Breaking News

ခင်လွန်း - ကျားပေါက်ပျောက်သွားတုန်းကပေါ့



ခင်လွန်း - ကျားပေါက်ပျောက်သွားတုန်းကပေါ့
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၉

ကျနော်တို့ အခုရောက်နေတဲ့ကျွန်းကလေးဆီ လွင့်လာခါစ။ ကိုယ်နေရမယ့်အိမ်လေး(အခုလက်ရှိနေနေဆဲ) မှာ ပထမဆုံးညတည အိပ်ပြီး မနက်မိုးလင်းလာတဲ့အချိန်၊ အိမ်ရှေ့မှန်သားအပြည့်တံခါးမကြီးကိုဖွင့်လိုက်တော့ လားလား အပေါက်ဝတည့်တည့်မှာ ကျားကြီးတကောင် လိုဆောင့်ကြောင့်ထိုင်နေတဲ့ ကြောင်ထွားထွားကြီးတကောင်။

သူက ကျနော်တို့လိုတပါးနိုင်ငံကရောက်လာတဲ့လူတွေအတွက် ရုံးလုပ်ငန်းဆံဆံ ပြောဆိုဆက်ဆံထိတွေ့ရတဲ့ လူတွေကလွဲရင် ဒီနိုင်ငံမှာ ကျနော်တို့ထိတွေ့ဆက်ဆံရတဲ့ သက်ရှိသတ္တဗေဒလောကသားလို့ဆိုရမပေါ့။

ရုပ်ကြီးနဲ့တောင်မလိုက်ဘူး။ သဘောသက္ကာရ သိပ်ကောင်းတာ။ နှစ်ပေါင်းများစွာကတည်းက ခင်မင်ရင်းစွဲရှိနေကြတဲ့မိတ်ဆွေတွေငယ်ပေါင်းတွေလို၊ ဒီနိုင်ငံသားတွေနဲ့ အသားအရောင်ရော ဟန်ပန်အရွယ်အစားကအစ လားလားမှမတူတဲ့ကျနော်တို့ကို တတန်းထဲထားပြီး ရင်းရင်းချာချာကို ဆက်ဆံတာ။ ချက်ချင်းပဲ လူတွေကို ခေါင်းနဲ့ဝင်ခွေ့တော့တာ။ ပထမတော့ ခပ်လန့်လန့်ပေါ့။ သူက ကြောင်ဆိုပေမယ့် ကျားပေါက်စတကောင်လောက်ထွားတာကိုး။

လူဟာလူပဲ.. , ကဲ ပြောစမ်း.. ဘာကွာလို့လဲ...ဆိုတဲ့ ပလေးဘွိုင်းသန်းနိုင်သီချင်းလိုပေါ့။

အဲ... ကျနော်တို့ချက်ပြုတ်စားသောက်တဲ့အစားအစာကျွေးတော့လဲ ဘသားချောကြီးက တကယ့်အင်တာနေရှင်နယ်သမားကြီးလို မက်မက်စက်စက် ခုံခုံမင်မင်စားပြတာပဲ။ လူတန်းစားမခွဲခြားတဲ့သဘောမျိုးပြသချင်ပုံ။

သို့သော် ရမ်းတော့လဲမကျွေးရဲပြန်ဘူး။ မတော် အစာမှားပြီး တခုခုဖြစ်သွားလို့က သူ့သခင်တွေက နေမှာမဟုတ်ဘူး။ ကျနော်တို့ကိုပြဿနာရှာမှာ။ လူတွေက လူဖြူ မျက်နှာကြီးတွေဖြစ်ပုံရ၊ သူတို့နဲ့အိမ်ချင်းသာမျက်နှာချင်းဆိုင်နေတာ၊ တခါမှ ဖျတ်ခနဲလေးယောင်လို့ မျက်လုံးချင်း အဆုံမခံဘူး။ ကျနော်တို့ဟာ တခြားတိုင်းပြည်တခုခုကနေ အခြေအနေအကြောင်းတရားတခုအရ ဒီနေရာမှာ ခိုလှုံဖို့ရောက်လာသူတွေဆိုတာ အသွေးမြင်ရုံနဲ့ အကုန်သိပြီးသားလိုဖြစ်နေပုံ။

အဖြူကလဲအဖြူ... လူကုံထံပညာတတ်တွေလဲဖြစ်ပဲုရတော့ ကျနော်တို့ကိုမကြည်မဖြူမဖြစ်ရင်တောင် ကြည်ကြည်ဖြူဖြူလဲ မဟုတ်ဘူးပေါ့ဗျာ။ သိတယ်မို့လား... အကန့်လေးတွေရှိတာပေါ့။ စည်းကလေးတွေ သားတာပေါ့။ ထူထူထဲထဲ ခပ်မြင့်မြင့်စည်းကလေးတွေနဲ့ မထူမပါးမနိမ့်မမြင့်စည်းကလေးတွေ။

ဒါပေမယ့် ကျားပေါက်ကတော့ (နောင်တော့ ကျနော်တို့ အိမ်ဝင်ထွက်နေကြသူများရဲ့ခေါ်ဝေါ်ကြတဲ့အတိုင်း သူ့ ကိုကျားပေါက်လို့ခေါ်ဖြစ်) ဒါမျိုးလုံးလုံးရှိပုံမရဘူး။ အိမ်ကိုပုံမှန်ဝင်ထွက် လည်ပတ်တာပါပဲ။ ထင်တောင်မထင်ရဘူး၊ သူ့ဗလသူ့ကိုယ်လုံးကြီးနဲ့အရိုင်းအစိုင်းစိတ် လုံးလုံးလဲမရှိဘူး။ ယောင်လို့ သူ့လက်သည်းကြီးတွေဝှက် ထားရာက ထုတ်ပြ ဖြဲပြ ခြောက်ပြတာမျိုးမလုပ်ဘူး။ သူ့ရုပ်ကြီး ထွားကျိုင်းဖွံ့ဖြိုးသလောက် သူ့နှလုံးသားကလဲ သိမ်မွေ့နူးညံ့မှုဖွံ့ဖြိုးလှပါပေရဲ့ဆိုတာမျိုးပေါ့ဗျာ။

ကျနော်တို့မှာလဲ ကိုယ်နဲ့ဘာသာစကားရော ယဉ်ကျေးမှုပါ လုံးလုံးမတူကြတဲ့ ပတ်ဝန်းကျင်နားရောက်နေတဲ့အပြင်၊ ကိုယ့်တနိုင်ငံထဲသားချင်းတွေနဲ့လဲ အနေမနီးလှတဲ့အတွက် အဖော်အလို့ငှာ ကျားပေါက်ကိုပဲ အားပြုရတာမျိုးပေါ့။ အဖော်မရှိလို့တယောက်ထဲစိတ်ကူးတည့်ရာပြောချင်ရာတွေပြောနေမယ်ဆိုရင် အရူးလိုလိုဘာလိုလိုအထင်ခံရနိုင်တဲ့အခြေအနေမျိုးမှာ ကျားပေါက်ကိုတိုင် တည်ပြီး ပြောချင်ရာပြောတော့ ခံသာတာပေါ့။ အမြင်လှတာပေါ့။ ကြောင်ကို ချစ်စနိုးကျီစယ်ကစားတာပေါ့။ ဒီလိုမဟုတ်လား။

ဒါနဲ့ပဲ အဖော်အလို့ငှာဖြစ်လဲနေ၊ သူက ကိုယ့်အိမ်မှာလဲ စားဝင်သောက်ဝင် မြိုကျနေတော့ (စင်စစ် သူက သူဌေးသားလေ၊ အိမ်ကြီးရှင်သခင် အဖြူမောင်နှံရဲ့ကြောင်ကြီးဟာကိုး) ကျနော်တ်ု့ဇနီးမောင်နှံ သူ့အတွက် စဉ်းစားလာရတယ်။ သူ့သခင်တွေဘယ်လိုထင်ထင် ဒို့အိမ်ဝင်ထွက်နေနတော့ သူ့ဖို့အစာသီးသန့်ဝယ်ခြမ်းကျွေးကြမယ်ပေါ့။ ဒါမှ ဒို့ဟာတွေစားပြီး မတော်တရော်ဖြစ်သွားမှာမျိုးလဲ မပူရဘူးပေါ့။ နို့ သူတခုခုဖြစ်သွားရင် ဒို့အတာ ကျနေမယ်ပေါ့။

ဒီလိုနဲ့ ကိုယ်စားမယ့်အထဲက သူ့ဖို့လဲ သင့်ရာဝယ်ခြမ်းကျွေးကြရပါတယ်။ ဒီနိုင်ငံတွေမှာက ခွေး၊ ကြောင်၊ ငါး၊ ငှက်.. စတဲ့အိမ်မွေးတရိစ္ဆာန်တွေရဲ့အစာစျေးကလဲ မနိမ့်လှပါဘူး၊ သို့သော်...ကျားပေါက်ဟာ ကိုယ်မပိုင်ပေမယ့် အိမ်ရှေ့ကအဖြူလင်မယား ရုံးချိန်အလုပ်ချိန်သွားကြပြီး ညနေပြန်ရောက်ချိန်မတိုင်မီအထိက ကျနော်တို့နဲ့ ပိုအနေများတော့ အိမ်သားတပိုင်းလိုတောင်ဖြစ်နေပါပြီ။

ဒီလိုနဲ့နေလာလိုက်ကြတာ ကျားပေါက်သခင်အဖြူလင်မယားဟာ သြစီကိုပြောင်းရွှေ့သွားကြပါလေရော၊ ဒီမှာ ကျားပေါက်အတွက် အလွမ်းဇာတ်ကစတော့တာ။ သူ့ကို ဘာကြောင့်ရယ်မသိ၊ ခေါ်မသွားကြဘူးလေ။ အဲ... သူတို့အိမ်ကိုလက်လွှဲအပ်ထားခဲ့တဲ့ တကိုယ်တည်းအပျိုကြီးမမတယောက်ဆီ အပ်ထားခဲ့တယ်ထင်ပါရဲ့။

တက္ကသိုလ်တခုက အဆင့်မြင့်ရာထူးရှိပုံရတဲ့အပျိုကြီးမမဟာ ချစ်သူရှိပုံလဲ မရပါဘူး၊ သူ့ကလဲ သူ့ကိုယ်သူကလွဲ ဘယ်သူ့ကိုမှချစ်တတ်ပုံမရပါဘူး၊ ဘာပြုလို့လဲဆိုတော့ မြင်သူတိုင်းကအချစ်ခံရလေ့ရှိတဲ့ကျားပေါက်ကိုလဲ ရှိတယ်လို့တောင် မအောက်မေ့ပါဘူး။ ဆိုတော့ ကျနော်တို့လဲ ကျားပေါက်သခင်ရင်းတွေရှိတုန်းက ကျားပေါက်ကိုတခုခုကျွေးချင်ရင် သူတို့မြင်မှာစိုးလို့ တိတ်တဆိတ်ခိုးကြောင်ခိုးဝှက်ကျွေးခဲ့ရပေမယ့် ဒီအပျိုကြီးမမလက်အောက်မှာတော့ ဗြောင်ကျကျကျွေးတော့တာပေါ့။ သူက တနေ့လုံးလိုလို အချိန်ပြည့်မှမရှိတတ်ပဲဟာကိုး။

အဲ တနေ့မှာတော့ ကျနော်တို့ကျားပေါက်ကိုအစာကျွေးနေတုန်း ဆံပင်ကြေးနီရောင်နဲ့အပျိုကြီူမမရဲ့ကားဟာ ရုတ်တရက်ပေါက်ချလာပြီး မြင်ကွင်းအစုံကို တွေ့သွားပါရောဗျာ...၊ အဲ သူ့ကားပေါ်ကနေဆင်းလာပြီး ကျားပေါက်ကိုလဲ သေချာအောင်ထပ်ကြည့်သွားပါသေးတယ်။

ဒီလိုနဲ့ ဒီအဖြစ်အပျက်လေးအပြီး နောက်တပတ်လောက်အကြာမှာတော့ ကျားပေါက်ဟာ ကျနော်တို့အိမ်ကို ရောက်မလာတော့ပါဘူး။ တရက်... နှစ်ရက်...သုံးရက်။

ကျနော်တို့အဘိုးကြီးအဘွားကြီးမောင်နှံဟာ နေလို့ကိုမတတ်တော့ပါဘူူး။ ကျားပေါက်ရှိသေးရဲ့လား။ တခါကလိုပါးမှာ သွေးအစက်စက်ကျပြီး ပြန်လာခဲ့သလိုမျိုး လူယုတ်မာတွေလက်ချက်နဲ့ ကြွေသွားခဲ့ပြီလား။ ကားများတက်ကြိတ်သွားရော့သလား။... လား... လား၊ ကျနော်တို့နေမထိထိုင်မသာဖြစ်ကြရ။ အိမ်ကအဘွားကြီးဆို ကျားပေါက်စားဖို့ဝယ်ထားတဲ့အစားအစာတွေကို တခုတ် တရ အသင့်ပြင်လို့။

နောက် မနေသာတဲ့အဆုံး အိမ်ရှေ့အိမ်ကအပျိုကြီးမမအိမ်ကိုအရဲစွန့်ပြီး အဘွားကြီး သွားထွက်မေးတော့တာပဲ။ အရဲစွန့်ဆိုတဲ့စကားကိုသုံးရတာက ကိုယ့်ကြောင်လဲမဟုတ်တော့ ပြောရဆိုရခက်ကြီးဖြစ်နေတာရယ်၊ အဖြူတွေဟာ ကိုယ်တွေကို ပတ်ပတ်သက်သက်မရှိချင်ကြတာကိုသိသိကြီးနဲ့ မဖြစ်မနေ ထွက်မေးရတဲ့အတွက်ကြောင့်ပါ။ ကိုယ်တွေမှာ အလူးအလဲမို့လား။ စိတ်တွေယောက်ယက်ခတ်နေကြရတာမဟုတ်လား။ ကျားပေါက်ဟာ အဖော်မဲ့သူတွေရဲ့ နှောင်ကြိုးတမျှင်လေ...

ပြုံးခြင်းရယ်ခြင်းအတတ်ကို ဘယ်တုန်းကမှ သင်ကြားခဲ့ဖူးပုံမရှိတဲ့ အဲဒီ့တက္ကသိုလ်အဆင့်မြင့်ဆရာမကြီးဟာ မျက်နှာထားမာမာတင်းတင်းနဲ့ မင်းတို့ကြောင်မို့လို့လား၊ သူ ဘယ်ရောက်သွားလဲ ငါဘယ်သိမလဲ...ငါ ကြောင်တွေသွားတတ်တဲ့လမ်းကို ဘယ်လိုသိမလဲတဲ့။

ဟုတ်တယ်၊ ကျားပေါက်က ပိုင်ဆိုင်မှုသဘောအရ ကျနော်တို့နံ့ နည်းနည်းမှ မသက်ဆိုင်ပါဘူး။ လူနေမှုစရိတ်ကြီးမြင့်လှတဲ့ ဒီလိုနိုင်ငံမျိုးမှာ ကျားပေါက်စတကောင်လေို့ ထင်ရလောက်အောင် လှပထွားကျိုင်းတဲ့ကြောင်ကြီးတကောင်ကို ကျနော်တို့မပိုင်ဆိုင်မမွေးမြူနိုင်ကြပါဘူး။ ဒါပေမယ့်... ကျနော်တို့ရဲ့ဘဝအရ ကျနော်တို့နှလုံးသားမှာ ကျားပေါက်ဟာ နေရာအခိုင်အခန့်ယူထားခဲ့ပါပြီ။ ဒါဟာ ပိုင်ဆိုင်မှုဆိုတဲ့စကားလုံးနဲ့တော့ သီးခြားကင်းလွတ်နေတဲ့တန်ဖိုးတခုပဲဖြစ်ပါတယ်။ သို့ပေမယ့်လဲ ကျနော့်တို့ဟာ မပိုင်ကြောင်မွေးဘဝနဲ့ ကြေးနီရောင်ဆံပင်ပိုင်ရှင် မိန်းမတယောက်ဆီက လှည့်ပြန်ခဲ့ရပါတယ်။

ကျားပေါက်ကို တမြို့လုံးမှာရှိတဲ့ကြောင်ဂေဟာမှန်သမျှ မှာ ဒေါင်းတောက်အောင် ပတ်ရှာခဲ့ကြပါတယ်။ ဆိုရှယ် လူမှုကွန်ရက်တွေထဲမှာလဲ သတင်းတခုခုရလေနိုးနဲ့ မျှော်လင့်စောင့်ဖတ်ခဲ့ကြပါတယ်။ သွားတတ်လာတတ်မယ်ထင်တဲ့နေရာတွေကိုလဲ ပတ်ရှာကြည့်ကြပါတယ်။

ကျားပေါက်ကိုတော့ ပြန်မဆုံကြရတော့ပါဘူး။

ကျနော်တို့ဇနီးမောင်နှံနှစ်ယောက်သားဟာ ကျယ်ပြောနက်ရှိုင်းလွန်းလှတဲ့ သမုဒ္ဒရာကြီးအလယ်ကကျွန်းနိုင်ငံလေးမှာ ခြောက်ကပ်ကပ်နေ့တွေညတွေကို ဘယ်လောက်ရှည်ရှည်ဝေးဝေးအထိ ဒီလိုသာဖြတ်သန်းကြရအုံးမယ်လို့ မသိတော့နိုင်ဘူးမဟုတ်လား။
စိတ်ကူးတည့်ရာမြင်ရာတွေကို ပါးစပ်ကပြောချင်ဆိုချင်တဲ့အခါ ကျားပေါက်လိုနားထောင်ပေးမယ့်ကောင် မရှိတော့ဘူးပေါ့။ တယောက်ထဲထင်ရာမြင်ရာပြောနေတာထက် ကျားပေါက်ကိုပြောပြရတာက ခေါင်းမညိတ် တတ်ရင်တောင် ငြင်းရှာမှာမဟုတ်ဘူးမဟုတ်လား။
-
"ကျားပေါက် ပျောက်သွားတုန်းက"
......
ကျွန်းပေါ်မှာ ကြုံခဲ့တဲ့ ကြောင်ကလေး...
ပျောက်သွားတော့
ခေါင်းမီးတောက် အူသည်းပေါက်နေတဲ့ဒို့နှစ်ယောက်
တမြို့လုံးအနှံ့ပတ်ရှာခဲ့
ကျားပေါက်လို့ခေါ်ကြရတဲ့
ကြောင်ထွားထွားလေးကိုပြန်မတွေ့တော့ဘူး
ကျွန်းပေါ်မှာ ကြုံခဲ့ရလေတယ်
မင်းဟာ ဘဝသစ်အစ ဒို့နှစ်ယောက်ရဲ့ဂေဟာရှေ့
လှိုက်လှဲပျူငှာနွေးထွေးစွာဖိတ်ခေါ်တဲ့အကြည့်နဲ့
ပြီးတော့
ကျားငယ်တကောင်လို သန်မာထွားကျိုင်းဖွံ့ဖြိုးမှုနဲ့ဆန့်ကျင်တဲ့
မင်းရဲ့ညင်သာပျော့ပျောင်းနူးညံ့လှတဲ့အသံလေးနဲ့
မင်းဟာ ဘာမာယာ ဘာပရိယာယ်
ဘာမှ မပါဘဲ
ဒို့ကို ပထမဆုံးနှုတ်ဆက်ကြိုဆိုခဲ့တဲ့
အိမ်ရှင်နိုင်ငံကြီးသားပီသပါပေရဲ့
အသားအရောင်မခွဲခြားတတ်တဲ့သတ္တဝါလေး
ဘာသာစကားပေါ်အမှုမထားတဲ့ အကောင်လေး
နိမ့်မြင့်ယဉ်ကျေးမှုပုစ္ဆာတွေ ပဟေဠိတွေမပါဘဲ
အပြန်အလှန်စီးဆင်းနိုင်တဲ့မြစ်ဟာ
ချစ်ခြင်းမေတ္တာတခုသာပဲလို့ပြသခဲ့
သတိအမြဲ ရပါတယ်
ကိုယ့်ထက် ချစ်တဲ့လူဆီရောက်ပါစေသား
ဒို့နှစ်ယောက် ဆုတောင်းခဲ့ကြရုံ။
-
လွန်း
(ဟမ်မီလ်တန် -၉)
စက်တင်ဘာ ၂၂၊ ၂၀၁၇

စာပြီး စက်တင်ဘာ ၂၅၊ ၂၀၁၉