Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၅)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၅)

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၉

(၁)
ခေတ်ကို လူကဖန်တီးတယ်။ ခေတ်က လူကို သြဇာပေးတယ်။ ခေတ်စကားကို လူသားနားထောင်ရတယ်။ ကိုယ်ဖန်တီးတဲ့ခေတ်ကို ကိုယ်လွန်ဆန်လို့မရ။ “သူ့ခေတ်နဲ့တော့ သူတွင်ကျယ်တယ်။ သူတို့ကိုလဲ ပြိုင်ဖို့ မလိုဘူးထင်တယ်”တဲ့။ ဆရာမြို့မငြိမ်းက ဆိုခဲ့တယ်။ ခေတ်နောက်ပြန်ဆွဲရင်လည်း မှောက်လှန်လဲတတ် တယ်။ လူနဲ့ခေတ် အပြန်အလှန် အမှီသဟဲပြုနေကျ။ ယောနိသောမနသီကာရနဲ့ အသင့်အတင့် နှလုံး သွင်းနိုင်ပါမှ တန်ကာကျ။

(၂)
မြန်မာကဗျာရဲ့ ဖြစ်ဖျားအစ ပုဂံခေတ်က။ “မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှဲ့၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက် …. တာဝတိံသာ၊ နန္ဒာလော၊ တူစွဟုတ္ထာ” တဲ့။

ပုဂံလေသံပေါက်တဲ့ကဗျာ၊ ပုဂံအသုံးအနှုန်း၊ ပုဂံရှုခင်း၊ ပုဂံနံ့သင်းနေတဲ့ကဗျာ။

အေး … ခေတ်နဲ့ကဗျာအကြောင်း စဉ်းစားခန်းဝင်မိတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။

စဉ်းစားမိသမျှ၊ တွေးမိသမျှကို ဒီလိုချပြီးရေးမိတယ်။ ကဲ … ဖတ်ကြည့်ပါအုံး။

“ကဗျာအလှ ရှာပုံတော်”

ဘုတ်အုပ်တအုပ်နဲ့
အလုပ်ရှုပ်နေတဲ့
ကျုပ်တို့ ကဗျာဆရာပါလား။
လာပြန်ပဟဲ့
ကာရန္မဲ့ … တဲ့။
ဖြစ်ပြန်ပဟ
ရစ်သမ် အဓိက …. တဲ့။
ဇွတ်မှတ်ရပြန်ပဟေ့
လွတ်လပ်ကာရန် .. တဲ့။
အတွေးဂယ်ပေါက်နားမှာ
အရေးဘယ်ပျောက်သွားပါလိမ့်
သွေးလေတကယ်ချောက်ချားမိပါရဲ့။
ကာရန် ရရမရရ
မြန်မာဆန်ဆန် လှပရင်
ကဗျာစံပြဖြစ်မှာပါပဲကွယ်။

ကဗျာဆရာ့ဖြစ်ပုံ သနစ်စုံကို ရင်ဖွင့်တင်ပြမိတာ ဖြစ်ပါတယ်။
အိမ်း … ဒါလည်း လွယ်မှလွယ်ပါ့မလား။ “မြန်မာဆန်ဆန်အလှ” ဆိုတာဘာလဲလို့ စောဒက တက်ချင်ကြဦးမယ်ထင်တယ်။

ပိတောက်ပန်းကလေးနဲ့ နန်းဆန်ဆန်ရေးဖို့လား။ ထနောင်းခက်ကလေး ဆံမြိတ်ချပြီး တသသဖွဲ့ရမှာလား၊ ခယောင်းလမ်းမှာ အမောင်းကြမ်းကြမ်းနဲ့ လှည်းတန်းကြီးကို ဖွဲ့ရမှာလား။ စဉ်းစားစရာ။

“ကဗျာမှုမှာ၊ ကြက်ဥကိုအစ၊ ရှာတတ်ရသေး… တဲ့”။ ရာမရကန်ဆရာ ဦးတိုးက လမ်းစဖော်ပေးတယ်။ ကဗျာမှုဟာ တရားသေမရှိ။ ပုံသေကားကျမရှိ၊ စာဆိုဉာဏ်သာရှိခဲ့ရင် “သို့က … သို့၊ သည်က … သည်၊ ဆိုတိုင်းတည်ရသည်။ ညွန့်ရှည်ပင်သန်၊ သိဒ္ဓိပြီးဉာဏ်” နဲ့ ဖန်တီးတတ်ဖို့သာ ပဓာနလို့ လမ်းပြခဲ့ပါတယ်။ ဉာဏ်ရှိသလို စေစားပေတော့။

(၃)
လောကကမ္ဘာဆိုတာ အကောင်းအဆိုး အမျိုးမျိုးရောပြွမ်းနေတဲ့ လောကဖြစ်ပါတယ်။ သူတော်စင်တွေ၊အာဇာနည်တွေချည်းနေတာမဟုတ်။ အညွန့်အဖူး ဆီဦးထောပတ်ချည်းမဟုတ်။ မလိုတမျိုး လိုတမျိုးဆိုတဲ့ ချိုကျိုးနားရွက်ပဲ့တွေလည်း အများကြီး။ ခြောက်ပြစ်ကင်း သဲလဲစင် တရားဓမ္မရှင်တွေလည်း နေကြတာပဲ။ လူဆိုး လူမိုက် လူ့အမှိုက် လူ့တိရစ္ဆာန် ဗာလာနံတွေလည်း တပုံတခေါင်း။ လူဆိုးတွေမပါရင်လည်း ကမ္ဘာက ပြည့်စုံမှာမဟုတ်။ မကောင်းမှန်းသိပေမယ့် သင်းတို့ပါမှ ကမ္ဘာကပြည့်စုံမှာကိုး။ လူ့ကမ္ဘာဆိုတာ ရောင်မျိုးစုံတဲ့ နှောင်ကြိုးဘုံကြီး မဟုတ်ပါလား။

အမှောင်ရှိမှ အလင်းသိပြီး အလင်းရဲ့တန်ဖိုးကို သိမှာပေါ့။ အဆိုးရှိမှ အကောင်းရဲ့တန်ဖိုးကိုသိပြီး အကောင်းကို စိုက်ပျိုး ပျိုးထောင်မှာပေါ့။

လူ့ကမ္ဘာဆိုတာ အမှုတကာစုံပါပေ့။ ဆေးရောင်တွေလဲစုံပါပေ့။ သံစဉ်သစ်တွေ အမြဲဟစ်နေတဲ့ကမ္ဘာ၊ ဆေးရောင်သစ်တွေ အမြဲစပ်ဟပ်နေတဲ့ကမ္ဘာ၊ ကာရန်သစ်တွေ အမြဲရှာတတ်နေတဲ့ကမ္ဘာ။

လူ့တခေတ်တိုင်း အဖုအထစ်တွေရှိစမြဲ။ အဟောင်းအသစ်တွေ ကြုံစမြဲ။ အမှောင်အလင်း ညှိလိုက်တော့မှ ပျင်းရိဖွယ်မရှိတဲ့ လူ့ကမ္ဘာသံစုံဖြာနေတော့မှာပေါ့။

အဲ …. သတိနဲ့နေ၊ သတိနဲ့သေမှ အသိနဲ့ဖြေသာမှာ မဟုတ်လား။ လူ့ကမ္ဘာရဲ့ ဝေဒနာဇာတ်အစုစုကို အမှတ်တခုရယ်လို့ ရှုမှတ်ဆင်ခြင်ဖို့တော့ လိုပါသဗျ။

“မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ” လို့ လယ်တီဆရာတော်က ဟောထားသားကပဲ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၅၁)၊ ဒီဇင်ဘာ ၂၀၀၅