ် တက်လာခဲ့ပါတယ်။ လမ်းမပေါ် ရောက်တယ် ဆိုရုံပဲရှိသေး၊ လမ်းမရဲ့ ဘယ်ကြော ညာကြောတွေမှာ ဆီတန်းစီနေတဲ့ ယာဉ်တွေ မျက်စိတစ်ဆုံးပါပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းမပေါ်မှာရှိနေတဲ့ ဆီဆိုင်တိုင်းမှာ ယာဉ်တွေအပြည့်ပါ။ အချို့ယာဉ်၏နောက်မှာ "ဆီပေးဖို့ နောက်ဆုံးကား ဖြစ်သည်" ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကိုလည်း မြင်ခဲ့ရသည်။

ကျွန်မရဲ့ ဆိုက်တွဲဆရာကြီးကတော့ ဆီတန်းမစီပါ။ အပြင်ဝယ်ဈေး ၁ လီတာ ၈,၀၀၀ ကျပ်နှုန်းဖြင့် ခရီးသည် (Passenger) လိုရာခရီး ပို့ပေးနေသည်။

တစ်နေရာ လမ်းဘေးမှာတော့ စားအုန်းဆီ တန်းစီနေကြသည်။ အနီးရွာများမှ အရပ်ခေါ် ပုစဉ်းခေါင်းဖြင့် စုပေါင်းလာတန်းစီ၍ ဝယ်နေကြခြင်း ဖြစ်သည်။ စားအုန်းဆီကို အိမ်ထောင်စုမိတ္တူဖြင့် ဝယ်ရခြင်း ဖြစ်သည်။ တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်း ၁၈,၀၀၀ ကျပ်ဈေးဖြင့် ထုတ်နေကြခြင်းဖြစ်သည်။ ယခင်ဈေးမှာ ၁၀,၀၀၀ ဈေးသာ ရှိသည်။ ပဲဆီသန့် ဆိုသည်မှာ လိုသလောက် ဝယ်ယူနိုင်သေးသည်၊ တစ်ပိဿာ ၂၅,၀၀၀ ကျပ်ဖြစ်သည်။ ယခုနှစ် မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခသည် မနှစ်က ငလျင်ဒဏ်နှင့် ထပ်တူညီမျှ တစ်နိုင်ငံလုံး ခံစားနေကြရခြင်း ဖြစ်သည်။

တစ်နှစ်ပြည့် ငလျင်သည် ကျွန်မတို့ ပြည်သူတွေအတွက် တုန်လှုပ်ချောက်ချားဖွယ် ဝမ်းနည်းစရာ ဘေးဒဏ်ကြီး ဖြစ်ခဲ့ရသည်။ ဒီနေ့ ဒီအချိန် ဒီနေ့ရက်မှာ နေပူဒဏ်အောက် ယာဉ်အမျိုးအစားမျိုးစုံ၊ လူတန်းစားအမျိုးစုံ၊ အပူမျိုးစုံဖြင့် ဘဝတိုက်ပွဲကို တိုက်နေကြသည်။ ပြည်သူများ၏ ဘဝတိုက်ပွဲသည် စားဝတ်နေရေးအတွက်သာ ဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး ဆိုသည်မှာ မကုနိုင်လျှင် အသက်ပေးရမည်။ ကျောင်းမထားနိုင်ပါက ကျောင်းထုတ်ရမည်။ ဒါက မြန်မာပြည်ရဲ့ လက်ရှိလူနေမှုဘဝသာ ဖြစ်သည်။

မြန်မာပြည်ကြီးရဲ့ မြေပုံကို လည်ပင်းညှစ်ထားသည့် ခေါင်းဆောင် ဆိုသူသည် သက်သောင့်သက်သာဖြင့် မိမိပြည်သူများ၏ ဆင်းရဲဒုက္ခကို ထိုင်ကြည့်နေသည်။

မြန်မာပြည်မှာ လူဖြစ်ရသည်မှာ မိမိတန်ဖိုးသည် မိမိအောင်မြင်မှုအဖြစ် ရပ်တည်ဖို့သာရှိသည်။ အများအကျိုး၊ လောကအကျိုး ဆိုသည်မှာ အာဏာရှင်လူတစ်စုက အခွင့်အရေးမပေးသလို လုပ်ဆောင်၍လည်းမရအောင် အနိုင်ကျင့် ဖိနှိပ်ထားကြသည်။

စုံ/မ စနစ်ဖြင့် အပူဒဏ်ကို အရွယ်စုံ ကျား/မ မျိုးစုံ ခံစားနေကြရသည်။ အပူဒဏ်အောက်မှာ မိမိအလုပ်ကို ဆက်လက်လုပ်နိုင်ဖို့၊ မိသားစုဘဝတွေ ရပ်တည်နိုင်ဖို့ အသုံးပြုသည့်ယာဉ်အတွက် ဆီတန်းစီရသည်။ တစ်နေကုန်နီးပါး ခြေညောင်းအောင် မတ်တတ်ရပ် စောင့်နေရသူများဆိုတာလည်း မနည်းလှသည့် လူတန်းရှည်ကြီးကိုကြည့်ပြီး ကျွန်မ အလွန်ဝမ်းနည်းရသည်။

လူတွေမှာ စိတ်ဓာတ်တွေလည်း ညစ်နွမ်းလာသလို၊ လူတွေရဲ့ ဘဝသည်လည်း တစ်နေ့ထက်တစ်နေ့ ချို့တဲ့လာကြသည်။

မြန်မာပြည်သည် အမျိုးမျိုးသော ဘေးနှင့်ကြုံတိုင်း ကြိုတင်ပြင်ဆင်မှုနှင့် ကာကွယ်ခြင်းမရှိသည့်အတွက် ပြည်သူများသည် အာဏာရှင်အတွက်သာ ပေးဆပ်မှုအမျိုးမျိုးဖြင့် အသက်ရှင် နေထိုင်ကြရသည်။

ကျွန်မတို့အတွက် ရွံစရာအကောင်းဆုံးသည် အညစ်အကြေးမဟုတ်ပါ။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ယုတ်ညံ့ခြင်းသည် ပို၍ရွံစရာကောင်းလှသည်။ မစင်ထက်ပင် ပို၍ရွံစရာကောင်းလှသည်။ ထိုထက်ဆိုးသည့်လုပ်ရပ်မှာ ပြီတီတီမျက်နှာနှင့် တိုင်းပြည်အပေါ် မထီမဲ့မြင်လုပ်ပြီး အလိမ်အညာဖြင့် တိုင်းပြည်ကို မပျက် ပျက်အောင် ဖျက်ဆီးပစ်နေခြင်း ဖြစ်သည်။

ထိုသူ၏ အုပ်ချုပ်မှုအောက် နေခဲ့ရသည့် ၅ နှစ်ကျော် သက်တမ်းသည် ပြည်သူတွေ ဘဝပျက်ခဲ့ရသလို ရှေ့ဆက်ပြီးလည်း အမှည့်ခြွေသလို ခြွေခံကြရဦးမည်။ အာဏာရှင် သက်တမ်း နိဂုံးချုပ်ဖို့ထက် ပြည်သူတွေ သက်တမ်း နိဂုံးမချုပ်ကြရအောင် မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ကြပါလို့ ငလျင်သက်တမ်း တစ်နှစ်ပြည့်ခရီးလေးမှ မှတ်တမ်းတင်လိုက်ရပါသည်။


ဖလော်ဒါဟန်

28.3.2023

11:00am



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar