Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - Summertime on Icarus - အင်ကာရပ်စ် နွေရာသီ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - Summertime on Icarus - အင်ကာရပ်စ် နွေရာသီ

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၉

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ


ဂျာမန် နက္ခတ္တပညာရှင် ဘုတ် (J.E.Bode, 1747—1826) ၏ သင်္ချာပုံသေနည်းအရ အင်္ဂါဂြိုဟ် (Mars) နှင့် ကြာသပတေးဂြိုဟ် (Jupiter) ကြားတွင် ဂြိုဟ်တခု ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ထိုပုံသေနည်း ပေါ်ပေါက်ပြီးနောက်ပိုင်း အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့၏ ပတ်လမ်းကြား တွင် ဂြိုဟ်အသေးစားပေါင်း လေးသောင်းလောက်ကို ရှာဖွေ၍ တွေ့ရှိခဲ့သည်။ ၎င်းတို့ကို ဂြိုဟ်ပဲ့ (asteroid) များဟု ခေါ်သည်။ ယင်းဂြိုဟ်အသေးလေးများမှာ အရွယ်အားဖြင့် တမိုင် အချင်းမှ မိုင်ပေါင်း ၄၈၀ အချင်းအထိ ရှိသည်။ အချို့သော ဂြိုဟ်ပဲ့များသည် ထိုပတ်လမ်းထဲမှ ခွဲထွက်ပြီး ကမ္ဘာနှင့် တော်တော်နီးကပ်လာသည်။ ဤဝတ္ထုတွင် ပါဝင်သော ဂြိုဟ်ပဲ့ အင်ကာရပ် (Icarus) သည် အခြားဂြိုဟ်ပဲ့များ၏ ပတ်လမ်းမှ ခွဲထွက်ပြီး နေနှင့် အနီးဆုံး ပတ်လမ်းထဲသို့ ရောက်လာ သည်။

ကော်လင်ရှဲရပ် (Colin Sherrard) သည် မျက်စိဖွင့်ကြည့်လိုက်သည်။ ကောင်းကင်ကြီးသည် နက်မှောင်နေပြီး ကြယ်များဖြင့် ပြည့်နေသည်။

“ငါ ဘယ်ရောက်နေပါလိမ့်”ဟု သူ့ကိုယ်သူ မေးလိုက်သည်။

သူ မှတ်မိလာပါပြီ။ သူ စီးသော စက်လုံးပုံ ဒုံးယာဉ်ငယ် (Space Pod) သည် အင်ကာရပ် (Incarus) အမည်ရှိ ဂြိုဟ်ပဲ့ (asteroid) ပေါ်တွင် ပျက်သွားခဲ့သည်။

ရှဲရပ်သည် ပျက်စီးနေသော စက်လုံးပုံ ဒုံးယာဉ်ငယ်ထဲတွင် မေ့မြောနေရာမှ နိုးလာခြင်း ဖြစ်သည်။ စက်လုံးပုံးဒုံးယာဉ် ပျက်ကျသွားသောအခါ ဂြိုဟ်ပဲ့၏အရွယ်မှာ အချင်း နှစ်မိုင် လောက်သာ ရှိသည်။ ယခုအချိန်တွင် သူ ရှိနေသော နေရာတွင် ည ဖြစ်သည်။ ညအခါတွင် အေးသည်။ သို့သော် ညအချိန် ကာလသည် အင်ကာရပ်ပေါ်တွင် လေးနာရီမျှသာ ကြာမည် ဖြစ် သည်။ လေးနာရီအတွင်းတွင် နေထွက်လာမည်။ ထိုအခါ မီးလောင်မတတ် ပူပြင်းသော အခြေ အနေ ဖြစ်လာမည်။ စက်လုံးပုံ ဒုံးယာဉ်သည် မီးတိုက်သကဲ့သို့ အလွန်ပူပြင်းပြီး ရှဲရပ် သည် အတွင်းထဲ၌ ရှိနေမည် ဖြစ်သည်။

ရှဲရပ်သည် ကောင်းကင်ကို ကြည့်လိုက်သည်။ သူသည် ကြယ်ကဲ့သို့သော အလင်းရောင် အစက် ကလေး တခုကို တွေ့သည်။ ၎င်းသည် အခြားကြယ်များထက်ပို၍ တောက်ပနေ၏။ ထိုအရာ သည် တကယ်တော့ ကြယ်မဟုတ်။ ဂြိုဟ်လည်း မဟုတ်ပါ။ ၎င်းသည် ပရိုးမီးသီးယပ် (Prome theus) အမည်ရှိ ဒုံးပျံ ဖြစ်သည်။ ပရိုးမီးသီးယပ်သည် သူ စီးလာခဲ့သော ဒုံးပျံအကြီးစား ဖြစ် သည်။ ထိုဒုံးပျံထဲမှ စက်လုံးပုံ ဒုံးယာဉ်ငယ်ဖြင့် သူသည် အင်ကာရပ်ကို ရောက်လာခြင်း ဖြစ် သည်။

သူ ထထိုင်လိုက်သည်။ ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားနေသည်။ သူသည် အခြားသိပ္ပံပညာရှင် များနှင့်အတူ အင်ကာရပ်ပေါ်တွင် အလုပ်လုပ်လျက် ရှိသည်။ အင်ကာရပ်သည် ယခင်က အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်ကြားတွင် လှည့်ပတ်နေသော ဂြိုဟ်ပဲ့များထဲမှ တခု ဖြစ်သည်။ သို့သော် ၎င်းသည် ထိုလမ်းကြောင်းမှ ခွဲထွက်ပြီး နေနှင့်အနီးဆုံးပတ်လုံးထဲ ရောက်လာသည်။

အင်ကားရပ်သည် နေကို လေ့လာနိုင်ရန် အကောင်းဆုံး နေရာ ဖြစ်လာသည်။

ရှဲရပ်နှင့် သိပ္ပံပညာရှင်များအဖွဲ့သည် အင်ကာရပ်ပေါ်တွင် သိပ္ပံပစ္စည်းများကို ယူသွားကြသည်။ ထိုပစ္စည်းများကို ကျောက်တုံးများပေါ်တွင် တင်၍ သတ္တုပြားများဖြင့် ဖုံးအုပ်ထားသည်။ သတ္တု ပြားများသည် ထိုပစ္စည်းများကို နေထွက်လာသောအခါတွင် နေ၏အပူရှိန်ကြောင့် လောင်ကျွမ်း မကုန်အောင် ကာကွယ်ပေးသည်။

မကြာမီတွင် အခြားသိပ္ပံပညာရှင်များသည် ပရိုမီးသီးယပ် ဒုံးပျံပေါ်သို့ ပြန်သွားနှင့်ကြသည်။ ရှဲရပ်သည် ကျန်ရှိသော အလုပ်များကို အပြီးသတ်၍ နောက်မှ လိုက်သွားရန် ခဏကျန်ခဲ့သည်။ သူ၏ စက်လုံးသည် သူ့ကို နေအပူရှိန်မှ အကာကွယ်ပေးနိုင်သည့် အချိန်ကာလမှာ အနည်းငယ် မျှသာ ဖြစ်၍ ဖြစ်နိုင်လျှင် နေထွက်မလာမီ သူ လိုက်သွားရမည် ဖြစ်သည်။ အလုပ်များ ပြီးစီး သောအခါ ရှဲရပ်သည် ပရိုမီးသီးယပ် ဒုံးပျံယာဉ်၏ ယာဉ်မှူးထံ သတင်းပို့လိုက်သည်။

“အလုပ်ပြီးပါပြီ။ ငါးမိနစ်အတွင်း ပြန်ရောက်မယ်”

သူသည် သူ၏ စက်လုံးကို ပရိုမီးသီးယပ် ဒုံးပျံသို့ ချိန်၍ လွှတ်လိုက်သည်။ ထိုအချိန်တွင် ပေါက်ကွဲသံတခုကို ကြားရသည်။ တခုခု ဖြစ်သွားသည်ကို သူ သိလိုက်သည်။ စက်လုံးသည် အပေါ်သို့ တက်သွားသည်။ သို့သော် လမ်းကြောင်းသည် မမှန်တော့ပါ။ မကြာမီ ဟိုဒီ လည်ပတ် နေသည်။

သူသည် စက်လုံးကို ထိန်းဖို့ ကြိုးစားသော်လည်း မရပါ။ သူသည် အာကာသသင်တန်း တက်စဉ် က ဖတ်ဖူးသော စာတပိုဒ်ကို ပြန်သတိရသည်။ ထိုစာက ဆိုထားသည်မှာ– “တချိန်မှာ ဘာလုပ် ရမှန်း မသိရင် ဘာမှ မလပ်နဲ့။ ထိုင်သာနေ” ထိုသင်ခန်းစာကို သတိရ၍ သူ ဘာမှ မလုပ်တော့ ဘဲ ထိုင်နေသည်။

စက်လုံးသည် လှည့်ပတ်၍ လည်နေသည်။ မကြာမီ သူ့ခေါင်းပေါ်တွင် အင်ကားရပ်၏ အနက် ရောင် ကျောက်တုံး ကျောက်ခဲများကို မြင်ရသည်။ အင်ကားရပ် ဂြိုဟ်ပဲ့ကြီးသည် သူ့ခေါင်းပေါ် ကျလာသလို ခံစားမိသည်။ ကောင်းကင်မှ ကြယ်များ ပျောက်သွားသည်။ စက်လုံးသည် ကြမ်းတမ်းသော အနက်ရောင် မျက်နှာပြင်ပေါ်တွင် ကျသွားသည်။

ကံကောင်းသည်မှာ ဒုံးပျံငယ်သည် သိပ်ကြီးကြီးကျယ်ကျယ်တော့ ပျက်စီးမသွားသေးပါ။ အတွင်းတွင် အသက်ရှင်နိုင်သေးသည်။ စက်ကို နှိုးကြည့်သည်။ မရပါ။ ပရိုမီးသီးယပ် ဒုံးပျံယာဉ် ကို ဆက်သွယ်ဖို့ ကြိုးစားသည်။ ရေဒီယို ပျက်နေသည်။ ဒုံးပျံငယ်၏ လက်တံများသည် အလုပ် လုပ်သေးသည်။ စက်လုံး၏ လက်တံများသည် သူ့အသက်ကို ကယ်နိုင်သည်။ ထိုလက်တံများကို သုံး၍ စက်လုံးကို မြေကြီးပေါ်တွင် ရွှေ့ခြင်းအားဖြင့် နေပူထဲမှ နေရိပ်ထဲသို့ သွားနေနိုင်သည်။

သူ၏ လုပ်ဖော်ကိုင်ဖက်များသည် သူ့ကို လာကယ်မည်ဟုတော့ သူ ယုံကြည်ထားသည်။ သို့သော် သူတို့ ရောက်လာသည်အထိ ဒုံးပျံယာဉ်ငယ်ကို နေရိပ်ထဲသို့ ရွှေ့နေရမည်။ အင်ကာရပ် ၏ အရွယ်နှင့် လည်ပတ်နှုန်းတို့ကြောင့် အရိပ်သည် လေးနာရီလောက်သာ ကြာမည် ဖြစ်သည်။ စက်လုံးကို ရွှေ့ဖို့ အချိန်ရောက်သည့်အခါ သူသည် စက်ခလုတ်များကို နှိပ်ပြီး စက်လုံး၏ လက် များကို ရွှေ့ရသည်။ စက်လုံး၏လက်နှစ်ဖက်သည် တခုချင်း ရွေ့လျားပြီး စက်လုံးသည် ပိုးကောင်လေးပမာ မြေကြီးပေါ်တွင် ရွေ့လျား၍သွားသည်။ ရှဲရပ်သည် စိတ်ဓာတ်တက်လာ သည်။ သူ့အဖော်များသည် မကြာမီ ရောက်လာမည်ဟု ထင်မိသည်။ သူသည် ညနေထိ အမီ ရောက်မှာ သေချာသည်။

ထိုအချိန်တွင် ဒုက္ခစရောက်တော့သည်။ သူသည် ချောက်ကမ်းပါးကြီးအောက်သို့ ကြည့်နေသလို ခံစားရသည်။ သူ ခေါင်းမူးလာသည်။ သူ့စိတ်ထဲတွင် ခေါင်မိုးမှ တွဲလောင်းခိုနေသလို ခံစား ရသည်။ သူသည် ဂြိုဟ်ပဲ့ပေါ်မှ ကျသွားပြီး အာကာသထဲသို့ ရောက်သွားတော့မည်ဟု ခံစားရ သည်။

သူ့တကိုယ်လုံး ချွေးပြန်လာသည်။ သူ သတိမေ့တော့မလို ဖြစ်သွားသည်။ သူ့မျက်စိများကို မှတ်မိလိုက်သည်။ မကြာမီတွင် ဒုံးပျံငယ်သည် ကျောက်တုံးများပေါ်သို့ လိမ့်ကျသွားသည်။ သူ မျက်စိဖွင့်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သောအခါ စက်လုံး၏ လက်များသည် ကွေးကောက် နေသည်။

နေသည် တဖြည်းဖြည်း ထွက်၍လာနေပြီ ဖြစ်သည်။ အလင်းရောင်တခုကို သူ မြင်ရသည်။ ဒုံးပျံငယ်သည် နေ၏အပူဒစ်မှ ကာကွယ်နိုင်သော အချိန်မှာ အနည်းငယ်မျှသာ ဖြစ်သည်။ ယခု တော့ အပူဒဏ်ကို မခံရသေးပါ။ သို့သော် မကြာမီ ပူတော့မှာ ဖြစ်သည်။

သူ အရိပ်တစ်ခုကို မြန်မြန်ရှာမှ ဖြစ်မည်။ မရှာနိုင်လျှင် အရှင်လတ်လတ် မီးရှို့ခံရသကဲ့သို့ ဖြစ်လိမ့်မည်။ ကျောက်တုံးကြီး၏ နောက်တွင် အရိပ်တော့ ရှိသည်။ ခေတ္တတော့ ခိုနိုင်လိမ့်မည်။ စက်လုံး၏ ပျက်စီးနေသော လက်များကို သုံး၍ ကျောက်တုံးကြီး၏နောက်သို့ တဖြည်းဖြည်း သွားဖို့ ကြိုးစားသည်။

သူသည် အာကာသထဲသို့ လှမ်းကြည့်လိုက်သည်။ အလွန်ဝေးလံသော တနေရာတွင် ကမ္ဘာကို လှမ်းမြင်ရသည်။ ကမ္ဘာသည် သူ၏နေရပ် ဖြစ်သည်။ ကမ္ဘာကိုတော့ ပြန်ရောက်ချင်သေးသည်။ ဒီဂြိုဟ်ပဲ့ပေါ်မှာ သူ အသက်မဆုံးရှုံးချင်ပါ။

အပြင်ဘက်တွင် အပူချိန်သည် တိုးလာပြီ ဖြစ်သည်။ နေကြီးမှာလည်း ပို၍ပို၍ တောက်ပလာ သည်။ သူသည် အပူဒဏ်ကို စတင်၍ ခံစားလာနေရပြီ ဖြစ်သည်။

အကယ်၍ သူသည် အပူဒဏ်ကို မခံနိုင်တော့လျှင် အရေးပေါ်ခလုတ်ကို နှိပ်လိုက်ရုံသာ ရှိသည်။ ထိုခလုတ်ကို နှိပ်လိုက်လျှင် စက်လုံးသည် ပေါက်ကွဲသွားပြီး သူ မြန်မြန်သေမည် ဖြစ်သည်။ အပူဒဏ်ကြောင့် မီးရှို့ခံရသလို သေရတာနှင့်စာလျှင် မြန်မြန်သေရတာ သက်သာမည်ဟု သူ ခံစားမိသည်။

မကြာမီ အလွန်တောက်ပသော အလင်းရောင်ကြီးတခုကို တွေ့လိုက်သည်။ ပုံသဏ္ဌာန်အားဖြင့် မိုးပေါ်တွင် မှန်ကြီးတခု ထောင်နေပြီး နေ၏ ရောင်ခြည်များသည် ထိုမှန်မှတဆင့် အလင်းပြန် နေသည်။ ဒီလို ဘာကြောင့် ဖြစ်နေသည်ဟူသည်ကိုတော့ သူ နားမလည်ပါ။ ထိုအကြောင်းကို စဉ်းစားဖို့ အချိန်လည်း မရှိပါ။ သူ ခံစားနေရသည်မှာ အပူဒဏ်ဖြစ်သည်။ အပူဒဏ်သည် ပို၍ ပို၍ ပြင်းထန်လာသည်။ သူ မခံနိုင်တော့ပါ။

သူသည် အနီရောင် အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည်။ ဘာမျှ မဖြစ်ပါ။ သူ ထပ်ကာထပ်ကာ နှိပ်သည်။ ဘမျှ ဖြစ်မလာပါ။ မကြာခင် သူ သေတော့မည်။ သို့သော် သူ မျှော်လင့်သလို မြန်မြန် ဆန်ဆန် အလွယ်တကူ သေရမည်တော့ မဟုတ်ပါ။ မီးရှို့ခံရသကဲ့သို့ ခံစားရပြီးမှ သူ သေမည် ဖြစ်သည်။

မကြာမီ အသံတခုကို ကြားရသည်။ သူ့အမည်ကို ခေါ်သံ ဖြစ်သည်။

“ရှဲရပ်၊ ရှဲရပ်… ငါတို့ ရောက်လာပြီ။ စိတ်မပူနဲ့တော့”

ထိုအသံမှာ ပရိုမီးသီးယပ် ဒုံးပျံ၏ယာဉ်မှူးအသံ ဖြစ်သည်။

“မြန်မြန်လာကြပါဗျို့၊ ဒီမှာ ပူလွန်းလို့ သေတော့မယ်”

ဟု သူ အော်ပြောလိုက်သည်။

ကျောက်တုံး၏ အရိပ်သည် တဖြည်းဖြည်း တိုလာသည်။ မကြာမီ ရှဲရပ်နှင့် အပူရှိန်၏ကြားတွင် အရိပ်တခု ဝင်ရောက်လာသည်။ သူ တော်တော်အေးသွားသည်။ သူ အရိပ်ထဲ ရောက်သွားသည်။ အရိပ်ထဲတွင် နောက်ထပ် ဒုံးပျံငယ်တခုကို တွေ့လိုက်သည်။ သူ့လုပ်ဖော်ကိုင်ဖက်များ ရောက် လာပြီ ဖြစ်သည်။

သူတို့သည် ပျက်စီးနေသော စက်လုံးကိုပါ သယ်ယူပြီး ပရိုမီးသီးယပ် ရှိရာသို့ သယ်သွားကြ သည်။ ရှဲရပ်သည် ဒုံးပျံထဲမှ ကမ္ဘာသို့ လှမ်းကြည့်လိုက်သည်။ ကမ္ဘာဆီသို့ သူ လှမ်း၍ လက်ပြ လိုက်သည်။

“အလုပ်ပြီးရင် ငါ အိမ်ကို ပြန်ရတော့မယ်”

ဟု စိတ်ထဲတွင် ရေရွတ်လိုက်သည်။