Breaking News

ခြေဥပြင်ရေး NLD တစ်စုတစ်ဖွဲ့တည်း လုပ်ခြင်းမဟုတ်ဟု ကိုယ်စားလှယ်ပြော

ခြေဥပြင်ရေး NLD တစ်စုတစ်ဖွဲ့တည်း လုပ်ခြင်းမဟုတ်ဟု ကိုယ်စားလှယ်ပြော

နုတ်ထွက်သွားသူ ငါးဦးအထိရှိလာပြီဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါတီငယ်တို့၏သဘောထားကို အာဏာရပါတီကြီး NLD က အလေးမထားဟုဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ လက်ရှိအခြေအနေများ အကြောင်းကို ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပြထားသည်။

ဉာဏ်လှိုင်လင်း Myanmar NOW

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၉

အခြေခံဥပဒေပြင်ဆင်ရေး အဆိုတင်သွင်းသူ ပူးပေါင်း ကော်မတီ၀င်ဦးအောင်ကြည်ညွန့် ဒီဇင်ဘာ ၁၇ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံနေစဉ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၄၅ ဦးကော်မတီမှ နုတ်ထွက်သည့်ကိုယ်စားလှယ် ငါးဦးအထိရှိလာရာတွင် ကော်မတီအတွင်း ဦးရေအများဆုံးပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဘောထားကသာ လွှမ်းမိုးနေခြင်းကြောင့်ဟု အကြောင်းပြသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ စတင်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းဆောင်ရွက်ခဲ့သူလည်းဖြစ်၊ ၄၅ ဦး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည့် NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ကို Myanmar Now နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီထဲမှာ NLD ကတင်ထားတာ (၁၄၄ ချက်) ကိုပဲ ဦးတည်ဆုံးဖြတ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီအပေါ် ဘာများမှတ်ချက် ပြုချင်ပါသလဲ။
ဖြေ။ ။ ၄၅ ဦးကော်မတီက ဥပဒေကြမ်းရေးဆွဲနေတယ်လို့ ယူဆတာကိုက မှားနေတဲ့အယူအဆပါ။ တစ်ကယ်တော့ ၄၅ ဦးကော်မတီက ဥပဒေကြမ်းကိုရေးဆွဲနေတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးက ပေးထားတဲ့ အကြံပြုချက်တွေရှိတယ်။ ပုဒ်မ၊ ပုဒ်မခွဲတွေအလိုက် အမျိုးမျိုးသဘောထား ပေးထားတာရှိတယ်။ တချို့ဆို စကားလုံးလေးလောက်ပဲ ကွာတာတွေရှိတယ်။ ဒါကြောင့်အရေအတွက်တွေ များနေတယ်။ ၄၅ ဦးကော်မတီကလုပ်တာက အဲဒီမှာ ပါတီအသီးသီးကနေ တင်လာတဲ့ အဆိုပြုချက်တွေကို မူလအတိုင်းထားမယ်။ လာမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကျရင် အဆိုပြုထားချက်တွေထဲက ဘယ်အချက်အလက်တွေကို တင်ပြမလဲဆိုတာနဲ့ပတ်သက်လို့ ဆုံးဖြတ်နေကြတာ။ ဒီနေရာမှာ ဘယ်ဟာကိုရွေးချယ်မလဲဆို တာကို ၄၅ ဦးကော်မတီမှာပါသူအားလုံး ညှိနှိုင်းတဲ့အခါ လက်ညှိုးထောင်ရွေးချယ်မယ့်အစား သိက္ခာရှိရှိနဲ့ မဲပေးစနစ်နဲ့ သွားနေတာပါ။

ဒါက ပြီးခဲ့တဲ့သက်တမ်း (၂၀၁၁-၂၀၁၅ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်စဉ်) တုန်းကနဲ့မတူဘူး။ အခုက မဲပေးရွေးချယ်တဲ့ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းပြုထားတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေ ဘယ်လိုတင်ပြခဲ့တယ်။ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ လွှတ်တော်မှာ သမိုင်းမှတ်တမ်းအဖြစ် တရားဝင်ကိုရှိနေမှာပါ။ အခုလုပ်တဲ့နေရာမှာလည်း NLD က သူ့သဘောနဲ့သူ မဟုတ်ပါဘူး။ NLD ကတင်ပြတာကို တိုင်းရင်းသားပါတီတွေက အတူတူမဲပေးတဲ့အချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် တစ်စုတစ်ဖွဲ့တည်းက ပုံစံမျိုးနဲ့ မဟုတ်ဘဲနဲ့ အခုရွေးချယ်နေတဲ့အဆင့်မှာ NLD အပါအဝင် တိုင်းရင်းသားပါတီတွေက ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အခုအချိန်အထိရှိပါတယ်။

မေး။ ။ ဆိုလိုတာက NLD ကတင်တဲ့အချက်တွေကိုပဲ လုပ်နေတာမဟုတ်ဘူး ဆိုတာမျိုး ပြောလို့ရလား။
ဖြေ။ ။ ရတာပေါ့။ ဒီ ၁၄၄ ချက် (NLD ၏အဆိုပြုချက်ပေါင်း) ကို တကယ်လို့ (ဥပဒေကြမ်းအဖြစ်) တင်လာမယ်ဆိုရင်လည်း တိုင်းရင်းသားပါတီ တွေရဲ့ ဆန္ဒပြုထားချက်တွေနဲ့ပါ ပူးပေါင်းပါဝင်လာမယ့် အနေအထားမျိုးမှာရှိပါတယ်။

မေး။ ။ အခုကနုတ်ထွက်သူ ငါးဦး၊ ကိုယ်စားပြုပါတီက နုတ်ထွက်ထားလို့ အရင်ကတည်းက စည်းအဝေးမတက်တာ တစ်ဦး၊ စုစုပေါင်း ခြောက်ဦးရှိပြီဆိုတော့ ကော်မတီလုပ်ငန်းတွေ ထိခိုက်နိုင်လား။
ဖြေ။ ။ အခုကတော့ တော်တော်များများ အခြေအနေက ကောင်းနေပြီလေ။ သိပ်ပြီးအများကြီးမကျန်တော့ဘူး။ ဇန်နဝါရီလောက်ဆို ပြီးမှာပဲလို့တောင် ပြောထားပါတယ်။ ကော်မတီက ပုဒ်မတစ်ခုချင်းစီပေါ်မှာမူတည်ပြီး ရွေးချယ်မှုတွေရပြီ ဆိုတဲ့အခါကျမှ ဥပဒေကြမ်းတစ်ခုအနေနဲ့ ပြုစုပြီးတဲ့အခါ လွှတ်တော်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဥပဒေကြမ်းတင်မှာ။ အခုက ဥပဒေကြမ်းကို ရေးဆွဲနေတာမဟုတ်ဘူး။ ရေးဆွဲမယ့် ဥပဒေကြမ်းထဲမှာ ဘယ်လိုပြင်ဆင်ချက်တွေပါသင့်တယ်၊ ဘာတွေကိုတော့ မူလအတိုင်းထားသင့်တယ် စတဲ့ ပါဝင်သင့်တဲ့ အချက်အလက်တွေကို မဲခွဲဆုံးဖြတ်နေတဲ့အဆင့်ပဲ ရှိပါတယ်။ ပါတီအသီးသီးကနေ တင်လိုက်တဲ့ မူရင်းစကားရပ်တွေအတိုင်းပဲ ဘယ်ဟာကို ဥပဒေကြမ်း ထဲထည့်ရအောင်ဆိုတဲ့ အနေအထားမျိုးနဲ့ ရွေးချယ်နေတာပါ။ ဒါကြောင့် ဥပဒေကြမ်းကို ရေးဆွဲနေတာမဟုတ်ဘူး။

မေး။ ။ ဇန်နဝါရီမှာပြီးမယ်ဆိုရင် ရလာတဲ့အချက်အလက်တွေကို ဥပဒေကြမ်းရေးဆွဲဖို့ ကော်မတီတစ်ရပ် ဖွဲ့ဦးမှာလား။
ဖြေ။ ။ ဖွဲ့စရာမလိုတော့ဘူး။ ဥပဒေကြမ်းရေးဆွဲဖို့ဆိုတာက နိုင်ငံရေးပါတီကတင်လာတဲ့ အချက်အလက်တွေ ရှိပြီးသားမို့ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ထုတ်ပယ်တာ လုပ်လို့မရပါဘူး။ မရတော့ ဒီကနေ (၄၅ ဦးကော်မတီ) အတည်ပြုရွေးချယ်လိုက်တဲ့ စကားရပ်တွေကိုပဲ ပြန်စုပြီးတော့ ဖော်ပြပေးလိုက်ရုံပဲရှိတယ်။ ဥပဒေကြမ်းပုံစံလေးဖြစ်အောင် လုပ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ကျင်းပမယ့် (ဇန်နဝါရီလလယ်) အစည်းအဝေးကျရင် တင်နိုင်ပြီပေါ့။

မေး။ ။ ဥပဒေကြမ်းပုံစံပြုစုပြီး တင်မယ်ဆိုတာ ဘယ်လိုမျိုးပြုစုမှာလဲ။ ပုဒ်မ (၁) ဆိုရင် ဘယ်သူတွေက ဘယ်လိုအကြံပြုတယ် စသဖြင့် စုစည်းပြီးတော့တင်မှာလား။
ဖြေ ။ ။ ဥပမာ ပုဒ်မ (၁) ဆိုရင် နိုင်ငံရေးပါတီ လေးခု၊ ငါးခုက အကြံပြုချက်တွေရှိတယ်။ အဲဒီထဲကမှ ဘယ်ဟာကိုပဲ တင်လိုက်ကြစို့ဆိုပြီး (၄၅ ဦးကော်မတီထဲမှာ) မဲခွဲတာပါ။ အခုအချိန်အထိကတော့ မဲခွဲတဲ့နေရာမှာ NLD ကနေ တင်တဲ့အပေါ်မှာ မဲအရေအတွက်အရ NLD က များပေမယ့် NLD မဲနဲ့ တင်သွားတာမဟုတ်ပါဘူး၊ NLD တင်ထားတာကို ထောက်ခံပြီး ပူးပေါင်းပါဝင်တဲ့ တိုင်းရင်းသားတွေရဲ့ မဲတွေလည်းပါပါတယ်။

မေး။ ။ ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကရော ဘယ်လောက်ပြီးနေပြီလဲ။
ဖြေ။ ။ အများကြီးပေါ့။ အခုဆို အခန်း(၈)တောင် ပြီးသွားပြီ။ နောက်ပိုင်းဟာတွေက သိပ်များများမရှိတော့ဘူး။ အရေးအကြီးဆုံးက အခြေခံမူတို့ဘာတို့ ရှေ့ပိုင်းကဟာတွေပဲ၊ အခြေခံမူထဲမှာပြင်ထားတာရှိရင် သူနဲ့မကိုက်ညီတဲ့ နောက်ပိုင်းဟာတွေက ပြန်ထည့်လို့ကိုမရတော့ဘူးလေ။ နောက်ဆက်ရွေးနေတာက အခြေခံမူနဲ့ကိုက်ညီတဲ့ဟာ ဖြစ်ဖို့ပဲလုပ်နေတာ။

မေး။ ။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်တင်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ချက် ၅ ခုနဲ့ ၄၅ ဦးကော်မတီကတင်လာမှာနဲ့ တိုက်နေတာမျိုးရှိလား။
‌ဖြေ။ ။ ထပ်တာ အင်မတန်နည်းပါတယ်။ မထပ်တာ ပိုကောင်းပါတယ်။ … အဲဒါမှ လုပ်လို့ရမှာလေ။ ဟိုကဟာလည်း ၄၅ ဦးကော်မတီမှာပါလာမယ်ဆိုရင် ဒီရွေးချယ်စရာနှစ်ခုက မရှိတော့ဘူးဖြစ်နေမှာပေါ့။ ထပ်တာ နည်းနည်းပဲရှိမယ်။ သေချာတာက သူတို့ပြင်ထားတာတွေ ၄၅ ဦးကော်မတီမှာ မပါဘူး။