Breaking News

စစ်ဘေးအပေါ် ထပ်ဆင့်ကျရောက်နိုင်တဲ့ အငတ်ဘေး၊ သေဒဏ်ချမှတ်ခံထားရသူတွေ တကယ်စီရင်နိုင်ခြေ

⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ 


စစ်ဘေးအပေါ် ထပ်ဆင့်ကျရောက်နိုင်တဲ့ အငတ်ဘေး၊ သေဒဏ် ချမှတ်ခံထားရသူတွေ တကယ်စီရင်နိုင်ခြေ

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က စလို့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ပြန်လည်စတင်လာခဲ့ပြီး စက်မက်ဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်တဲ့ နယ်မြေဒေသတွေမှာ ဖြစ်ပွားတာ၊  စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အရပ်သား အသက်သေဆုံးမှုတွေကလည်း ဘယ်တုန်းကနဲ့မတူလောက်အောင် အရေအတွက်များပြားသလို ပျက်စီးဆုံးရှုံးမှု ပမာဏ၊ ဆုံးရှုံးပျက်စီးသွားတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ရေတွက်မှတ်တမ်းတင်ဖို့ မစွမ်းသာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ 

အရင် ဆယ်စုနှစ်တွေတုန်းက ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ မတူပဲ အခုတကြိမ်ဖြစ်ပွားတဲ့ စစ်ပွဲတွေက ခြောက်သွေ့ရာသီ ပွင့်လင်းရာသီကျမှ တိုက်ခိုက်ကြတာမျိုးမဟုတ်တော့ဘဲ တနှစ်ပတ်လုံး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာ၊ ပိတ်ဆို့ ဖြတ်တောက်ခံရတာတွေ၊ တနယ်နဲ့တနယ် ကုန်စည်သယ်ယူမှုတွေမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြီးလေးတဲ့ အခွန်အကောက်တွေက ရိက္ခာနဲ့ အခြေခံစားသောက်ကုန် လူသုံးကုန်တွေ စျေးကြီးကြီး ပေးဝယ်ကြရတာတွေက လူထုတွေကို အဆိုးရွားဆုံး အခက်အခဲ အကျပ်အတည်းတွေထဲ သက်ဆင်းကျရောက်စေတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလရဲ့ အဖြစ်အပျက်တွေကို ပြန်လေ့လာကြည့်ရင် အဆိုးဆုံး ရောက်ပြီလို့ ထင်မှတ်နေချိန်မှာပဲ ထပ်မံဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်ရပ်မျိုးတွေကြုံတွေ့ကြရကာ ဒုက္ခတွင်းထဲ တရစ်ပြီးတရစ် ကျဆင်းနေသလို၊ ပိုမိုနိမ့်ကျလာတဲ့ လူနေမှု အဆင့်အတန်း၊ ရိက္ခာမလုံလောက်မှု၊ ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိတဲ့အနေအထားတွေ၊ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်မရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ ထပ်မံကြုံတွေ့ကြရတာကတော့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ရေဘေးအန္တရာယ် ဖြစ်ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ကျယ်ပြန့်စွာ ခံစားကြရသလို တနေ့ တရက်မဟုတ်ဘဲ သီတင်းပတ်ချီ ရေဘေးအန္တရာယ် ကြုံတွေ့နေကြရတာကြောင့် ရိက္ခာဖူလုံမှု မရှိမယ့် အရေး တနည်းအားဖြင့် အငတ်ဘေးလိုမျိုး မကြာခင် လပိုင်းတွေ အလွန်မှာ ကြုံတွေ့ကြရဦးမယ့် အလားအလာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော် ကောင်စီဧရိယာတွေဖြစ်တဲ့ ပျဥ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ မြစ်သား တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း အစရှိတဲ့ ဒေသတွေမှာ စိုက်ပျိုးမြေ ဧကပေါင်း သောင်းနဲ့ သိန်းနဲ့ချီ ပျက်စီးခဲ့ကြရပြီး စိုက်ပျိုးမြေတွေပေါ်  နုန်းတွေ ဖုံးလွမ်းသွားတဲ့ အဖြစ်တွေက ရေကျဆင်းသွားပေမယ့် စိုက်ပျိုးရေး ချက်ချင်း ပြန်လုပ်ဖို့မလွယ်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရပြီ ဖြစ်ပါတယ်။ 

စစ်ဘေးကနေ ရေဘေးနဲ့ နောက်အကျိုးဆက်ဖြစ်တဲ့ အငတ်ဘေးပါ ကြုံတွေ့နိုင်ခြေ တဖြည်းဖြည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတပုဒ်က အလုံမြို့နယ် မြို့ပတ်ရထားပေါ်မှာ ရထားရဲတွေကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၅ ဦးကို သေဒဏ်စီရင်မှုလုပ်ဆောင်မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ၂၃ ရက်က ကိုဇေယျောသော်၊ ကိုဂျင်မီ နဲ့ အခြား ၂ ဦးတို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက် ၂ နှစ်ဝန်းကျင်အကြာမှာ အခုလို နောက်ထပ် သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ဒီသတင်းတွေက ယခု သီတင်းပတ်ထဲ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာမှာ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး အင်းစိန်ထောင်မှာ ကြိုးစင်တွေ ပြင်ဆင်နေတယ်၊ သန့်ရှင်းရေး လုပ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အခြေခံကာ ရေးသားကြပေမယ့် သတင်းဌာနတွေအနေနဲ့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ အနေနဲ့ တာဝန်ခံမှု ပျောက်ဆုံးနေတဲ့ အခုလို ကာလမှာ ဒီသတင်းကို အတည်ပြုဖို့ ခက်ခဲပြီး လူအများစိတ်ဝင်စားကြတဲ့ သတင်းခေါင်းစဥ်မျိုးဖြစ်တဲ့ သေဒဏ်စီရင်တော့မယ် ဆိုတဲ့ သတင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့် လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

သေဒဏ်စီရင်ခြင်း အရပ်စကားနဲ့ ပြောရင် ကြိုးပေးခြင်းဟာ ကြားသိရသူတွေအဖို့ စိတ်နှလုံးကို ထိခိုက်စေတဲ့ အကြောင်းအရာ၊ သတင်းခေါင်းစဥ်ဖြစ်ပြီး နိုင်ငံရေးအမှုတွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့သူတွေရဲ့ မိသားစုတွေအဖို့ရာမှာတော့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သတင်း မကြားချင်ဆုံး သတင်းဖြစ်ပါတယ်။ တဖက်မှာလည်း အခုလို ကြိုးပေးတဲ့ ဖြစ်စဥ်မဟုတ်ဘဲ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ထောက်လှမ်းရေးရဲ့  စစ်ကြောရေးတွေ၊ ရဲစခန်းတွေမှာ နေ့စဥ်နီးပါး ဖြစ်ပျက်နေတယ် ဆိုတာလည်း ပကတိ တရားပဲ ဖြစ်ပါတယ်။ 

သို့ပေမဲ့ အဲဒီလိုအဖြစ်အပျက်တွေက အများသိရှိခွင့်မရကြတာ သို့မဟုတ် ဖြစ်ပွားပြီးမှ သိရှိကြရတာမို့လို့ သတင်းမီဒီယာမှာ စိတ်ဝင်စားမှု ကြီးကြီးမားမား မရကြတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ အရေအတွက်အားဖြင့်သော်လည်းကောင်း၊ သက်ရောက်မှုအားဖြင့် သော်လည်းကောင်း များပြား ကြီးမားတဲ့ အဖြစ်အပျက်တွေက ဥပဒေမဲ့ သတ်ဖြတ်ခြင်း (extra judicial killing) တွေဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ရပ်မပေးလို့ ပစ်သတ်ခံရတာမျိုး၊ စစ်မေးရင်း နှိပ်စက်သတ်ဖြတ်ခံရပြီး သေဆုံးတာမျိုးတွေက မြန်မာနိုင်ငံမှာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာပါ။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာသာမကပဲ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာပါ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

အခုလို သေဒဏ်စီရင်ခြင်း (ကြိုးပေးခြင်း) ကိစ္စရပ်တွေက အာရုံစိုက်ခံရ ထိပ်တန်းသတင်းခေါင်းစီးတွေ ဖြစ်ပေမယ့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်ရပ်တွေက နေ့စဥ်လိုလို ဖြစ်နေကျ အဖြစ်အပျက်သဖွယ် မယူဆဘဲ အရေးတကြီး ကိစ္စတရပ်အဖြစ် မှတ်ယူကြဖို့လည်း အရေးကြီးတာ ထောက်ပြလိုက်ရပါတယ်။⁩




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar