Breaking News

ပန်းချီသန်းဌေးမောင် - ဖေဖေနဲ့ ကျနော် “ ဖေ့စ်တိုင်းမ် “


ပန်းချီသန်းဌေးမောင် - ဖေဖေနဲ့ ကျနော် “ ဖေ့စ်တိုင်းမ် “

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၉
ဖေဖေနဲ့ ကျနော် “ ဖေ့စ်တိုင်းမ် “ကနေမကြာခဏ စကားပြောဖြစ်ကြပါတယ်၊ တခါတော့ မင်းပန်းချီပြပွဲတွေလုပ်ဖြစ်တာကြားရတာ ဝမ်းသာတယ်ကွာလို့ပြောပါတယ်၊ ငါနောင်တရတာတခုပဲရှိတယ် ပန်းချီမရေးခဲ့မိတာပဲ၊ ပန်းချီက အသက်ကြီးလာရင်ပိုကောင်းတယ်ကွ လို့ပြောပါတယ်၊ ဒီစကားက ဖေဖေရဲ့ တကယ့်ခံစားချက်နဲ့ ပြောခဲ့တဲ့စကားဆိုတာ တကယ်ယုံပါတယ်၊ ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ ဖေဖေဟာ ပန်းချီ၊ပန်းပု အနုပညာမှာ အခြေခံကောင်းခဲ့သူတစ်ယောက်ပါ၊ သူက ဆရာအတတ်သင်ကျောင်းက အခြေခံပန်းချီပန်းပုပညာတွေ လေ့လာဆည်းပူးခဲ့သူတယောက်ဆိုတာ ကျနော်ကောင်းကောင်းကြီးသိလို့ပါ။
ဖေဖေနဲ့မေမေတို့ အပြန်အလှန်အပေးအယူ ခံစားချက်တွေကိုရေးခဲ့ကြတဲ့ အပြာနုရောင်စာရွက်လေးတွေနဲ့ စာအုပ်လေးတအုပ်ကျနော်ခပ်ငယ်ငယ်က သိမ်းထားခဲ့ဘူးပါတယ် အဲ့ဒီစာအုပ်ထဲမှာ သူ ကဗျာလေးတွေ စာလေးတွေးရေးတဲ့ အခါတိုင်း ရေဆေးအထူရေးနည်းနဲ့ ငှက်ကလေးတွေ လိပ်ပြာလှလှလေးတွေ လှေနဲ့ဆိပ်ကမ်းရှုမျှော်ခင်လေးတွေရေးလေ့ရှိပါတယ်၊ ကျနော်ကအဲ့စာအုပ်လေးကိုကြွေလွန်း ကြိုက်လွန်းတာကြောင့် ကျနော်ကမောင်ပိုင်စီးထားပြီး ခပ်ငယ်ငယ်ကဆို ဖေဖေရေးဆွဲထားတဲ့ အဲ့ဒီပုံလေးတွေကိုမကြာခဏ ကူရေးပြီး လေ့ကျင်ခဲ့ဖူးပါတယ်၊ 

တကယ်တော့ကျနော့ရဲ့ ဆရာတွေစာရင်းမှာ ဖေဖေက ထိပ်ဆုံးကပါရမှာပါ၊ ကျနော် ငယ်ငယ်စာတော်တော်ညံ့ခဲ့ပါတယ် ကြီးလာတော့လည်းမတော်ပါဘူး ဘယ်လောက်တောင်ညံ့ခဲ့လည်းဆို သုံးတန်းနှစ်မှာ စာမေးပွဲကျပါတယ်အောင်စာရင်းတွေထွက်တဲ့နေ့ ညနေဖက် ဖေဖေပြန်လာရင် အရိုက်ခံရတော့မှပဲလို့ကြောက်နေတဲ့ကျနော်ကို ဖေဖေကျောင်းကပြန်ရောက်ရောက်ချင်း " မင်းကိုဆုချရဦးမယ်"လို့ ပြောရင်းတကယ်ပဲ သူအိပ်ထဲက ပစ္စည်းတခုကိုဆွဲထုတ်ပြီးကျနော့ကိုပေးပါတယ် ကျနော်ကဘာမှန်းမသိလှမ်းယူပြီး စက္ကူဘူးလေးထဲက အရာတခုကိုဆွဲထုတ်ကြည့်လိုက်တော့ အနက်ရောင်သံဘူးလေးအပေါ်မှာ ခွေးရုပ်ပုံလေးပါပါတယ် ဘာမှန်းမသိဘူး ဖွင့်ကြည့်လိုက်တော့ ရေဆေး ဆေးရောင်စုံတွေပါတဲ့ ခွေးတံဆိပ်ဝါးတားကာလာဆေးရောင်စုံဘူး အထဲမှာစုပ်တန်လေးတချောင်းပါပါတယ် ကျောင်းပြန်မဖွင့်မချင်း အဲ့ဒီဆေးဘူးထဲကဆေးနဲ့ မြင်သမျှ၊တွေ့သမျှ ဆွဲခဲ့တာ ခုထိပါပဲလေ။
တစ်ခါတစ်ရံ ဖေဖေက ရွံ့ နီနီရဲရဲတွေတူးလာပြီး ငါးရုပ် ဖားရုပ် နွားရုပ်တွေကိုခဏအတွင်းမှာ လက်ရာမြောက်စွာ ထုပြတတ်ပါတယ်၊ ပြီးရင်မီးဖုတ်ပြီး သူ့ပန်းခြံထဲမှာ အလှဆင်ထားရှိတတ်ပါတယ်၊ ဖေဖေက သူဆရာအတတ်သင်ကျောင်းကျောင်းဆင်းပွဲမှာ သူထုလုပ်ပြိုင်ပွဲဝင်ခဲ့တဲ့ အမေရိကန်သမ္မတ အီဘရာဟင်လင်ကွန်း ထိုင်ခုံပေါ်မှာထိုင်နေတဲ့ပုံက ပထမဆုရခဲ့တာလို့ ဂုဏ်ယူစွာပြောပြခဲ့ဘူးတာ သုံးလေးခါကြံုဘူးကြားဘူးထားလို့ ဝါရှင်တန်ဒီစီက သမ္မတလင်ကွန်းအမှတ်တရ အဆောက်အဦးဆီရောက်တိုင်း ငါ့အဖေပန်းပုထုခဲ့တာဒီပုံပဲလို့ အမြဲသတိတရ ဖြစ်ခဲ့ရတာ အခါခါပါပဲ။
ဖေဖေက စိုက်ပျိုးရေးကိုပိုပြီး စိတ်အားထက်သန်ပုံရတယ်၊သူလူပျိုဘဝတုန်းက စစ်ထဲဝင်သွားဘူးသတဲ့ ဟိုရောက်တော့ သူ့အိမ်မှာစိုက်ခဲ့တဲ့ ဗူးပင်လေးဆီကိုပဲ စိတ်ကရောက်နေလို့ ပြန်ထွက်လာခဲ့သတဲ့၊ ကိုင်ကူးကိုင်းဆက်ပညာကိုလည်း ကောင်းစွာလေ့လာကျွမ်းကျင်သူတယောက်ဖြစ်ခဲ့တာကြောင့် ပုသိမ်မြို့က လွပ်လပ်ရေးပွဲတော်သစ်သီးဝလံပန်းမန်ပြိင်ပွဲတစ်ခုမှာ ရွက်လှပန်းပင်အမျိုးပေါင်းများစွာကိုအပင်တစ်ပင်ထဲမှာကိုင်းကူး ပေါင်းစပ်ပြီးပြိုင်ပွဲဝင်ခဲ့တာ ပထမဆုရခဲ့ဘူးတယ်။
မိုးဥကျကာလတွေဆို ဖေဖေကျောင်းကပြန်လာတိုင်း သူ့မောင်ဗမာစက်ဘီးလေးရဲ့အနောက်ဘက်ကယ်ရီယာပေါ်မှာ ညှပ်နဲ့ညှပ်၊ ကြိုးနဲ့လည်းချည်ထားတဲ့ ကတ်ထူစက္ကူပုံးလေးတစ်ပုံးထဲမှာ သစ်စေ့ အပင်ပေါက်ကလေးတွေပါလာလေ့ရှိပါတယ်၊ 

ဖေဖေက ပုသိမ်ကောလိပ်အနီးက မိဘမဲ့ကျောင်းလေးမှာ ကျောင်းအုပ်ဆရာဆိုတော့ ကန်သုံးဆင့်ကနေအောင်ချမ်းသာရပ်ကွက်အထိ စက်ဘီးစီးပြန်ခဲ့တဲ့အခါ လမ်းတစ်လျှောက် သစ်ပင်ကြီးတွေအောက်က အလေ့ကျထပေါက်နေတဲ့ သစ်စေ့အပင်ပေါက်လေးတွေကို ကောက်ယူခဲ့ပြီး အိမ်ရောက်တဲ့အခါ အပေါက်ဖေါက်ထားတဲ့ ပလပ်စတစ်အိပ်ငယ်လေးတွေထဲ သဲမြေဆွေး မြေကြီးတွေထည့်ပြီး အဲ့ဒီပျိုးပင်လေးတွေကို သူ့ စက်ဘီးအနောက်ဖက် ကယ်ရီယာပေါ်ကစက္ကူပုံလေးထဲ စီစီရီရီထပ်ထည့်ပါတယ်၊ နောက်နေ့ မနက်ကျောင်းသွားတဲ့အခါ အဆင်သင့်ယူသွားနှိုင်အောင်လို့ပါ ဖေဖေ့ကျောင်းကိုကျနော်လိုက်သွားရတဲ့နေ့တနေ့ ကိုအမှတ်ရနေမိပါတယ်၊ ဖေဖေကျောင်းမှာစာသင်နေချိန် ဘုန်းကြီးကျောင်းက ကိုရင်လေးတွေနဲ့ ဆော့ကစားရတာ ကျောင်းအရှေ့ လမ်းတဖက်တချက်က မုန့်ဟင်းခါးဆိုင်လေးမှာ အရည်ကျဲကျဲ အဝါရောင်ကြက်သွန်ဖြူဆီချက်တွေထည့်ပေးတတ်တဲ့ မမေ့နှိုင်စရာ အရသာရှိလှတဲ့ မုန့်ဟင်းခါးစားရတာတွေကြောင့် ဖေဖေ့ကျောင်းကိုလိုက်ရတာ အရမ်းပျော်စရာပါ၊ ကျောင်းအုပ်ဆရာဆိုပေမယ့် ဆရာမတွေက ဖေဖေ့ကိုဆရာလေးလို့ခေါ်ကြပါတယ်၊

ကျနော်ပါသွားတဲ့နေ့ဆို ဆရာမတွေကပါလာတဲ့စားစရာတွေချကျွေးကြနဲ့ ကျနော်ကတော့သဘောရှိပေါ့၊ ညနေ ကျောင်းဆင်းပြီဆိုရင်တော့ ဖေဖေက ကျနော့ကိုစက်ဘီးအရှေ့ ဘားတန်းမှာတပ်ထားတဲ့သစ်သားခုံလေးပေါ်တင်ပြီး ကျောင်းရှေ့ကစပြီးလမ်းဘေးနေရာတစ်ချို့ မှာ၊ ကန်သုံးဆင့် ကန်ဘေးပတ်လည်က ကုန်းကမူလေးတွေ ပေါ်မှာ ပလပ်စတစ်အထုပ်လေးတွေနဲ့ ပျိုးထားတဲ့သစ်အပင်ပေါက်လေးတွေကို တရွင်းငန်းပြားလေးနဲ့ မြေကျင်းလေးတွေတူးပြီး စိုက်ပျိုးရင်း ကျနော့ကိုလည်း ဒီအပင်ကကုက္ကိုပင်၊ ဒီအပင်က ဗန်ဒါပင်၊ ဒါကညောင်ပင်စသဖြင့်ပြောပြခဲ့တာတွေကို ပြန်သတိရမိတဲ့အခါတိုင်း ဖေဖေဟာ ကမ္ဘာမြေကြီးကိုတော်တော်ချစ်တဲ့လူတယောက်ဆိုတာ ပိုသဘောပေါက်လာခဲ့ပါတယ်။
ပုသိမ်အောင်ချမ်းသာရပ်ကွက် တခုလုံးမီးလောင်ခံလိုက်ရတော့ ဖေဖေနဲ့ကျနော်တို့မောင်နှမတွေက ရန်ကုန်ကိုရောက်ရှိနေနှင့်ပါပြီ၊ မေမေက ပုသိမ်ဘဏ်ကနေ ရန်ကုန်မပြောင်းရသေးခင် ပုသိမ်ဘဏ်အနောက်ဖက်က ဘဏ်တိုက်ခန်းမှာနေကျန်ခဲ့ရတာမို့ သစ်ပင်တွေနဲ့ ပစ္စည်းအချို့က အဲ့ဒီအောင်ချမ်းသာအိမ်မှာမီးလောင်တဲ့အထဲပါသွားပါတာပါ၊ ဖေဖေက သတင်းကြားကြားခြင်းပဲ “ငါ့ဘွန်ဆိုင်းတွေတော့ငါနှမျောတယ်ကွာ”လို့ညီတွားပြီးနောက်နေ့ ချက်ချင်းမီရာသဘောင်္နဲ့ ပုသိမ်ကိုလိုက်သွားပါတယ်၊ တလလောက်နေလို့ ဖေဖေရန်ကုန်ကိုပြန်လာတဲ့အခါ မီးလောင်ထားတဲ့ သစ်ငုတ်တိုသုံးလေးပင်ပန်းအိုးတွေနဲ့ ပစ္စည်းအချို့ သယ်ပြီးပြန်လာပါတယ် “အရွက်နုလေးတွေထွက်လာလို့ကွာ ငါ့အပင်တွေရှင်ရင် ရှင်မှာ” လို့ ပြောရင်း လှိုငိမြို့ နယ် မယ်စီကုန်းလမ်းမှာ ခဏငှားနေခဲ့ရတဲ့ အိမ်ရဲ့ အိမ်ရှေ့ကွက်လပ်လေးမှာ သူ့အပင်တွေကိုအရိပ်တကြည့်ကြည့်နဲ့  ... ။

နောက်မကြာခင် မေမေရန်ကုန်ဘဏ်ရုံးချုပ်ကိုပြောင်းရတော့ တောင်ဥက္ကလာမှာ အိမ်ဝယ်ဖြစ်တာကြောင့် လှိုင်မြို့နယ်ကနေ အိမ်ပြောင်းကြရတယ် သုံးနှစ်လောက်အတွင်း အိမ်ခန်းကျဉ်းကျဉ်းလေး ကနေဖေဖေ့သစ်ပင်ပန်းပင်တွေက ဆယ်အိုးဆယ့်ငါးအိုးလောက်ရှိပါတယ်၊တောင်ဥက္ကလာ မြင်သာစုပေါင်းအိမ်ယာရောက်တော့ အဲ့ဒီ ဆယ်အိုးဆယ့်ငါးအိုးလောက်ကနေဆယ်နှစ်လောက်အကြာမှာ ဖေဖေဟာ ဘွန်ဆိုင်းပင်တွေနှစ်ရာကျော်လောက် စိုက်နှိုင်ခဲ့ပါတယ်။ ဖေဖေဘယ်လောက်တောင်သူ့ဘွန်ဆိုင်းအပင်တွေပေါ် ထားတဲ့ တန်ဖိုးထားမှုနဲ့ အချစ်၊ သံယောဇဉ်ဘယ်လောက်ကြီးခဲ့ဆိုရင် ပုသိမ်ကနေသယ်ယုူလာခဲ့တဲ့ စိန်ပန်းပင်ကြီးကို ဆရာပန်းချီပေါ်သိန်းက လိုလိုချင်ချင်နဲ့ ဒေါ်လာ ၅ဝနဲ့ ဝယ်ပါတယ် အဲ့ဒီငွေက မဆလခေတ်မှာ မနည်းလှပါဘူး ဖေဖေက သူဒီအပင်ကိုတော့ မရောင်းပါရစေနဲ့ဗျာလို့ ပြောလိုက်တာကို မြင်တွေ့ ခဲ့ဘူးပါတယ်။

၀၉ ၂၂ ၂၀၁၉